အင်ဂျင်နီယာများအတွက် သတိပေးခေါင်းလောင်းသံ မန္တလေးငလျင်ကြီး
ခန့်ဇော် (ကျေးလက်)
၂၈ - ၃ - ၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးမှုတွေ၊ ဆုံးရှုံးမှုတွေ၊ သေဆုံးပျောက်ဆုံးမှုတွေ အများအပြားဖြစ်ခဲ့ရပါတယ်။
ဖြစ်ခဲ့ပြီ။ အနာဂတ်မှာ အထိအခိုက်အနည်းဆုံး ဖြစ်အောင် ဘယ်လိုသင်ခန်းစာ ရယူပြင်ဆင်ကြ မလဲဆိုတာကတော့ အင်ဂျင်နီယာတွေနဲ့ မူဝါဒ ချမှတ်သူတွေကို မန္တလေးငလျင်ကြီးက သတိပေး လိုက်ပါပြီ၊ သတိပေးခေါင်းလောင်းသံ ပေးထားပါပြီ။
ငလျင်လှုပ်ပြီးနောက်မှာ အဆောက်အအုံတွေ ပြိုတာ၊ ပိတာ မြင်တွေ့ထားကြတော့ ငလျင်ဒဏ်သင့် ဒေသနဲ့ ဆက်စပ်တဲ့နေရာတွေက ဝန်ထမ်းတွေရော ပြည်သူတွေပါ အဆောက် အအုံပေါ် မတက်ရဲ၊ လမ်းပေါ်မှာပဲ အိပ်တာ၊ နေတာ၊ ကောလာဟလ သတင်းတွေကြားရင် ဆင်းပြေးရ၊ ပြန်တက်ရတဲ့ သတင်းတွေ ကြားရ၊ မြင်တွေ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။
နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံအနေနဲ့ အမြင့်ဆုံးပြင်းအား ရစ်ခ်တာစကေး “၈”အထိ ငလျင်လှုပ်ခတ်ဖူးတဲ့ သာဓကရှိတာကြောင့် ငလျင်သက်ရောက်မှု လမ်းကြောင်းပေါ်မှာ အဆောက် အအုံဆောက်လုပ်မယ်ဆိုရင် ငလျင်ဒဏ်ခံနိုင်အောင် ထည့်သွင်းစဉ်းစားတွက်ချက်ပြီး ဆောက်လုပ်ဖို့နဲ့ အဆောက်အအုံဆောက်လုပ်ရာမှာ အင်ဂျင်နီယာ ပိုင်းဆိုင်ရာကို သေချာစိစစ် ဆောင်ရွက်ဖို့ လမ်းညွှန် ခဲ့ပါတယ်။
ဒီလမ်းညွှန်ချက်ကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ လမ်းညွှန်ချက်ကို အားလုံးလိုက်နာဆောင်ရွက်ကြ ဖို့ လိုပါတယ်။ ကြီးကြပ်ရပါမယ်။ လိုက်နာရပါမယ်။ စည်းကမ်းသတ်မှတ်ချက်တွေ၊ အရည်အသွေး ထိန်းချုပ်မှုတွေ လုပ်ရပါမယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တည်ဆောက်ရေးလုပ် ငန်းတွေကို ပိုမိုကြီးကြပ်ရမှာဖြစ်သလို အရည်အသွေးစစ်ဆေးခြင်းကိုလည်း ပိုမိုအလေးထား ဆောင်ရွက်ကြရပါမယ်။
မြို့ပြမှာတော့ အဆောက်အအုံတွေဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီတွေက ကြီးကြပ်နေကျဖြစ်ပါတယ်။ အဆောက်အအုံ ဆောက်ခွင့်တင်တဲ့အခါမှာ စစ်ဆေးကြပ်မတ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေလို မဖြစ်မနေလိုက်နာဖို့ လိုတဲ့အချက်တွေကို တိတိကျကျ ချမှတ်ထားရှိပြီး စစ်ဆေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ယေဘုယျအနေနဲ့ အောက်ပါအချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ မြင်ပါတယ်-
