ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၁၁)
ဒေါက်တာမျိုးကြွယ် (ပါမောက္ခချုပ်-ငြိမ်း)
ထပ်မံပြီး စာရေးသူကြုံတွေ့ခဲ့ရသော နိုင်ငံတကာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များရှိ ထူးချွန်ကျောင်းသား ကျောင်းသူများ (Scholarships/ Top students) ရွေးချယ်ခြင်းစနစ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပါမည်။
ပညာတော်သင်ဆု (Scholarship) အဓိပ္ပာယ်
ပညာတော်သင်ဆုဆိုသည်မှာ ကျောင်းသား ကျောင်းသူများ ပညာသင်ယူရာတွင် ကူညီပံ့ပိုးပေးရန် အသေးစိတ်အခြေအနေများအပေါ် အခြေခံပြီး (ပညာရေးတွင် ထူးချွန်စွာအောင်မြင်မှု၊ အရည်အချင်း၊ ခေါင်းဆောင်နိုင်စွမ်းရည်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်၊ သီးခြားဘာသာရပ်ခေါင်းစဉ်များ ဥပမာ - စိုက်ပျိုးရေးထူးချွန်ပညာသင်ဆုများ စသဖြင့်) ပေးအပ်သည့် ငွေကြေးဆိုင်ရာ ဆုတစ်မျိုးဖြစ်သည်။ ကျောင်းသား ကျောင်းသူများအတွက် ချေးငွေ (Student Loans) မဟုတ်သဖြင့် ပြန်ပေးရန် မလိုအပ်ပါ။
ပညာတော်သင်ဆု အရေးပါချက်များ
(က) ပညာသင်ခွင့်တူညီစွာရယူနိုင်စေရန်။ ပညာတော်သော်လည်း စီးပွားရေးအခက်အခဲရှိသူများ၊ နောက်ခံငွေကြေး နည်းပါးသူများကို ပညာသင်ခွင့်ပေးနိုင်သည်။
(ခ) ငွေကြေးလိုအပ်မှု လျော့နည်းစေသည်။ တက်ရောက်သင်ကြား ကျောင်းလခ၊ စာအုပ်များ ဝယ်ယူစရိတ်၊ နေထိုင်စရိတ် စသည်တို့ကို ကူညီပေးနိုင်သည်။
(ဂ) နိုင်ငံအတွင်း ပညာရေးတိုးတက်မှုကို အားပေးသည်။ ပညာရေးအောင်မြင်မှုရှိသူများကို ဆုချီးမြှင့်ခြင်းဖြင့် ပညာသင်ကြားစေလိုမှု အားပေး၊ လှုံ့ဆော်ပေးပါသည်။
(ဃ) အခွင့်အရေးသာတူညီမျှမှု။ စီးပွားရေးအခြေအနေအရ တက္ကသိုလ်စရိတ် မတတ်နိုင်သော ပညာတော်သူများ ပညာသင်ယူနိုင်စေရန် ကူညီပေးပါသည်။
(င) အထူးသီးသန့်ဘာသာရပ်များ တိုးတက်စေရန်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ရာသီဥတုပြောင်းလဲမှု၊ အင်ဂျင်နီယာ၊ ပညာရေး စသည် ထူးခြားသည့် ဘာသာရပ်များတွင် တက်ရောက်စေရန် လှုံ့ဆော်အားပေးပါသည်။
(စ) အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေသည်။ နိုင်ငံအတွင်းပညာတတ်များ တိုးတက်မြင့်မားလာခြင်းဖြင့် အလုပ်အကိုင်ရရှိမှု ပိုမိုကောင်းမွန်လာကာ နိုင်ငံစီးပွားရေး ပိုမိုတိုးတက်နိုင်ပါသည်။
ပညာတော်သင်ဆုနှင့် ထောက်ပံ့ကြေးများ၏ ကွာခြားချက်
စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘဝက အစိုးရက ထောက်ပံ့ကြေးတစ်လ (Stipend) ၇၅ ကျပ်၊ ကျောင်းလခလွတ်ငြိမ်းခွင့် (Free Tuition) ၁၄ ကျပ် ပေးသည့်စနစ်ရှိပါသည်။ စာရေးသူ၏ ဖခင်က မူလတန်းကျောင်းအုပ်ဖြစ်သဖြင့် ဇာတိမကွေးတိုင်းဆင်ပေါင်ဝဲမြို့နယ်၏ ထောက်ခံချက်ဖြင့် ကျောင်းလခလွတ်ငြိမ်းခွင့် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ရရှိခဲ့ပါသည်။
