Skip to main content

မျိုးဆက်သစ်များ စွမ်းပကားဖြင့် ခေတ်မီတိုးတက်သော နိုင်ငံတည်ဆောက်အံ့

ကိုရင်မောင်

သင်္ချာဘာသာညံ့ခဲ့သော ကျွန်တော့်အား သင်္ချာဆရာမကြီး၏ သင်ကြားပြသပေးမှုအထူးကောင်းမွန်သောကြောင့် ၁၉၇၄ ခုနှစ် အစိုးရစစ်အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) ကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်။ အခြေခံပညာအထက်တန်းကို သိပ္ပံဘာသာတွဲဖြင့်သင်ကြားခဲ့ရာ၌ ကျွန်တော်အကြိုက်ဆုံးဘာသာရပ်မှာ ရူပဗေဒဖြစ်ပြီး ဒုတိယမှာ ဓာတုဗေဒ ဖြစ်ကာ တတိယကသမိုင်းဘာသာဖြစ်သည်။ သင်ကြားခွင့်ရသည်မှာ သိပ္ပံဘာသာတွဲဖြစ်၍ သမိုင်းမသင်ရတော့ဘဲ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓာတု၊ ဇီဝ ဖြင့် ပျော်ပိုက်ခဲ့ပါသည်။

ကျွန်တော်၏ ညံ့ဖျင်းသောဝါသနာ အကျင့်စရိုက်အတိုင်း စိတ်ဝင်စားသည့် ရူပဗေဒဘာသာကိုသာ တစိုက်မတ်မတ် လေ့လာပြီး ကျန်ဘာသာရပ်များကို ပေါ့ပေါ့တန်တန် သဘောထားခဲ့သဖြင့် ၁၉၇၇ ခုနှစ်၌ အခြေခံပညာအထက်တန်း (ဒသမတန်း) ဖြေဆိုသည့်အခါဂုဏ်ထူး တစ်ဘာသာဖြင့်သာ အောင်မြင်ခဲ့သည်။ ရူပဗေဒဘာသာရပ်တွင် ဂုဏ်ထူးအမှတ်ရသော်လည်း သင်္ချာတွင် အောင်မှတ် ၄၀ ကျော်နှင့် ကျန်ဘာသာရပ်များတွင် အမှတ် ၅၀ ဝန်းကျင်ရပြီး စုစုပေါင်းအမှတ် ၃၀၀ ကျော်သာရသဖြင့် ကျွန်တော့်ရည်မှန်းချက်နှင့် ဝေးခဲ့ရသည်။ တက္ကသိုလ်ပညာကို ဆက်လက်ဆည်းပူးသည့်အခါ စိတ်ကူးယဉ်ခဲ့သော ရူပဗေဒပညာရှင်၊ ဓာတုဗေဒပညာရှင်ဖြစ်ရေး အိပ်မက်များမှာ ပျောက်ကွယ်သွားပြီး ဝိဇ္ဇာဘွဲ့ဖြင့်သာ ကျရာဘဝ၌ ကြိုးစား အားထုတ်ခဲ့ရသည်။

ကျွန်တော်၏ ကျောင်းနေဖက်အတန်းဖော်သူငယ်ချင်းဖြစ်သူကလည်း ကျွန်တော့်လိုပင် ရူပဗေဒဘာသာရပ်ကို စိတ်ဝင်စားသူဖြစ်ပြီးဒသမတန်း သိပ္ပံဘာသာတွဲ၌ ဘာသာစုံအမှတ်ကောင်းသဖြင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ ဝင်ခွင့်ရသော်လည်း ၎င်းစိတ်ဝင်စားသည့် ရူပဗေဒအထူးပြုဘာသာရပ်ကိုရွေးချယ်ပြီး မဟာသိပ္ပံ (ဂုဏ်ထူးတန်း) အထိ သင်ကြားတတ်မြောက်ခဲ့သည်။ သူက ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်လိုခဲ့၏။ ပညာကိုအပတ်တကုတ်ဆည်းပူးပြီး ရူပဗေဒပညာနှင့် ပျော်မွေ့နေလိုသူဖြစ်၏။ အစိုးရဝန်ထမ်းလည်း မလုပ်လိုသဖြင့် ရူပဗေဒဘာသာ ကျူရှင်ဆရာဖြစ်ခဲ့၏။ နောင်အသက်အရွယ်ရလာပြီး သူငယ်ချင်းဖြစ်သူအကြောင်း စုံစမ်းကြည့်သောအခါ ဝမ်းရေးအတွက် တက္ကစီမောင်းနေ သည်ဟုသာ သိလိုက်ရ၏။

