Skip to main content

ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံနှင့် စပ်လျဉ်း၍ …

Dr. Zheng

၂၀၂၅ ခုနှစ်သည် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၈၀ ကျော်က ကမ္ဘာစစ်ကြီးနှစ်ခု၏ နာကျင်ဖွယ်ရာ သင်ခန်းစာများကို လေးနက်စွာ တွေးတောဆင်ခြင်မှုအပေါ်အခြေခံ၍ နိုင်ငံတကာအသိုက်အဝန်းက ကုလသမဂ္ဂကိုတည်ထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ လက်တွေ့ကျလုပ်ဆောင်မှု အသစ်တစ်ရပ်ကို စတင်ခဲ့သည်။

နှစ်ပေါင်း ၈၀ ကျော်ကာလအတွင်း ကုလသမဂ္ဂ ကို ဗဟိုပြုသော နိုင်ငံတကာ စနစ်၊ နိုင်ငံတကာဥပဒေအပေါ် အခြေခံထားသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် အခြေခံထားသော နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများစသည့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အတွေးအခေါ်များနှင့် လက်တွေ့လုပ်ဆောင်ချက်များက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန်အတွက် သမိုင်းဝင်အကျိုးပြုမှုများ ထမ်းဆောင်ခဲ့ကြပါသည်။

လက်ရှိ နိုင်ငံတကာအခင်းအကျင်းက ရှုပ်ထွေးပွေလီနေပြီး ကုလသမဂ္ဂနှင့် နိုင်ငံစုံဝါဒလည်း ထိခိုက်ခံရ၍ ကမ္ဘာလုံးဆိုင်ရာ လိုငွေပြမှုသည် ဆက်လက်ကျယ်ပြန့်လာသည်။ လက်ရှိ နိုင်ငံတကာ ယန္တရားများတွင် အဓိကချို့ယွင်းချက် သုံးခု ကြုံတွေ့နေရသည်။ ပထမအချက်မှာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှုမှာ လွန်စွာမလုံလောက်ပါ။ ထွန်းသစ်စဈေးကွက်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စုပေါင်းထကြွမှုကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှုကို မဖြစ်မနေ မြှင့်တင်ရန်နှင့် သမိုင်း ဆိုင်ရာ မမျှတမှုများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်နေပါသည်။

ဒုတိယအချက်မှာ အခွင့်အာဏာ ဖြည်းဖြည်းချင်း ပျက်ပြားနေသည်။ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ထိထိရောက်ရောက် လိုက်နာခြင်းမရှိ၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်လျက်ရှိပြီး တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ စသည့် လုပ်ဆောင်ချက်များက နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများသည် ဖျက်ဆီးခြင်း ခံနေရပါသည်။

တတိယအချက်မှာ ထိရောက်မှုကို မြှင့်တင်ရန် လိုအပ်ပါသည်။ ကုလသမဂ္ဂ (၂၀၃၀) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်အထည် ဖော်ရာတွင် ဆိုးရွားစွာ နောက်ကျကျန်နေခဲ့သည်။ ရာသီဥတုပြောင်းလဲမှုနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ကွဲပြားခြားနားမှုကဲ့သို့သော ပြဿနာများ ပိုမိုထင်ရှားလာပြီး ဉာဏ်ရည်တု၊ ဆိုက်ဘာစပေ့နှင့် အာကာသအပြင်ဘက် ကဲ့သို့သော နယ်နိမိတ်အသစ်များ၏ စီမံခန့်ခွဲမှုမှာလည်း အားနည်းနေပါသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်သူ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပေးသူ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းကို ကာကွယ်သူနှင့် အများပြည်သူဆိုင်ရာ ကုန်ပစ္စည်းများကို ပံ့ပိုးပေးသူအဖြစ် အမြဲရပ်တည်လျက်ရှိ ပါသည်။ တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံကို အဆိုပြုခြင်းသည် “မည်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို မည်ကဲ့သို့ ပြုပြင်ပြောင်းလဲ ဖြည့်ဆည်းရမည်”ဟူသော ခေတ်ကာလ၏ ပုစ္ဆာများကို အာရုံစိုက်၍ ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ထိန်းသိမ်းပြီး အာလုံးအတူ ဆွေးနွေးတိုင်ပင်မှု၊ တည်ဆောက်မှုနှင့် မျှဝေခံစားမှုများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုသဘောတရားကို ကျင့်သုံးခြင်းဖြင့် ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို မြှင့်တင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းဆီသို့ အတူတကွလက်တွဲ ချီတက်ရန်ရည်ရွယ်ပါသည်။