အစိုးရထူးချွန်ပညာသင်ဆု (Scholarships) မှာ ရန်ကုန်တက္ကသိုလ် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာများနှင့် စီးပွားရေးတက္ကသိုလ်စီးပွားရေး ထူးချွန်ပညာသင်ဆု တစ်လငွေကျပ် ၃၀၀ ပေးအပ်သည်ဟု ကြားသိဖူးပါသည်။ စိုက်ပျိုး၊ မွေးမြူရေးပညာသင်ဆုမရှိခဲ့ဖူးပါ။ ထိုစဉ်က ဘူးသီးကြော် တစ်ခု ၁၀ ပြား၊ လက်ဖက်ရည်တစ်ခွက် ၂၅ ပြား၊ ရေဆင်း-ပျဉ်းမနား ကားခငါးပြားသာရှိ၍ လစဉ်ထောက်ပံ့ကြေးရရှိသူများ၏ ၇၅ ကျပ်မှာ စားသောက်ကြေး ၄၃ ကျပ်၊ ကျောင်းလခ ၁၄ ကျပ် သွင်းပြီး တစ်လ ၁၇ ကျပ် ပိုပါသေးသည်။
မြန်မာ့စိုက်ပျိုးမွေးမြူရေးရှုခင်းကို ပုံဖော်ကြည့်ခြင်း
မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွဲ့စည်းပုံတွင် အခြေခံကျပြီး အစားထိုး၍မရသော အခန်းကဏ္ဍတစ်ခုကို ပိုင်ဆိုင်ထားပါသည်။ ၎င်းကို ‘‘စီးပွားရေး၏ အဓိကအုတ်မြစ်’’ အဖြစ် ရည်ညွှန်းပြီး နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းနှင့် တည်ငြိမ်မှု၏ အဓိကမောင်းနှင် အားလည်းဖြစ်ပါသည်။ ဤကဏ္ဍသည် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၏ ၃၈ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးပြီး လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းကျော်ကို အလုပ်အကိုင်ပေးထားသည့် အကြီးမားဆုံးအလုပ်ရှင်လည်း ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေး၏ လူမှုရေးဆိုင်ရာ အရေးပါမှုသည် ကျေးလက်ဒေသများတွင် ပိုမိုထင်ရှားပြီး လူဦးရေ၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း နီးပါးအတွက် အဓိကဝင်ငွေအရင်းအမြစ် ဖြစ်ပါသည်။ ကျေးလက်နေအိမ်ထောင်စု ၇၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပေါ် မှီခိုနေကြရပြီး နိုင်ငံတော်၏ ဆင်းရဲမှုလျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ဤကဏ္ဍ၏ အရေးပါသောအခန်းကဏ္ဍကို မီးမောင်းထိုးပြနေခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ နက်ရှိုင်းစွာ မှီခိုနေရသောကြောင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ခေတ်မီအောင် လုပ်ဆောင်ခြင်းသည် စီးပွားရေးမူဝါဒရည်မှန်းချက် တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် မဟာဗျူဟာမြောက် လိုအပ်ချက်တစ်ခုလည်း ဖြစ်သည်။
