နိုင်ငံတော်ရွှေသီးဖို့ လိုက်ဘရီကာကော်ဖီ စီးပွားဖြစ်စိုက်ပျိုးကြပါစို့
သူရိန်နိုင် (ကော်ဖီ)
လိုက်ဘရီကာကော်ဖီ (Liberica Coffee) သည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကအသုံးပြုသည့် မျိုးလေးမျိုးတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Rubiaceae မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Coffea liberica ဖြစ်ပါသည်။
ယင်း၏ မူလဇာတိမှာ အနောက်နှင့် အလယ်အာဖရိကဒေသ ဖြစ်သော်လည်း ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ ဖိလစ်ပိုင်၊ ဘော်နီယိုကျွန်းနှင့် ဂျားဗားကျွန်းများအပါအဝင် အရှေ့တောင်အာရှ ဒေသများအထိပျံ့နှံ့ကာ ရှင်သန်ပေါက်ရောက်လာခဲ့ပါသည်။ အဆိုပါကော်ဖီမျိုးကို ဖိလစ်ပိုင်နှင့်မလေးရှားနိုင်ငံတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး ကမ္ဘာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ၁.၅ - ၂ ရာခိုင်နှုန်းအထိ ရှိပါသည်။ လိုက်ဘရီကာကော်ဖီမျိုးသည် ရေပန်းစားသည့် ကော်ဖီမျိုးများဖြစ်သော အာရေးဗီးကားကော်ဖီ (Arabica) နှင့် ရိုဘတ်စတာကော်ဖီ (Robusta)မျိုးများနှင့်မတူဘဲ ကွဲထွက်လျက် တစ်မူထူးခြားသော ကော်ဖီမျိုးတစ်မျိုးဖြစ်သည်။
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆိုပါလိုက်ဘရီကာကော်ဖီမျိုး ကောင်းစွာရှင်သန်ဖြစ်ထွန်းနိုင်ကြောင်းကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် စမ်းသပ်စိုက်ပျိုးထားသည့် လိုက်ဘရီကာကော်ဖီပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုကို လေ့လာ ကြည့်ရှုပြီး သိရှိနိုင်မည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်
လိုက်ဘရီကာကော်ဖီသည် ပူပြင်းစွတ်စိုသော အပူပိုင်းဒေသမြေပြန့်ရာသီဥတုတွင် ကောင်းမွန်စွာရှင်သန်ဖွံ့ဖြိုးပါသည်။ ယင်းကို ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၉၀၀ (၂၉၅၃ ပေ) အမြင့်အထိ၊ အပူချိန် ၂၁°C မှ ၃၀°C (၇၀°F မှ ၈၆°F) ကြား၊ နှစ်စဉ်မိုးရေချိန် မီလီမီတာ ၁၂၅၀ မှ ၃၅၀၀ (၄၉ မှ ၁၃၇ ဒသမ ၈ လက်မ)ကြား ရရှိသည့် ဒေသရေမြေရာသီဥတုတွင် စိုက်ပျိုးနိုင်သည်။ ယင်း၏ ရှည်လျားကျယ်ပြန့်သော အမြစ်စနစ်ကြောင့် မြေဆီလွှာအမျိုးမျိုးတွင် ရှင်သန်ကြီးထွားနိုင်ပြီး အခြားကော်ဖီမျိုးစိတ်များထက် ပိုမိုကြံ့ခိုင်ကာ မိုးခေါင်ရေရှား ဒဏ်ကို ခံနိုင်ရည်ရှိပါသည်။
