ပွင့်လင်းမြင်သာရှိမှု တိကျမှန်ကန်မှုတို့နှင့် မဲပေးစက်၏ မဲရလဒ်
မောင်အိပ်စ်ဇဲ
ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်တွင်းပညာရှင်များ တီထွင်ထုတ်လုပ်ထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲတွင် မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများအား “မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း” သင်တန်းများကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။
ယခုရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများကဲ့သို့ သမားရိုးကျ မဲလက်မှတ်ဖြင့် မဲပေးရခြင်းမျိုးမဟုတ်ဘဲ မဲပေးစက်တွင် မိမိဆန္ဒပြုလိုသည့် ပါတီ/ကိုယ်စားလှယ်ကို ခလုတ်နှိပ်မဲပေးရခြင်းမျိုး ဖြစ်သည့်အတွက် မဲပေးရာတွင်လည်းကောင်း၊ မဲရလဒ်များထုတ်ယူရာတွင်လည်းကောင်း မဲပေးစက်၏ ပွင့်လင်းမြင်သာရှိမှု၊ တိကျမှန်ကန်မှုတို့ကို လေ့လာတင်ပြလိုပါသည်။
မဲပေးစက် ဖွဲ့စည်းတည်ဆောက်ထားပုံ
မဲပေးစက်ကို စက်အစိတ်အပိုင်းသုံးခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး အဆိုပါ အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု ချိတ်ဆက်အသုံးပြုရပါသည်။ အစိတ်အပိုင်းများအနက် ဆန္ဒပြုစက် (Ballot Unit – BU)နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit– VU) များသည် မဲဆန္ဒရှင်နှင့်သက်ဆိုင်သော အစိတ်အပိုင်းများဖြစ်ပြီး ထိန်းချုပ်စက် (Control Unit– CU) သည် မဲရုံအဖွဲ့ဝင်များက လုပ်ဆောင်ပေးရမည့် အစိတ်အပိုင်းဖြစ်ပါသည်။
မဲပေးစက်ကို မိုက်ခရိုကွန်ထရိုလာစနစ်ဖြင့် ရိုးရှင်းစွာတည်ဆောက်ထားပြီး လျှပ်စစ်မီးမရသည့် နေရာများတွင်လည်း သုံးနိုင်ရန် ဘက်ထရီစနစ်ကို အသုံးပြုထားပါသည်။ ထို့အပြင် ကွန်ပျူတာများ ကဲ့သို့ Window OS စနစ် မပါဝင်ခြင်း၊ Internet, Bluetooth, USB စသည့် External Device များ ချိတ်ဆက်နိုင်သည့် အပေါက်များမပါဝင်ခြင်းအပြင် မဲပေးစက် အစိတ်အပိုင်း တစ်ခုနှင့်တစ်ခုကို မည်သည့် External Device များ၊ ကြိုးမဲ့ Device များ မချိတ် ဆက်နိုင်စေရန် သီးသန့်တီထွင်ထားပါသည်။ မဲပေး စက်၏ ထိန်းချုပ်စက်တစ်လုံးချင်းကိုလည်း စက်အမှတ် Serial No. များ သတ်မှတ်၍ မဲရုံအလိုက်ဖြန့်ခွဲသည့် စက်နံပါတ်များကို မှတ်တမ်းထားရှိပါသည်။ သို့အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ မသမာသော နည်းလမ်းဖြင့် မဲပေးခြင်း၊ မဲရလဒ်ထုတ်ယူ ခြင်း၊ ထိန်းချုပ်စက်လဲလှယ်ခြင်း စသည်တို့ကို လိုသလို ပြင်ဆင်ဆောင်ရွက်၍ မရနိုင်ပါ။