ဤခေတ်မီအောင် လုပ်ဆောင်မှုသည် စားနပ်ရိက္ခာဖူလုံရေးရရှိရန်နှင့် စီးပွားရေးတိုးတက်မှု မြှင့်တင်ရန်အတွက် အရေးပါပြီး တစ်နိုင်ငံလုံးရှိ လူနေမှုဘဝများကို တိုးတက်စေရန်အတွက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရေနှင့်ကြီးမားသော လုပ်သားအင်အားကဲ့သို့သော သဘာဝအရင်းအမြစ်များက တွန်းအားပေးနေသည့် ဤကဏ္ဍ၏ ကြီးမားသော အလားအလာကို အပြည့်အဝအသုံးမချနိုင်သေးဟု ထင်မြင်ယူဆမိပါသည်။
အနာဂတ်အလားအလာကို အကောင်အထည်ဖော်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှု လိုအပ်ပြီး ဤရင်းနှီးမြှုပ်နှံမှုသည် လုပ်သားအင်အားကို ရိုးရာအလေ့အကျင့်များမှ ခေတ်မီ၊ ရေရှည်တည်တံ့ပြီး ထုတ်လုပ်မှုစွမ်းအားမြင့်မားသော စိုက်ပျိုးမွေးမြူရေးနည်းပညာများသို့ ကူးပြောင်းနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများနှင့် အသိပညာများ ဆောင်ရွက်ပေးရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်ထင်မြင်မိပါသည်။
နိုင်ငံတကာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ (Agricultural Universities)၊ သုတေသနဌာနများ (Research Institutes) က ပေးလေ့ရှိသည့် ပညာတော်သင်ဆုနှင့် ထောက်ပံ့ကြေးဥပမာများကို အောက်မှာ ကြည့်ရှုနိုင်ပါသည်။
ပညာတော်သင်ဆု ဥပမာများ
(က) နိုင်ငံအလိုက်၊ ဒေသအလိုက် ပညာတော်သင်ဆုများ (In-Country & Regional Scholarship ဥပမာ - DAAD, ACIAR, JICA စသည်)
စိုက်ပျိုးမွေးမြူရေးပညာအထူးပြု သင်ယူချင်သူများအတွက် နိုင်ငံတကာမှပေးသော ပညာတော်သင်ဆုဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းလခကြေး၊ စာအုပ်ကြေး၊ လေ့လာရေးခရီးစရိတ်၊ သုတေသန ကုန်ကျစရိတ်စသည်တို့ ပါဝင်ပါသည်။
(က-၁) ဂျာမန်ပညာရပ်ဆိုင်ရာ/ ပညာရှင်ဖလှယ်ရေးဝန်ဆောင်မှုအဖွဲ့ (DAAD – German Academic Exchange Service)။ ဂျာမနီနိုင်ငံအစိုးရ၊ ဤအဖွဲ့မှ မဟာသိပ္ပံ၊ ပါရဂူဘွဲ့များ ပေးအပ်သော ပညာတော်သင်ဆုဖြစ်ပြီး ဂျာမန်တက္ကသိုလ်များတွင် ပညာသင်ကြားရပါသည်။ စာရေးသူ၏ စိုက်ပျိုးရေးပါရဂူဘွဲ့ သင်တန်းအတွက် ကက်ဆယ်တက္ကသိုလ် (University of Kassel) တွင် စိုက်ပျိုးရေးသုတေ သနပညာသင်ယူရန် ဂျာမနီအစိုးရ ဤအဖွဲ့မှ ပညာတော်သင်ဆုပေးခဲ့ပါသည်။ (ဤနေရာမှ ကျေးဇူးတင် စကားဆိုပါရစေ)။
(က-၂) ဩစတြေးလျအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးမွေးမြူရေးသုတေသနအဖွဲ့ (ACIAR – Australian Centre for International Agricultural Research)။ ဩစတြေးလျနိုင်ငံအစိုးရက တည်ထောင်ထားသော ဤအဖွဲ့က သက်ဆိုင်ရာနိုင်ငံတွင် စီမံကိန်းရှိလျှင် မဟာသိပ္ပံ၊ ပါရဂူဘွဲ့ပညာသင်ဆုပေးပြီး ဩစတြေးလျနိုင်ငံ တက္ကသိုလ်တစ်ခုခုတွင် ပညာသင်ယူရပါသည်။
