Skip to main content

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ် ၂၀၂၃ -၂၀၂၄ ခုနှစ်အကြောင်း သိကောင်းစရာ

အေးမွန် (လေဘာ)

အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက နိုင်ငံ၏လူမှုရေး၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုများကို လေ့လာသုံးသပ်နိုင်ရန်နှင့် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ အသုံးပြုနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံရှိ လူ့စွမ်းအားဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သော အညွှန်းကိန်းများကို စုစည်းပြုစုထားသည့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (Hand Book on Human Resources Development Indicators-HRDI) ကို နှစ်စဉ်ထုတ်ဝေလျက်ရှိပါသည်။

ယခုနှစ် လက်စွဲစာအုပ်တွင် အညွှန်းကိန်းပေါင်း ၅၈ ခု ပါဝင်ပြီး လူဦးရေ၊ ဖွား/သေ စာရင်းအင်း၊ ကျန်းမာရေးနှင့် အာဟာရ၊ ပညာရေးနှင့် လေ့ကျင့်မှု၊ လုပ်သားစာရင်းအင်း၊ စီးပွားရေးစာရင်းအင်းများ၊ မြေယာအသုံးချမှုနှင့် အခြားစာရင်းအင်းများဟူ၍ ခေါင်းစဉ်များဖြင့် အခန်း (၁) မှ (၈) ထိ ကဏ္ဍအလိုက်လည်းကောင်း ၊ အညွှန်းကိန်းများကို အမှတ်စဉ်အလိုက် စုပေါင်း၍ အခန်း (၉)တွင် လည်းကောင်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ထို့ပြင် ယင်းစာအုပ်တွင် အညွှန်းကိန်းများကို ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၃-၂၀၂၄ ခုနှစ်ထိ ခြောက်နှစ်စာ ဖော်ပြထားသဖြင့် စာရင်းအင်းအခြေအနေများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သိရှိနိုင်မည်ဖြစ်ပြီး လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု အခြေအနေကိုလည်း နှစ်အလိုက် နှိုင်းယှဉ်သုံးသပ်နိုင်မည်ဖြစ်ပါသည်။

ဤလက်စွဲစာအုပ်ပါ အညွှန်းကိန်း ၅၈ ခု၏ ကိန်းဂဏန်းအချက်အလက်များကို ဝန်ကြီးဌာန ၂၁ ခုလက်အောက်ရှိ ဦးစီးဌာန ၄၄ ခု၊ တက္ကသိုလ်/ကောလိပ် ငါးခု၊ အသင်းအဖွဲ့နှစ်ခုနှင့် ကော်မတီ တစ်ခုတို့က ပံ့ပိုးပေးထားခြင်းဖြစ်ပါသည်။ အဆိုပါကိန်းဂဏန်း၊ အချက် အလက်များသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ကော်မတီများမှပြုစု၊ တွက်ချက်ထားရှိခြင်းနှင့် စစ်တမ်း၊ သန်းခေါင်စာရင်းများမှ ရရှိခြင်းဖြစ်ပါသည်။ ထို့ပြင် စာအုပ်တွင် အညွှန်းကိန်းနှင့်သက်ဆိုင် သော အဓိပ္ပာယ်ဖော်ပြချက်များ၊ တွက်ချက်မှုများ (Glossary, Definition and Methodology) ကိုသာမက ကိန်းဂဏန်းရရှိသည့် အရင်းအမြစ်များကိုလည်း အောက်ခြေမှတ်ချက် (Foot Note) များဖြင့် ခိုင်မာစွာဖော်ပြထားပါသည်။

လက်စွဲစာအုပ်၏သမိုင်းကြောင်း

ဤလူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်၏ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ကမ္ဘာ့လူဦးရေရန်ပုံငွေ အဖွဲ့ (UNFPA) အထောက်အပံ့ဖြင့် ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်ထိ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများရေးဆွဲ၍ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ဖော်ထုတ်အသုံးပြုရေးစီမံကိန်း (Use of HRDI for the Population and Development Planning Processes) အရ လက်စွဲစာအုပ် ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။

စီမံကိန်းအပြီး ၆-၈-၁၉၉၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးသို့ စီမံကိန်း၏ရလဒ်အဖြစ် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများ လက်စွဲစာစောင်တို့ကို တင်ပြခဲ့ရာ ဝန်ကြီးဌာနများအနေဖြင့် လက်ခံအသုံးပြုဆောင်ရွက်နိုင်ရန်နှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရန်အတွက် အလုပ်သမား ဝန်ကြီးဌာနကဆောင်ရွက်ရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က လမ်းညွှန်မှုပြုခဲ့ပါသည်။ အဆိုပါလမ်းညွှန်ချက်နှင့်အညီ HRDI လက်စွဲစာအုပ်ကို ၁၉၉၇ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ရာ ယခုနှစ်ထုတ်ဝေသည့် “လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲ စာအုပ် ၂၀၂၃-၂၀၂၄ ခုနှစ်” သည် ငွေရတုအကြိုကိုပင် ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။

