ရန်ကုန်တက္ကသိုလ်နှင့် အင်းလျားကန်သာ
ရန်ကုန်တက္ကသိုလ်သို့ ပညာသင်ယူတက်ရောက်ခဲ့ဖူးသော ကျောင်းသား ကျောင်းသူတိုင်း အင်းလျား ကန်ပေါင်ပေါ် မရောက်ဖူးသူ ရှိလိမ့်မည်မထင်။ ကျွန်တော်ကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝတွင် အကြိမ်များစွာရောက်ခဲ့ဖူးသည်။ အကြောင်း သည်ကား အင်းလျားကန်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအတွက် အပန်းဖြေအနားယူရန် အကောင်းဆုံးနေရာ ဖြစ်နေခြင်းကြောင့်ပင်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားဖြစ်ခဲ့
သို့သော် ကျွန်တော်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားဖြစ်ခဲ့သည်ဆိုခြင်းမှာ အပတ် စဉ် တနင်္လာနေ့မှ သောကြာနေ့အထိတက်ရောက်ရသော နေ့တက်ကျောင်းသားအဖြစ် တက်ရောက်ခဲ့ခြင်း မဟုတ်ပါ။ စာပေးစာယူ ကျောင်းသားအဖြစ်သာတက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ အဝေးသင်ကျောင်းသားတွင် သိပ္ပံဘာသာတွဲ ကျောင်းသားဖြစ်၍ စနေနှင့် တနင်္ဂနွေ တစ်ပတ် နှစ်ရက် တက်ခဲ့ရခြင်းဖြစ်သည်။ ထိုတစ်ပတ်နှစ်ရက် ကျောင်းတက် ရသည်ကိုပင် ကျွန်တော်တို့ အလွန်ပျော်ခဲ့ကြသည်။
ဘွဲ့နှင်းသဘင်ခန်းမ၏ အရှေ့ဘက်၊ အဓိပတိ လမ်းမကြီး၏ ဝဲဘက်ခြမ်းတွင် သိပ္ပံဆောင်များရှိသည်။ ကျောင်းဖွင့်သည့်နှစ်ရက်တွင် Lecture လိုက်သည်။ လက်တွေ့ သင်ခန်းစာများ လုပ်ကြသည်။ ပြီးတော့ ကန်တင်းထိုင်ကြသည်။ စကားစမြည် ပြောကြ၊ တစ်ဦးနှင့်တစ်ဦးမိတ်ဆွေဖွဲ့ကြနှင့် ရန်ကုန်တက္ကသိုလ်၏ အရသာကိုအပြည့်အဝ မဟုတ် သည့်တိုင် မြည်းစမ်းခွင့်ရခဲ့ပါသည်။
အဝေးသင်ပညာရေး
ထိုစဉ်က အဝေးသင်ပညာရေးစနစ်သည် ခေတ်အစား ဆုံးပညာသင်ကြားမှုပင်ဖြစ်သည်။ နိုင်ငံရေး အခြေအနေကြောင့် နေ့ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် အဝေးသင်ပညာရေးကိုသာ အလေးထား နေရသောအချိန် ဖြစ်သည်။ အဝေးသင်ပညာရေး ရေစီးကြောင်းပြောင်းလဲလာမှုမှာလည်း တက္ကသိုလ်ပညာရေး ပြောင်းလဲမှု၏ တစ်စိတ် တစ်ဒေသဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
မြန်မာနိုင်ငံတွင် သက်ကြီးတက္ကသိုလ်ဆိုတာ ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုသက်ကြီး တက္ကသိုလ် နေရာတွင် လုပ်သားများ ကောလိပ်နှင့် အစားထိုးခဲ့သည်။ လုပ်သား ကောလိပ်သည် ဗိုလ်တထောင်ဘုရားလမ်းတွင် ရှိသည်။ အလုပ်လုပ်ရင်း ပညာသင် ကြားရသူများအတွက် အလွန်အဆင်ပြေခဲ့သည်။ ထိုလုပ်သားများ ကောလိပ်သည် လည်း အခြေအနေအကြောင်းကြောင်းကြောင့် ရပ်တန့်သွားခဲ့ရသည်။