လမ်းဖွင့်ပေးထား

ယနေ့ခေတ် လူငယ်မောင်မယ်များမှာ ကံကောင်းလေစွ။ နိုင်ငံတော်အစိုးရက ပညာရေးကိုအားပေးမြှင့်တင်ပေးနေသလို ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များမှာ ကြိုးစားလျှင် ကြိုးစားသလောက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနေ၏။ အခွင့်အရေးများလည်း ရရှိနေသည်ကိုတွေ့ရ၏။ နိုင်ငံတော်အကြီးအကဲက နိုင်ငံတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကြားမှပညာရေးကို မဖြစ်မနေအားပေး၏။ မသင်မနေရ ပညာရေး၊ အခမဲ့ပညာရေး၊ စဉ်ဆက်မပြတ် ပညာရေးကို မြှင့်တင်ပေး၏။ ပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သော လူငယ်လူရွယ်များအတွက် အနိမ့်ဆုံး KG+9 ပြီးဆုံးလျှင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုသက်မွေးဝမ်းကျောင်း ပညာများကို နိုင်ငံတစ်ဝန်းတွင် သင်ယူခွင့်ပေး၏။ ဆက်လက်ကြိုးစားနိုင်လျှင် ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များတွင် ဘွဲ့၊ ဒီဂရီယူနိုင်၏။ အဆင့်မြင့်နည်းပညာများကိုသင်ယူနိုင်သော ပိုလီတက္ကနစ် တက္ကသိုလ်ကိုလည်း ဖွင့်လှစ်ပေးထားပြီဖြစ်သည်။

တစ်ချိန်သော ကျွန်တော်တို့ ခေတ်ကာလက ပညာရေးမူဝါဒနှင့် နိုင်ငံရေးအခြေအနေတို့အရပညာရေးတွင် အချိုးအကွေ့များစွာကြုံရသည်။ အစမ်းသပ်ခံပညာရေးစနစ်ဖြင့် အဆင့်မြင့်ပညာကဏ္ဍတွင် အပြောင်းအလဲများစွာ ဖြတ်သန်းခဲ့ရသည်။ ပညာတစ်ပိုင်းတစ်စနှင့် ရပ်တန့် လိုက်ရသူများလည်းရှိသည်။ ရေလိုက်လွဲသူများလည်းရှိသည်။ ဝါသနာပါရာကို သင်ကြားခွင့်မရတော့ဘဲ ကြုံသလို ဖြတ်သန်းကြရသူများလည်းရှိသည်။ ပညာတတ်လူငယ်များအနေဖြင့် မိမိတို့ဖြစ်လိုသည့် စိတ်ကူးယဉ်အိပ်မက်များကို အပြည့်အဝဖော်ဆောင်နိုင်ခွင့်မရခဲ့။ မိမိတို့စိတ်ဝင်စားသည့်၊ တတ်မြောက် ကျွမ်းကျင်သည့်အသိပညာ၊ အတတ်ပညာဖြင့် မိမိအကျိုး၊ နိုင်ငံအကျိုး ဖော်ဆောင်ခွင့်ရနိုင်ရန် အခွင့်အလမ်းအလွန်နည်းပါးလှ၏။ ထို့ကြောင့်သင်ကြား ခဲ့သည့်ပညာများ အဟောသိကံဖြစ်ရ၏။ သူတစ်ပါးနိုင်ငံကို အကျိုးပြုသူများအဖြစ် ဦးနှောက် ယိုစီးမှုများဖြစ်ခဲ့၏။

