မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲ တို့ဆင်နွှဲမည် . . .
ဒေါက်တာမောင်ကျော်
(ပါမောက္ခချုပ် - ငြိမ်း)
(ယမန်နေ့မှအဆက်)
ပါမောက္ခဆရာကြီးဦးနက်
မန္တလေးတက္ကသိုလ် သင်္ချာပါမောက္ခဆရာကြီး ဦးနက်၏ သင်ကြားပုံတစ်ခုကို သတိတရ ရေးပြချင်ပါသည်။ ဆရာကြီးက မန်းရာပြည့်ကျင်းပသည့် ကာလကတက္ကသိုလ်ပရိဝုဏ်အတွင်း ကိုယ်တိုင် ရေဒီယိုတည်ထောင်အသံလွှင့်ခဲ့သည်ဟု တပည့်များ သိခဲ့ရပါသည်။
ပါမောက္ခဆရာကြီးက အလွန်လေးလံထိုင်းမှိုင်းနေသော ကျွန်တော်တို့အတန်းကို စာသင်ရင်းတိုက်ပုံအိတ်ကပ်ထဲမှ လျက်ဆားပုလင်းလေးထုတ်၊ လျက်ဆားလျက်ရင်း “ One Plus two ဘယ်လောက်ပါလိမ့်” ဆိုပြီး မျက်နှာကြက်ကြည့်ပြီး ခဏတာ စဉ်းစားနေပါသည်။ တပည့်များ ခေါင်းထောင်လာ ပါသည်။ “Oh Yes three, Three” ကျွန်တော်တို့ အငိုက်ပြေစေသည့် ဆရာကြီး၏ဟာသကို သတိရ မှတ်မိနေဆဲဖြစ်ပါသည်။
နောက်ဆရာကြီးတစ်ဦးက အင်္ဂလိပ်စာ ပါမောက္ခဆရာကြီး Mr.Muni ။ ဆရာကြီးက စီးကရက်ကို လက်ကြားကမချဘဲ နှစ်နှစ်ခြိုက်ခြိုက်ရှိုက်ဖွာရင်း ဖြည်းဖြည်းနှင့် လေသံမှန်မှန်ဟန်ပန် ဖြင့်သင်သည်မို့ နားထောင်၍ အလွန်ကောင်းပါသည်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ငေးပြီးကြည့်ခဲ့ပါသည်။ ဆရာကြီးက Indian လူမျိုး၊ ထောင်ထောင်မောင်းမောင်း၊ ဖိုင့်ဖိုင့် ဆရာ၏ ကေသာက ပိပြားတောက်ပြောင်နေပါသည်။ ဆရာက ခပ်တည်တည်နှင့် မိတ်ဆက်ပါသည်။ “There are two Munis in Mandalay, one is Maha Myatmuni and the other is me” ဆိုပြီး မိမိကိုယ်ကိုမိမိ ခပ်တည်တည်နှင့် မိတ်ဆက်သော ပါမောက္ခဆရာ Mr. Muni ကို သတိရပါသည်။ ဆရာက အင်္ဂလိပ်စာသင်သည့်အခါ “Man may come and man may go, but I go on forever” ဆိုသည့် စာသားလေးကို မကြာခဏပြောပြီး အင်္ဂလိပ်စာသင်ပေးလေ့ရှိပါသည်။ အဓိပ္ပာယ် လွန်စွာပြည့်ဝသော ဤဝါကျလေး၏ အတိမ်အနက်ကို လူတိုင်း နားလည်ကြပါသည်။ နှစ်တစ်ရာပြည့် ပြီဖြစ်သည့် မန္တလေးတက္ကသိုလ်ကြီးကို ညွှန်းလေ ရော့သလားဟု ထင်မြင်မိပါသည်။
နိုင်ငံခြားပညာသင်ဆု…
ကျွန်တော်သည် ၁၉၇၂ ခုနှစ်တွင် နိုင်ငံခြားပညာသင်ဆုရရှိခဲ့ပါသည်။ ဘဝသစ်ထူထောင်မှု စီမံကိန်းတွင် ထူးချွန်သူအပေါင်းနှင့် ကျွန်တော်က အကျုံးဝင်ခဲ့ပါသည်။ နိုင်ငံခြားစေလွှတ်ရန် အကဲဖြတ် အဆုံးအဖြတ်ပေးခဲ့သော ဆရာကြီးများမှာ ပါမောက္ခဦးအောင်ခင်၊ ပါမောက္ခချုပ်ဒေါက်တာ မောင်မောင်ခ၊ ရုက္ခဗေဒပါမောက္ခ ဒေါက်တာသန်းထွန်းနှင့် ဒေါက်တာညီညီတို့ ဖြစ်ပါသည်။ ကျွန်တော်၏ဆရာ ဒေါက်တာမောင်ဒီက မော်လမြိုင် ဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီးဘဝဖြင့် အဏ္ဏဝါသိပ္ပံဌာနကို ဦးဆောင်ဖွင့်လှစ်ရန် စိုင်းပြင်းနေသည့် ကာလဖြစ်ပါသည်။