(က-၃) ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုတိုးတက်ရေးအဖွဲ့ (JICA – Japan International Cooperation Agency) ။ ဂျပန်နိုင်ငံအစိုးရက တည်ထောင် ထားသော ဤအဖွဲ့က သက်ဆိုင်ရာ နိုင်ငံတွင် စီမံကိန်းရှိလျှင် မဟာသိပ္ပံ၊ ပါရဂူဘွဲ့ပညာသင်ဆုပေးပြီး ဂျပန်နိုင်ငံ တက္ကသိုလ်တစ်ခုခုတွင် ပညာသင်ယူရပါသည်။
(က-၃) ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုတိုးတက်ရေးအဖွဲ့ (KOICA – Korea International Cooperation Agency)။ ကိုရီးယားနိုင်ငံအစိုးရက တည်ထောင်ထားသော ဤအဖွဲ့က သက်ဆိုင်ရာနိုင်ငံတွင် စီမံကိန်းရှိလျှင် မဟာသိပ္ပံ၊ ပါရဂူဘွဲ့ပညာသင်ဆုပေးပြီး ကိုရီးယားနိုင်ငံ တက္ကသိုလ်တစ်ခုခုတွင် ပညာသင်ယူရပါသည်။
(ခ) အရှေ့တောင်အာရှနိုင်ငံများ စိုက်ပျိုးမွေးမြူရေးပညာသင်ဆု (SEARCA Scholarship) စိုက်ပျိုးမွေးမြူရေး၊ သစ်တောမဟာဘွဲ့/ပါရဂူဘွဲ့အတွက် အရှေ့တောင်အာရှနိုင်ငံများမှ ကျောင်းသား ကျောင်းသူများကို ပညာတော်သင်ဆုပေးသည်။ များသောအားဖြင့် ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင်တက္ကသိုလ် (University of the Philippines Los Baos - UPLB)၊ ထိုင်းနိုင်ငံက ဆက်ဆပ်တက္ကသိုလ် (Kasetsart University - KU)၊ မလေးရှားနိုင်ငံ ပူထရာတက္ကသိုလ် (University Putra Malaysia - UPM) တို့တွင် သင်ယူရလေ့ရှိပါသည်။ (စိုက်ပျိုးရေး ကျောင်းသား ကျောင်းသူအများစု ဤတက္ကသိုလ်များတွင် သင်ကြားဘွဲ့ယူရရှိခဲ့ကြပါသည်။ )
(ဂ) ဗာဂန်နီဂမ်တက္ကသိုလ်၊ သုတေသနဌာန ပညာသင်ဆု၊ နယ်သာလင် (Wageningen University & Research – WUR, Netherlands)။ အာဖရိက၊ အာရှစသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများအတွက် Orange Knowledge Programme Scholarships ပေးနေပါသည်။
(ဃ) အိန္ဒိယစိုက်ပျိုးရေး သုတေသနတက္ကသိုလ် ပညာသင်ဆု၊ အိန္ဒိယနိုင်ငံ (Indian Agricultural Research Institute (IARI – India)။ အိန္ဒိယစိုက်ပျိုးမွေးမြူ ရေးသုတေသနကောင်စီ (ICAR – Indian Council of Agricultural Rese-arch) လက်အောက်ခံ ကျောင်းသား ကျောင်းသူများအတွက် ထူးချွန်မှုကို အခြေခံသောပညာသင်ဆု (Merit-based Scholarships) အငယ်တန်း/အကြီးတန်း သုတေသနဆု (Junior Research Fellowships, Senior Research Fellowships) ပေးပါသည်။
နိုင်ငံတကာရှိ ပညာသင်ထောက်ပံ့ကြေး (Stipend) ပေးနေသောဥပမာများ
၁။ ဘွဲ့လွန်အကူ/ လက်ထောက်သုတေသနထောက်ပံ့ကြေး၊ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ (Graduate Research Assistantship - US Agricultural Universities)