ရောင်နီသန်းလာပြီ

မြန်မာနိုင်ငံသည် သယံဇာတများ ပေါများကြွယ်ဝပြီး လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် လူသားအရင်း အမြစ်များလည်းရှိသည်။ သို့သော် အားပေးကူညီပံ့ပိုးပေးမှု၊ လုပ်နိုင်ကိုင်နိုင်သည့် အခွင့်အလမ်း များ အားနည်းမှုနှင့် တည်ငြိမ်သော နိုင်ငံရေးစနစ် မတည်ဆောက်နိုင်မှုကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးခဲ့သည်ကိုတွေ့ရ၏။ အခြားနိုင်ငံများနှင့် နှိုင်းစာလျှင် ခေတ်နောက် များစွာကျန်ခဲ့၏။ နိုင်ငံတကာနှင့် တန်းတူလိုက်နိုင်သော တီထွင်ဖန်တီးမှုများမရှိခဲ့။ စက်မှုနှင့် သိပ္ပံနည်းပညာများ တီထွင်ဖန်တီးနိုင်သူ ရှားပါးသွားပြီး အစိုးရကလည်း အားပေးမြှင့်တင် ဆောင်ရွက်ခြင်းမရှိခဲ့သဖြင့် နိုင်ငံတကာ တန်းဝင်သည့် Make in Myanmar ထုတ်ကုန် မရှိသလောက်ပင်ဖြစ်၏။ အပ်တို တစ်ချောင်းသာမက ဝါးတူကိုပင် ပြည်ပမှ တင်သွင်းနေရ၏။ မျက်မှောက်ကာလတွင် ထိုအခြေအနေကို ပြောင်းလဲနိုင်သည့် ရောင်နီများသန်းလာပြီဖြစ်သည်။

အသိပညာ၊ အတတ်ပညာတိုးတက် ကြွယ်ဝမြင့်မားလာရေးအတွက် နိုင်ငံတော်အစိုးရ၏ အားပေးကူညီ ပံ့ပိုးမြှင့်တင်ပေးမှုသည် မဖြစ်မနေလိုအပ်သည်။ အစိုးရက အားပေးကူညီ ဆောင်ရွက်ပေးခြင်းမရှိလျှင် အောင်မြင်စွာအကောင် အထည်ပေါ်ရန်ခဲယဉ်းသည်။ ယနေ့ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသည့် အချိန်ကာလ အတွင်း အသိပညာ၊ အတတ်ပညာမြင့်မားရေး၊ အားကစားကဏ္ဍ မြှင့်တင်ရေး၊ လူငယ်နှင့် ပညာရေးကဏ္ဍ မြင့်မားရေး၊ ကုန်ထုတ်စွမ်းအား အဆင့်မြှင့်တင်ရေး စသည်တို့ကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးနေသည်။ ဘက်စုံကဏ္ဍစုံ၌ ထူးချွန်ထက်မြက်သော လူငယ် မောင်မယ်များအနေဖြင့် ပြည်တွင်းပြည်ပတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိကြသည်။ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသည်။ စွန့်ဦးတီထွင် လူငယ်မောင်မယ်များကိုလည်း ပြည်တွင်း ပြည်ပ၌ ပါဝင်နိုင်ရန် လမ်းဖွင့်ပေးထားသည်။

ခေါင်းလောင်းထိုးသံ

သာဓကအားဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ စက်တင်ဘာလ ၁၉ ရက် မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သည့် ကမ္ဘာ့စက်ရုပ်အိုလံပစ် (WRO) အာရှပစိဖိတ် နိုင်ငံများ ချန်ပီယံရှစ်ပြိုင်ပွဲတွင် AI နည်းပညာကိုအသုံးပြု၍ ငလျင်ဒဏ်သင့် နေရာများ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အထောက်အကူပြုမည့် စက်ရုပ်ကားကို အကောင်းဆုံးတီထွင် ဖန်တီးနိုင်သည့်မြန်မာနိုင်ငံမှ We are Genius Myanmar အဖွဲ့က ချန်ပီယံ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါအဖွဲ့မှ ဆုရရှိသည့် မြန်မာကျောင်းသားလူငယ်လေးသုံးဦးမှာ အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ်မျှသာရှိပြီး ပြိုင်ပွဲအတွက် ပရိုဂရမ်ရေးဆွဲခြင်း၊ စက်ရုပ်တည်ဆောက်ခြင်းတို့ကို တစ်နှစ်ခန့်ကြိုတင် ပြင်ဆင်ခဲ့ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ရာ ပြိုင်ဘက်နာမည်ကြီး နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့ကို ဖြတ်ကျော်ပြီး ပထမဆုကို ဆွတ်ခူးရရှိခဲ့သဖြင့် နိုင်ငံ အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည်။