ဤမျိုးစိတ်သည် ဟန်မီလီယားဗက်စ်စတာထရစ်မှို (Hemileia vastatrix) ကြောင့်ဖြစ်သော ကော်ဖီသံချေးမှိုရောဂါ (Coffee Leaf rust disease) အပါအဝင် ရောဂါများနှင့် ပိုးမွှားများကို အလွန်အမင်း ခံနိုင်ရည်ရှိခြင်း၊ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် ရင်ဆိုင်ရချိန်တွင် ရောဂါပိုးကျရောက်လွယ်သည့် အာရေးဗီးကားနှင့် ရိုဘတ်စတာအပင်များကို အစားထိုးရန်အတွက် ရွေးချယ်စရာတစ်ခုဖြစ်လာစေသည်။ လိုက်ဘရီကာကော်ဖီမျိုးသည် ကော်ဖီမျိုးများစွာထဲတွင် တောင့်တင်းသန်မာသည့် အပင်ကြီးမျိုးတစ်မျိုးဖြစ်သည့်အတွက် ပိုးမွှားနှင့်ရောဂါဒဏ်ကို ခံနိုင်ရည်ရှိပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ ယင်း၏အရွက်နှင့် ချယ်ရီသီးများသည် အခြားမျိုးများထက် သိသာစွာကြီးမားပြီး ရှည်လျားကြသည်။
တစ်နှစ်ပတ်လုံးပန်းပွင့်
အခြားကော်ဖီမျိုးများသည် အပင်ပု၍ ချုံပုတ်သဏ္ဌာန်ရှိသော်လည်း လိုက်ဘရီကာကော်ဖီမျိုးသည် အလွန်မြင့်မားစွာကြီးထွားနိုင် ပြီး အမြင့်ပေ ၆၅ (မီတာ ၂၀) အထိ မြင့်မားနိုင်ခြင်းသည် ဤမျိုး၏ ထူးခြားချက်ဖြစ်ပါသည်။ ယင်း၏အရွက်များမှာကြီးမား၍ ခြောက်သွေ့မာကျောပြီး ဘဲဥပုံသဏ္ဌာန်ရှိပါသည်။ ရွက်ပြား၏အနားပိုင်းသည် လှိုင်းတွန့်သဏ္ဌာန်ဖြစ်နေကာ အရွက်ကြောအကြားတွင် ဖောင်းကြွနေသဖြင့် တွန့်ရှုံ့နေသကဲ့သို့ ဖြစ်နေပါသည်။ လိုက်ဘရီကာကော်ဖီသည် တစ်နှစ်ပတ်လုံးပန်းပွင့်သည့် သဘောသဘာဝရှိပြီး ပန်းရနံ့မှာလည်း အခြားကော်ဖီမျိုးများထက် ပိုမိုမွှေးကြိုင်သည်။
ပန်းပွင့်ချိန်မှ အသီးရင့်မှည့်ချိန်ကာလသည် ၁၂ - ၁၄ လအထိ ကြာမြင့်ပါသည်။ ထို့ကြောင့် ကော်ဖီသီးမှည့်များကို ယင်းတို့ ရင့်မှည့်မှုအရ တစ်နှစ်ပတ်လုံး ရွေးချယ်ခူးဆွတ်ရန် လိုအပ်ပါသည်။ ထိုသို့တစ်နှစ်ပတ်လုံးပန်းပွင့်သည့် သဘောသဘာဝရှိခြင်း၊ အလွန်မြင့်မားစွာ ကြီးထွားနိုင်ခြင်းတို့ကြောင့် လိုက်ဘရီကာကော်ဖီကို ရိုဘတ်စတာကော်ဖီမျိုးနှင့်တွဲဖက်၍ သီးရောစနစ် (Intercropping System) ဖြင့် ကော်ဖီစိုက်ပျိုးပါက ရိုဘတ်စတာကော်ဖီကို ဝတ်မှုန်ကူး ခြင်းရာခိုင်နှုန်း (Pollination Percentage) ပိုမိုလာစေပြီး အသီးတင်မှုရာခိုင်နှုန်း (Fruit Setting Percentage) ပိုမိုလာနိုင်စေမည်ဖြစ်သလို ယင်း၏ပြင်းရှသောရနံကြောင့် ၎င်းနှင့်တွဲဖက်စိုက်ပျိုးသည့် ကော်ဖီမျိုး ၏ သောက်သုံးမှုအရည်အသွေးအပေါ် ကောင်းမွန်သည့်ရနံ့ကို ဖြစ်စေသည်။ ထို့အတူ လိုက်ဘရီကာကော်ဖီအား အကူအရိပ်(Secondary Shade) အဖြစ် အသုံးချနိုင်မည်ဖြစ်ပြီးထပ်ဆောင်း၍ ကော်ဖီအသီးလည်းရရှိကာ တစ်ဧကကော်ဖီအထွက် ပိုမိုရရှိနိုင်မည် ဖြစ်သည်။
ကော်ဖီစေ့အကြီးဆုံးမျိုး
