Skip to main content

အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ သိပ္ပံနည်းကျပူးပေါင်းဆောင်ရွက်

ညွန့်ဝင်း(နတ်တလင်း)

လူနှင့်သတ္တဝါတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့အပေါ်မူတည်၍ အသက်ရှင်နေထိုင် ကြရသည်။ ဥတုအပေါ်တည်မှီအသက်ရှင်နေထိုင်ကြရာ၌ ပူခြင်း၊ အေးခြင်း၊ လေတိုက်ခြင်း၊ ဆီးနှင်း ကျခြင်း၊ မိုးရွာခြင်း စသောရာသီဥတုအခြေအနေ များကို မလွဲမသွေရင်ဆိုင်ကြရပါသည်။ မျှတကောင်းမွန်သော ရာသီဥတုကသာလျှင် သက်ရှိများ ရှင်သန်နေထိုင်ရေးကို အကျိုးပြုနိုင်ပေလိမ့်မည်။ ထိုမျှတသော ရာသီဥတုအခြေအနေကို ဖန်တီးပေးသော သဘာဝအခြင်းအရာများတွင် အိုဇုန်းလွှာလည်း အဓိကနေရာတွင် ပါဝင်နေသည်။

သက်ရှိတို့ကိုကာကွယ်အကျိုးပြု 

အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်မည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ် ပေးထားသည့် သဘာဝအလွှာတစ်ခုဖြစ်သည်။ အိုဇုန်းလွှာဟူသောဝေါဟာရကို သိပ္ပံပညာရှင်များ နှင့်သာ သက်ဆိုင်သော ဝေါဟာရဟု ထင်မှတ်ချင် ထင်မှတ်နေပေလိမ့်မည်။ အမှန်စင်စစ် အိုဇုန်းလွှာ သည် လူသားသက်ရှိအားလုံးနှင့် သက်ဆိုင်ပါသည်။ အိုဇုန်းလွှာကို ပထမဆုံးရှာဖွေတွေ့ရှိသူများမှာ ပြင်သစ်လူမျိုး ရူပဗေဒပညာရှင် ချားလ်စ်ဖာဘရီနှင့် ဟင်နရီဘစ်ဆန်တို့ဖြစ်သည်။ ထိုအိုဇုန်းလွှာ၏ ဂုဏ်သတ္တိအစွမ်းများကို စူးစမ်းလေ့လာခဲ့သူမှာကား အင်္ဂလိပ်လူမျိုး မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါ့ဘဆင်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးများ၏ကျေးဇူး ကြောင့် အိုဇုန်းလွှာသည် လူသားအပါအဝင် သက်ရှိ တို့ကို ကာကွယ်အကျိုးပြုနေသော သဘာဝဆုလာဘ်တစ်ခုဖြစ်ကြောင်း သိရှိလာကြသည်။

အိုဇုန်းလွှာသည် ကမ္ဘာ့မြေမျက်နှာပြင်အထက် ၁၂ မိုင်မှ မိုင် ၃၀ အမြင့်တွင်ရှိသော စထရာတို စဖီးယားအလွှာ၏ အောက်ခြေတွင်တည်ရှိသည်။ ဘာသာရပ်ဆိုင်ရာ ဝေါဟာရအရ အိုဇိုနိုစဖီးယားဟုခေါ်သည်။ အကြမ်းအားဖြင့် အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်အထက် ကိုးမိုင်မှ ၁၉ မိုင် အကွာတွင်တည်ရှိသည်။ ကမ္ဘာတစ်ခုလုံးကို ဝန်းပတ်သိုင်းခြုံထားပြီး နေနှင့် ကမ္ဘာအကြားရှိသော သဘာဝကြားခံလွှာ တစ်ခုဖြစ်သည်။ ကမ္ဘာသည် နေနှင့် မိုင်ပေါင်း ၉၃ သန်းခန့်ကွာဝေးသည်။ နေမှ ကမ္ဘာသို့ တောက်ပသော အလင်းရောင်နှင့် အပူရှိန်ကိုပေးသည်။ ထိုသို့ ပေးသော နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည် ပါဝင်နေပေသည်။ ခရမ်းလွန်ရောင်ခြည်သည် လူနှင့် တိရစ္ဆာန်တို့ကို တိုက်ရိုက်ထိတွေ့ပါက အရေပြား ကင်ဆာနှင့် မျက်စိအတွင်းတိမ်ရောဂါများဖြစ်စေ သည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် ခရမ်းလွန်ရောင် ခြည်ကြောင့် အရေပြားလောင်ကာ မူလအရေပြားအလှ ပျက်စီးရမည်ဖြစ်သည်။

