အကြမ်းဖက်သမားတွေအတွက် ပြေးစရာမြေက နည်းလာနေပြီ
စွမ်းပြည့်
အေးချမ်းတဲ့နေရာ အေးချမ်းတယ်၊ မငြိမ်းချမ်းတဲ့နေရာ ငြိမ်းချမ်းအောင် ဆက်လက်ဆောင်ရွက်နေတယ်။ တိုက်ပွဲဖြစ်ပြီး၊ သေနတ်သံစဲပြီး တပ်မတော်အရိပ်အောက် ပြန်ရောက်လာတဲ့နေရာအားလုံး ငြိမ်းချမ်းရေးရောင်ခြည်က သန်းလာနေပြီ။
မူလကတည်းက တိုက်ပွဲမရှိ၊ အစဉ်ငြိမ်းချမ်းနေတဲ့နေရာတွေ၊ အကြမ်းဖက်မရှိတဲ့နေရာ၊ တိုင်းရင်းသားအမည်ခံ EAO တွေ ဝင်မလာတဲ့နေရာအားလုံးနဲ့ ယှဉ်ကြည့်ရင် အစကတည်းက ငြိမ်းချမ်းနေတာ၊၊ သေနတ်သံမကြားရ၊ ကျောင်းပိတ်တာမရှိ၊ စစ်ရှောင်မရှိ၊ အလင်းထဲမှာ အေးချမ်းစွာနဲ့ သာသာယာယာပါ။ ဆန့်ကျင်ဘက်ကြည့်ရင် အကြမ်းဖက်ရှိတဲ့နေရာ၊ တိုင်းရင်းသားအမည်ခံ EAO တွေ ကျူးကျော်တိုက် ခိုက်တဲ့နေရာအားလုံး၊ မူလအေးချမ်းခဲ့တဲ့ဒေသတွေ၊ မြို့တွေ၊ ရွာတွေ မအေးချမ်းတာ၊ မတည်ငြိမ်တာ ကြာခဲ့ပါပြီ၊၊
မငြိမ်းချမ်းခြင်းရဲ့ တရားခံအစစ်က ဘယ်သူလဲ၊ ပညာရှိဆိုရင် မြင်ပါတယ်
စစ်မြေပြင်ဖြစ်ရ၊ စစ်ရှောင်ဘဝနဲ့ ဒုက္ခရောက်ရ၊ ပြေးကြလွှားကြ၊ ကျောင်းမတက်ရ၊ စီးပွားရှာမရ၊ ထိခိုက်ခန္ဓာစွန့်ကြရ...။ သူပုန်သိမ်းပြီးတဲ့ မြို့တွေ၊ ရွာတွေက ဆင်းရဲဒုက္ခတွေကို အသိမ်းခံရတဲ့ဒေသခံတွေက ပိုသိကြတယ်။ သူတို့ပိုင်အိမ်ရာတွေ၊ စျေးဆိုင်တွေ၊ စည်းစိမ်ဥစ္စာတွေ ဘယ်လိုဖြစ်သွားသလဲ၊ လမ်းတွေပိတ်၊ အဆက်အသွယ်မရ၊ ဖုန်းလိုင်းမရ၊ ဆေးကုမရ၊ ဆေးမရှိ၊ ဆရာဝန်သူနာပြုမရှိ၊ ကွာခြားချက်ကို မြင်အောင်ကြည့်ပါ။ ဒုက္ခတောထဲက ဒုက္ခသည်တိုင်းရင်းသားတွေကို ကယ်တင်နေရတဲ့ တပ်မတော်နဲ့ အကြမ်းဖက်အစွန်းရောက်သူပုန်၊ ငြိမ်းချမ်းရေးလိုလားသူနဲ့ မလိုလားသူ၊ ပညာရှိနဲ့ ပညာမဲ့၊ အပြုနဲ့အဖျက်ကွာခြားချက် မြင်အောင်ကြည့်ရင် မြန်မာနိုင်ငံမှာ မငြိမ်းချမ်းခြင်းရဲ့ တကယ့်တရားခံအစစ်က ဘယ်သူလဲ၊ ပညာရှိဆိုရင် မြင်ပါတယ်။
အကြမ်းဖက်လက်နက်ကိုင်တွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတယ်။ ကျောင်းတွေမှာတပ်စွဲ၊ ဆရာ ဆရာမတွေကို ဖမ်းဆီးခဲ့ကြတယ်။ သာသနိကအဆောက်အဦးတွေမှာ တပ်စွဲ၊ အခိုင်အမာ ခံစစ်ဆင်၊ စေတီဌာပနာတိုက်တွေ ဖောက်ထွင်း၊ အဖိုးတန်ဌာပနာပစ္စည်းတွေကို ယူဆောင်၊ ဗုဒ္ဓသာသနာတော်ကို စော်ကားဖျက်ဆီးခဲ့ကြတယ်။ ဒေသခံတွေရဲ့နေအိမ်၊ စားသောက်ဆိုင်တွေ ဖောက်ထွင်း၊ တန်ဖိုးကြီးပစ္စည်းမှန်သမျှ အဓမ္မယူဆောင်၊ ဒီလုပ်ရပ်တွေအားလုံး သူပုန်သောင်းကျန်းသူမိစ္ဆာများရဲ့ လုပ်နည်းလုပ်ဟန်ပါပဲ။
တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်
ယခုလက်ရှိ စစ်ရေးအနေအထားအရ လက်နက်ကိုင်သောင်းကျန်းသူတွေဟာ ယခင် သူတို့ခဏတာသိမ်းပိုက်နိုင်ခဲ့တဲ့နေရာတွေကနေ ပြန်လည်ဆုတ်ခွာနေရပါပြီ။ နေ့ညမပြတ် လုံခြုံရေးအစီအစဉ်တွေအောက်မှာ တပ်မတော်က ဖိဖိစီးစီးဆောင်ရွက်နေတဲ့အတွက် ရလဒ်ကောင်းတွေရလာပြီး တပ်မတော်နဲ့ ပြည်သူအောင်ပွဲဟာ တဖြည်းဖြည်း ပေါ်လွင်ထင်ရှားလာတယ်။ အထူးသဖြင့် အကြမ်းဖက်သမားတွေ ယာယီသိမ်းပိုက်ထားတဲ့ မြို့၊ ရွာ၊ တပ်စခန်းတွေကို တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နေရာမှာ ၂၀၂၅ ခုနှစ်အတွင်းမှာ ကောလင်း၊ ဆီဆိုင်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ သပိတ်ကျင်း၊ ဗန်းမော်၊ ကျောက်မဲမြို့တွေကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ အထင်အရှားပါ။
ဒီလိုပဲ သြဂုတ်လအတွင်းမှာ အကြမ်းဖက်သမားတွေ အခိုင်အမာ စုဖွဲ့ထိန်းချုပ်ထားတဲ့ ဖယောင်းတောင်သတ္တုတွင်းနဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံတွေကိုလည်း အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းမှာ လားရှိုး၊ နောင်ချို၊ ကျောက်မဲမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေဘက်ကြည့်ရင်လည်း ကော့ကရိတ်၊ မြဝတီ၊ ကျုံဒိုးမြို့တွေမှာ ဆက်လက်အောင်မြေနင်း၊ အာရှလမ်းသစ်၊ လမ်းဟောင်းပြန်ပွင့်အောင်လုပ်၊ ကွင်းကလေး၊ ထီးမူထ၊ သင်္ဃန်းညီနောင်၊ လက်ခတ်တောင်၊ လေးကေ့ကော်၊ စွယ်တော်၊ မယ်ဝါခီးတို့မှာ နိုင်ငံတော်အလံစိုက်၊ အစွမ်းကုန်သောင်းကျန်းခဲ့တဲ့ အကြမ်းဖက်အစွယ်အပွားတွေရဲ့ သမိုင်းရိုင်းအောင် လုပ်နိုင်ခဲ့ပြီဖြစ်တယ်။ တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး ဒေသအားလုံးဟာ တပ်မတော်နဲ့ပြည်သူအတွက် နိုင်ငံတည်ဆောက်ရေးမှာ မဟာဗျူဟာကျတဲ့နေရာတွေပဲ ဖြစ်ပါတယ်။
တပ်မတော်က ဆက်သွယ်ရေးလမ်းမကြီးတွေ၊ လမ်းကြောင်းတွေပြန်ပွင့်အောင် ဆောင်ရွက်နိုင်ခဲ့