ယခု ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” မှ ဖိတ်ခေါ်သည့် ပရောဂျက် ပြိုင်ပွဲတွင် နိုင်ငံတစ်ဝန်းမှ အသက် ၁၄ နှစ်မှ အသက် ၁၆ နှစ်ရှိ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုကြရာ မြန်မာကျောင်းသူတစ်ဦးဖြစ်သည့် မအိမ့်သူသူခင်က တစ်ဦးတည်းသော Winner အဖြစ် အောင်မြင်မှုရရှိခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ အဏုမြူ စွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးပေါ်၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကျောင်းသား ကျောင်းသူများနှင့်အတူ သွားရောက်လေ့လာခွင့်ရခဲ့သည်။ မြန်မာ လူငယ်မောင် မယ်များ လုပ်နိုင်သည်ဆိုသည့် သက်သေသာဓကအချို့သာဖြစ်သည်။ အခွင့်အလမ်းနည်းပါးသော်လည်း အိပ်မက်ကြီးကြီး မက်ရဲလျှင်၊ ကြိုးစားအားထုတ်မှုရှိလျှင် ကမ္ဘာ့အဆင့်ကိုပင် ရောက်နိုင်သည်ဆိုသည့် နမူနာများပင်ဖြစ်သည်။ မြန်မာနိုင်ငံအနာဂတ်အတွက် မိုးသောက် ရောင်ခြည်ခေါင်းလောင်းထိုးသံဖြစ်၏။

ဤသို့သော ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်၊ ကျောင်းသား ကျောင်းသူများ မြန်မာနိုင်ငံတွင်များစွာရှိ၏။ ကျောင်းသားအရွယ် မြန်မာလူငယ် လူရွယ်လေးများမှာ ဉာဏ်ရည်ထက်မြက်ကြ၏။ မိဘအုပ်ထိန်းသူများနှင့် ပတ်ဝန်းကျင်က တည့်မတ်ပေးပြီး နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ပေးလျှင် နိုင်ငံအနာဂတ်အတွက် အားထားရမည့်အရင်း အမြစ်ကောင်းများ ရရှိမည်ဖြစ်သည်။ “ယနေ့လက်ရှိ နိုင်ငံတော်အကြီးအကဲကပညာရေးကို အားပေးတယ်။ လူငယ်လူရွယ်ကျောင်းသား ကျောင်းသူတွေကို တန်ဖိုးထားတယ်။ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုတယ်။ လူငယ်တွေကို လမ်းဖွင့် ပေးတယ်။ သူကိုယ်တိုင်လည်း နိုင်ငံအနာဂတ်အတွက်၊ အနာဂတ်လူငယ်တွေအတွက် နိုင်ငံတကာကအကူအညီတွေ ရှာဖွေပေးတယ်။ လိုအပ်တာကတော့ဗျာ အားလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ထိပ်တန်းနိုင်ငံဖြစ်လာမှာ သေချာပါတယ် ဗျာ”ဟု ကျွန်တော်၏ မိတ်ဆွေပြောစကား ကို သတိရမိသည်။