ထို့ကြောင့် လူသားတို့အတွက် ဆိုးကျိုးဒုက္ခ ဖြစ်စေသော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေး သည့် အိုဇုန်းလွှာ၏အခန်းကဏ္ဍသည် အရေးပါလာပေသည်။ အိုဇုန်းလွှာတွင်ပါဝင်သော အိုဇုန်းဓာတ်မှ ကမ္ဘာသို့ ထုတ်လွှတ်သော ခရမ်းလွန်ရောင်ခြည်၏ ၉၃ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူကာကွယ်ပေးသည်။ ခရမ်းလွန်ရောင်ခြည်သည် အိုဇုန်းလွှာ ခံကတုတ်ကို မကျော်လွန်နိုင်သမျှ ကမ္ဘာပေါ်ရှိ လူသား၊ သစ်ပင်နှင့် တိရစ္ဆာန်တို့ကို ဒုက္ခမပေးနိုင်ပေ။

အိုဇုန်းလွှာကာကွယ်ရေးနည်းလမ်းများကို ကြံဆောင်ခဲ့ကြ

ကမ္ဘာပေါ်ရှိ သက်ရှိတို့ကို ထိုသို့ အကာအကွယ်ပေးနေသော အိုဇုန်းလွှာကြီးသည် တဖြည်းဖြည်း ပါးလွှာပေါက်ပြဲလာသည့်အခါ အမိုးပေါက်နေသောအိမ်ကြီးအသွင်ဖြစ်လာသဖြင့် ကမ္ဘာမြေပြင်သို့ ခရမ်းလွန်ရောင်ခြည်များ တိုက်ရိုက်ကျရောက် လာပြီး ကမ္ဘာကြီးပူနွေးလာရသည်။ ရာသီဥတု ဆိုးရွားမှုဒဏ်ကို သက်ရှိတို့ ခံစားလာကြရသည်။ ထိုသို့ဖြစ်ရခြင်းမှာ လူသားတို့၏ ပယောဂကြောင့် ပင် ဖြစ်သည်။ သိပ္ပံပညာ ထွန်းကားလာသည်နှင့်အညီ တိုးတက်ပေါ်ပေါက်လာသော စက်မှုလုပ်ငန်းများက အိုဇုန်းလွှာကို ဒုက္ခပေးတော့သည်။ စက်ကိရိယာများနှင့် စက်မှုလုပ်ငန်းအမျိုးမျိုးသည် အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသော ဓာတုပစ္စည်းများကို သုံးစွဲရမှုကြောင့်ဖြစ်သည်။ လူသားများ၏ ဇိမ်ခံပစ္စည်းများဖြစ်သည့် ရေခဲသေတ္တာ၊ လေအေးပေးစက်နှင့် ရေမွှေးများ ပြုလုပ်ရာတွင် ကလိုရိုဖလူရိုကာဗွန်ကို အသုံးပြုသည်။ ၎င်းတို့မှထွက်ပေါ်လာသော ကလိုရို ဖလူရိုကာဗွန်ဓာတ်များ လေထဲတွင် အများအပြား စုဝေးလာသောအခါ အိုဇုန်းလွှာကို တိုက်စားကာ ပါးလွှာပေါက်ပြဲစေတော့သည်။ အိုဇုန်းလွှာ တစ်စ တစ်စပေါက်ပြဲလာမှုကို ပညာရှင်တို့က ၁၉၈၅ ခုနှစ် ကတည်းက လေ့လာသိရှိခဲ့ကြသည်။ ထို့ကြောင့် အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ရေးအတွက် စဉ်းစားခဲ့ကြသည်။ ၂ဝဝဝ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အိုဇုန်းလွှာပေါက်ပြဲမှုမှာ လွန်စွာဆိုးရွားလာပြီး အရွယ်အစား စတုရန်းမိုင် ၁ဝ ဒသမ ၅ သန်းကျော် အထိရှိလာသည်။ ထို့ကြောင့် အိုဇုန်းလွှာထိန်းသိမ်းရေးကို အရေးတကြီးဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံ အသီးသီးက ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဦးစီးဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့၏ စည်းလုံးညီညွတ်မှုဖြင့် အိုဇုန်းလွှာကာကွယ်ရေးနည်းလမ်းများကို ကြံဆောင်ခဲ့ကြသည်။ သို့နှင့် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့၌ အိုဇုန်းလွှာထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်စာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်ကို အိုဇုန်းလွှာပြုန်းတီးစေသော အရာဝတ္ထုများဆိုင်ရာ မွန်ထရီရယ်စာချုပ်ဟု ခေါ်သည်။ ထိုစာချုပ် လက်မှတ်ရေးထိုးခဲ့သော စက်တင်ဘာလ ၁၆ ရက် နေ့ကိုလည်း အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထိုနေ့ကို ကမ္ဘာသူ ကမ္ဘာသားအားလုံး အိုဇုန်းလွှာ၏ အရေးပါပုံကိုသိရှိပြီး မပြတ်သောသတိဖြင့် ဆင်ခြင်နေထိုင်ကျင့်ကြံနိုင်စေရန် ရည်ရွယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 စာချုပ်ပါ စည်းကမ်းချက်များအရ အိုဇုန်းလွှာ ပြုန်းတီးပျက်စီးစေသော အာနိသင်ရှိသည့်ပစ္စည်း ၁၀၀ ခန့် ထုတ်လုပ်သုံးစွဲမှုကို အချိန်ဇယားရေးဆွဲ၍ တစ်ဆင့်စီ ဖျက်သိမ်းရန် သတ်မှတ်ခဲ့သည်။ လုပ်ငန်း များ ဆောင်ရွက်ရာ၌ စာရွက်ပေါ်တွင် သဘောတရား စည်းကမ်းသတ်မှတ်ချက်များ ဟန်ပြထားရှိမှု မဟုတ်ဘဲ အမှန်တကယ် လက်တွေ့ကျကျ ကြိုးပမ်း ဆောင်ရွက်ကြပါသည်။ တရုတ်နိုင်ငံကစတင်၍ အိုဇုန်းလွှာ ပါးလွှာပျက်စီးစေသည့် ကလိုရိုဖလူရို ကာဗွန်ထုတ်လုပ်မှုကိုရပ်စဲခဲ့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း နိုင်ငံတကာနှင့်ပူးပေါင်း၍ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းစသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုး၍ လိုက်နာဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက် နိုင်ခဲ့ပြီး အမျိုးသားအဆင့် အိုဇုန်းယူနစ်ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဓာတ်ပစ္စည်းများ လျှော့ချရေး၊ အများပြည်သူများအား ပညာပေးရေး၊ စာချုပ်ပါတာဝန်များကို အကောင်အထည်ဖော်ရေး လုပ်ငန်းများကို ကမ္ဘာ့အဖွဲ့နှင့်ပူးပေါင်းကာ နည်းပညာများရယူဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၏ ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC) သုံးစွဲမှုလျှော့ချရပ်ဆိုင်းရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်မှစ၍ ရေးဆွဲအကောင်အထည် ဖော်ခဲ့သည်။ အိုဇုန်းလွှာပျက်စီးစေသော ဓာတ်ပစ္စည်းများ ချုပ်ကိုင်စေရေးအမိန့်ကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းလာနိုင်ခဲ့