လိုက်ဘရီကာကော်ဖီစေ့များသည် ကော်ဖီမျိုးစိတ်အားလုံးထဲတွင် ကော်ဖီစေ့အကြီးဆုံးမျိုးများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ လိုက်ဘရီကာကော်ဖီစေ့၏ ပုံသဏ္ဌာန်မှာ အချိုးမညီဘဲ တစ်ဖက်တိုပြီး တစ်ဖက်ရှည်ကာ မျက်ရည်စက်ပုံသဏ္ဌာန်ရှိသဖြင့် ထူးခြားသည့် သဏ္ဌာန်ရှိနေပါသည်။ ကော်ဖီဆန်၏ထိပ်ဖျားတွင် “ချိတ်” ကဲ့သို့ ကွေးနေသော ပုံစံလက္ခဏာရှိပါသည်။ မျိုးရိုးဗီဇအရ လိုက်ဘရီကာ ကော်ဖီသည် ခရိုမိုဆုမ်း ၂၂ စုံပါသည့် ဒီပလွိုက် (diploid) မျိုးစိတ်တစ်ခုဖြစ်သည်။
လိုက်ဘရီကာကော်ဖီ၏ ရှားပါးသည့်အရည်အသွေးများကြောင့် အထူးတန်းဝင် ကော်ဖီလေလံတင်ရောင်းချသည့် ဈေးကွက်တွင် အာရေးဗီးကားကော်ဖီထက် ဈေးနှစ်ဆ ပိုမိုရရှိပါသည်။ ကော်ဖီချယ်ရီသီး၏ ဖွဲ့စည်းတည်ဆောက်ပုံကိုကြည့်မည်ဆိုပါက အာရေးဗီးကားနှင့် ရိုဘတ်စတာကော်ဖီမျိုးများတွင် အနှစ် ၄၀ ရာခိုင်နှုန်းနှင့် အဆန် ၆၀ ရာခိုင်နှုန်းရှိပြီး လိုက်ဘရီကာကော်ဖီမျိုးတွင် အနှစ် ၆၀ ရာခိုင်နှုန်းနှင့် အဆန် ၄၀ ရာခိုင်နှုန်းရှိသောကြောင့် ထူးခြားမှုရှိသည့်မျိုးတစ်မျိုး ဖြစ်ပါသည်။
ထိုသို့ထူးခြားသည့်ချယ်ရီသီး၏ ဖွဲ့စည်းတည်ဆောက်မှုကြောင့် သကြားဓာတ်ပိုမိုပါဝင်စေပြီး သဘာဝအခြောက်ခံနည်း (Natural Dry Processing Method)ဖြင့် ကော်ဖီပြုပြင်ထုတ်လုပ်ပါက အချိုဓာတ်ပိုကဲ၍ သစ်သီးရနံ့ (ပိန္နဲသီးရနံ့)ကို ရရှိစေသည်။
လိုက်ဘရီကာကော်ဖီကို အစပြုရှင်သန်ပေါက်ဖွားရာနိုင်ငံဖြစ်သော လိုက်ဘေးရီးယားနိုင်ငံအား အစွဲပြု၍ လိုက်ဘရီကာကော်ဖီ (Liberica Coffee) ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ယင်းသည် ၁၈ ရာစု နှောင်းပိုင်း ဥရောပကိုလိုနီလက်အောက်တွင် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ခဲ့ပါသည်။ ထိုအချိန်ကာလသည် ကမ္ဘာ့ကော်ဖီလုပ်ငန်းကို ကော်ဖီသံချေးမှိုရောဂါ အကြီးအကျယ် ကူးစက်ပြန့်ပွားမှုကြောင့် အာရေးဗီးကားကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်း ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားသော အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ကော်ဖီချစ်သူများအတွက် ကံကောင်းစေသည့်အချက်မှာ လိုက်ဘရီကာကော်ဖီသည် ထိုသို့ဆိုးရွားပြင်းထန်သော ကူးစက်ပြန့်ပွားမှုကို ခံနိုင်ရည်ရှိနေသောအချက်ဖြစ်ပါသည်။ ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် ရိုဘတ်စတာ ကော်ဖီအစား လိုက်ဘရီကာကော်ဖီမျိုးကို အစားထိုး စိုက်ပျိုးထုတ်လုပ်လာခဲ့ကြပါသည်။
အရှေ့တောင်အာရှတိုင်းပြည်များမှ အဓိကထုတ်လုပ်
ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကို လိုက်ဘရီကာကော်ဖီ စိုက်ပျိုးခဲ့ခြင်းကြောင့် ယခုအချိန်တွင် လိုက်ဘရီကာကော်ဖီကိုအဓိက စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံ စာရင်းဝင်နေခြင်းဖြစ်ပါသည်။ ယခုအခါ၌ လိုက်ဘရီကာကော်ဖီအားလုံးသည် အရှေ့တောင်အာရှတိုင်းပြည်များဖြစ်သော ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အဓိကထုတ်လုပ်နေခြင်းဖြစ်ပါသည်။