အကြမ်းဖက်အဖွဲ့တွေ ယာယီသိမ်းပိုက်ထားတဲ့မြို့တွေကို တပ်မတော်က အပြီးတိုင်ထိန်းချုပ်ပြီး ပိတ်ဆို့ဟန့်တားခံရတဲ့ ဆက်သွယ်ရေးလမ်းမကြီးတွေ၊ လမ်းကြောင်းတွေ ပြန်ပွင့်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒီလိုတိုးတက်မှုတွေအပေါ် စစ်ဒဏ်ခံတိုင်းရင်းသားတွေ၊ ပြည်သူတွေက အလွန်ကို နှစ်ထောင်းအားရဝမ်းသာဖြစ်ကြတယ်။ စိတ်အေးချမ်းသာဖြစ်ကြရတယ်။ ကိုယ့်ဒေသ ကိုယ့်နေအိမ် ပြန်နေထိုင်ရတော့မယ့်အရေး မပျော်သူရှိပါ့မလား။ မြို့ရွာတွေ၊ လမ်းကြောင်းတွေ ပြန်ပွင့်တာနဲ့ အကြမ်းဖက်တွေမြှုပ်ထားတဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးက တပ်မတော်ရဲ့ ဦးစားပေးအလုပ်တစ်ခု ဖြစ်လာတယ်။ ဒေသခံတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် ဦးစားပေးဖြစ်တယ်။ ပညာရေးအဆက်မပြတ်အောင် ကျောင်းတွေ အမြန်ပြန်ဖွင့်နိုင်အေင် ဆောင်ရွက်ပေးတယ်။
အကြမ်းဖက်လက်နက်ကိုင်တွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အားနည်းချည့်နဲ့လာ
အစိုးရယန္တရား ချက်ချင်းပြန်လည် လည်ပတ်နိုင်အောင် စီမံဆောင်ရွက်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်တွေ ကြီးစိုးခဲ့တဲ့နေရာဒေသက ပြည်သူတွေခမျာ အကြမ်းဖက်လုပ်ရပ် ဇာတိရုပ်နဲ့တကွ စစ်ရဲ့ဆိုးကျိုးတွေကို လုံးဝနားလည် သဘောပေါက်သွားကြပါပြီ။ စစ်က ဘယ်လောက် ခါးသီးဖို့ကောင်းပါသလဲ၊ နောက်ဆို စစ်ကို ဘယ်တော့မှမကြားချင်၊ မတွေ့ချင်လောက်အောင်ပင် ဖြစ်သွားကြပါပြီ။ ရခဲ့တဲ့သင်ခန်းစာထဲကနေ အမြတ်ထုတ်နိုင်ခဲ့တဲ့ တပ်မတော်နဲ့ ပြည်သူအတွက်တော့ အနာဂတ် အလားအလာကောင်းတွေကို ပြန်လည်မြင်တွေ့နေရပြီဖြစ်သလို အကြမ်းဖက်လက်နက်ကိုင်တွေဘက်မှာတော့ စိတ်ပိုင်း၊ ရုပ်ပိုင်း အားနည်းချည့်နဲ့လာတဲ့ လက္ခဏာများစွာ စတင်တွေ့မြင်လာနေရပြီလည်း ဖြစ်ပါတယ်။
အဓိကက အကြမ်းဖက်လက်နက်ကိုင်တွေကြောင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးမှာ နှောင့်နှေးရတဲ့အတွက် ပြည်သူလူထုရဲ့ နေ့စဉ်လူမှုဘဝတွေမှာ အလျင်အမြန် ဖြေရှင်းရမယ့်ကိစ္စရပ်တွေ ရှိနေတယ်ဆိုတာပဲ။ တစ်ဖက်ကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ ပြည်သူရွေးချယ်တဲ့ သန့်ရှင်းတဲ့အစိုးရတစ်ရပ် ပေါ်ထွက်လာရေး၊ ဒါတွေအားလုံးက တစ်မျိုးသားလုံးအတွက် အမျိုးသားအကျိုးစီးပွားတွေ ဖြစ်နေတယ်။ ဒါတွေကို အောင်မြင်အောင် ဆောင်ရွက်နေရသလို တစ်ဖက်မှာလည်း နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်နေရပါတယ်။