ဆရာဒေါက်တာမောင်ဒီက ၁၉၇၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဖြစ်လာပါသည်။ မရှေးမနှောင်းမှာပင် ဆရာဦးကျော်မြင့်က မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ၁၉၈၈ ခုနှစ်တွင် ဆရာကြီး ဦးကျော်မြင့်က အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်နေပါပြီ။ ဆရာ ဒေါက်တာချစ်ဆွေက ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တာဝန် ထမ်းဆောင်သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ပါသည်။
ဆရာဒေါက်တာမောင်ဒီက ပညာရေးလောကတွင် ဆရာဒီဆိုပြီး နာမည်ကြီးခဲ့သူ။ တက္ကသိုလ်ကောလိပ်များ၏ဖွဲ့စည်းပုံကို ပါမောက္ခချုပ်ဘဝတွင် ရေးဆွဲခဲ့ပြီး ဒုတိယဝန်ကြီးဖြစ်လာချိန်တွင် အကောင်အထည်ဖော်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ဖွဲ့စည်းပုံအသစ်အရ ဆရာ ဆရာမများ ရာထူးတိုးပြီး နိုင်ငံတစ်နံတစ်လျား၌ ဘဝသစ်ထူထောင် ရန်ဖြစ်လာပါသည်၊၊
ဩစတြေးလျနိုင်ငံ ပညာရေးအဖွဲ့
၁၉၈၈ ခုနှစ် မေလတွင် ဩစတြေးလျနိုင်ငံမှ ပညာရေးအဖွဲ့ကို ညွှန်ကြားရေးမှူးချုပ်ဖြစ်သည့် ဆရာဦးကျော်မြင့်နှင့် တွေ့ဆုံရန် ကျွန်တော်လိုက်ပါ ခဲ့ရပါသည်။ အဆင့်မြင့်ပညာဦးစီးဌာန သုံးထပ် အလွှာတွင် ဆရာက ၁၉၇၆-၁၉၇၇ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် ဒေသကောလိပ်များ ပေါ်ပေါက်လာပုံ၊ တိုင်းနှင့် ပြည်နယ် အချက်အချာ ကျသည့်ဒေသများတွင် တည်ထောင်ထားပုံ၊ ၁၉၈၀ ပြည့်နှစ်များတွင် မိခင်တက္ကသိုလ်များဖြစ်သော ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့နှင့် ပေါင်းစပ်ပြီး ပညာရေးဝန်ကြီးဌာနက ပြန်လည် တာဝန်ယူရပုံကို ရွှန်းရွှန်းဝေအောင် ရှင်းပြခဲ့ပါသည်။
တစ်နေရာတွင် ဩစတြေးလျနိုင်ငံ ပညာရေးအဖွဲ့ဝင်တစ်ဦးက “Photosynthesis” နှင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ဘယ်လိုဆက်စပ်သလဲဆိုပြီး ခနဲ့တဲ့တဲ့ မေးခွန်းမေးလိုက်ရာ ဆရာဦးကျော်မြင့် အကျပ်ရိုက်သွားပါသည်။ သို့သော် အပြုံးမပျက်ဘဲ “You see, light is composed of energy packets” ဟု အစချီပြီး ရှင်းပြပါတော့သည်။ နေရောင်ခြည်ကြောင့် ရေမော်လီကျူးများပြိုကွဲပုံ၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ပေါင်းစပ်ပုံ၊ ကာဘို ဟိုက်ဒရိတ် ကစီဓာတ်များရလာပုံ၊ ဆန်ရေစပါး အထွက်တိုးလာပုံ၊ တောင်သူလယ်သမားများ၏ ဘဝမြင့်မားလာပုံ၊ “Now, we don’t exploit man by man” ဆိုပြီး ဆရာက ရှင်းပြခဲ့ပါသည်။