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးပညာဆိုင်ရာ သုတေသနလုပ်နေသည့် မဟာဘွဲ့/ပါရဂူဘွဲ့ ပြုလုပ်နေသည့် ကျောင်းသား ကျောင်းသူများကို ဓာတ်ခွဲခန်းများ၊ စိုက်ကွင်းများ၌ ပါမောက္ခသုတေသနများကို ကူညီပေးခြင်းဖြင့် လစဉ်ငွေထောက်ပံ့ကြေးပေးသည့်စနစ် ဖြစ်ပါသည်။ (အတွေ့အကြုံများစွာလည်းရ၊ ဝင်ငွေအတိုင်းအတာတစ်ခု အထိလည်းရသော ကောင်းမွန်သည့် အစီအစဉ် ဖြစ်ပါသည်) ။ ဥပမာ – အမေရိကန်စိုက်ပျိုးမွေးမြူ ရေးသုတေသနဌာန၏ သုတေသနများ (USDA – United State Department of Agriculture- Research Projects)၊ ကော်နယ်တက္ကသိုလ်၊ စိုက်ပျိုးမွေးမြူရေးကောလိပ် (Cornell University Agriculture College)၊ ကာလီဖိုးနီးယားတက္ကသိုလ်ဒေးဗစ်နယ်မြေ (University of California-Davis) စသည်။
၂။ ဥရောပနိုင်ငံများ ဥပမာ- ဒိန်းမတ်၊ ဂျာမနီ၊ ယူကေတို့၏ ပါရဂူဘွဲ့ထောက်ပံ့ကြေးအစီအစဉ်များ (PhD Stipend in Europe e.g. Denmark, Germany, UK)
စိုက်ပျိုးမွေးမြူရေးသုတေသန ပရောဂျက်များတွင် ပါဝင်လျှင် လစဉ် (နေထိုင်ရေး၊ စားစရိတ်အတွက်) ထောက်ပံ့ကြေး (Stipend) ပေးသည့် စနစ်ဖြစ်ပါသည်။
၃။ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးမွေးမြူရေးသုတေသနဌာနများ၏ သုတေသနထောက်ပံ့ ကြေးစရိတ်များ (International Research Institutes e.g. IRRI, CIMMYT, ICRISAT, World Vegetable Center)
အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန၊ ဂျုံနှင့်ပြောင်းဖူးသုတေသနဌာန၊ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသသီးနှံများ သုတေသနဌာန၊ ကမ္ဘာ့ဟင်းသီးဟင်းရွက်သုတေသနဌာနများမှ စိုက်ပျိုးရေးသုတေသနလုပ်နေသော မဟာ/ပါရဂူဘွဲ့ (MSc/PhD) ကျောင်းသား ကျောင်းသူများကို သုတေသနထောက်ပံ့ကြေးစရိတ် (Research Fellowship Stipend) ပေးသောစနစ် ဖြစ်ပါသည်။
က။ ကမ္ဘာ့ကုလသမဂ္ဂလက်အောက် အစားအစာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ (FAO– Food and Agriculture Organization) ကလည်း သုတေသနထောက်ပံ့ကြေးပေးလေ့ရှိပါသည်။
ခ။ ယခင် ကိုလံဘိုစီမံကိန်းပညာသင်ဆု (Colombo Plan Scholarships) ၁၉၈၀- ပတ်ဝန်းကျင်လောက်က ကိုလံဘိုစီမံကိန်းဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကို ယူကေ၊ ဩစတြေးလျ၊ နယူးဇီလန် စသည့်ဖွံ့ဖြိုးပြီးနိုင်ငံများက စိုက်ပျိုးမွေးမြူရေးပညာသင်ဆုပေးခဲ့ပါသည်။ ၁၉၈၆ ခုနှစ် မဟာစိုက်ပျိုးရေးပညာကို ဤပညာသင်ဆုဖြင့် ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်၌ (University of Queensland) စာရေးသူ တက်ရောက်ခဲ့ရပါသည်။