အဓိက သဘောတရားများ

(က)    အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို ခိုင်ခိုင် မာမာ လက်ကိုင်စွဲထားရန်

ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ ရှေးဦးအခြေခံအချက်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင် တန်းတူညီမျှမှုသည် နိုင်ငံနှင့်နိုင်ငံကြား ဆက်ဆံရေးကို ထိန်းညှိပေးသည့် အရေးကြီးဆုံး စံနှုန်းဖြစ်သလို ကုလသမဂ္ဂနှင့် နိုင်ငံတကာအေဂျင်စီများနှင့် အဖွဲ့အစည်းများအားလုံးက လိုက်နာသော အခြေခံမူဖြစ်သည်။ အချုပ်အခြာအာဏာ တန်းတူညီမျှမှု၏ စစ်မှန်သော အဓိပ္ပာယ်မှာ နိုင်ငံအားလုံးသည် နိုင်ငံကြီးငယ်မရွေး၊ အင်အားကြီးငယ်မဟူ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို မဖြစ်မနေလေးစားကြရမည်၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ၊ နိုင်ငံအားလုံးသည် မိမိတို့၏ လူမှုစနစ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွင် တန်းတူညီမျှစွာ ပါဝင်ခွင့်၊ ဆုံးဖြတ်ချက် ချမှတ်ခွင့်နှင့် အကျိုးခံစားခွင့်တို့ ရှိရမည်ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို တိုးမြှင့်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို နိုင်ငံအများစု၏ အကျိုးစီးပွားနှင့် မျှော်မှန်းချက်များကို ပိုမိုကောင်းမွန်စွာ ထင်ဟပ်ပြသနိုင်စေရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့်ပြောဆိုခွင့်ကို မြှင့်တင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

(ခ) နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားရန်

ဤသည်မှာ ကမ္ဘာ့အုပ်ချုပ်ရေး၏ အခြေအမြစ် အာမခံချက်ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများအဖြစ် ကမ္ဘာတစ်ဝန်းက အသိအမှတ်ပြုထားပြီး မယိမ်းမယိုင် ထိန်းသိမ်းလိုက်နာရမည်ဖြစ်သည်။ ထွန်းသစ်စနယ်ပယ်များတွင် ကျယ်ပြန့်သော အများဆန္ဒကို အခြေခံ၍ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသင့်သည်။ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို ညီတူညီမျှကျင့်သုံးမှု သေချာစေရန်နှင့် စံနှုန်းနှစ်မျိုး (double standards) မထားသင့်ကြောင်း သို့မဟုတ် တစ်ပါးသူကို အတင်းအကျပ် လုပ်ဆောင်စေခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်သည်။ နိုင်ငံတကာဥပဒေ၏ အခွင့်အာဏာနှင့် လေးနက်မှုကို ထိန်းသိမ်းထားရန်၊ အထူးသဖြင့် အင်အားကြီးနိုင်ငံများက နိုင်ငံတကာတရားဥပဒေ စိုးမိုးရေး၏အဆိုပြုသူနှင့် ထိန်းသိမ်းသူအဖြစ် ဦးဆောင်သင့်သည်။