ဤသို့ဖြင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီးဒေါက်တာချစ်ဆွေ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထွန်းမောင်၊ မော်လမြိုင် တက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)တို့နှင့် ဩစတြေးလျနိုင်ငံပညာရေးအဖွဲ့၊ တက္ကသိုလ်အချင်းချင်း ပူးပေါင်းပြီး ပညာရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဆရာပါမောက္ခချုပ်ကြီးများက သူ့နည်းသူ့ဟန်ဖြင့် ဦးဆောင်ပြီးဆွေးနွေးခဲ့ပါသည်။ ပါမောက္ခချုပ် ဆရာကြီးဦးခင်မောင်တင့်က မော်လမြိုင်တက္ကသိုလ်သည် ပင်လယ်ကမ်းရိုးတန်း၌ တည်ရှိရာ ရေချိုရေငန်၌ ကြွယ်ဝသောရေသယံ ဇာတကိုအခြေပြုပြီး အဏ္ဏဝါဇီဝသိပ္ပံတက္ကသိုလ် (Marine Institute)အဖြစ် ပြင်ဆင်ဖွဲ့စည်းကာ ဩစတြေးလျနိုင်ငံရှိ အလားတူတက္ကသိုလ်နှင့် ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးချက်ကို သူတို့အားကျပုံရပါသည်။ ဆရာကြီးက အနောက်တိုင်း ဆန်ဆန်ထိုပညာရေးအဖွဲ့ ညစာစားပွဲကို ဘီယာဖြင့် ဧည့်ခံခဲ့ပါသည်။ ကျွန်တော်တို့အားလုံး ပျော်ခဲ့ရပါသည်။ ပါမောကချုပ် ဒေါက်တာချစ်ဆွေနှင့် ဩစတြေးလျနိုင်ငံ ပညာရေးအဖွဲ့ တွေ့ဆုံဆွေးနွေး ပွဲအပြီးတွင် ဆရာက “ငါ့ညီ မင်းကို အမေရိကကိုလွှတ်မယ်” ဆိုပြီး တပည့်အပေါ်ထားသည့် စေတနာကိ နှုတ်ဖြင့်ဖွင့်ဟပြောခဲ့ပါသည်။
သက်ရှိထင်ရှားရှိနေသည့် ကျွန်တော့်ဆရာနှစ်ဦး
ယနေ့အချိန်အထိ သက်ရှိထင်ရှားရှိနေသော ကျွန်တော့်ဆရာတစ်ဦးဖြစ်သူ ပါမောကချုပ် ဦးတင်ဦးလှိုင်သည် ၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန်တကသိုလ် ပါမောကချုပ်ဖြစ်လာပါသည်။ နောက်တစ်ဦးက ဗိုလ်တထောင်ကောလိပ် ကျောင်းအုပ်ကြီးတာဝန်၊ အခြေခံနှင့်အဆင့်မြင့်ပညာ ဦးစီးဌာနနှစ်ခုတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်နှင့်အဆင့်မြင့်ပညာကဏ္ဍ ဒုတိယဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သော ဆရာကြီးဦးမျိုးညွန့် ဖြစ်ပါသည်။ မန္တလေးတကသိုလ်ကျောင်းသားဘဝတွင် ဆရာဦးတင်ဦးလှိုင်က ရူပဗေဒကိုသင်ပါသည်။ ဆရာဦးမျိုးညွန့်က သင်္ချာသင်ပါသည်။ ဆရာဦးတင်ဦးလှိုင်က အမှောင်ချထားသော လက်တွေ့ ခန်းထဲတွင် “Newton’s Ring”၊ လက်စွပ်ကွင်း ကဲ့သို့ အလင်းရောင်ကွင်းဖြစ်လာပုံကို လက်တွေ့မြင်ရရာ စိတ်ဝင်စားခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာ ဦးတင်ဦးလှိုင် လက်ထက်တွင် တွဲဖက်ပါမောက္ခ ရာထူးတိုးဖို့ ကြုံလာသည့်အခါ “မင်းတို့ ဓာတုဗေဒက လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ၊ စေ့စေ့စပ်စပ်ကိုမရှိ ဘူး၊ ပုံစံတွေပြန်စစ်၊ သွားလိုပါသည် မျဉ်းစောင်း( / ) မသွားလိုပါ ဆိုတဲ့နေရာမှာ အမှန်ခြစ်ရုံနဲ့မရဘူး၊ လက်ရေးနဲ့ ကိုယ်တိုင်ရေးမှကွ” ဆိုပြီး ဆရာ ဦးတင်ဦးလှိုင်က စေတနာဖြင့်ဆူပါသည်။ ထိုအခိုက် ကျွန်တော်၏မိတ်ဆွေ ကထိက ဦးစန်းတင့် ရောက်လာပါသည်။ “ဆရာကျော်၊ တစ်နိုင်ငံလုံး လစ်လပ်တဲ့နေရာ ရှစ်ခုထဲက ခုနစ်ခုတောင် ဖြည့်ထားပြီးပြီပဲ။ ဘာကြောင့် မြစ်ကြီးနားချန်ထား တော့မလဲတဲ့။” ဟုတ်သား။ နိုင်ငံရပ်ခြား ပညာသင်ခွင့်ရသော ကျွန်တော်က ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့သည် ဝေးလံခေါင်ဖျားဟုယူဆရန် အကြောင်းမၡိ၊ လစ်လပ်သော တွဲဖက်ပါမောက္ခရာထူးအားလုံး၌ သွားရောက်တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း ဆန္ဒပြုခဲ့ပါသည်။
ဆရာက တပည့်များအပေါ်ထားသော စေတနာကြောင့် နောက်ဆုံးရထားတွဲမှ လိုက်ပါခွင့်ရခဲ့ပါသည်။ မန္တလေးဘူတာကြီးတွင် ဇနီးနှင့်သမီးက ရန်ကုန်ပြန်၊ ကျွန်တော်က မြစ်ကြီးနားတက်၊ ဘဝသစ်ဖန်တီးဖို့ဆိုသည့် အကြောင်းပြချက်ဖြင့် သုံးနှစ်ကျော်ကြာ မိသားစုနှင့်ခွဲနေခဲ့ပါသည်။ ထိုနေရာမှာပင် ကျောင်းအုပ်ကြီးတာဝန်ဖြင့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလအထိ ကာလအတွင်း ကချင်ပြည်နယ်မှ ကျောင်းသား ကျောင်းသူ မြို့မိမြို့ဖအပေါင်းတို့က ပါရဂူဘွဲ့ရ ဆရာ၊ ကျောင်းအုပ်ကြီးဟူ၍ ဝမ်းသာအားရ ဂုဏ်ယူသည့်အထိမ်းအမှတ်ဖြင့် ကချင်လွယ်အိတ်၊ ကချင်ဓားတို့ ချီးမြှင့်ခြင်းခံရပါသည်။
ထို့နောက် ကျောင်းအုပ်ကြီးတာဝန်ဖြင့် ပဲခူးဒီဂရီ ကောလိပ်၌ ၁၉၉၉ ခုနှစ်အထိ၊ တစ်ဆက်တည်းတွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်ပညာရေးနှင့် စီမံခန့်ခွဲရေးတို့၌ ဦးဆောင်ခဲ့ပါသည်။
ပညာရေးက ဗလငါးတန်နှင့်ပြည့်စုံသော ပြည်ထောင်စုသားများ ပေါများလာစေရန် ကြိုးစားအားထုတ်နေရဦးမည်ဖြစ်ပါသည်။ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များက ပို၍လုပ်နိုင်လေလေ၊ ထိုဒေသ၊ ထိုနိုင်ငံသည် ငြိမ်းချမ်းသာယာမည်၊ ဖွံ့ဖြိုးတိုးတက်မည်၊ နေချင်စဖွယ်ဖြစ်လာပါ လိမ့်မည်။ ကိုယ့်တိုင်းပြည်ကို ပို၍ချစ်လာပါလိမ့်မည်။
မန္တလေးတက္ကသိုလ်ကြီး၏ နှစ်တစ်ရာပြည့် ကာလအတွင်းလောကီ၊ လောကုတ္တရာသာမက သံသရာခရီးအတွက်ကို လှစ်ဟဖွင့်ပြနေသလိုပင်။ ရှေးယခင်က တည်ထောင်ပေးခဲ့သော ဘိုးဘွားဘီဘင် မဟာဌာနမှူးကြီးများ၊ ပါမောက္ခများ၊ ဒုတိယအဓိပတိများ၊ ပါမောက္ခချုပ်များ အထင်ကရ ပုဂ္ဂိုလ်ကြီးများက မရှိတော့ပြီ။ ကျွန်တော့်ဆရာများဆိုပြီး ဖော်ညွှန်းခဲ့သော ဒေါက်တာမောင်ဒီ၊ ဓာတု ဗေဒ ပါမောကဆရာကြီး ဒေါက်တာခင်မောင်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်၊ ရန်ကုန်တကသိုလ် ပါမောကချုပ် ဒေါက်တာချစ်ဆွေတို့သည် မန္တလေးတက္ကသိုလ် နှစ်တစ်ရာပြည့်သဘင်ကိုမမီရှာဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြပြီဖြစ်ပါသည်။