(မှတ်ချက် - ၁၉၈၈ အရေးအခင်းဖြစ်ချိန်တွင် ပညာတော်သင်အချို့ ပြန်မလာကြတော့ပါ။ စာရေးသူ၏ ခံစားချက်ကတော့ မိမိစာတော်လွန်း၍ ပညာတော်သင်ဆုပေးသည်မဟုတ်ဘဲ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် တက္ကသိုလ် ဆရာ၊ ဆရာမများအနေဖြင့် ခေတ်မီစိုက်ပျိုးရေးပညာရပ်များကို သင်ကြားပေးပြီး နိုင်ငံအတွင်းရှိ ကျောင်းသား ကျောင်းသူများကို ပြန်လည်သင်ကြားပေးစေလိုသည့် သူတို့နိုင်ငံ၏ကောင်းမွန်သည့် ရည်ရွယ်ချက်ကြောင့် ပြန်လာခဲ့ပါသည်။)
နိုင်ငံတကာအဖွဲ့အစည်းများမှ စိုက်ပျိုးမွေးမြူရေးပညာသင်ဆုမှာ မဟာနှင့်ပါရဂူဘွဲ့ ပညာသင်ဆုများကိုသာ ပေးအပ်လေ့ရှိပါသည်။ ဘွဲ့ကြိုသင်တန်းကို ပေးအပ်မှုနည်းပါးပါသည်။ စာရေးသူ၏ တက္ကသိုလ်ဆရာဘဝ သက်တမ်းတစ်လျှောက် တိုကျိုပုဂ္ဂလိကစိုက်ပျိုးရေးတက္ကသိုလ် (Tokyo Nodai – Tokyo University of Agriculture - TUA) က စိုက်ပျိုးရေးဘွဲ့ကြို ထောက်ပံ့ကြေးဆု ပေးအပ်ခဲ့ဖူးပါသည်။ သို့သော် ဘွဲ့ရပြီးကလေးအားလုံး လောက်နီးနီးဂျပန်နိုင်ငံမှ ပြန်မလာကြတော့ပါ။ ပညာသင်ဆုက မြန်မာနိုင်ငံအတွက် အကျိုးမရှိဖြစ်ခဲ့ရပါသည်။
စာရေးသူ၏ အတွေးတစ်စ
စာရေးသူတို့ခေတ်က အစိုးရပေးသော ဘွဲ့ကြိုပညာသင်ဆု တစ်လငွေကျပ် ၃၀၀ သည် ခေါက်ဆွဲကြော် တစ်ပွဲ တစ်ကျပ် (ပွဲ ၃၀၀) ဝယ်စားလို့ ရပါသည်။ ယခု ခေါက်ဆွဲကြော်တစ်ပွဲ ကျပ် ၅၀၀၀ (ပွဲ ၃၀၀ စာ) တစ်ဦး တစ်လ ၁၀ - ၁၅ သိန်းခန့်ဘွဲ့ကြိုပညာတော်သင်ဆု (Undergraduate Scholarships) ပေးမည်ဆိုလျှင်ခု ၁၂ တန်းအောင် စာတော်သော ကျောင်းသား ကျောင်းသူတချို့ ဆေးတက္ကသိုလ်သွားမည့်အစား စိုက်ပျိုး၊ မွေးမြူ၊ သစ်တောတက္ကသိုလ်များသို့ လျှောက်လာကြမလားဟု စဉ်းစားကြည့်မိပါသည်။ ဘွဲ့ရလျှင်တော့ နိုင်ငံခြားထွက်သွားတာမလုပ်ဘဲ ပြည်တွင်းတက္ကသိုလ်၊ သုတေသနဌာနများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပုဂ္ဂလိကကဏ္ဍများတွင် အနည်းဆုံးငါးနှစ် စသည်ဖြင့် အလုပ်လုပ်ပါမည်ဟူ၍ လက်မှတ်ရေးထိုးထားရန်တော့ လိုပါလိမ့်မည်။
ပညာတော်သင်ဆုကို အစိုးရတစ်ခုတည်းက ပေးတာမဟုတ်ဘဲ ပုဂ္ဂလိကဘဏ်သူဌေးကြီးများ၊ ဆန်စပါး၊ ဆီစက်၊ လုပ်ငန်းရှင်အသင်းများက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေချင်၍ တစ်နှစ်သုံးဦးစီလောက် တိုင်ပင်ပြီး ပေးလျှင်ကော အဆင်ပြေမလားဟု စဉ်းစားကြည့်နေမိပါသည်။
နိုင်ငံတကာတွင် ကျင့်သုံးနေသော ကျောင်းသား ချေးငွေ (Student Loans) စနစ် ဖန်တီးပေးပြီး ချေးငွေဖြင့် ကျောင်းတက်၊ ဘွဲ့ရလျှင် မိမိစိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းများတွင် ၅ -၁၀ နှစ် စသည်ဖြင့် လုပ်ကိုင်ပြီး ငွေပြန်ဆပ်စေခြင်း စသည့်လုပ်ငန်းများကိုလည်း စီမံ၍ရနိုင်ပါသည်။ ငွေချေးပြီးလျှင်တော့ ပြန်ဆပ်ရပါမည်။
(အမိနိုင်ငံ စိုက်ပျိုးမွေးမြူရေးပညာများဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်စေတနာဖြင့်)