ပညာရှင်များလိုအပ်

လက်တွေ့တွင်လည်း နိုင်ငံတော်အကြီးအကဲက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ပြည်ထောင်စုကြီးအကျိုးအတွက်၊ မျိုးဆက်သစ်များ၏ အနာဂတ်အတွက် နေ့မအား၊ ညမနား အပင်ပန်းခံ ကြိုးပမ်းဆောင်ရွက်နေသည့် စေတနာကို တွေ့မြင်ရသည်။ ယခု စက်တင်ဘာလ ၂၅ ရက်မှစတင်၍ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့်ကာဇက်စတန်နိုင်ငံတို့သို့ အလုပ်သဘောခရီး သွားရောက်ခဲ့သည့် နိုင်ငံတော်အကြီးအကဲအနေဖြင့် အလုပ်သဘောခရီးစဉ်အတွင်း ဆွေးနွေးပွဲများနှင့် နိုင်ငံ့ခေါင်းဆောင်များအား တွေ့ဆုံစဉ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာတတ် လူငယ်လူရွယ်များ အခန်းကဏ္ဍကို အလေးထားပြောကြားခဲ့၏။ ပြောကြားခဲ့သည်များအနက် အချို့ကို အနှစ်ချုပ်ကောက်နုတ်ဖော်ပြလိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က မော်စကိုမြို့၌ကျင်းပသည့် “လူငယ်နှင့် အနာဂတ် မြန်မာ-သိပ္ပံနှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် နိုင်ငံတော်ယာယီသမ္မတ က “မြန်မာနိုင်ငံ၌ နယ်ပယ်အလိုက် ပညာရှင်များစွာ လိုအပ်နေကြောင်း၊ လူငယ်များကို အနာဂတ်ပဲ့ကိုင်ရှင်များအဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာနိုင်ငံ၌ နယ်ပယ်အလိုက် ပညာရှင်များစွာ လိုအပ်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု နည်းပညာဆိုင်ရာ နယ်ပယ်တွေမှာ ပညာရှင်တွေများစွာ လိုအပ်နေပါတယ်။ အဲဒီလိုပဲ ပြည်တွင်းမှာ အလုပ်လုပ်နိုင်တဲ့ အရွယ်လူဦးရေအချိုးအစားများပြားပေမယ့် စက်မှု၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ် လုပ်မှုလုပ်ငန်းတွေမှာ လူ့စွမ်းအားအရင်း အမြစ်တွေ လိုအပ်ချက်ရှိနေဆဲဖြစ်ပါ တယ်”ဟု ပြောကြားခဲ့သည်။

ဖိဖိစီးစီးလုပ်ဆောင်

ထို့ကြောင့် လူငယ်များအားဝေဖန် ပိုင်းခြားတွေးခေါ်တတ်မှု၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တတ်မှု၊ ပြဿနာကိုကိုင်တွယ် ဖြေရှင်းနိုင်မှု၊ စုပေါင်းဆောင်ရွက်နိုင်မှု စွမ်းရည်များအပြင် စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ ဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက် မပြတ် ဆောင်ရွက်ရမည်ဟုလည်း ပြောကြားခဲ့သည်။ အသိဉာဏ်ပညာနှင့် ပြည့်စုံသည့် လူငယ်ပညာရှင်များ ပေါ်ထွန်းလာရေး၊ အသိပညာ၊ အတတ်ပညာစွမ်းရည်များနှင့်ပြည့်စုံပြီး အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်တည်လာစေရေး လူငယ်များကို နိုင်ငံ့အနာဂတ်ပဲ့ကိုင်ရှင်များအဖြစ်သတ်မှတ်ကာ နိုင်ငံသားတိုင်းအားလုံးက လူငယ်စွမ်းရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိဖိစီးစီးလုပ်ဆောင်ရမည်ဟု နိုင်ငံတော်ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