မလေးရှားနိုင်ငံသည် လိုက်ဘရီကာကော်ဖီကို အခြေခံ၍ ကော်ဖီအမျိုးမျိုးကို အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်လျက်ရှိရာ အထူးတန်းဝင်ကော်ဖီအမျိုးအစား ထုတ်လုပ်မှုတွင် မိုင်လိုက်ဘရီကာ အမှတ်တံဆိပ် (My Librica Brand)သည် ထင်ရှားကျော်ကြားသည့် အမှတ်တံဆိပ်ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံရှိ အထူးတန်းဝင်ကော်ဖီ အမျိုးအစား ထုတ်လုပ်မှုတွင် ဂွတ်ကပ်အမှတ်တံဆိပ် (Good Cup Brand)သည် ထင်ရှားလူသိများပါသည်။ ထိုအတွက် မိမိနိုင်ငံ ရေမြေ အရ အခြေအနေပေးသည့် လိုက်ဘရီကာကော်ဖီကို စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်သည်။
လိုက်ဘရီကာကော်ဖီကို အခြားကော်ဖီမျိုးများနှင့်မတူဘဲ ထူးခြားစေသောအချက်မှာ ယင်း၏ မြင့်မားသောဖွဲ့စည်းပုံ၊ ခံနိုင်ရည်ရှိသော သဘောသဘာဝနှင့် စိန်ခေါ်မှုရှိသော ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေအရင်းအမြစ်နည်းပါးချိန်တွင် ရေကိုရရှိစေ မည့် ပိုမိုနက်ရှိုင်းပြီးကျယ်ပြန့်သော အမြစ်စနစ်တို့ ပါဝင်နေခြင်း ဖြစ်ပါသည်။ ထိုသို့ခံနိုင်ရည်ရှိသော သစ်ပင်အမျိုးအစားဖြစ်သည့်အတွက် အခြားကော်ဖီမျိုးများ ခံနိုင်ရည်မရှိသော ပြင်းထန်သည့် ရာသီဥတု၊ မြေနိမ့်ဒေသများနှင့် မြေဆီဩဇာညံ့ဖျင်းသော အခြေအနေများတွင် ရှင်သန်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြစ်ပါသည်။ ထိုသို့နက်ရှိုင်းကျယ်ပြန့်သည့် အမြစ်စနစ်ရှိနေခြင်းကြောင့် ရေနှင့် အစာအာဟာရများကို ပိုမိုစုပ်ယူနိုင်စေခြင်းသည် လိုက်ဘရီကာကော်ဖီကိုကိုင်းဆက်မျိုးပွားခြင်းပြုလုပ်ရာတွင် အောက်ခံပင်အဖြစ်အသုံးပြု နိုင်စေမည်ဖြစ်သည်။
ဓာတုဖွဲ့စည်းမှုအရ လိုက်ဘရီကာကော်ဖီတွင် ကလိုရိုဂျဲင်းနစ်အက်စစ် (chlorogenic acid) ပါဝင်မှုသည် ရိုဘတ်စတာထက် နည်းသော်လည်း အာရေးဗီးကားထက် မြင့်မားပါသည်။ အဆိုပါဓာတ်သည် ကော်ဖီ၏ခါးသက်မှုနှင့် ဖန်သောအရသာ (astringency)ကို လွှမ်းမိုးပြောင်းလဲစေပါသည်။ ကဖိန်း (caffeine) ပါဝင်မှုမှာ ယေဘုယျအားဖြင့် အာရေးဗီးကားနှင့် ရိုဘတ်စတာကြားတွင် ရှိနေတတ်သော်လည်း ယင်းစိုက်ပျိုးရာပတ်ဝန်းကျင်နှင့် ပြုပြင်ထုတ်လုပ်သည့် နည်းလမ်းများအပေါ်မူတည်၍ ကွာခြားမှုများရှိနိုင်ပါသည်။
ထူးခြားသော အနံ့ထုတ်လုပ်သည့် ဒြပ်ပေါင်းများ (unique volatile compounds) ဖြစ်သည့် မီသိုင်းကီတုန်း (methyl ketones နှင့် လက်တုန်း (lactones) တို့ကဲ့သို့သော ဒြပ်ပေါင်းများသည် ယင်း၏ ပြင်းထန်သော၊ ထင်ရှားသောရနံ့ (bold aroma) ကို ဖြစ်ပေါ်စေပြီး သစ်သားဆန်သော၊ မီးခိုးနံ့ရှိသော သို့မဟုတ် ပန်းနံ့သင်းသောရနံ့အဖြစ် ဖော်ပြလေ့ရှိကြပါသည်။ ဤရနံ့အမျိုးအစားမှာ ကော်ဖီ လှော်သောနည်းစနစ်အပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။