(၁) Soil Test ကို သေချာစွာ စစ်ဆေးခြင်း၊
(၂) ဘယ်ငလျင်ဇုန်ထဲ ပါသလဲဆိုတာကို စိစစ် ခြင်း၊
(၃) Earthquake Zone Factor ဒီဇိုင်းမှာ ထည့်သွင်းတွက်ချက်မှုရှိ/ မရှိ စိစစ်ခြင်း၊
(၄) Myanmar National Building Code (MNBC) ပါအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ စိစစ်ခြင်း၊
(၅) တည်ဆောက်ရေးလုပ်ငန်းသုံးမယ့် ပစ္စည်း တွေ အရည်အသွေးကိုက်ညီမှု ရှိ/ မရှိ၊ ပစ္စည်း အမျိုးအစားမှန်ကန်မှု ရှိ/ မရှိ စိစစ် ခြင်း၊ (လုပ်ငန်းသုံးပစ္စည်း အရည်အသွေး ပြည့်မီမှု ရှိ/ မရှိ စစ်ဆေးဖို့ အင်မတန်အရေး ကြီးပါတယ်။ အဓိကသံချောင်းတွေ Size မမှန်ဘဲ ဈေးကွက်ထဲ သွင်းထားတာ၊ သုံးနေကြတာရှိပါတယ်။ ဒါ့ကြောင့် ပစ္စည်းအရည်အသွေး သတ်မှတ်ချက် ပြည့်မီရေး ဘယ်လိုကြီးကြပ်ကြမလဲဆိုတာကို အဓိကထည့်သွင်းစဉ်းစားကြရမှာ ဖြစ်သလို တင်သွင်းသူ/ထုတ်လုပ်သူရော ကြီးကြပ်စစ်ဆေးသူတွေပါ စည်းကမ်းလိုက်နာကြဖို့ လိုအပ်ပါတယ်)၊
(၆) စစ်ဆေးရမယ့် အဖွဲ့အစည်းတွေအနေနဲ့ Quality Assurance (QA), Quality Control (QC) စစ်ဆေးတာ စနစ်တကျ သတ်မှတ်ချက်အတိုင်း စစ်ဆေးခြင်း၊
(၇) သက်ဆိုင်တဲ့ ဌာနတွေအနေနဲ့ မြေပြင် ကွင်းဆင်းစစ်ဆေးကြီးကြပ်ခြင်း၊ အရေးယူ ခြင်း၊
(၈) သက်ဆိုင်ရာက ထုတ်ပေးတဲ့ Certificate ရှိတဲ့ကျွမ်းကျင်လုပ်သားတွေ အသုံးပြုခြင်း၊ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ သတ်မှတ် Certificate တွေ ထုတ်ပေးခြင်း၊
(၉) အင်ဂျင်နီယာကောင်စီရဲ့သတ်မှတ်ချက်၊ အရည်အချင်းပြည့်မီသူ အင်ဂျင်နီယာတွေနဲ့ တည်ဆောက်၊ ဒီဇိုင်းလုပ်ခြင်း။
အထက်ပါ ဆောင်ရွက်ဖို့ကိစ္စတွေကို မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီအပါအဝင် ဝန်ကြီးဌာန တွေကလည်း ဆွေးနွေးပြောကြားတာ တွေ့ရပါ တယ်။
စစ်ကိုင်းပြတ်ရွေ့ကြောင့် ကြီးမားပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့မှုနဲ့ ထိခိုက်မှုကို GRADE ရဲ့ နှိုင်းယှဉ် ဖော်ပြချက်မှ Magnitude 7 နဲ့ အထက်လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်-
