နိုင်ငံတော်အကြီးအကဲ၏ သမိုင်းဝင်ခြေလှမ်း သမိုင်းမှတ်တမ်း
စာဖတ်ပရိသတ်တစ်ဦး
ဩဂုတ်လ ၃၁ ရက်မှနေ့သည် စက်တင်ဘာလ ၇ ရက်နေ့အထိထုတ်ဝေခဲ့သော နိုင်ငံပိုင်သတင်းစာ များကို ကျွန်တော်မှတ်မှတ်ရရ ရွေးထုတ်လျက်ရှိသည်။ သာမန်အားဖြင့်ဆိုမူ ဖတ်ရှုပြီး သတင်းစာအဟောင်းများကို စက္ကူအဟောင်းဝယ်သူထံ ပိဿာချိန်ဖြင့် ပြန်လည်ရောင်းချလေ့ရှိသော်လည်း မှတ်တမ်းမှတ်ရာအဖြစ်ထားရှိရမည့်၊ ထားရှိသင့်သည့် သတင်းစာအချို့ကိုမူ သီးသန့်ဖိုင်တွဲ၍ သိမ်းဆည်းထားလေ့ရှိပါသည်။
ဆိုခဲ့ပါ ထိုနေ့ထိုရက်ထုတ်သတင်းစာများကိုလည်း ဖိုင်တွဲ၍မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန်ဖြစ်သည်။ မှတ်တမ်းဟူ၍ မည်ကာမတ္တမှတ်တမ်း မျိုးမဟုတ်။ နိုင်ငံတော်၏ သမိုင်းမှတ်တမ်း၊ နိုင်ငံတော်အတွက် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဟုဆိုရပါမည်။
အလုပ်သဘောခရီးစဉ်သွားရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက် ခဲ့ပြီး နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ကမ္ဘာ့အလယ်တွင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့၍ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲသည် အလုပ်သဘော ခရီးစဉ်အတွင်း သမိုင်းဝင်အစည်းအဝေးနှင့် သမိုင်းဝင်အခမ်းအနားများဟုဆိုရမည့် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO Summit 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား တို့သို့ တက်ရောက်ခဲ့သည်။
SCO ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲသည် SCO ၏ ဆွေးနွေးဖက်နိုင်ငံ ဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုယ်စား ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပြီး ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံ၏ အချက်အချာကျကျတည်ရှိမှု၊ ရာသီဥတုကောင်းမွန်မျှတမှုရှိသည့် အတွက် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်ဆောင်ရွက်နိုင်မည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကောင်းများနှင့် SCO ၏ မူဘောင်များအောက်မှပါဝင်ကာ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားလိုသည်များကို ဆွေးနွေးပြောကြားခဲ့ရုံမက မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့(SCO)၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာနိုင်ရေးအတွက် ထောက်ခံပေးနိုင်ရန် တရားဝင်အဆိုပြုဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော်အကြီးအကဲသည် အလုပ်သဘောခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံသမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး SCO အစည်းအဝေးတက်ရောက်ရာတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်အပါအဝင် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ နိုင်ငံရေးအရလည်းကောင်း၊ နိုင်ငံတကာရေးအရလည်းကောင်း အသိအမှတ်ပြုမှုများ၊ မိမိတို့နိုင်ငံတွင်ကျင်းပတော့ မည့်ရွေးကောက်ပွဲအပေါ် အသိအမှတ်ပြု ထောက်ခံ အားပေးမှုများကို ရရှိခဲ့ရာ နိုင်ငံအတွက် အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းရရှိစေခဲ့သည်။
ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့
“အိမ်နီးနားချင်းများဟာ ရပ်ဝေးက ဆွေမျိုးသားချင်းများထက် အားကိုးရတယ်”ဟူသည့် တရုတ်ဆိုရိုးစကားနှင့်အညီ နိုင်ငံတော်အကြီးအကဲနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping တို့၏တွေ့ဆုံဆွေးနွေးမှုသည် ရှိရင်းစွဲ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ နှစ်နိုင်ငံအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ရုံမက မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး အတွက် တရုတ်နိုင်ငံ၏အပြုသဘောဆောင်သော ရပ်တည်ချက်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ဆောက်မှုများအပေါ် ထောက်ခံအားပေးမှုနှင့်အတူ နိုင်ငံတကာမျက်နှာစာ၊ ဒေသတွင်းအဖွဲ့ အစည်းများနှင့် ဆက်ဆံရေးတို့၌ မြန်မာနိုင်ငံအနေဖြင့် သိက္ခာမြင့်မားစွာရပ်တည်နိုင်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၌ ပြည်ပမှဝင်ရောက် စွက်ဖက်မှုကိုဆန့်ကျင်မှု စသည့်ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့သည်။