ကမ္ဘာ့အိုဇုန်းလွှာအပေါက်ကို ၂၀၀၆ ခုနှစ်တွင် နာဆာအဖွဲ့၏ ဖော်ထုတ်မှတ်တမ်းတင်ချက်အရ စတုရန်းမီတာ သန်း ၃၀ ခန့်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း အိုဇုန်းလွှာထိန်းသိမ်းရေးအဖွဲ့၏ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုကြောင့် ဧရိယာတဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး စတုရန်းမီတာသန်း ၂၀ ခန့် သာရှိတော့ကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းလိုက်နာပူးပေါင်းဆောင်ရွက်မှုကြောင့် အိုဇုန်းလွှာ ပျက်စီးမှုကို ထိန်းသိမ်းလာနိုင်ခဲ့ရာ ကျန်ရှိနေသော ပမာဏမှာ ကမ္ဘာကြီးကိုကြီးမားစွာ ဒုက္ခမပေးနိုင်တော့ကြောင်း ပညာရှင်များက ဆိုပါသည်။ ၁၉၈၅ ခုနှစ်မှ စတင်စိုင်းပြင်းဆောင်ရွက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းစောင့်ရှောက်မှုသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ၃၉ နှစ် ပြည့်မြောက်ခဲ့လေပြီ။

ကမ္ဘာ့အိုဇုန်းလွှာကြီး ပြန်လည်ကောင်းမွန်လာသည်မှာ လူလုပ်ဓာတုပစ္စည်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လျှော့ချနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း နာဆာအဖွဲ့၏ မှတ်တမ်းများအရ သိရပါသည်။ ကျွန်တော်တို့စုပေါင်းနေထိုင်သော ကမ္ဘာသည် တစ်ခုတည်းသော အားကိုးမှီခိုရာ ကမ္ဘာ ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာသူကမ္ဘာသားအားလုံး သည် မိမိတို့မှီတင်းနေထိုင်သော ကမ္ဘာကြီးကို သဘာဝဘေးအန္တရာယ်တို့မှ ကင်းလွတ်သော၊ သာယာသော ကမ္ဘာကြီးဖြစ်လာစေရန် ယခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဆောင်ပုဒ် ဖြစ်သည့် “From Science to global action” “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာ လုံးမြှင့်တင်ဆောင်ရွက်ပေး ဟူသည့်အတိုင်း အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို သိပ္ပံနည်းကျ အတူတကွပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။ ။