မဲပေးစက်ဖြင့် မဲပေးခြင်း
ယခင်ရွေးကောက်ပွဲများကဲ့သို့ အမှန်ခြစ်၊ တံဆိပ်တုံးထုခြင်း လွဲမှားမှုကြောင့် ပယ်မဲဖြစ်ခြင်းမျိုး မရှိတော့ဘဲ ဆန္ဒပြုစက်တွင် မီးစိမ်းလေးလင်းပါက မိမိဆန္ဒပြုလိုသော ပါတီ/ ကိုယ်စားလှယ် ကို ရွေးပြီး ဘေးကခလုတ်အပြာလေးကို နှိပ်ကာ မဲပေးနိုင်ပါသည်။ ထို့နောက် မိမိဆန္ဒပြုခြင်း မှန်/ မမှန် မဲပေးချက်ဖော်ပြသည့်စက်မှ ထွက်လာသည့် ဆန္ဒမဲလက်မှတ်ဖြတ်ပိုင်းကို လေးစက္ကန့်မျှ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ ဆန္ဒမဲဖြတ်ပိုင်း မဲပုံးထဲသို့ကျသွားမှ မဲပေးခြင်းပြီးဆုံးမည်ဖြစ်ပါသည်။ မဲပေး စက်ဖြင့် မဲပေးခြင်းကို ထိုကဲ့သို့ ပွင့်လင်းမြင်သာဖြစ်စေရန် ဆောင်ရွက်ထားရှိပါသည်။ သို့သော် မဲပုံးထဲကျသွားသော ဖြတ်ပိုင်းသည် ဆန္ဒမဲလက်မှတ် ဖြတ်ပိုင်းဖြစ်သဖြင့် စတိုးဆိုင်တွင် ဈေးဝယ်သည့် အခါ ငွေရှင်းဘောက်ချာ မှတ်တမ်းယူသကဲ့သို့ ပြန်ယူသွား၍ မရနိုင်ပါ။ ယခင် မဲလက်မှတ်နှင့် ဆန္ဒပြုခဲ့စဉ်ကလည်း မဲပေးပြီးပါက မဲလက်မှတ်ကို မဲပုံးထဲသို့ ထည့်ခဲ့ကြရပါသည်။
မဲမပေးမီ မဲပေးစက်အား စစ်ဆေးခြင်း
မဲရုံမှူးနှင့် လွှတ်တော်မဲဆန္ဒနယ်အလိုက် ထိန်းချုပ်စက် ကိုင်တွယ်သူများသည် မဲပေးခြင်း မစတင်မီ မဲပေးစက် အစိတ်အပိုင်းနှင့် ဆက်စပ်ပစ္စည်းများအား သေချာစွာတပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးရသည့်အပြင် မဲပုံးအတွင်း ဆန္ဒမဲလက်မှတ် ဖြတ်ပိုင်းများကျန်နေခြင်း ရှိ /မရှိ မဲရုံကိုယ်စားလှယ်များ ရှေ့မှောက်တွင် စစ်ဆေးပြီး သတ်မှတ်ပုံစံများ ဖြည့်သွင်း၍ လက်မှတ်ရေးထိုးရပါသည်။ ထို့နောက် စက်အစိတ်အပိုင်းတစ်ခုချင်း၏ သတ်မှတ်နေရာများ တွင် လုံခြုံရေးကြိုးများကို ချည်နှောင်ရပါသည်။ ဆက်လက်၍ “Total” ခလုတ် (မဲပေးပြီးသည့် အရေ အတွက် စစ်ဆေးသည့် ခလုတ်)ကို နှိပ်၍ ထိန်းချုပ် စက်တွင် မဲပေးထားမှု လုံးဝမရှိသည့် အနေအထားကို မဲရုံကိုယ်စားလှယ်များအား ပြသရပါသည်။ ထိုသို့ ဆောင်ရွက်ပြီးမှသာ မဲရုံမှူးသည် ထိန်းချုပ်စက်ရှိ “On/Off” ခလုတ်ကို နှိပ်၍ မဲရုံကို ဖွင့်ပေးရပါသည်။
မဲပေးနေစဉ် ထိန်းချုပ်စက် ကိုင်တွယ်သူ၏ လုပ်ငန်း