ထို့အတူ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် သိပ္ပံနည်းပညာများကို မျက်ခြည်မပြတ် ဆည်းပူးလေ့လာပြီး မိမိတို့တတ်ကျွမ်းသည့် ပညာရပ်ဖြင့် နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ တွင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကာ သင်ကြားပေးလိုက်သည့် ခေတ်မီ နည်းပညာ များကိုလည်း နိုင်ငံအတွင်း၌ ထိရောက်စွာ အသုံးချနိုင်ရေး၊ နိုင်ငံ့အကျိုးစီးပွားအတွက် လက်ဆင့်ကမ်းလွှဲပြောင်းထမ်းဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်ယာယီ သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတက လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်တွန်းပြောကြားပြီးနောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပသည့် ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ်၏ “နည်းပညာသစ် မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့” ခေါင်းစဉ်ဖြင့် ပြုလုပ်သော မျက်နှာစုံညီထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ကိစ္စကို ဆွေးနွေးခဲ့သည်။

စေတနာနှင့်အားထုတ်မှု

“မြန်မာနိုင်ငံမှာ အငယ်စားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ နျူကလီးယားအခြေခံ အဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်များနဲ့ အခြားလိုအပ်သည့် လုပ်ငန်းတွေကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ROSATOM တို့က တတ်နိုင်သမျှ ဆက်လက်ကူညီ ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။ ထို့အပြင် “အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က လည်း မြန်မာနိုင်ငံရဲ့ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရာမှာ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် အကူအညီပေးဖို့ မေတ္တာရပ်ခံလိုပြီး ဖိုရမ်သို့ တက်ရောက်လာတဲ့ နိုင်ငံများနဲ့လည်း နျူကလီးယားနည်းပညာ ကဏ္ဍနဲ့ပတ်သက်လို့ သင့်လျော်ရာ Sector တွေမှာ ပူးပေါင်းဆောင်ရွက်လို ပါတယ်”ဟု ယာယီသမ္မတက ပြောကြား ခဲ့သည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံတော်ယာယီသမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အာကာသနည်းပညာပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များစသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် လူငယ်မောင်မယ်များ နိုင်ငံအကျိုးပြုရေးတွင် တစ်တပ်တစ်အားပါဝင်နိုင်ရန် ထားရှိသောစေတနာနှင့် ကြိုးပမ်းအားထုတ်မှုများကို ကျွန်တော်တို့အားလုံး မျက်ဝါး ထင်ထင်မြင်တွေ့ကြရပြီဖြစ်သည်။

လူငယ်စွမ်းပကား

မျိုးဆက်သစ်လူငယ်မောင်မယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကျရာအခန်းကဏ္ဍမှတက်ကြွစွာဆောင်ရွက်နေကြသည်ကို တွေ့မြင်နေရပြီ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့ဂုဏ်မြင့်မားတိုးတက်ရေးအတွက် အစိုးရတစ်ရပ်တည်းဖြင့် ဆောင်ရွက်၍မရပေ။ နိုင်ငံသူနိုင်ငံသားများကလည်း တက်ညီလက်ညီ ကျရာကဏ္ဍမှ ကြိုးပမ်း ထမ်းဆောင်ကြရမည်။ ၈၈ မတိုင်မီ ကျွန်တော်တို့လက်ထက် အစိုးရကသူ့အလုပ်သူလုပ်၊ ပြည်သူများကလည်း သင့်သလိုနေထိုင်ခဲ့ကြ၍ အစိုးရနှင့် ပြည်သူတစ်သားတည်းမရှိ။ နိုင်ငံ တိုးတက်ရေးနှင့် အလှမ်းဝေးခဲ့သည်။ ပြည်တွင်းပြည်ပ ပယောဂအမျိုးမျိုးတို့ ပူးကပ်လာသည့် အခါတိုင်းပြည်ပင် ပြိုလဲလုမတတ်ဖြစ်ခဲ့ရသည်။

ကျွန်တော်တို့လူငယ်ဘဝက စိတ်ကူးအိပ်မက်များကို လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့သော်လည်း ယနေ့ခေတ်လူငယ်များဘဝတွင် မျှော်လင့်ချက်များ၊ အခွင့်အလမ်းများ များစွာရှိနေပြီ ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်းပြသောဆန္ဒ၊ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများကြောင့် အနာဂတ်ကာလတွင် မျိုးဆက်သစ်လူငယ်များ၏ စွမ်းပကားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ဆောက်နိုင်ကြမည်ဟု ယုံကြည်မိပါသတည်း။  ။