မြန်မာနိုင်ငံအတွင်း ငလျင်လှုပ်ခဲ့မှုဇယားကို လေ့လာကြည့်ရင် ၁၈၃၉ ခုနှစ်ကနေ ၁၉၀၈ ခုနှစ် အကြား ၆၉ နှစ်၊ ၁၉၀၈ ခုနှစ်မှ ၁၉၃၀ ပြည့်နှစ် အကြား ၂၂ နှစ်၊ ၁၉၃၀ ပြည့်နှစ်တွင် တစ်နှစ်အတွင်း (မေလနှင့် ဒီဇင်ဘာလ)၊ ၁၉၃၀ ပြည့်နှစ်မှ ၁၉၃၁ ခုနှစ်အကြား တစ်နှစ်၊ ၁၉၃၁ ခုနှစ်မှ ၁၉၄၆ ခုနှစ် အကြား ၁၅ နှစ်၊ ၁၉၄၆ ခုနှစ် တစ်နှစ်အတွင်း (စက်တင်ဘာလ၊ ၁၂ ရက်နေ့ အချက်အလက်တွေ အရ Magnitude ၇ ဒသမ ၁ လှုပ်ခတ်ခဲ့ပြီး ၃ မိနစ် ခန့်အကြာ Magnitude ၇ ဒသမ ၆ ငလျင်လှုပ်ခဲ့ ပါတယ်။) ၁၉၄၆ ခုနှစ်မှ ၁၉၉၁ ခုနှစ်အကြား ၄၅ နှစ်နှင့် ၁၉၉၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အကြား ၃၄ နှစ် ကွာခြားပြီး လှုပ်ခဲ့တာကို လေ့လာတွေ့ရှိရ ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ Magnitude ၇ အထက် ငလျင်ကြီးတွေ လှုပ်ခတ်ခဲ့တာဟာ တစ်နှစ် အတွင်း၊ တစ်နှစ်အကြာ၊ ၁၅ နှစ်အကြာ၊ ၂၂ နှစ် အကြာ၊ ၄၅ နှစ်အကြာနဲ့ ၆၉ နှစ်အကြာတွေမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဇုန်အတွင်းမှာ ရှိနေတာကြောင့် ငလျင်က လှုပ်ချင်တဲ့အချိန်မှာ လှုပ်ခတ်နိုင်ပြီး ဘယ်အချိန်၊ ဘယ်လိုလှုပ်မယ် ဆိုတာကို ကြိုတင်သိရှိနိုင်ခြင်းမရှိတာ သေချာပါ တယ်။
ကြိုတင်ပြင်ဆင်မှုတွေသာ လုပ်ဆောင်ထားကြ ရမှာဖြစ်ပါတယ်။ ဘာတွေကြိုတင်ပြင် ဆင်ကြမလဲ။ ငလျင်ဇုန်အတွင်း တည်ဆောက်တဲ့ အဆောက်အအုံ တိုင်း သတ်မှတ်ငလျင် ဒဏ်ခံနိုင်အောင် တည်ဆောက်ဖို့၊ Checking လုပ်ဖို့၊ အင်ဂျင်နီယာနဲ့ တည်ဆောက်ဖို့၊ တာဝန်ရှိသူ တွေ ကြီးကြပ်ဖို့၊ စစ်ဆေးဖို့၊ လိုအပ်ရင် ပြင်ဆင်ဖို့၊ လိုအပ်ရင် အရေးယူဖို့တွေဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်အိုးအိမ် ကို ငလျင်ဒဏ်ကနေ ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
ဈေးကွက်အတွင်းမှ စံချိန်စံညွှန်းမမီ အရည်အသွေးမမှန်ပစ္စည်းများ
ဈေးကွက်အတွင်းမှာ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေရှိနေတာ၊ တင်သွင်းနေတာဟာ မှာယူသူတွေက သီးခြားသတ်မှတ် မှာယူတင်သွင်းနေလို့ ဖြစ်သလို သုံးစွဲသူတွေကလည်း သုံးနေလို့ပဲဖြစ်ပါတယ်။ စံချိန်စံညွှန်းမမီတဲ့ ပစ္စည်းတွေကို ဈေးကွက် အတွင်း တရားဝင်တင် သွင်းခွင့် ပိတ်တာမျိုး၊ သွင်းလာ တာကို ဆိပ်ကမ်းမှာ စိစစ်တွေ့ရှိခဲ့ရင် နိုင်ငံပိုင် သိမ်းတာမျိုးအပြင် တင်သွင်းလာတဲ့ ကုမ္ပဏီကို အရေးယူတာမျိုး ဆောင်ရွက်သွားကြရပါမယ်။ စိစစ်သူတွေကလည်း သတ်မှတ်ချက်တွေနဲ့အညီ မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက်သွားကြရပါ မယ်။ သုံးစွဲသူတွေ သတ်မှတ်စံချိန်စံညွှန်းအတိုင်း သုံး/မသုံးကိုလည်း တာဝန်ရှိတဲ့ဝန်ကြီးဌာန၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေး ကော်မတီတွေ၊ သက်ဆိုင်ရာ စစ်ဆေးရေး အင်ဂျင် နီယာတွေက စိစစ်စစ်ဆေးဖော်ထုတ် အရေးယူခြင်း တွေ ဆောင်ရွက်သွားကြရပါမယ်။