ထိန်းချုပ်စက်ကိုင်တွယ်သူသည် မဲဆန္ဒရှင် လျှို့ဝှက်ဆန္ဒပြုခန်းသို့ရောက်လျှင် ထိန်းချုပ်စက်ရှိ “Ballot” ခလုတ်ကို နှိပ်၍မဲပေးခြင်းကို ခွင့်ပြုပေးရပါသည်။ ထိုသို့ ခွင့်ပြုပေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိန်းချုပ်စက်ရှိ Display Screen တွင် “Start” ဟူသော စာသားပေါ်လာပြီး မီးစိမ်းလင်း၍ အသံတိုထွက်ပေါ်လာပါသည်။ တစ်ပြိုင်တည်းမှာပင် ဆန္ဒပြု စက်တွင်လည်း မီးစိမ်းလင်းလာမည် ဖြစ်ပါသည်။ မဲဆန္ဒရှင် မဲပေးပြီးပါက ထိန်းချုပ်စက်တွင် အသံတို ထပ်မံထွက်ပေါ်လာပြီး မီးစိမ်းလည်း ပိတ်သွားမည် ဖြစ်ပါသည်။
မဲပေးနေစဉ်အတွင်း ထိန်းချုပ်စက်တွင် “On/Off” “Total” “Ballot” ခလုတ်သုံးခုမှအပ ကျန်ခလုတ် များအား အဖုံးအုပ်၍ လုံခြုံရေးကြိုးဖြင့် ချည်နှောင်ထားခြင်း၊ ဆန္ဒပြုစက်ကိုသာ လျှို့ဝှက်ဆန္ဒပြုခန်းတွင်ထားပြီး ထိန်းချုပ်စက်ကို အများမြင်သာသောနေရာတွင် ထားရှိခြင်းတို့ကြောင့် ထိန်းချုပ်စက် ကိုင်တွယ်သူအနေဖြင့် မသမာသောနည်းလမ်းများ လုပ်ဆောင်၍ မရနိုင်ပါ။ ထို့အပြင် နိုင်ငံရေးပါတီများ မှ ခန့်အပ်ထားသော မဲရုံကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် စက်များကို ခင်းကျင်းထားရှိပြီး ၎င်းတို့ကလည်း စောင့်ကြည့်နိုင်မည်ဖြစ်ပါသည်။
မဲပေးနေစဉ် စစ်ဆေးခြင်းနှင့် မဲရုံပိတ်ခြင်း
မဲပေးနေစဉ်အတွင်း မဲရုံမှူးသည် မဲစာရင်း မှတ်တမ်းစာအုပ်ပါ မဲပေးပြီး အရေအတွက်နှင့် ထိန်းချုပ်စက်ရှိ “Total” ခလုတ်ကို နှိပ်၍ Display Screen တွင် ဖော်ပြသော စုစုပေါင်း မဲပေးပြီး အရေအတွက်တို့ ကိုက်ညီမှု ရှိ/ မရှိ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ မဲပေးခြင်းပြီးဆုံးချိန်တွင် မဲရုံမှူးသည် ထိန်းချုပ်စက်ကိုင်တွယ်သူအား “Total” ခလုတ်ကို နှိပ်၍ Display Screen တွင် ဖော်ပြသော စုစုပေါင်း မဲပေးပြီး အရေအတွက်ကို မှတ်သားစေရပါသည်။ ထို့နောက် မဲရုံမှူးသည် ထိန်းချုပ်စက်ရှိ “On/Off” ခလုတ်ကိုနှိပ်၍ မဲရုံကိုပိတ်သည်နှင့် နောက်ထပ် မဲပေးခြင်းလုပ်ငန်းများ လုံးဝမဆောင်ရွက်နိုင်တော့ပါ။
မဲပေးစက်ဖြင့် မဲပေးရာတွင် ပွင့်လင်းမြင်သာရှိမှု