လုပ်သားများ ကောလိပ်အစားအဝေးသင်တက္ကသိုလ်နှင့် အစားထိုးလာသည်။ အဝေးသင် ပညာရေးတွင် ဝိဇ္ဇာတွဲနှင့် သိပ္ပံတွဲ ခွဲခြားထားသည်။ ဝိဇ္ဇာတွဲသည် အနီးကပ်သင်တန်း ဖြစ်သည်။ စာစဉ်များပေး၍ သင်ကြားမှုလည်း ဖြစ်သည်။ သိပ္ပံတွဲကျောင်းသားများသည် စနေနှင့် တနင်္ဂနွေတစ်ပတ် နှစ်ရက်တက်ရခြင်း ဖြစ်သည်။ အဝေးသင် တက္ကသိုလ်ကို လေးနှစ်သင်ကြားပြီးမှ ဘွဲ့ရသည်။ ကျွန်တော်တို့တုန်းက ပထမနှစ်နှင့် ဒုတိယနှစ်ကို ကြည့်မြင် တိုင်ရှိ အာစီသရီးဟုခေါ်သော ဒေသကောလိပ်၌ တက်ရသည်။ ထိုကောလိပ် တွင် နှစ်နှစ်ပညာသင်ရသည်။ ပြီးမှ တတိယနှစ်နှင့် စတုတ္ထနှစ်ကို ရန်ကုန်တက္ကသိုလ်တွင် သင်ရခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်၏ အငွေ့အသက်
ဤသို့ဖြင့် ကျွန်တော်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားဖြစ်ခဲ့ဖူးသည်။ ရန်ကုန် တက္ကသိုလ် ၏ ပညာရည်နို့သောက် စို့ဖူးပါသည်။ ရန်ကုန်တက္ကသိုလ်၏ အငွေ့အသက်၊ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ဒြပ်အောက် တွင် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ရန်ကုန် တက္ကသိုလ်၏ သွန်သင်ပြသမှု၊ ဆိုဆုံးမမှုအောက်တွင် ကြီးပြင်းခဲ့ရသည်။ သို့အတွက် သစ်ပုပ်ပင်ကြီးအောက်တွင်လည်း ထိုင်ဖူးသည်။ ကံ့ကော်ပန်းရနံ့များကို ရှူရှိုက်ရင်း အဓိပတိ လမ်းမကြီးပေါ်တွင်လည်း လျှောက်ဖူးသည်။ နီနီစွေးစွေ ရဲရဲတောက် စိန်ပန်းပွင့် ချိန်လည်း ကြုံဖူးသည်။ အဝေးသင်ပညာရေး တစ်ခေတ်တွင် ရန်ကုန်တက္ကသိုလ်၏ အရသာကို ကိုယ်တွေ့ကြုံခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်ဟုပြောလျှင် အဝေးသင်ပညာရေး ကိုလည်း ထည့်သွင်းဖော်ပြမှ ပြည့်စုံ လိမ့်မည်ဟု ကျွန်တော် မှတ်ယူထားသည်။ ။
ယနေ့အချိန်အခါတွင် အဝေးသင်ပညာရေးနှင့် ရန်ကုန် တက္ကသိုလ်မှ ဘွဲ့ရကျောင်းပြီးသော အရပ်ဘက်၊ နယ်ဘက်၊ စစ်ဘက်နယ်ပယ်အသီးသီးတို့၌ တာဝန်ထမ်းဆောင်နေကြသူများ အများအပြားပင် ရှိပါသည်။ နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်များကို ထမ်းရွက်လျက်ရှိပါသည်။ အဝေးသင်ပညာရေးသည် ခေတ်စနစ်တစ်ခုအရ ပေါ်ပေါက်ခဲ့သော ပညာရေးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သည် အဝေးသင်ပညာရေးနှင့် တစ်သီးတစ်ခိုင် တစ်သားတည်းပင် ဖြစ်သည်။
ဪ- အမိတက္ကသိုလ် ရန်ကုန်တက္ကသိုလ်ကြီး တည်ထောင်မွေးဖွားလာခဲ့သည်မှာ ယခု ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဆိုလျှင် နှစ်ပေါင်း ၁၀၀ ပြည့် မြောက်တော့ မည်ပါလား။ ထိုနှစ် ၁၀၀ ဆိုသော ကာလအပိုင်းအခြားတွင် အဝေးသင်ပညာရေး သည်လည်း တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေသည်ဆိုခြင်းမှာ အသေအချာပင် ဖြစ် သည်။