တိုင်းရင်းသားအမည်ခံ EAO တွေဟာ တိုင်းရင်းသားအမည်ခံသက်သက်ပဲဖြစ်
ပြည်သူတွေ၊ တိုင်းရင်းသားတွေဘက်ကလည်း ပညာဉာဏ်နဲ့ မြင်တတ်ရပါမယ်၊ တချို့ လက်နက်ကိုင်တွေက တိုင်းရင်းသားအမည်ခံထားပေမယ့် တိုင်းရင်းသားအားလုံးက သူတို့ကို အလုံးစုံထောက်ခံနေတာမဟုတ်ပါ။ မထောက်ခံဘူးဆိုတဲ့အချက်က သမိုင်းတစ်လျှောက်ပြန်ကြည့်ရင် မူလကတည်းက သမိုင်းအစဉ်အဆက် မထောက်ခံခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် ယနေ့တိုင်းရင်းသားအမည်ခံ EAO တွေဟာ တိုင်းရင်းသားအမည်ခံ သက်သက်ပဲဖြစ်ပြီး ထိုဒေသက တိုင်းရင်းသားဒေသခံအားလုံးကို ကိုယ်စားပြုမနေပါဘူး။
ဒါ့ပြင် တိုင်းရင်းသားဒေသတွေမှာ နေထိုင်သူလူမျိုးတွေဆိုတာ အားလုံးက ဒွေးရောယှက်တင် ရောပြွမ်းနေထိုင်ကြတာဖြစ်တယ်။ ဒီအချက်ကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိရပါမယ်၊ ကိုယ်ထောက်ခံတဲ့အဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေက မှားသလား မှန်သလား၊ တော်လှန်ရေးလား၊ ဖျက်ဆီးရေးလား။ သူတို့ဆိုတာက ငါတို့ဘဝတွေကို ချနင်းနေသူတွေ၊ ဖျက်ဆီးနေသူတွေ၊ စစ်အာဏာရှင်ခေါင်းစဉ်တပ်ထားတဲ့ တောတွင်းအာဏာရှင် စစ်ဘုရင်ဆိုးတွေသာဖြစ်တယ်၊ ဆယ်စုနှစ်ချီလက်နက်ကိုင် နိုင်ငံကိုဖျက်ဆီးနေသူတွေ၊ ဘာသာတရားကိုဖျက်၊ ယဉ်ကျေးမှုဖျက် မိစ္ဆာဝါဒီတွေသာဖြစ်တယ်၊၊ ဖက်ဒရယ်ခေါင်းစဉ်တပ်၊ ကိုယ်တိုင် နယ်ရှင်အလား စစ်အာဏာရှင်ထူထောင်၊ ထွက်သမျှသယံဇာတ မတရားတူးဖော်၊ နယ်စပ်မှာအရောင်းအဝယ်လုပ်၊ မူးယစ်၊ လက်နက်၊ လူမှောင်ခိုအကုန်လုပ်တဲ့ အဆင့်မရှိ မယဉ်ကျေးတဲ့ သောင်းကျန်းသူအဆင့်သာ ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။
ဆိုလိုချင်တာက အတိတ်တွေက ပြီးခဲ့ပါပြီ။ ယခုပစ္စုပ္ပန်မှာ ကိုယ်လုပ်နေတာတွေက ဘာအတွက်လဲ၊၊ အသုံးလား၊ အဖြုန်းလား၊ နှမြောစရာကောင်းတဲ့ အလေအလွင့်တွေ၊ အသက်တွေ၊ ငွေတွေ၊ ပစ္စည်းဥစ္စာတွေ၊ စိတ်ဓာတ်တွေ အများကြီးရှိခဲ့ပါပြီ။ သေချာတာက ဆက်ရှိဦးမယ့်အနာဂတ်မှာ နိုင်ငံတကာနဲ့ တန်းတူဖြစ်ပါဦးမလား။ အနာဂတ် လမ်းကြောင်းမှာရှိနေတဲ့ ကိုယ့်သား၊ ကိုယ့်သမီး မျိုးဆက်တွေအတွက် မစဉ်းစားတော့ဘူးလား၊ ကိုယ်နေတဲ့ဒေသက ကိုယ့်တိုင်းရင်းသားဒေသခံတွေ၊ ကိုယ့်ဆွေမျိုးသားချင်းတွေအတွက်ကော နည်းနည်းလေးမှ မတွေးတော့ဘူးလား၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ ခံယူချက်မရှိတော့ဘူးလား၊ မိမိဒေသအတွက်၊ နိုင်ငံအတွက် ဘာလုပ်ဖို့စဉ်းစားခဲ့ကြဖူးပါသလဲ၊ ကျောင်းတစ်ကျောင်းမဆောက်၊ လမ်းတံတားတစ်ခု မခင်းခဲ့ကြဖူးပါ။