မဲပေးစက်ဖြင့် မဲပေးရာတွင် မဲဆန္ဒရှင်တစ်ဦးချင်း အနေဖြင့် မိမိခလုတ်နှိပ် ဆန္ဒပြုလိုက်သော ပါတီ/ကိုယ်စားလှယ်လောင်း မှန်/ မှန် ဆန္ဒမဲလက်မှတ် ဖြတ်ပိုင်းကို ကြည့်ရှု၍ ပြန်လည်စိစစ်နိုင်ခြင်း၊ ထိန်းချုပ်စက်ကိုင်တွယ်သူက “Ballot” ခလုတ်ကို နှိပ်၍ ခွင့်ပြုပေးမှသာလျှင် ခလုတ်နှိပ်မဲပေးနိုင်ခြင်း၊ ထိန်းချုပ်စက်ကိုင်တွယ်သူအနေဖြင့် “Ballot” ခလုတ် ကို နှိပ်၍ ခွင့်ပြုပေးခြင်းကို မဲရုံကိုယ်စားလှယ်များ/အများပြည်သူရှေ့မှောက်တွင် လုပ်ဆောင်ပေးရ သဖြင့် မသမာမှုတစ်ခုခု လုပ်ဆောင်ပါက ကန့်ကွက် နိုင်ခြင်း၊ မဲရုံမှူးအနေဖြင့် ထိန်းချုပ်စက်ရှိ “On/Off” ခလုတ်ကိုနှိပ်၍ မဲရုံကို ဖွင့်/ပိတ် ပြုလုပ်ပေးခြင်း အပြင် မဲပေးနေစဉ်တွင် “Total” ခလုတ်နှိပ်၍ မဲပေးပြီးသူ အရေအတွက်ကို စစ်ဆေးခြင်းမှလွဲ၍ ကျန်လုပ်ငန်းများ ဆောင်ရွက်နိုင်ခွင့်မရှိခြင်းစသည်ဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ထားသဖြင့် မဲထပ်ထည့်ခြင်း၊ မဲအရေအတွက် ပြောင်းလဲ စေရန်တို့ကို လုပ်ဆောင်၍မရနိုင်ပါ။
မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူခြင်း
မဲရုံမှူးသည် မဲရုံပိတ်ပြီးပါက မဲရုံကိုယ်စားလှယ်များကို မဲပေးစက်ရှိရာသို့ခေါ်ယူ၍ မဲပေးစက်ရှိ လုံခြုံရေးကြိုးများ မူလအခြေအနေအတိုင်း ရှိ /မရှိ စစ်ဆေးပြသရပါသည်။ ထို့နောက် ၎င်းတို့ရှေ့မှောက် တွင် “Print” ခလုတ်ကိုနှိပ်ပြီး မဲပေးချက်ဖော်ပြသည့် စက်မှ ထွက်ရှိလာသော မဲရလဒ်များ ပါဝင်သည့် စက္ကူဖြတ်ပိုင်းကို ထုတ်ယူရပါသည်။ ၎င်းဖြတ်ပိုင်းပါ ပါတီ/ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် မဲရလဒ်များကို အများပြည်သူသိရှိစေရန် ကြေညာပေးရသည့်အပြင် မဲရုံကိုယ်စားလှယ်များကိုလည်း ပြသရပါသည်။ ဆက်လက်၍ သတ်မှတ်ပုံစံတွင် မဲရလဒ်များထည့်သွင်းပြီး မဲရလဒ်များပါဝင်သည့် စက္ကူဖြတ်ပိုင်း၏ ကျောဘက်တွင် မဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များ အားလုံးက လက်မှတ်ရေးထိုး မှတ်တမ်းထားရှိရမည်ဖြစ်ပါသည်။
မဲရလဒ်များ ထုတ်ယူရာတွင် ပွင့်လင်းမြင်သာရှိမှု
မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူခြင်းကို မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အများ ပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာရှိစွာ လုပ်ဆောင်ရခြင်းဖြစ်ပါသည်။ သို့သော် ဤလုပ်ငန်း စဉ်သည် လွယ်ကူမြန်ဆန်သည့်အတွက် မှန်ကန်ပါ့ မည်လားဟု သံသယဝင်စရာဖြစ်နိုင်သလို တကယ် ဆို မဲပုံးထဲမှ ဆန္ဒမဲလက်မှတ်ဖြတ်ပိုင်းများကို