ရန်ကုန်တက္ကသိုလ်တက်ရောက်ဖူးသူ ကျောင်းသား ကျောင်းသူတိုင်းသည် မိမိတို့ ကျင်လည်ရာ အခိုက်အတန့် တစ်ခုတွင် သတိရစရာ၊ အမှတ်ရစရာများ ရှိကြပေလိမ့် မည်။ ထိုထက်ပို၍ဆိုရလျှင် လွမ်းမောဖွယ်ရာများ၊ တမ်းတ လွမ်းစရာများ ရှိကြ၊ ကျန်ရစ် ကြမည်သာ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်နှင့် အင်းလျားကန်
ကျွန်တော့်အတွက်တော့ အင်းလျားကန်သည် သတိရ စရာ၊ အမှတ်ရစရာနေရာတစ်ခုလို့ ဆိုရပေလိမ့် မည်။ အမှန်တကယ်တော့လည်း ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင် စဉ်ကပင် အကောင်းဆုံး တက္ကသိုလ်ကြီး တစ်ခုအဖြစ် ပုံဖော်ဖန်တီးရန် ရည်ရွယ်လျက် ထိုအင်းလျားကန်ကြီးနံဘေးတွင် တည်ဆောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။
အင်းလျားကန်သည် ရန်ကုန်တက္ကသိုလ်ကျောင်း သားကျောင်းသူများ၏ အဓိက အပန်းဖြေ အနားယူရာ နေရာတစ်ခုဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ကပ်လျက်တည် ရှိနေခြင်းကပင် အသွားအလာများပြား နေခြင်းဖြစ်သည်။ အင်းလျားလမ်းကိုကျော် လိုက်သည်နှင့် အင်းလျားကန်ကိုရောက်သည်။ ဘွဲ့နှင်းသဘင်ခန်းမ နောက်ပေါက်က ထွက်လိုက်လျှင်လည်း အင်းလျား၏အလှ၊ အင်းလျား၏ ပသာဒကို ခံစားနိုင်သည်။ သို့အတွက်ကြောင့်လည်း အင်းလျားနှင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် အင်းလျားကို ခွဲခြား၍မရပေ။ ရန်ကုန်တက္ကသိုလ် အကြောင်းပြောလျှင် အင်းလျားမပါလျှင် မပြီး။ အင်းလျားအကြောင်း ပြောလျှင်လည်း ရန်ကုန်တက္ကသိုလ်အကြောင်း ချန်ထား၍ မရဖြစ်မည်သာ။
အင်းလျားကန်သာသည် ရန်ကုန်တက္ကသိုလ်ပရဝဏ် အတွင်းကသစ်ပုပ်ပင်ကြီးလိုပင် အထင်ကရနေရာတစ်ခုပင် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာနို့ရည်သောက် ဖူးသူတိုင်း သစ်ပုပ်ပင်ကြီး အောက်တွင် နားခိုဖူးသလို အင်းလျားကန်ပေါင်ပေါ်လည်း လျှောက်ဖူးကြပေလိမ့်မည်။ အင်းလျားအလှကို ခံစားဖူးကြမည်သာ။ အထူးသဖြင့်တော့ ရန်ကုန်တက္ကသိုလ်တွင် ပညာရှာရင်း ကြင်ရာပါရသွားကြသည့် ချစ်သူစုံတွဲလေးများ၏ ကွန်းခိုရာနေရာဖြစ်သည်။ ချစ်သူစုံတွဲလေးများ၏ ပျော်စံရာ နေရာပင် မဟုတ်ပါလား။
ထို့ကြောင့်လည်း မြန်မာသံစဉ် ဂန္ထဝင်အဆိုတော်ကြီး
တွံတေးသိန်းတန်က - “ကျောင်းဖွင့်ချိန် xxx စိန်ပန်းတွေလည်း မြေမှာ ကြဲပြန့်နေ xxx ကံ့ကော်ပန်းတွေနဲ့အတူ သူနဲ့ တွေ့ရာမြေ xxx တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန် နယ်မြေ xxx ” ဟူ၍ သီဆိုခဲ့လေသည်။