(ဂ) နိုင်ငံစုံဝါဒကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားရန်

ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အခြေခံကျသော ချဉ်းကပ်မှုဖြစ်သည်။ နိုင်ငံစုံဝါဒ သည် လက်ရှိနိုင်ငံတကာစနစ်နှင့် စည်းမျဉ်း စည်းကမ်း၏ အလယ်ဗဟိုချက် အတွေးအခေါ်ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်မှု၊ တည်ဆောက်မှု၊ မျှဝေခံစားမှုများဆိုင်ရာ စည်းမျဉ်းကို စွဲမြဲလိုက်နာရမည်ဖြစ်ကာ ကမ္ဘာ့အရေးကိစ္စများကို အားလုံးအတူဆွေးနွေးပြီး စီမံခန့်ခွဲမှုစနစ်ကို အားလုံးက တည်ဆောက်သင့်ပြီး စီမံခန့်ခွဲမှု၏ အသီးအပွင့်များကို အားလုံးမျှဝေသင့်သည်။ တစ်ဖက် သတ်ဝါဒကို ရှောင်ရှားသင့်သည်။ ကုလသမဂ္ဂသည် နိုင်ငံစုံဝါဒကို ကျင့်သုံးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံ ခန့်ခွဲမှုကို တိုးမြှင့်တင်ရန်အတွက် အဓိကပလက်ဖောင်းဖြစ်သည်။ ယင်း၏ အခန်းကဏ္ဍသည် အားလျော့ခြင်းမဟုတ်ဘဲ အားကောင်းနေရမည်။ အခြားသော ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ဘက်စုံယန္တရားများသည် ၎င်းတို့၏ အားသာချက်များကို တည်ဆောက်ရန်၊ အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ကာ ခွဲခြားဆက်ဆံမှု သို့မဟုတ် ဖယ်ထုတ်ခြင်း (Excludability) အစီအစဉ်များကို ရှောင်ရှားသင့်သည်။

(ဃ)    လူသားကို အခြေခံသည့် ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားရန်

ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ တန်ဖိုးရှိသောဦးတည်ချက်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ အခြေခံအကျဆုံး ပါဝင်ဆောင်ရွက်သူများနှင့် အကျိုးခံစားရသူများ ဖြစ်ကြသည်။ ပြည်သူများ၏ရရှိမှုကို ပန်းတိုင်အဖြစ် ထားရှိပြီး ပြည်သူများအတွက် ယုံကြည်မှုနှင့် တည်ငြိမ်သော မျှော်လင့်ချက်ကို အဆက်မပြတ်ဖန်တီးပေးနိုင်မှသာလျှင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်သည် ကျယ်ပြန့်သောထောက်ခံမှုကို ရရှိနိုင်မည်ဖြစ်ပြီး ထိရောက်စွာ လည်ပတ်နိုင်မည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲခြင်း၊ မွမ်းမံခြင်းများပြုလုပ်ရန်လိုအပ်ပြီး ၎င်းသည် ဘုံဖွံ့ဖြိုးရေးကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံအသီးသီးရှိ ပြည်သူများအား ပိုမိုကြီးမားသော ရရှိမှုအမြင်ကို ဖန်တီးပေးရန်၊ လူ့အဖွဲ့အစည်းကြုံတွေ့နေရသော ဘုံစိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ရန်အတွက် နိုင်ငံအသီးသီးရှိ ပြည်သူများအား ပိုမိုကြီးမားသော လုံခြုံမှုရှိခြင်းကို ဖန်တီးပေးရန်နှင့် ကွဲပြားသောနိုင်ငံများနှင့် အုပ်စုများ၏ ဘုံအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ မြှင့်တင်နိုင်ရန်အတွက် နိုင်ငံအသီးသီးရှိ ပြည်သူများအား ပိုမိုကြီးမားသော ပျော်ရွှင်မှုရှိခြင်းကို ဖန်တီးပေးရန် ဖြစ်သည်။

(င)     ထိရောက်သောရလဒ်ရရှိရန် ကြိုးပမ်းဆောင်ရွက်ခြင်းကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားရန်

ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု၏ အရေးကြီးသော စည်းမျဉ်းတစ်ရပ်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကအသုံးဝင် (သို့မဟုတ်)အသုံးမဝင်ခြင်းသည် လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်ခြင်း၊ မဖြေရှင်းနိုင်ခြင်းအပေါ် အဓိကတည်မှီသည်။ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များက တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိရာ စုပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ စနစ်တကျ စီမံချက်ချမှတ်ခြင်းနှင့် စုပေါင်းတိုးမြှင့် ဆောင်ရွက်ခြင်းတို့ လိုအပ်သည်။

ရောဂါလက္ခဏာနှင့် အမြစ်ကိုပါ ကုသရန်လိုအပ်ပြီး ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို ရှာဖွေရမည်။ လက်ရှိအရေးတကြီးဖြေရှင်းရမည့် ပြဿနာများကိုသာမက နောင်တွင်ကြုံတွေ့နိုင်သော ရေရှည်စိန်ခေါ်မှုများကိုပါ ရှုမြင်သုံးသပ်ရန် လိုအပ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများသည် တာဝန်ယူမှု၊ တာဝန်ခံမှုကို အလေးအနက်ထားပြီး အရင်းအမြစ်များစွာနှင့် ပြည်သူလူထုကောင်းစားရေးဆိုင်ရာ ကုန်ပစ္စည်းများစွာ ထောက်ပံ့ရမည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း စုပေါင်းအင်အားဖြင့် ကိုယ့်ကိုယ်ကိုယ်အားကိုးရန်နှင့် မိမိတို့၏စွမ်းဆောင်နိုင်သည့် အတိုင်းအတာအတွင်းမှ ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။

နောက်လုပ်ဆောင်မည့် အစီအစဉ်

ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ (GGI)သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ (GCI)တို့အပြီး တရုတ်နိုင်ငံက ထပ်မံအဆိုပြုလိုက်သည့် အရေးပါသော အစီအမံတစ်ရပ်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံသည် နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အာရုံစိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံသည် နိုင်ငံတကာအငြင်းပွားမှုများကို ညှိနှိုင်းဆွေးနွေးဖြေရှင်းရန် ရည်ရွယ်ကာ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံသည် ယဉ်ကျေးမှုများ ဆက်သွယ်ပြောဆိုရေးနှင့် အပြန်အလှန်ဖလှယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်သည်။

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ယန္တရားများ ပြုပြင်ပြောင်းလဲရေး၏ ဦးတည်ချက်၊ စည်းမျဉ်းနှင့်လမ်းကြောင်းကို သတ်မှတ်ပေးထားသည်။ အစီအမံလေးရပ်သည် တစ်ခုနှင့်တစ်ခု ကွဲပြားသော်လည်း တစ်ခုနှင့်တစ်ခု ဆန့်ကျင်ခြင်းမရှိဘဲ ရှုပ်ထွေးနေသော ကမ္ဘာကြီးအား ကွဲပြားသောရှုထောင့်များမှ အပြုသဘောသော အင်အားများ ပိုမိုထည့်သွင်းပေးနိုင်မည်ဖြစ်ပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအားကောင်းသော တွန်းအားပေးမှုကို ဖြစ်စေပါသည်။

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ၏ “ခိုင်ခိုင်မာမာကိုင်စွဲထားရမည့် ငါးချက်” ဆိုင်ရာ အခြေခံသဘောတရားက ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်းများနှင့် ဆက်စပ်လျက်ရှိပြီး နိုင်ငံအများစု၏ တူညီသော မျှော်လင့်ချက်နှင့် ကိုက်ညီသည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းသည် လက်ရှိနိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို ပြန်လည် ဖျက်သိမ်းခြင်း မဟုတ်သကဲ့သို့ လက်ရှိနိုင်ငံတကာစနစ်အပြင်ဘက်တွင် အခြေခံအုတ်မြစ်သစ်ထောင် ခြင်းလည်းမဟုတ်ဘဲ လက်ရှိနိုင်ငံတကာစနစ်နှင့် နိုင်ငံတကာယန္တရား၏ အကောင်အထည် ဖော်ဆောင်မှု၊ ထိရောက်မှုကို မြှင့်တင်ရန်နှင့် ပြောင်းလဲနေသော အခြေအနေများနှင့် ကိုက်ညီစေရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား အချိန်မီထိရောက်စွာ တုံ့ပြန်ဖြေရှင်းနိုင်စေရန်နှင့် နိုင်ငံအသီးသီး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ အထောက်အကူပြုနိုင်စေရန်ဖြစ်သည်။

နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲပါစေ၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအခြေပြုသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး သမိုင်းတိုးတက်မှု၏ မှန်ကန်သော လမ်းကြောင်းဘက်တွင် ခိုင်ခိုင်မာမာရပ်တည်ကာ ကမ္ဘာ့တိုးတက်မှုအင်အားစုအားလုံးနှင့် လက်တွဲ၍ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး လူ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအမှုကြီးအတွက် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

ကျွန်တော်တို့သည် မှန်ကန်သော လမ်းကြောင်းကို လိုက်နာမှု၊ ဆန်းသစ်တီထွင်မှု၊ တံခါးဖွင့်လှစ်မှု နှင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်မှုဆိုင်ရာ စိတ်ဓာတ်ကို ဆုပ်ကိုင်ထားပြီး ဆွေးနွေးတိုင်ပင်မှု၊ တည်ဆောက်မှု၊ မျှဝေခံစားမှုများဆိုင်ရာ စည်းမျဉ်းကို လိုက်နာကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံမူဘောင်အောက်တွင် နိုင်ငံအသီးသီးနှင့် မူဝါဒဆိုင်ရာ ဆက်သွယ်ညှိနှိုင်းမှုကို အားကောင်း စေပြီး ကျယ်ပြန့်သော သဘောတူညီချက်ကို စုစည်းကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုပြုပြင် ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းဆိုင်ရာ နည်းလမ်းများကို ကြွယ်ဝစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ကျွန်တော်တို့သည် ကုလသမဂ္ဂ၊ ဆက်စပ်နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒေသတွင်း၊ ‌ဒေသတွင်းခွဲ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို အခြေခံ၍ နိုင်ငံအသီးသီးနှင့်အတူ တက်ကြွသော လုပ်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းအတွက် ဉာဏ်ပညာနှင့် စွမ်းအားကို စုစည်းသွားမည်ဖြစ်သည်။ နိုင်ငံတကာဘဏ္ဍာရေး ဆိုင်ရာ ပြင်ဆင်မွမ်းမံမှု၊ ဉာဏ်ရည်တု၊ ဆိုက်ဘာနယ်ပယ်၊ ရာသီဥတုပြောင်းလဲမှု၊ ကုန်သွယ်ရေး၊ အာကာသအပြင်ဘက် စသည့်စီမံခန့်ခွဲရေး ချို့တဲ့မှုများသော နယ်ပယ်များနှင့် ကုလသမဂ္ဂ၏ ဩဇာအာဏာနှင့် အချက်အချာကျမှုကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်ခြင်း၊ ကုလသမဂ္ဂ၏ “Pact for the Future” ကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီခြင်း စသည့်နယ်ပယ်များတွင် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အစီအမံကို စုစည်းကာ ရလဒ်ကို သေချာစေပြီး ကနဦးရလဒ်ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

လူသားများသည် တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်နေထိုင်ကြသည့် အေးအတူပူအမျှ အသိုက်အဝန်း တစ်ရပ်ဖြစ်လာပြီဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို အားကောင်းစေခြင်းသည် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို အတူတကွမျှဝေခံစားရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် မှန်ကန်သောရွေးချယ်မှုတစ်ရပ် ဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းဆိုင်ရာ နည်းလမ်းကို လက်တွဲရှာဖွေကာ ငြိမ်းချမ်းသော၊ လုံခြုံသော၊ သာယာဝပြောသော၊ ‌တိုးတက်သော အနာဂတ်ကို အတူတကွဖန်တီးကြမည်ဖြစ်သည်။ ။