ယခင်က အမှားတွေကိုထားလိုက်တော့။ ယခု မန္တလေးငလျင်ကြီးအပြီးမှာတော့ ယခင်က အမှား တွေကို သင်ခန်းစာယူပြီး အစစအရာရာ ပြန်လည်ပြင်ဆင်သွားကြရပါမယ်။ အမိန့်ညွှန်ကြား ချက်တွေ ထုတ်ပြန်ပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်ကြရပါမယ်။ ပညာရှင်တွေ၊ အင်ဂျင်နီယာကောင်စီနဲ့ အင်ဂျင်နီယာအသင်းတို့က အကြံပြုချက် တွေပေးခြင်း၊ စည်းကမ်းသတ် မှတ်ခြင်းတွေ ပါဝင် ဆောင်ရွက်ပေးစေလိုပါတယ်။ လုပ်ဆောင်နေကြ တာလည်း တွေ့ရပါတယ်။ တာဝန်ရှိတဲ့ဌာန အားလုံး က လိုက်ပါဆောင်ရွက်ကြီးကြပ်မယ်ဆိုရင် အားလုံး ပြည့်စုံသွားမှာပါ။
ငလျင်ဇုန်နှင့် စည်းကမ်း
ငလျင်ဇုန်ကိုသိရှိပြီး ဇုန်အတွင်း အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေ၊ အခြေခံ အဆောက် အအုံတွေဖြစ်တဲ့ လမ်း/တံတားတွေ၊ လျှပ်စစ်လိုင်းတွေ၊ အများပြည်သူပိုင် အဆောက်အအုံ တွေဖြစ်တဲ့ စာသင်ကျောင်း၊ ဆေးပေးခန်းတွေ ဆောက်လုပ်ရာ မှာ ငလျင်ဒဏ်ခံ နိုင်စေဖို့နဲ့ ဖြစ်လာရင် ထိခိုက်မှု နည်းပါးစေဖို့အတွက် အောက်ပါနည်းလမ်းတွေ အတိုင်း ဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုပါ တယ်-
(က) ပါဝင်တဲ့ ဇုန်အခြေအနေအလိုက် Earthquake Zone Factor အရ Myan-mar National Building Code(MNBC)ပါ ဆောင်ရွက်ရန်၊ လိုက်နာရန်များကို Design မှာ စဉ်းစားဆောင်ရွက်ခြင်း၊
(ခ) အင်ဂျင်နီယာကောင်စီ သတ်မှတ်အရည် အချင်းပြည့်မီသူကသာ Design ရေးဆွဲ ခွင့်ရှိခြင်း၊ သတ်မှတ်အရည်အချင်း ပြည့်မီသူ အင်ဂျင်နီယာများကသာ ကြီးကြပ်ဆောက်လုပ်ခြင်း၊
(ဂ) Design အတိုင်း ဆောက်/မဆောက် သတ်မှတ်အရည်အချင်း ပြည့်မီသူ အင်ဂျင်နီယာ များက စစ်ဆေးသည့်စနစ် ထားရှိခြင်း၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီ သည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်း များကိုသာ အသုံးပြုတည်ဆောက်ခြင်း၊
(ဃ) လုပ်ငန်းပမာဏ အကြီးအသေးအပေါ် မူတည်ပြီး အကြံပေးခန့်ထားခြင်း၊ ကြီးကြပ်သည့် စနစ် ထားရှိခြင်း၊
(င) သတ်မှတ်စံချိန်စံညွှန်း မပြည့်မီသည့် တည်ဆောက်ရေးလုပ်ငန်းများကို စိစစ် ဖော်ထုတ် ခြင်း၊ ခွင့်ပြုချက်မပေးခြင်း၊ တည်ဆောက်သည့် ကုမ္ပဏီအလိုက် မှတ်တမ်းထား ရှိခြင်းနှင့် တာဝန်ယူ/ တာဝန်ခံမှု၊ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်လိုက်နာမှုအပေါ် မူတည်ပြီး အဆင့်အတန်း သတ်မှတ်ထားရှိခြင်း၊