ထို့အတူ နိုင်ငံတော်အကြီးအကဲသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များအပြင် မြန်မာနိုင်ငံ၌ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အိန္ဒိယနိုင်ငံက ထောက်ခံအားပေး လျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့များစေလွှတ်ပေးသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအား SCO အဖွဲ့ဝင်ဖြစ်စေရေး အိန္ဒိယနိုင်ငံက ထောက်ခံအားပေးလျက်ရှိမှုအခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အလားတူ နိုင်ငံတော်အကြီးအကဲသည် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၌လာမည့်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့်အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ပြီး မြန်မာနိုင်ငံအပေါ် အပြည့်အဝရပ်တည် ထောက်ခံမှုများကို ရယူစွမ်းဆောင်နိုင်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲသည် အလုပ်သဘောခရီးစဉ်အတွင်း နိုင်ငံတော်၏စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မနားမနေကြိုးပမ်းဆောင်ရွက် ခဲ့ပြန်ပါသည်။
နိုင်ငံတော်အကြီးအကဲသည် ဟေလုံကျန်း ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့သို့ရောက်ရှိစဉ်အတွင်း ယင်းပြည်နယ်များ၌ ခေတ်မီဒစ်ဂျစ်တယ် နည်းပညာများ၊ AI စနစ်များဖြင့် အသုံးပြု ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ ကို လေ့လာခဲ့သည်။
ထို့အတူ နိုင်ငံတော်အကြီးအကဲသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့နှင့် စီချွမ်ပြည်နယ် ချန်ဒူးမြို့တို့၌ကျင်းပသည့် “မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွေ့ဆုံပွဲ”တွင် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များအား မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအားသာချက်များနှင့်အတူ စီးပွားရေးအရ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ရောင်းဝယ်ဖောက်ကားမှုများနှင့် ဆောင်ရွက်ရရှိ နိုင်မည့် စီးပွားရေးအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာပြောကြားခဲ့ပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ ကလည်း ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြ သည်။
တရုတ်ကုန်သည်များနှင့် စီးပွားရေး လုပ်ငန်းရှင်များကလည်း စိတ်ဝင်တစားပါဝင်ဆွေးနွေးပြောကြားခဲ့မှုများ၊ လာရောက်တွေ့ဆုံ တက်ရောက်မှုများရှိခဲ့၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းနှင့် ရလဒ် ကောင်းများကို ပိုမိုရရှိဖြစ်ထွန်းစေခဲ့သည်။
ဘက်စုံ၊ ကဏ္ဍစုံ အကျိုးဖြစ်ထွန်းစေခဲ့
အချုပ်အားဖြင့်ဆိုရသော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာ လ ၆ ရက်နေ့အထိသွားရောက်ခဲ့သည့် အလုပ်သဘောခရီးစဉ်သည် နိုင်ငံတော်၏ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ ငလျင်ဘေး အလွန်ပြန်လည်ထူထောင်ရေး စသည်ဖြင့် ဘက်စုံ၊ ကဏ္ဍစုံ အကျိုးဖြစ်ထွန်းစေခဲ့သည်ဟု ဆိုရပေမည်။
နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ကလည်း ချန်ဒူးမြို့၌ တရုတ်နိုင်ငံသတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ရာတွင် “ကျွန်တော် တရုတ်နိုင်ငံကိုလာတာ (၁၂) ကြိမ် မြောက်ခရီးစဉ်ဖြစ်ပါတယ်။ ဒီ (၁၂) ကြိမ်မြောက် ခရီးစဉ်မှာ ဒီခရီးစဉ်က အအောင်မြင်ဆုံးခရီးစဉ် တစ်ခုလို့ ကျွန်တော်ပြောလိုပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် အလုပ်သဘောခရီးစဉ်အတွင်း အောင်မြင်မှုများကို ဂုဏ်ပြုအသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံသားတရုတ်နွယ်ဖွားပြည်သူများ၊ တရုတ်ရိုးရာနဂါးနှင့် ခြင်္သေ့အကအဖွဲ့၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများက နေပြည်တော် တပ်မတော် လေဆိပ်၌ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု နှုတ်ဆက်ခဲ့ကြသည်။
ကျွန်တော်သည် ဤသို့လျှင် နိုင်ငံတော်အကြီးအကဲ၏ သမိုင်းဝင်ခြေလှမ်းများကို နိုင်ငံပိုင်မီဒီယာ၊ သတင်းစာများမှတစ်ဆင့် တွေ့မြင်ခဲ့ရပေသည်။ သမိုင်းမှတ်တမ်းတစ်ရပ်အဖြစ်လည်း သိမ်းဆည်းမှတ်တမ်းတင်မိပေသည်။ ။