အဆင့်ဆင့်ဆောင်ရွက်

ယင်းသို့ HRDI စာအုပ်ထုတ်ဝေနိုင်ရန် စာအုပ်တွင်ပါရှိသည့် အညွှန်းကိန်းနှင့် သက်ဆိုင်သောဌာန၊ အဖွဲ့အစည်း၊ ကော်မတီများထံသို့ ကိန်းဂဏန်းအချက်အလက်များ တောင်းခံခြင်း၊ ရရှိလာသော ကိန်းဂဏန်းအချက်အလက်များကို ပြုစုခြင်း၊ HRDI လက်စွဲစာအုပ် ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ (Core Working Group-CWG) အစည်းအဝေးပြုလုပ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းများဖြင့် အဆင့်ဆင့်ဆောင်ရွက်ရပါသည်။

ယခုနှစ် HRDI လက်စွဲစာအုပ်ထုတ်ဝေနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်ဖြစ်သော ပုဂ္ဂလိကအခန်းကဏ္ဍများမှ အညွှန်းကိန်းများ ပါဝင်ထည့်သွင်းစေရေး အကြံပြုထားကြသည့်အတိုင်း ယခုနှစ် လက်စွဲစာအုပ်တွင် ပညာရေးကဏ္ဍ၌ ပုဂ္ဂလိကကျောင်း၊ ကျောင်းသား ကျောင်းသူအရေအတွက်များကို ထည့်သွင်းဖော်ပြနိုင်ခဲ့ပါသည်။ ပုဂ္ဂလိကအခန်းကဏ္ဍမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် အခြားစာရင်းအင်း၊ ကိန်းဂဏန်းအချက်အလက်များ ပိုမိုရရှိစေရေးနှင့်ရှေ့နှစ်များတွင်ထုတ်ဝေမည့် လက်စွဲစာအုပ်များတွင် ထည့်သွင်းနိုင်ရေးဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဤလက်စွဲစာအုပ်၏ အခန်း (၁) လူဦးရေကဏ္ဍတွင် မိမိတို့နိုင်ငံ၏ လူဦးရေနှင့် လူဦးရေတိုးတက်မှုနှုန်း၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူဦးရေ၊ ဧရိယာသိပ်သည်းမှုနှင့် အိမ်ထောင်စုအရွယ်အစား၊ အသက်အုပ်စုနှင့် ကျား/မ အလိုက် လူဦးရေ၊ မှီခိုသူ အချိုးတို့ကို ဖော်ပြထားပါသည်။

အခန်း (၂) ဖွား/သေစာရင်းအင်းကဏ္ဍတွင် မြန်မာနိုင်ငံ၏ ဖွား/သေ စာရင်းအင်းအချက်အလက်များဖြစ်သော မွေးနှုန်းကြမ်း၊ သေနှုန်းကြမ်း၊ သားဖွားမိခင်သေနှုန်းနှင့် မွေးဖွားစဉ် မျှော်မှန်း သက်တမ်းတို့ ပါရှိပါသည်။ အခန်း (၃) ကျန်းမာရေးနှင့် အာဟာရကဏ္ဍတွင် နိုင်ငံအတွင်းရှိ ကျန်းမာရေးဝန်ထမ်းနှင့် အသုံးအဆောင်ရရှိနိုင်မှုတို့ကို လွှမ်းခြုံဖော်ပြသည့် အချက်အလက်များနှင့် တိုင်းရင်းဆေးပညာ ကဏ္ဍများပါ လေ့လာနိုင်မည်ဖြစ်ပါသည်။

အခန်း (၄) ပညာရေးနှင့် လေ့ကျင့်မှုကဏ္ဍတွင် အခြေခံပညာနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ ဘာသာရပ်အလိုက် ဘွဲ့ရဦးရေ၊ အစိုးရဌာနများနှင့် ပုဂ္ဂလိကကျောင်းများမှ ဆောင်ရွက်သည့် ကျွမ်းကျင်မှုအဆင့်အလိုက် ကာလတိုနှင့်ကာလရှည်သင်တန်းများ၊ နိုင်ငံခြားသား ကျောင်းသား ကျောင်းသူများနှင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ နိုင်ငံခြားပညာတော်သင်စေလွှတ်ခဲ့သော အရေအတွက်များကို တွေ့ရှိရမည်ဖြစ်ပါသည်။ အခန်း (၅) လုပ်သားစာရင်းအင်း ကဏ္ဍတွင် လုပ်သားအင်အား၊ လုပ်သားအင်အားပါဝင်မှုနှုန်းနှင့် အလုပ်လက်မဲ့နှုန်း၊ လုပ်ငန်းအမျိုးအစားအလိုက်နှင့် အလုပ်အကိုင်အမျိုးအစားအလိုက် အလုပ်လက်ရှိပျံ့နှံ့မှုနှုန်း၊ အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရလုပ်သားများ၊ စစ်ဆေးအကဲဖြတ်သူများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်ရေးဌာနများ၊ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သည့် နိုင်ငံအလိုက် အလုပ်သမားများစာရင်း၊ သင်္ဘောဝန်ထမ်း အလုပ်အကိုင်ရရှိမှုအခြေအနေ၊ လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာနများ၊ အလုပ်သမားများ အခြေအနေနှင့် လူမှုဖူလုံရေးဆိုင်ရာအချက်အလက်များ ပါဝင်ပါသည်။