နိုင်ငံတော်အစိုးရက ဖောက်ပေးဆောက်ပေးတဲ့ လမ်း၊ တံတား၊ ကျောင်းတွေသာ တောက်လျှောက် ဖျက်ဆီးနေတာ။ ဖျက်ဆီးမှုက ကမ်းကုန်၊ စိတ်ဓာတ်တွေကို ဖျက်ဆီးတယ်၊၊ သူတို့လုပ်တတ်တာတစ်ခုက မူးယစ်ဆေးဝါး၊ ကာရာအိုကေ၊ ပြည့်တန်ဆာလုပ်ငန်း၊ ဇိမ်ခန်း၊ လောင်းကစားမျိုးစုံ ဒီထက်မပိုပါဘူး။ ဒီတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်လုပ်နေသူတွေက ဒီလိုဒုစရိုက်လုပ်ငန်းတွေမှာ ကောင်းကောင်းကျွမ်းကျင်ကြတယ်။
ဒီမိုကရေစီဗန်းပြ တော်လှန်ရေးအမည်တပ်တဲ့ ပြည်မက လက်နက်ကိုင်တွေဆိုလည်း အတူတူပဲ
ဒီမိုကရေစီဗန်းပြ တော်လှန်ရေးအမည်တပ်တဲ့ ပြည်မက လက်နက်ကိုင်တွေဆိုလည်း အတူတူပဲ။ တိုင်းရင်းသားအမည်ခံ ကိုယ့်လောက်ပညာမတတ်တဲ့ လက်နက်ကိုင်တွေအောက် တပည့်ခံ၊ သူတို့ခိုင်းတာလုပ်၊ ပေးစာကမ်းစာစား၊ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာဝင်ပြီး တပ်စွဲ၊ ပြည်သူပိုင်အိမ်တွေမှာ ဝင်ခို၊ တပ်မတော် စစ်ကြောင်းလာရင် လူတံတိုင်းကာ၊ ပြည်သူကို သေအောင်လုပ်၊ ပြည်သူ့အိုးပိုင်အိမ်ပိုင်တွေ ပျက်စီးတဲ့အခါ တပ်မတော်ကြောင့်ဆိုပြီး တမင်အကွက်ဆင်။ ဘုရားတွေပျက်စီးရ၊ သံဃာအသုံးအဆောင်တွေ ဖျက်ဆီးခံရ၊ စာသင်ကျောင်းတွေ အဖျက်ခံရတဲ့အထိ မိုက်မဲလွန်းလှပါတယ်။၊ ကိုယ်နဲ့အမြင်မတူသူကို ဒလန်ခေါင်းစဉ်တပ်၊ လူသတ်၊ ဆရာ သံဃာ မချန်ပါ၊၊ သူများသားမယားစော်ကား၊ ဆက်ကြေးကောက်၊ နောက်ဆုံး ဓားပြတိုက် လူရမ်းကားလူမိုက် ဓားပြသူခိုးသာသာဘဝရောက် ဒီလိုနဲ့ သေမထူး၊ နေမထူးဘဝတွေ ရောက်ကြရတော့မှာ။ သူတို့လုပ်ခဲ့ကြတာတွေအတွက် ပြည်သူပေးတဲ့အပြစ်ဒဏ် ခံယူကြရတော့မယ့်အချိန်မှာ နှောင်းနောင်တဆိုတာ အချိန်မီပြင်နိုင်ရင် အချိန်မီပါတယ်၊ အမြင်မှန်ရဖို့လိုတဲ့အကြောင်းသာ ပြောပါရစေ။