ဆရာကြီး ဦးမျိုးညွန့်သည် ဘယ်ကာလများကတည်းက ကွန်ပျူတာကို လေ့လာနေသလဲဆိုသည်ကို မသိသော်လည်း စိန်ရတုအလွန် ၁၉၉၆ ခုနှစ်က ညွှန်ကြားရေးမှူးချုပ်ဆရာကြီး ဒေါက်တာသိမ်းမြင့်၊ ကျွန်တော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောလွင်တို့ကို ကွန်ပျူတာပညာသင်ပေးခဲ့ပါသည်။ ကျွန်တော်က ၁၉၉၉ ခုနှစ်တွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ ဦးစောလွင်က ညွှန်ကြားရေးမှူးချုပ် ဖြစ်လာပါသည်။ ဆရာကြီး ဦးမျိုးညွန့်က ပညာရေးဒုတိယဝန်ကြီး ဖြစ်လာပါသည်။
ပညာရေးလောက၌ ဆရာကြီးဦးမျိုးညွန့်သည် ကွန်ပျူတာနှင့် တွဲအိပ်သလားဟု ထင်ရလောက်အောင် ကွန်ပျူတာကျွမ်းကျင်သူ၊ တက္ကသိုလ်/ ကောလိပ်အသီးသီးမှ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခချုပ်အများစုက ဆရာ့ရှေ့တွင် ကွန်ပျူတာ ကိုင်ပြီး အလုပ်လုပ်ရန် လန့်ခဲ့ကြရပါသည်။ ဆရာကညွှန်ကြာရေးမှူးချုပ်သက်တမ်း၊ ဒုတိယဝန်ကြီး သက်တမ်းအချိန်ကြာမြင့်စွာ ထမ်းဆောင်ခဲ့ပါသည်။ ယခုအချိန်အထိ သက်ရှိထင်ရှားရှိပြီး ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကိုမီသော ဆရာကြီးဖြစ်ပါသည်။
ကျွန်တော်တို့၏ နောင်တော်ကြီးများက တာဝန်ကျေခဲ့ပြီ။ နှစ်တစ်ရာအတွင်း မိဘ၊ အဘိုးအဘွား ဆရာသမားတို့၏ အမြော်အမြင်၊ စိတ်ကူးစိတ်သန်းကောင်းများဖြင့် စီမံပြုလုပ်ခဲ့ခြင်းကြောင့် ကျွန်တော်တို့က အသီးအပွင့်အမွေအနှစ်တို့ကို ခံစားနေကြရသူများ ဖြစ်ကြပါသည်။ ယမန်နေ့က ကိစ္စအဝဝသည် ကျွန်တော်တို့၏ အဘိုးအဘွား ဆရာသမားများ၏ ကဏ္ဍဖြစ်ပါသည်။ ယနေ့က တော့ ကျွန်တော်တို့၏ ကိစ္စဝိစ္စများ၊ တာဝန်ဝတ္တရားများပင်ဖြစ်ပါသည်။ မနက်ဖြန်ကတော့ ကျွန်တော်တို့၏ မျိုးဆက်သစ် သားသမီးမြေးမြစ်များ၏ ကိစ္စဝိစ္စများ၊ တာဝန်ဝတ္တရားများ ဖြစ်ကြပါလိမ့်မည်။
အနာဂတ်မျိုးဆက်သစ်လူငယ်များက ကျွန်တော်တို့ထားခဲ့သည့် အမွေအနှစ်များကို ခံစားကြရပါလိမ့်မည်။ ထိုသို့ လက်ဆင့်ကမ်းရင်း မန္တလေးတက္ကသိုလ်သည် နှစ်တစ်ရာပြည့်လွန် ပြည်ထောင်စုကြီး၏ အချိန်ကာလ၊ ဒေသအရ လိုအင်များဖြင့် ထင်ဟပ်မည့်ခရီးကို ဆက်ကြရဦးမည်။ ယှဉ်ပြိုင်မှုပြင်းထန်သော ကမ္ဘာကြီးတွင် မည်သို့မည်ပုံ၊ မည်သို့သောနည်းဖြင့် နေထိုင်သင့်သလဲဆိုသည့်အဖြေကို ရှာဖွေကြရဦးမည်။ ၂၁ ရာစု၏အနာဂတ်ကို ရင်ဆိုင်ရန် ကျွန်တော်တို့၏ ပညာဉာဏ်၊ ဉာဏ်ရည်ဉာဏ်သွေး အမြော်အမြင်များ ပို၍လိုအပ်ပါလိမ့်မည်၊ နှလုံးသား အရည်အသွေးများ ပို၍လိုအပ်နေဦးမည်ဖြစ်ပါကြောင်း မေတ္တာဖြင့်ရေးသားအပ်ပါသည်။ ။