(စ) တင်ပြချက် အထောက်အထား၊ စာရွက် စာတမ်း ပြည့်စုံသော်လည်း တည်ဆောက် စဉ် စစ်ဆေးမှုအရ လိုအပ်ချက်ရှိလျှင် စိစစ်အရေးယူတဲ့ Mechanism ထားရှိ ဆောင်ရွက်ခြင်း။
ဒီလို ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်သူ အားလုံးက ကျင့်ဝတ်တွေကို မမေ့မလျော့ လိုက်နာ ကြပါလို့ တိုက်တွန်းလိုပါတယ်။
ကြီးကြပ်သူ၊ စစ်ဆေးသူအရာရှိများ/အဖွဲ့အစည်းများ
ကြီးကြပ်သူ၊ စစ်ဆေးသူ အရာရှိတွေ/ အဖွဲ့ အစည်းတွေ၊ စစ်ဆေးရေးအဖွဲ့ဝင်တွေအနေနဲ့ ပစ္စည်းအရည်အသွေး စစ်ဆေးရာမှာဖြစ်စေ၊ တည်ဆောက်ရေးလုပ်ငန်းကို စစ်ဆေးရာမှာဖြစ်စေ အရည်အသွေး စံသတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိ/ မရှိကို မှန်ကန်တိကျစွာ စစ်ဆေးဆောင်ရွက် ပေးဖို့ လိုအပ်တဲ့အပြင် ကြီးကြပ်စစ်ဆေးသူတို့ လိုက်နာဖို့ ချမှတ်ထားတဲ့ကျင့်ဝတ်တွေကိုလည်း မမေ့မလျော့ လိုက်နာဆောင်ရွက်ကြဖို့ ဘယ်လိုအကြောင်းတရားကြောင့်မှ အားနည်းသွားခြင်း မရှိဖို့ လိုအပ်ပါတယ်။
လုပ်ငန်းရှင်များ
တည်ဆောက်သူ၊ ပစ္စည်းတင်သွင်းသူ၊ ရောင်းချသူ လုပ်ငန်းရှင်တွေအနေနဲ့လည်း စီးပွားရေးသမား တို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ စီးပွားရှာရာမှာ အကျိုး အမြတ် တစ်ခုတည်းကိုသာ မကြည့်ဘဲ အများ ပြည်သူ အကျိုးဖြစ်ထွန်းမှုကိုပါ ထည့်သွင်းစဉ်းစား ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်ရာမှာ ဖြောင့်မတ်ဖို့၊ စားသုံးသူအပေါ် စေတနာရှိဖို့၊ စာနာမှု ရှိဖို့ လိုအပ်ပါတယ်။ အရည်အသွေးပြည့်မီတဲ့၊ အရည်အသွေးအာမခံချက်ရှိတဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းခြင်းဖြင့် စားသုံးသူရဲ့ ရေရှည်အကျိုး ဖြစ်ထွန်းမှုကို ရှေးရှုကြရမှာဖြစ်ပါတယ်။
အင်ဂျင်နီယာများ
ဒီဇိုင်းရေးဆွဲသူ၊ လုပ်ငန်းဆောင်ရွက်သူ အင်ဂျင် နီယာတွေအနေနဲ့လည်း အင်ဂျင်နီယာကျင့် ဝတ်တွေ ကို မမေ့မလျော့ မပေါ့မဆ လိုက်နာဆောင်ရွက် ကြဖို့ လိုအပ်သလို ပညာရပ်ပိုင်းမှာ တစိုးတစိမှ အထိအခိုက် အလျော့အပါးမခံဘဲ တိကျသေချာစွာ၊ ထောင့်စေ့စွာ လိုက်နာလုပ် ဆောင်ကြဖို့လိုအပ်ပါတယ်။ ယုံကြည်အပ်နှံခြင်းခံရသူပီသစွာ လုပ်ငန်းအပ်နှံသူ တွေရဲ့အကျိုး စီးပွား ထိခိုက်နစ်နာမှုမရှိစေ ရအောင် ဒီဇိုင်းတွက်ချက်မှု၊ တည်ဆောက်မှုအပိုင်း တွေအားလုံးကို စံသတ်မှတ်ချက်နဲ့အညီ ကိုက်ညီ ပြည့်မီမှုရှိစွာ ဆောင်ရွက်ကြရပါမယ်။