ပန်းခြံအတွင်းရှိ စိန်ပန်းပင်များ တက္ကသိုလ်ကျောင်းတော်ကြီးဖွင့်ချိန် နွေအနှောင်း မိုးအဆန်း အခါသမယ ဇွန်၊ ဇူလိုင်လလောက်တွင် စိမ်းစိမ်းနုနု ရွက်ညှာများအထက် ရောယှက်ကာ ပွင့်လန်းနေသော ရဲရဲနီ စိန်ပန်းပွင့်များသည် ပင်ယံထက်မှာတစ်မျိုး၊ မြေလွှာထက်မှာတစ်ဖုံ ကြဲပြန့်လျက်ရှိကြသည်။ အင်းလျားကန် ပန်းခြံအတွင်းရှိ စိန်ပန်းပင်များကလည်း အစွမ်းကုန် ပန်းများဖူးပွင့်ဝေဆာလျက်ရှိသည်။
အင်းလျားကန်ပန်းခြံအတွင်း မြက်ခင်းစိမ်းပေါ်တွင် ထိုင်၍အပန်းဖြေ အနားယူနေ ကြသူများ၊ ရေပြင်ကို ကြည့်လျက် အဝေးသို့ ငေးမောနေကြသူများဖြင့် အေးချမ်းသာယာ လျက်ရှိသည်။ နေခြည်နုနု ညနေချမ်း အချိန်အခါမှာတော့ အင်းလျားကန်ပေါင် မြေနီလမ်းလေးအတိုင်း လမ်းလျှောက် အပန်းဖြေကြသူများဖြင့် စည်ကားနေတတ်သည်။ ကန်ပေါင်ထိပ် တစ်ပင်တည်းသော ညောင်ညိုပင်ကြီးအနီး အကြော်ဆိုင်များမှာတော့ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အကြော်စားသူစား၊ လက်ဖက်ရည်၊ ကော်ဖီ၊ အအေး သောက်သူသောက်ဖြင့် စည်ကားလို့ နေတတ်သည်။ ဘူးသီးကြော်၊ ဘယာကြော် ပူပူနွေးနွေး ကြွပ်ကြွပ်ရွရွလေးစားရင်း အင်းလျားရေပြင်ပေါ်မှ ဖြတ်သန်းတိုက်ခတ် လာသော လေနုအေးလေးအရသာကို ခံစားရသည်မှာ ကျောင်းသား ကျောင်းသူတိုင်း အတွက် မေ့ပစ်နိုင်စရာမဟုတ်။
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ပညာရှာရင်း အင်းလျား ကန်သာမှာ အပန်းဖြေ အနားယူခဲ့ကြသည်။ ကျောင်းသား ကျောင်းသူအချင်းချင်း မိတ်ဖွဲ့ကြခဲ့ကြသည်။ စကားစမြည် ပြောကြသည်။ တိုင်ပင် ဆွေးနွေးခဲ့ကြသည်။ ငြင်းခုံပြောဆိုမှုများလည်း ရှိသေးသည်။ အင်းလျားကန်ပေါင်ပေါ်ထိုင်ရင်း ဟိုအကြောင်း၊ သည်အကြောင်း သောင်းပြောင်းထွေလာစကားများ ပြောခဲ့ကြသည်။ တွေးတော ငေးမောခဲ့ကြသည်။
ပညာတတ်များ မွေးထုတ်ပေးနိုင်ခဲ့
အတိတ်၏အရိပ်သည် အစဉ်တစိုက်လိုက်ပါနေ လေသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဆိုလျှင် ရန်ကုန်တက္ကသိုလ်တည်ထောင်ခဲ့မှု နှစ် ၁၀၀ ပြည့်တော့မည်။ ထို နှစ် ၁၀၀ တည်းဟူသော ရာစုနှစ် တစ်ခုအတွင်း ရန်ကုန်တက္ကသိုလ်မှ စာတတ်ပေတတ်၊ ပညာတတ်များ မွေးထုတ်ပေးနိုင်ခဲ့ပေပြီ။ နိုင်ငံအတွက်၊ ပြည်သူအတွက် သားကောင်း ရတနာ၊ သမီးကောင်း ရတနာများမွေးထုတ်ပေးနိုင်ခဲ့ပြီ။ တက္ကသိုလ်ကျောင်း သားဘဝ အမှတ်ရစရာ၊ သတိရစရာများ အများအပြား လည်း ဘဝတစ်သက်စာ ကျန်ရှိပေလိမ့်မည်။ ကျွန်တော်တို့ အဝေးသင်တက္ကသိုလ် ကျောင်းသားဘဝသည် တစ်ခဏသာ ရန်ကုန် တက္ကသိုလ်တွင် ကွန်းခိုခွင့်ရခဲ့သော်လည်း တက္ကသိုလ်ကြီး၏ တည်ကြည်ခံ့ညားမှု၊ ထည်ဝါမှု၊ စိန်ပန်းနှင့်ကံ့ကော်တို့၏ထုံသင်းမှု၊ အင်းလျားကန်၏ အေးချမ်းသာယာ မှုများကိုတော့ဖြင့် ဘဝတစ်သက်တာ မေ့နိုင်တော့မည် မဟုတ်ပါတကား။
မြင့်မောင်စိုး