ရေတွက်၍ မရဘူးလားဟုလည်း မေးခွန်းများ ရှိလာနိုင်ပါသည်။ မဲပေးစက်ကို တီထွင်ရခြင်း၏ ရည်ရွယ်ချက်များတွင် ယခင်ကဲ့သို့ မဲရုံဝန်ထမ်းများ မဲလက်မှတ်များကို ခိုင်လုံမဲ၊ ပယ်မဲခွဲခြား၍ အချိန် လွန်သည်အထိ တစ်ရွက်ချင်း ရေတွက်ရခြင်း၊ အငြင်း ပွားရခြင်းများ မရှိတော့စေရန်ဆိုသည့်အချက်လည်း ပါဝင်ပါသည်။ ယနေ့ခေတ်တွင် လူအား၊ အချိန်အား လျှော့ချလိုသည့်အတွက် နည်းပညာများကို တီထွင်အသုံးပြုနေကြခြင်းဖြစ်သဖြင့် မဲပေးစက်သုံးပြီး အချိန်ကုန်ခံ မဲရေတွက်နေရမည်ဆိုပါက တီထွင်အသုံးချမှုများ အလဟဿဖြစ်သွားပါမည်။
ဆန္ဒမဲလက်မှတ်များကို ရေတွက်လိုပါက ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကန့်ကွက်လွှာတင်သွင်း၍ ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်ရရှိမှသာ ရေတွက်နိုင်မည်ဖြစ်ပါသည်။
ထို့အပြင် မဲရလဒ်ဖြတ်ပိုင်းတွင် ထိန်းချုပ်စက် နံပါတ်၊ ရွေးကောက်ပွဲကျင်းပသည့် ရက်စွဲ၊ ဖြတ်ပိုင်းထုတ်ယူသည့်အချိန်တို့ ဖော်ပြပါရှိသဖြင့် မဲရုံကိုယ်စားလှယ်များက တိတိကျကျ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
တိကျမှန်ကန်သော မဲရလဒ်များ
မဲပေးစက်၏ လုပ်ဆောင်ပုံကို နားလည်လွယ်စေရန် ဥပမာပေးရှင်းပြရမည်ဆိုပါက အမှတ်စဉ် ၁ မှ ၅ အထိ မီးခလုတ် ၅ ခုရှိသည် ဆိုပါစို့။ နံပါတ် ၁ မီးခလုတ်ကို နှိပ်ပါက နံပါတ် ၁ မီးလုံးလင်းပြီး နံပါတ် ၂ မီးခလုတ်ကို နှိပ်ပါက နံပါတ် ၂ မီးလုံး လင်းပါမည်။ သူ့ခလုတ်နှင့် သူ့မီးလုံး မှန်မှန်ကန်ကန်လင်းအောင်လုပ်ထားပါမည်။ ဒီအခြေအနေတွင် မီးခလုတ်တစ်ခုကို ဘယ်နှကြိမ် နှိပ်သည်ဆိုသည်ကိုမှတ်ထားသည့် Memory စနစ်လေးထည့်ထားလိုက်ပါသည်။ မှတ်သားထားသည့် ခလုတ်တစ်ခုချင်း အား နှိပ်သောအကြိမ်အရေအတွက်ကိုစာရွက်နှင့် Print ထုတ်လိုက်ပါသည်။ ကြားထဲတွင် ဘယ်ခလုတ်ကို ဘယ်နှကြိမ်တိုးပေးပါဟု လုပ်၍ မရသလို ခလုတ်တစ်ခုချင်းအလိုက် နှိပ်ခဲ့သည့်အကြိမ်အတိုင်း ကိုပဲ စာရွက်တွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
လူအယောက် ၁၀၀ က ခလုတ်တစ်ခုကို တစ်ကြိမ်နှိပ်ခဲ့ပါက ခလုတ်တစ်ခုချင်းအလိုက် နှိပ်ခဲ့သည့် အကြိမ်အားလုံး ပြန်ပေါင်းလိုက်သည့်အခါ အကြိမ် ၁၀၀ ရှိရမည် ဖြစ်ပါသည်။ မဲပေးစက်၏ လုပ်ဆောင်ပုံမှာ ဤသို့ဖြစ်သဖြင့် မဲရလဒ်ကို လိုသလို အပြောင်းအလဲလုပ်နိုင်သည်ဟူသော ထင်မြင်ချက် သည် သံသယစိတ်သက်သက်သာဖြစ်မည်ဟု ယူဆ မိပါသည်။ မဲရလဒ်ဖြတ်ပိုင်းပါ မဲရလဒ်များနှင့် မဲပုံး အတွင်းမှ ဆန္ဒမဲလက်မှတ်ဖြတ်ပိုင်းများ တူညီမှု ရှိ/ မရှိကို မဲပေးစက်အသိပညာပေးသည့်အခါ စမ်းသပ်မဲပေးခြင်း အစီအစဉ်များတွင် လက်တွေ့ဝင်ရောက်စစ်ဆေးကြည့်ရှုနိုင်ပါသည်။