အရည်အသွေးပြည့်မီတဲ့ ဒီဇိုင်းစံသတ်မှတ်ချက် တွေနဲ့ တည်ဆောက်နိုင်ရေးမှာ ကုန်ကျစရိတ် ကြီးမြင့်မှုကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့ အတွေ့အကြုံအရ ထောက်ပြအကြံပြုလိုတာရှိပါတယ်။ နိုင်ငံပိုင်အဆောက် အအုံတွေကို လျာထား ရာမှာ Plinth Area Estimate (PAE) ခေါ် တစ်ပေ ပတ်လည်နှုန်းထားနဲ့ ဘတ်ဂျက်လျာထားတာ၊ စိစစ်ဖြတ်တောက်တာတွေ လုပ်လေ့ရှိပါတယ်။ PAE စနစ်နဲ့ လျာထားစိစစ်မယ့်အစား လိုအပ်တဲ့ သတ်မှတ် Design အရ ဒေသပေါက်ဈေးနှုန်းတွေ အတိုင်း လျာထားခွင့်ပြုသင့်ပါတယ်။ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ် မတူညီတာကို ထည့်သွင်း စဉ်းစားရပါမယ်။ ကွာခြားရင် ကွာခြားတဲ့အတိုင်း သယ်ယူပို့ ဆောင်စရိတ်တွေ ထည့်သွင်း တွက်ချက် စေရမှာဖြစ်ပါတယ်။ ဒေသပေါက်ဈေးနှုန်း သတ်မှတ် ရာမှာလည်း ဈေးကွက်ပေါက် ဈေးထက် လျော့နည်း မနေစေရေးကို သတိပြုရမှာဖြစ်ပါတယ်။ အရည် အသွေးကောင်းကို လိုချင်ရင် ထိုက်သင့်တဲ့ ကုန်ကျ ငွေကိုလည်း နည်းမှန်လမ်းမှန်နဲ့ စိစစ်ခွင့်ပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။
သုံးစွဲသူပြည်သူများ
သုံးစွဲသူပြည်သူတွေအနေနဲ့လည်း အရည် အသွေးပြည့်မီတဲ့ ပစ္စည်းကို မှန်ကန်တဲ့လုပ်ငန်း ဒီဇိုင်းပုံစံနဲ့ တန်ရာတန်ကြေးပေး ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူဆောင်ရွက် သွားကြမယ်၊ တတ်သိနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံပေး/ အကြံပြုချက်ကို တိတိကျကျ လိုက်နာ ဆောင်ရွက်မယ်၊ အင်ဂျင်နီယာမပါဘဲ မိမိအိမ်ကို မတည်ဆောက်ဘဲ အင်ဂျင်နီယာနဲ့သာ တည်ဆောက် မယ်ဆိုတဲ့အသိ ရှိသွားလောက်ပြီလို့ ထင်ပါတယ်။
မန္တလေးငလျင်ကြီးကတော့ သတိပေး ခေါင်းလောင်းတီးခဲ့ပြီးပါပြီ။ တာဝန်ရှိသူတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းဥပဒေသတွေ ခိုင်ခိုင်မာမာ ချမှတ်ကြမှာဖြစ်သလို သက်ဆိုင်သူအားလုံး ကလည်း ကျင့်ဝတ်စည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်သွားကြမယ်ဆိုရင် အနာဂတ်မှာ ငလျင် ဘေးဒဏ် ကြံ့ကြံ့ခံနိုင်တဲ့ အဆောက်အအုံတွေ ပေါ်ပေါက်လာမှာဖြစ်ပြီး ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ် ပေးနိုင်မယ် ဆိုတဲ့အကြောင်း အလေးထား ရေးသား တင်ပြလိုက်ရပါတယ်။ ။