သင်းပျံ့သောခံတွင်းနံ့ ပေးစွမ်းနိုင်
လိုက်ဘရီကာကော်ဖီ၏ အမှန်တကယ်ထူးခြားပြီး ချိုမြိန်သော အရသာကို ပေးစွမ်းနိုင်ခြင်းသည် အခြားကော်ဖီအမျိုးအစားများနှင့် အတော်လေးကွာခြားစေသည့်အချက်ဖြစ်ပါသည်။ လိုက်ဘရီကာ ကော်ဖီကို အများအားဖြင့် သဘာဝအတိုင်း ပြုပြင်ထုတ်လုပ်လေ့ရှိသောကြောင့် ကော်ဖီချယ်ရီသီးများထဲ၌ သစ်သီးအချိုအနှစ်ဓာတ်များ ပိုမိုပါဝင်ခြင်းသည် အချဉ်ဖောက်ခြင်းဖြစ်စဉ်ကြောင့် ပိုမိုချိုမြိန်စေပြီး သစ်သီးရနံ့ထူးကဲသော ကော်ဖီရနံ့နှင့် အရသာကို ဖြစ်ပေါ်စေခြင်း ဖြစ်ပါသည်။ လိုက်ဘရီကာကော်ဖီသည် အာရေးဗီးကားကော်ဖီထက် ပိုမိုချိုမြိန်ပြီး ထူးကဲသော သစ်သီးအရသာနှင့် စံပယ်ပန်းရနံ့၊ နှင်းဆီပန်းရနံ့ကဲ့သို့သော ရနံ့များပေါင်းစပ်ထားသကဲ့သို့ ဖြစ်စေပါသည်။ ယင်းကော်ဖီသည် သောက်သုံးပြီးနောက် သင်းပျံ့သောခံတွင်းနံ့နှင့် သာယာသောချိုမြိန်မှုအား ကြာရှည်စွဲကျန်မှုကို ပေးစွမ်းနိုင်ပါသည်။
ထိုသို့ထူးခြားသော ဝိသေသလက္ခဏာများဖြစ်သည့် အလွန်မြင့်မားစွာ ကြီးထွားနိုင်ခြင်းနှင့် ပိုမိုနက်ရှိုင်းကျယ်ပြန့်သော အမြစ်စနစ်တို့ရှိခြင်းကြောင့် အခြားကော်ဖီမျိုးများ ခံနိုင်စွမ်းမရှိသော ပြင်းထန်သည့်ရာသီဥတု၊ မြေနိမ့်ဒေသများနှင့် မြေဆီဩဇာ ညံ့ဖျင်းသောအခြေအနေများတွင် ရှင်သန်ဖြစ်ထွန်းနိုင်ခြင်း၊ ကော်ဖီချယ်ရီသီးတွင် အနှစ် ၆၀ ရာခိုင်နှုန်းပါဝင်ပြီး သကြားဓာတ်ပိုမိုပါဝင်ခြင်းကြောင့် နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပို့ကုန်အမည်သစ်တိုးကာ ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာမည် ဖြစ်ပါသည်။
အချိုဓာတ်ပိုကဲ၍ သစ်သီးရနံ့ကိုရရှိစေခြင်း၊ အခြားကော်ဖီမျိုးများနှင့်တွဲဖက်၍ သီးရောစနစ် (Intercropping System) အသုံးပြုနိုင်ခြင်း၊ အခြားကော်ဖီမျိုးများစွာ ခံနိုင်ရည်မဲ့သော ကော်ဖီသံချေးမှို ရောဂါ(Coffee leaf rust disease)ကို ခံနိုင်ရည်ရှိခြင်းတို့ကြောင့် “လိုက်ဘရီကာ” ကော်ဖီမျိုးသည် မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများအကြား စီးပွားဖြစ်စိုက်ပျိုးရန် ကော်ဖီမျိုးတစ်မျိုး ဖြစ်ပါသည်။ အဆိုပါကော်ဖီမျိုး စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါရန် သတင်းစကားပေးပို့ရင်း နိုင်ငံတော်ရွှေသီးဖို့ “လိုက်ဘရီကာ”ကော်ဖီစီးပွားဖြစ်စိုက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။