ဘာပဲပြောပြော လက်တွေ့မှာ ၂၀၂၁ ခုနှစ်ကနေ ယခုကာလအထိ အဖျက်အဆီးနဲ့ အပျက်အစီးတွေများခဲ့ပါပြီ။ နိုင်ငံနဲ့ပြည်သူအတွက် ရွေးကောက်ပွဲလည်း လုပ်ကြတော့မယ်။ အချိုးအကွေ့တစ်ခုမှာ အခွင့်အလမ်းကောင်းများကို မြင်နေရပါပြီ။ အဓိကက အားရှိဖို့ပဲလိုတော့တယ်။ အားဆိုတာက ပြည်သူ့အား၊ ညီညွတ်မှုအား၊ တစ်စုတစ်စည်းမရှိတဲ့အားတွေကို စုစည်းပေးနိုင်မယ့် တပ်မတော်ကြီးရဲ့အား၊ ဒီအားတွေရှိဖို့ပဲ လိုပါတော့တယ်။ ဒီအားတွေနဲ့သာ ငြိမ်းချမ်းအောင်၊ အချုပ်အခြာတည်မြဲအောင် လုပ်လို့ရပါမယ်။ အလျင်အမြန်တိုးတက်အောင် လုပ်ရမယ့်အခြေအနေမှာ ပြည်တွင်းစုစည်းမှုအားမရှိအောင်၊ ငြိမ်းချမ်းရေးမရအောင်၊ အချုပ်အခြာပျက်ပြားအောင် ဆက်ပြီးဖျက်ဆီးနေကြမယ်ဆိုရင်တော့ လိုရာပန်းတိုင် ရောက်နိုင်မှာမဟုတ်ပါ။
နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့မအား ညမနား ပြင်းပြင်းထန်ထန် ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးကိုလည်း မရ ရအောင် ကြိုးစားနေတယ်။ ပြည်သူတစ်ရပ်လုံး လိုလားတာကလည်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးဆိုတော့ ပြည်သူ့ဆန္ဒကိုလည်း မျက်ကွယ်ပြုလို့မရ။ ဆိုလိုတာက နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ အမျိုးသားအကျိုးစီးပွားရှေးရှူပြီး လက်နက်နဲ့ ငြိမ်းချမ်းရေးကို အလဲအလှယ် လုပ်တတ်ရပါမယ်။ အဆုံးသတ်မှာ တပ်မတော်နဲ့ ပြည်သူပူးပေါင်းဖိအားကြောင့် အကြမ်းဖက်သမားတွေအတွက် ပြေးစရာမြေက နည်းလာကြောင်း ထင်ရှားလာတယ်။
ယခုနောက်ပိုင်း အလင်းဝင်သူ၊ လူလက်နက်အဖမ်းခံရသူအရေအတွက် များသထက်များလာနေတယ်။ ဒုက္ခိတလမ်းစဉ်အောက်လျှောက်နေတဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေအားလုံး လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရမယ့်အနေအထားတစ်ခုဆီ ရောက်လာသင့်နေပြီလို့လည်း ယူဆတယ်။
ဒီလိုမှမဟုတ်ရင် အစွန်းရောက်တွေအတွက် အနာဂတ်ပျောက်၊ ဇာတ်သိမ်းကောင်းမှာ မဟုတ်ပါဘူး။ အကြမ်းဖက်အားလုံးက ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်တိုက်ခိုက်နေကြတာသာဖြစ်တဲ့အတွက် မနိုင်တဲ့စစ်ပွဲမှာ နိုင်ငံရဲ့အရင်းအမြစ်အားလုံးကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်တွေဘက်က အောင်နိုင်ခြေဘယ်လောက်ရှိမှာလဲ၊ မရှိသလောက်ပါပဲ။ ကိုယ့်လုပ်ရပ်က အရှုံးအမြတ်တန်ရဲ့လား၊ ပြန်စဉ်းစားပြီး တွက်ကိန်းမမှားဖို့သာ တောင်းဆိုပါရစေ။
ငြိမ်းချမ်းရေးအတွက် အစွမ်းအစရှိရှိ၊ အမြော်အမြင်ရှိရှိနဲ့ ပကတိအရှိတရားတွေဘက်မှာ မှန်မှန်ကန်ကန် ရပ်တည်ကြစေချင်ပါတယ်။ ဒီအချက်က ပြည်သူအားလုံးရဲ့ ဆန္ဒအမှန်ပါပဲ။