အခန်း (၆) စီးပွားရေးစာရင်းအင်းများကဏ္ဍတွင် ပိုင်ဆိုင်မှု ကဏ္ဍအလိုက် အလုပ်ဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် မှတ်ပုံတင်ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၊ စုစုပေါင်း တိုင်းပြည်ထုတ်ကုန် ဂျီဒီပီ၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပပို့ကုန်နှင့် သွင်းကုန်ဆိုင်ရာအချက်အလက်များ၊ ကဏ္ဍအလိုက် နိုင်ငံတော်အသုံးစရိတ်များ၊ စားသုံးသူစျေးဆနှုန်းကိန်းများကို ဖော်ပြထားပါသည်။ အခန်း (၇) မြေယာအသုံးချမှုကဏ္ဍတွင် စိုက်ဧရိယာ၊ မြေယာအသုံးချမှုနှင့် သစ်တောဖုံးလွှမ်းမှုတို့ကို တွေ့ရှိရမည် ဖြစ်ပါသည်။ အခန်း (၈) အခြားစာရင်းအင်းများကဏ္ဍတွင် ပညာရေးအဆင့်အလိုက် အမျိုးသမီးကျောင်းသူ ပါဝင်မှုနှုန်း၊ အစိုးရနှင့် နိုင်ငံရေးကဏ္ဍများတွင် အမျိုးသမီးများပါဝင်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ သတင်းနှင့်ပြန်ကြားရေး၊ လူထုမီဒီယာနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ လူမှုဝန်ထမ်းစောင့်ရှောက်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ၊ လူမှုဝန်ဆောင်မှု ဆောင်ရွက်ပေးသော ကျေးရွာများ၊ မှုခင်းဖြစ်ပွားမှုနှုန်းတို့ကို လေ့လာနိုင်မည်ဖြစ်ပါသည်။

အခန်း (၉) အမှတ်စဉ်အလိုက် အညွှန်းကိန်းများကဏ္ဍတွင် အထက်ဖော်ပြပါအခန်း(၁)မှ အခန်း (၈) အထိကဏ္ဍများရှိ အညွှန်းကိန်းများကို အမှတ်စဉ်အလိုက် ရိုးရှင်းစွာ ဖော်ပြထားပါသည်။

ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်ပြီ

ဤသို့ လူ့စွမ်းအားဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သော အညွှန်းကိန်းများကို စုစည်းပြုစုထားသည့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲ စာအုပ် (Hand Book on Human Resources Development Indicators-HRDI) ကို ယခင်ကာလများတွင် ပြည်တွင်း၊ ပြည်ပအစည်း အဝေးများ၊ ဆွေးနွေးပွဲများ သွားရောက်မည့်သူများသည် ရည်ညွှန်းကိုးကားပြောကြားနိုင်ရန် မပါမဖြစ် ယူသွားလေ့ရှိပါသည်။ သို့သော် ယခုဒစ်ဂျစ်တယ်ခေတ်ကာလတွင်မူ မည်သည့်နေရာတွင်မဆို ရောက်ရှိ သည့်နေရာမှ HRDI လက်စွဲစာအုပ်ပါ အချက်အလက်များကို မိမိတို့ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mol.gov.mm မှ အချိန်အခါမရွေး၊ နေရာမရွေး ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

ထို့ကြောင့် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပုံနှိပ်ထားသော ၂၀၂၃-၂၀၂၄ ခုနှစ် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်ကို ဝန်ကြီးဌာနများ၊ အညွှန်းကိန်းနှင့်သက်ဆိုင်သောဌာနများနှင့် တက္ကသိုလ်စာကြည့်တိုက်များသို့ ၂၀၂၅ ခုနှစ် ဇွန်လတွင် ဖြန့်ဝေထား ပြီးဖြစ်သကဲ့သို့ မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ သုတေသီ များ၊ ကျောင်းသား ကျောင်းသူများက အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာကြည့်ရှု၍ လိုအပ်သည့် စာရင်းအင်းကိန်းဂဏန်းအချက်အလက်များကို အသုံးပြုနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။ ။