လက်တွေ့စမ်းသပ်မဲပေးခြင်း
မဲပေးစက်နှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်၍ ရွေးကောက်ပွဲတွင် လွယ်ကူစွာမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ ရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီ အစဉ်များကို ဆောင်ရွက်လျက်ရှိရာ ရွေးကောက် ပွဲကျင်းပမည့်နေရာဒေသအလိုက် မဲဆန္ဒရှင်ပြည်သူ များစွာက ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခဲ့ကြ ပြီးဖြစ်ပါသည်။ ထိုသို့ လက်တွေ့စမ်းသပ်မဲပေးစေခဲ့ရာတွင် မဲရလဒ်ဖြတ်ပိုင်းပါ တစ်ဦးချင်းမဲရလဒ်များနှင့် မဲပုံးအတွင်းရှိ ဆန္ဒမဲလက်မှတ်ဖြတ်ပိုင်းတစ်ခု ချင်းရေတွက်မှုအရေအတွက်ကိုက်ညီကြောင်း မဲပေးစက်၏ မဲရလဒ်တိကျမှန်ကန်မှုကို လက်တွေ့ပြသ နိုင်ခဲ့ပါသည်။ ထိုသို့အသိပညာပေးခြင်း၊ လက်တွေ့ စမ်းသပ်မဲပေးခြင်း အစီအစဉ်များကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ရွေးကောက်ပွဲများမည်သည် မိမိဒေသ၊ မိမိ ရပ်ရွာ၏ အကျိုးကို မိမိတို့ကိုယ်စား တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ယုံကြည်လက်ခံသော ပုဂ္ဂိုလ်များအား မဲဆန္ဒရှင်ပြည်သူများက ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးချယ်ပေးရခြင်းဖြစ်ပါသည်။ ဤသို့ ရွေးချယ်ရာတွင် မဲဆန္ဒရှင်များ လွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲဆန္ဒရှင်တစ်ဦးချင်း၏ ဆန္ဒမဲတစ်ခု သည် ပယ်မဲအဖြစ် အဟောသိကံ မဖြစ်သွားစေရေး၊ မဲမသမာမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို တီထွင် အသုံးပြုရခြင်းဖြစ်ပြီး မဲပေးစက်ဖွဲ့စည်းတည် ဆောက်ထားပုံ ရိုးရှင်းမှု၊ မဲပေးစက်ဖြင့် မဲပေးရာတွင် ပွင့်လင်းမြင်သာရှိမှု၊ မဲရလဒ်များ ထုတ်ယူရာတွင် ပွင့်လင်းမြင်သာရှိမှုနှင့် မဲရလဒ်များ တိကျမှန်ကန်မှု တို့ကို မဲဆန္ဒရှင်ပြည်သူများ သိရှိနားလည်ပြီး လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတွင် ခလုတ်နှိပ်မဲပေးကြပါစို့ဟု တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ။