စနစ်သစ်နှင့် ရွေးကောက်ပွဲဆီသို့ ( ၂ )
မဲဆန္ဒရှင်တစ်ဦး
နိဒါန်း
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပါသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်ပါမည်။ လွှတ်တော်အလိုက် မဲဆန္ဒနယ်မြေများစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁၅-၈-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။ ပထမပိုင်းအတွက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို ၂၀-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အပိုင်းလိုက်ဆန္ဒမဲပေးရမည့်နေ့ရက်နှင့် မြို့နယ်များစာရင်းကို ဆက်လက် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲစနစ်သစ်အတွက် အဓိကအချက်များ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေ အမှတ် ၄၅/၂၀၂၅ ၊ ၄၆/၂၀၂၅၊ ၄၇/၂၀၂၅ တို့ဖြင့် ၂၉-၇-၂၀၂၅ ရက်နေ့တွင် လွှတ်တော် (၃)ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့် ဥပဒေများကို ပြဋ္ဌာန်းခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အမိန့်ကြော်ငြာစာ အမှတ် ၅၀/၂၀၂၅ ၊ ၅၁/၂၀၂၅ ၊ ၅၂/၂၀၂၅ တို့ဖြင့် လွှတ်တော် (၃)ရပ်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ များကို ၇-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ပြည်သူ့လွှတ်တော်အတွက် ယခင်အတိုင်း FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် FPTP စနစ်နှင့် PR စနစ်ကို ပေါင်းစပ်ထားသည့် MMP စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ MMP စနစ်ဆိုသည်မှာ ရောနှောထားသည့်စနစ်များအုပ်စုတွင် ပါဝင်သည့် စနစ်တစ်မျိုးဖြစ်ပါသည်။ မတူညီသော ရွေးကောက်ပွဲ စနစ်နှစ်မျိုးကို ကျင့်သုံးခြင်းဖြစ်သည်။ သာမန်အားဖြင့် ဗဟုအများစုကိုယ်စားပြုစနစ်နှင့် အချိုးကျ ကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ကျင့်သုံးခြင်းဖြစ် သည်။ အဓိကအားဖြင့် FPTP စနစ်နှင့် PR စနစ်တို့ကို ပေါင်းစပ်ပြီး မဲဆန္ဒနယ်နှင့်ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ခွဲခြား၍ ကျင့်သုံးခြင်းဖြစ်ပါသည်။
လာမည့်ရွေးကောက်ပွဲအတွက် MMP စနစ်ကျင့်သုံးရာတွင် ဥပဒေမူဘောင်၊ မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းခြင်း၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်း၊ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရလဒ်များ ပေါင်းစည်းတွက်ချက်ခြင်း၊ မဲဆန္ဒနယ်ကိုယ်စားပြု ခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်း၊ PR လစ်လပ် ကိုယ်စားလှယ်နေရာ အစားထိုးဖြည့်စွက်ခြင်း တို့သည် စနစ်သစ်ဖြင့် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် အဓိကကျသော ရွေးကောက်ပွဲလုပ်ငန်းစဉ် များဖြစ်ပါသည်။
ဥပဒေမူဘောင်
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့် ရွေးကောက်ပွဲစနစ် ကျင့်သုံးရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိပါ။ သို့သော်လွှတ်တော်ဖွဲ့စည်းခြင်း ပြဋ္ဌာန်း ချက်များအရ သင့်လျော်သော ရွေးကောက် တင်မြှောက်ပုံစနစ်ကို ရွေးချယ်ကျင့်သုံးခြင်းဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း ပြဋ္ဌာန်းချက်အရ လျော်ကန်သည့် FPTP စနစ်ဖြင့် ယခင်အတိုင်း တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျစီဖြင့် ကိုယ်စားလှယ် ၃၃၀ ကို ရွေးကောက်တင်မြှောက်ခြင်းဖြစ်ပါသည်။
အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်း ပြဋ္ဌာန်းချက်အရ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တူညီသောကိုယ်စားလှယ်အရေအတွက် ၁၂ ဦးကျစီ ရွေးကောက် တင်မြှောက်ရသဖြင့် FPTP အားသာချက်ရော PR အားသာချက်ပါရရှိမည့် MMP ကျင့်သုံးခြင်းဖြစ်ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသခြောက်ခုအတွက်လည်း FPTP မဲဆန္ဒနယ် တစ်နယ်စီ သတ်မှတ်ပြီး ကိုယ်စားလှယ် တစ်ဦးကျစီရွေးကောက်ရမည်ဖြစ်ပါသည်။
တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်း ပြဋ္ဌာန်းချက်အရတစ်မြို့နယ်လျှင် နှစ်ဦးကျစီဖြစ်သဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် FPTP မဲဆန္ဒနယ်နှင့် PR မဲဆန္ဒနယ်များ သတ်မှတ်ပြီး MMP ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် များအတွက်လည်း FPTP စနစ်ဖြင့် ရွေးကောက်ရ မည်ဖြစ်ပါသည်။
မဲဆန္ဒနယ်သတ်မှတ်ခြင်း
MMP စနစ်အရ လွှတ်တော်အလိုက် မဲဆန္ဒနယ် အမျိုးအစားနှစ်မျိုးရှိသည်။ ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ရမည့် FPTP မဲဆန္ဒနယ်များ နှင့် တစ်ဦးထက်ပိုသော ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရမည့် PR မဲဆန္ဒနယ်များဖြစ်သည်။ မဲဆန္ဒနယ်များ၏ ပုံသဏ္ဌာန်သုံးမျိုးရှိသည်။ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ်သတ်မှတ်သည့်ပုံစံ၊ တစ်ဆက်တစ်စပ်တည်းရှိသော မြို့နယ်များကို စုစည်း၍ မဲဆန္ဒနယ် တစ်နယ်သတ်မှတ်သည့်ပုံစံ၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ် သတ်မှတ်သည့်ပုံစံတို့ဖြစ်သည်။ ပြည်သူ့လွှတ်တော်အတွက် တစ်မြို့နယ်လျှင် FPTP မဲဆန္ဒနယ် တစ်နယ်စီဖြင့် မဲဆန္ဒနယ် ၃၃၀ နယ် သတ်မှတ်ပါသည်။
အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တစ်ဆက်တစ်စပ်တည်းရှိသော မြို့နယ်များကိုစုစည်း၍ FPTP မဲဆန္ဒနယ် ခြောက်နယ် သတ်မှတ်ပါသည်။ ယင်း FPTP မဲဆန္ဒနယ်များကိုစုစည်း၍ PR မဲဆန္ဒနယ်တစ်နယ် သို့မဟုတ် အများဆုံးသုံးနယ် သတ်မှတ်ပါသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသပါဝင်သော ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတစ်ခုစီအတွက် မူလ FPTP မဲဆန္ဒနယ် ခြောက်နယ်တွင် တစ်နယ်စီပါဝင်ပါသည်။ PR မဲဆန္ဒနယ် တစ်နယ်သတ်မှတ်သည့် တိုင်းဒေသကြီး/ ပြည်နယ်ငါးခု၊ PR မဲဆန္ဒနယ် နှစ်နယ်သတ်မှတ်သည့် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခု၊ PR မဲဆန္ဒနယ် သုံးနယ်သတ်မှတ်သည့် တိုင်းဒေသကြီး/ ပြည်နယ်သုံးခုဖြစ်ပါသည်။
တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက်တစ်မြို့နယ်လျှင် FPTP မဲဆန္ဒနယ် တစ်နယ်စီသတ်မှတ်ပါသည်။ တစ်ဆက်တစ်စပ်တည်းရှိသော FPTP မဲဆန္ဒနယ်များကိုစုစည်း၍ PR မဲဆန္ဒနယ်များအဖြစ် သတ်မှတ်ပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့နယ်အရေအတွက် အပေါ်မူတည်ပြီး PR မဲဆန္ဒနယ်များကို အနည်းဆုံး တစ်နယ် သို့မဟုတ် လိုအပ်သလို သတ်မှတ်ပါသည်။ PR မဲဆန္ဒနယ် တစ်နယ်သတ်မှတ်သည့် တိုင်းဒေသကြီး/ ပြည်နယ်ငါးခု၊ PR မဲဆန္ဒနယ် နှစ်နယ်သတ်မှတ်သည့် တိုင်းဒေသကြီး/ ပြည်နယ်နှစ်ခု၊ PR မဲဆန္ဒနယ် သုံးနယ်သတ်မှတ်သည့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု၊ PR မဲဆန္ဒနယ် လေးနယ်သတ်မှတ်သည့် တိုင်းဒေသကြီး/ ပြည်နယ်နှစ်ခု၊ PR မဲဆန္ဒနယ် ငါးနယ်သတ်မှတ်သည့် တိုင်းဒေသကြီး/ ပြည်နယ်နှစ်ခု၊ PR မဲဆန္ဒနယ် ခြောက်နယ်သတ်မှတ်သည့် တိုင်းဒေသကြီး/ ပြည်နယ် နှစ်ခု ဖြစ်ပါသည်။
သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်များအတွက် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလုံးကို FPTP မဲဆန္ဒနယ် တစ်နယ်အဖြစ် သီးခြားသတ်မှတ်ပါသည်။ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ဂ) နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဃ)တို့ အရ မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင် သတ်မှတ်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော်အတွက် FPTP မဲဆန္ဒနယ် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော်အတွက် FPTP မဲဆန္ဒနယ် ၈၄ နယ်နှင့် PR မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအတွက် FPTP မဲဆန္ဒနယ် ၃၂၂ နယ်၊ PR မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းရင်းသားလူမျိုး FPTP မဲဆန္ဒနယ် ၂၉ နယ်၊ မဲဆန္ဒနယ်စုစုပေါင်း ၈၃၃ နယ်ဖြစ်ပါသည်။
ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း
ပြည်သူ့လွှတ်တော် FPTP မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် မဲဆန္ဒနယ်နှင့်သက်ဆိုင်သည့် ပြည်ထောင်စုနယ်မြေ ကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲတွင် အမည်စာရင်းတင်သွင်းရမည်။ တစ်သီးပုဂ္ဂလများ လည်း အမည်စာရင်း တင်သွင်းနိုင်ပါသည်။
အမျိုးသားလွှတ်တော် FPTP နှင့် PR မဲဆန္ဒနယ် များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွင် အမည်စာရင်း တင်သွင်းရပါ မည်။ FPTP မဲဆန္ဒနယ်တွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများသည် ယင်း FPTP မဲဆန္ဒနယ် အကျုံးဝင် သည့် PR မဲဆန္ဒနယ်အတွက်လည်း ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ်အရေအတွက် အတိုင်းအမည်စာရင်းတင်သွင်းရပါမည်။ အရေအတွက်လျော့ပေါ့တင်သွင်း၍ မရပါ။ MMP စနစ်အတွက် အဓိကအချက်ဖြစ်ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတစ်ခုစီအတွက် FPTP မဲဆန္ဒနယ်တစ်နယ်စီ သီးခြားပါဝင်ပြီး ယင်း FPTP မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများ ဖြစ်သင့်ပါသည်။
တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် FPTP နှင့် PR မဲဆန္ဒနယ်များအတွက်ကော်မရှင်က သတ်မှတ်ပေးသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲတွင် အမည်စာရင်းတင်သွင်းရပါသည်။ အမျိုးသားလွှတ်တော်နည်းတူ FPTP မဲဆန္ဒနယ်နှင့် PR မဲဆန္ဒနယ်များအတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အမည်စာရင်းတင်သွင်းရပါ သည်။ တိုင်းရင်းသားလူမျိုး FPTP မဲဆန္ဒနယ်များ အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွင် အမည်စာရင်း တင်သွင်းရပါသည်။
ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာန၏ ခရိုင်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းအရ မူလခရိုင်များအပြင် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသည့် ခရိုင်အသစ်များလည်း ပေါ်ပေါက်လာပါသည်။ ခရိုင်များတိုးချဲ့ဖွဲ့စည်းလိုက်သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရမည့် ခရိုင်ကော်မရှင်အဖွဲ့ခွဲများ သတ်မှတ်ချက်အား ကော်မရှင်က ၂၆-၈-၂၀၂၅ ရက်နေ့တွင် နိုင်ငံရေးပါတီများသို့ အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။ ကော်မရှင်ကသတ်မှတ်သည့်ခရိုင်များတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ တင်သွင်းရမည်ဖြစ်ပါသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာတွင် ကော်မရှင်က သတ်မှတ်ကြေညာလိုက်သည့် မဲဆန္ဒနယ်အားလုံးအတွက် တင်သွင်းနိုင်မည်ဖြစ် ပါသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ ဆောင်ရွက်ခြင်းမှာ ဆန္ဒမဲပေးရမည့်ရက်ကိုသာ ခွဲခြားသတ်မှတ်ခြင်းဖြစ်ပါသည်။
မဲဆန္ဒနယ်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း စတင်တင်သွင်းနိုင်သည့်ရက်မှာ ၈-၉-၂၀၂၅ ရက်နေ့ဖြစ်ပြီး နောက်ဆုံးတင်သွင်း ရမည့်နေ့ရက်မှာ ၁၇-၉-၂၀၂၅ ရက်နေ့အထိ ၁၀ ရက် ဖြစ်ပါသည်။ အမည်စာရင်းတင်သွင်းလွှာကို ရုပ်သိမ်း လိုက်ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ ၁၂-၉-၂၀၂၅ ရက်နေ့ဖြစ်ပါသည်။ PR မဲဆန္ဒနယ်များ အတွက် အမည်စာရင်းရုပ်သိမ်းပါက ပြန်လည်အစားထိုးတင်သွင်းရမည့်ရက်မှာ ၁၃-၉-၂၀၂၅ ရက်နေ့မှ ၁၇-၉-၂၀၂၅ ရက်နေ့အထိဖြစ်ပါသည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အမည်စာရင်းတင်သွင်းလွှာများကို စိစစ်မည့်နေ့ရက်မှာ ၁၈-၉-၂၀၂၅ ရက်နေ့မှ ၄-၁၀-၂၀၂၅ ရက်နေ့အထိ ၁၇ ရက်ဖြစ်ပါသည်။ ကော်မရှင် က သတ်မှတ်ကြေညာလိုက်သည့်ရက်အတွင်း ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့် စိစစ်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
PR မဲဆန္ဒနယ်သည် ပါတီအချိုးကျကိုယ်စားပြု စနစ်အတွက် သတ်မှတ်ခြင်းဖြစ်သဖြင့် တစ်သီးပုဂ္ဂလများပါဝင်၍မရပါ။ တစ်သီးပုဂ္ဂလများအနေဖြင့် လွှတ်တော်သုံးရပ်စလုံးအတွက် FPTP မဲဆန္ဒနယ်များတွင်သာ ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။
မဲဆွယ်စည်းရုံးခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၆ အရ နိုင်ငံရေး ပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာစည်းရုံးခွင့်ရှိသည်။ ရွေးကောက်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၁ အရလည်း ပါတီ မှတ်ပုံတင်ခွင့်ရသည့်နေ့မှစ၍ ပါတီဝင်အင်အား စုဆောင်းခြင်းနှင့် ပါတီစည်းရုံးရေးလုပ်ငန်းများကို ပါတီစည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ပါသည်။
ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်းများ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို ယခင်ရွေးကောက်ပွဲများတွင် ကော်မရှင်က ညွှန်ကြားချက်ဖြင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ ယခု လာမည့်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း စည်းကမ်းတကျဆောင်ရွက်နိုင်ရန်၊ ရွေးကောက်ပွဲပြစ်မှုများ၊ အငြင်းပွားမှုများ နှင့် ဥပဒေချိုးဖောက်မှုများ လျော့နည်းစေရန် အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွင်ပုဒ်မ ၃၀ - က ဖြင့် ဖြည့်စွက်ပြဋ္ဌာန်းထားပါသည်။ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို နည်းဥပဒေတွင်လည်း သီးခြားအခန်းတစ်ခန်းဖြင့် ပြဋ္ဌာန်းထားပါသည်။
လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ကို သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုများကို မကျူးလွန်မိစေရန် အထူးသတိပြုရပါမည်။ နိုင်ငံရေးပါတီများကလည်း အပြန်အလှန် စောင့်ကြည့်ထိန်းကျောင်းရန်လိုအပ်ပါသည်။ ပါတီကကျူးလွန်သည်ဖြစ်စေ၊ ကိုယ်စားလှယ်လောင်းက ကျူးလွန်သည်ဖြစ်စေ FPTP မဲဆန္ဒနယ်အတွက်ရော PR မဲဆန္ဒနယ်အတွက်ပါ သက်ရောက်မှုရှိမည်ဖြစ်ပါသည်။
ဆန္ဒမဲပေးခြင်း
လာမည့် စနစ်သစ်နှင့်ရွေးကောက်ပွဲတွင် မဲရုံအားလုံး၌ MEVM အီလက်ထရောနစ် မဲပေးစက်များဖြင့် ခလုတ်နှိပ်၍ မဲပေးကြရမည်ဖြစ်ပါသည်။ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများတွင် အကျုံးဝင်သော မဲစာရင်းပါရှိရာ မြို့နယ်ပြင်ပရောက် တပ်မတော်သားများနှင့်အတူနေအိမ်ထောင်စုဝင်များ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရသော အတွင်း လူနာများ၊ ယာယီနေရပ်စွန့်ခွာနေရသူများနှင့် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများသည် နည်းဥပဒေပါ နည်းလမ်းအတိုင်း တောင်းဆို၍ ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ဘောပင်ဖြင့် အမှန် (Â) အမှတ်အသားပြု၍ ကြိုတင်ဆန္ဒမဲပေးနိုင်ပါသည်။
ရွေးကောက်ပွဲကျင်းပသောနေ့တွင် မဲဆန္ဒနယ်အတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် အနာကြီးရောဂါစွဲကပ်နေသူ၊ ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ သားဖွားနေသူ၊ ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ် ခံနေရသူ၊ ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရသူ၊ မဲစာရင်းပါရှိရာ ဒေသမှ ကျော်လွန်၍ ယာယီတာဝန်ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်း၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ သည် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွင် နည်းဥပဒေပါ နည်းလမ်းအတိုင်း ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ပါသည်။
မဲဆန္ဒရှင်က ဆန္ဒမဲပေးရာတွင် ကြိုတင်မဲပေး ခြင်းဖြစ်စေ၊ မဲပေးစက်ဖြင့် မဲပေးခြင်းဖြစ်စေ နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်သာ ဆန္ဒပြုမဲပေးရမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်က ယခင် ရွေးကောက်ပွဲများအတိုင်း ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်ဆန္ဒမဲပေးရုံဖြင့် FPTP ကိုယ်စားလှယ် ရော PR ကိုယ်စားလှယ်အတွက်ပါ တစ်ဆက်တည်း ရွေးကောက်တင်မြှောက်ပေးနိုင်မည်ဖြစ်ပါသည်။
ဆန္ဒမဲရလဒ်များ ပေါင်းစည်းတွက်ချက်ခြင်း
MMP စနစ်တွင် မဲဆန္ဒရှင်ကနှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်၊ ပါတီကို တစ်ကြိမ် မဲပေးရခြင်းရှိသကဲ့သို့ ကိုယ်စားလှယ် လောင်းကို တစ်ကြိမ်သာမဲပေးရပြီး ကိုယ်စားလှယ်က ရရှိသည့်မဲကို ပါတီကရသည့် မဲအဖြစ်သတ်မှတ်သည့် ရိုးရှင်းသောနည်းလမ်းလည်း ကျင့်သုံးပါ သည်။ ယခုရွေးကောက်ပွဲဥပဒေတွင် မဲဆန္ဒရှင်က လွှတ်တော်မဲဆန္ဒနယ်အလိုက် FPTP ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်သာ မဲပေးရပါမည်။ ဆန္ဒမဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းက FPTP မဲဆန္ဒနယ်အတွက် ရွေးကောက်ခံရမည် ဖြစ်ပါသည်။
ဤနေရာတွင် MMP စနစ်အရ FPTP ကနေ PR စနစ်ကို ကူးပြောင်းသည့် ပုံစံ အရေးကြီးပါသည်။ FPTP မဲဆန္ဒနယ် (အမျိုးသားလွှတ်တော်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ မပါ) တွင် ပါတီ ကိုယ်စားပြုကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့်ပါတီများက FPTP မဲဆန္ဒနယ် အကျုံးဝင်သည့် PR မဲဆန္ဒနယ်အတွက်လည်း ရွေးကောက်ရမည့် ကိုယ်စားလှယ်အရေအတွက် အတိုင်း အမည်စာရင်းတင်သွင်းရမည် ဖြစ်ပါသည်။ FPTP မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်ကရရှိသည့် ဆန္ဒမဲကို PR မဲဆန္ဒနယ်အတွက် ပါတီကရရှိသည့် ဆန္ဒမဲအဖြစ် စုစည်းတွက်ချက်သွားမည် ဖြစ်ပါ သည်။ PR မဲဆန္ဒနယ်အတွက် ပါတီအသီးသီးက စုစည်းရရှိသည့် ဆန္ဒမဲများအပေါ်မူတည်ပြီး ပါတီအများသိပြီးဖြစ်သော ရိုးရှင်းလွယ်ကူသည့် Closed List PR စနစ်၊ အနည်းဆုံးရရှိရမည့် အခြေခံမဲ Hare Quota တွက်နည်း၊ ကြွင်းကျန်မဲအများဆုံးနည်းလမ်း (The Largest Remainder Method) တို့ဖြင့် ပါတီအချိုးကျ PR ကိုယ်စားလှယ်များကို ဥပဒေအတိုင်း တွက်ချက်သွားမည်ဖြစ်ပါသည်။ ထိုသို့ တွက်ချက်ရာတွင် PR မဲဆန္ဒနယ်များသည် ပါတီအချိုးကျ ကိုယ်စားလှယ်များအတွက် သတ်မှတ်ခြင်းဖြစ် သဖြင့် FPTP မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလများရရှိသော ခိုင်လုံမဲများကို PR မဲဆန္ဒနယ်တွင် ထည့်သွင်းတွက်ချက်ခြင်း မပြုကြောင်း သိရှိထားရန်လိုပါသည်။
ဥပမာ - Closed List PR သဘောအရ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စား လှယ်အရေအတွက်အတိုင်း ပါတီက ဦးစားပေး အစီအစဉ်ဖြင့် အမည်စာရင်းကို ကော်မရှင်ထံ ကြိုတင်တင်ပြရပါမည်။ အနည်းဆုံးရရှိရမည့် အခြေခံမဲ Hare Quota တွက်နည်းဆိုသည်မှာ ကိုယ်စားလှယ် ခြောက်ဦး ရွေးကောက်ရမည့် PR မဲဆန္ဒနယ်တွင် ခိုင်လုံမဲစုစုပေါင်း ၆၀၀၀၀ ဆိုပါစို့။ အခြေခံမဲ ၁၀၀၀၀ ရပါက ကိုယ်စားလှယ်တစ်ဦး ရွေးကောက်ခံရခြင်းဖြစ်ပါသည်။ အခြေခံမဲ Quota တစ် Quota ရလျှင် ကိုယ်စားလှယ်တစ်ဦးရခြင်းဖြစ် ပါသည်။ ကြွင်းကျန်မဲအများဆုံးနည်းလမ်း (The Largest Remainder Method) ဆိုသည်မှာ ပါတီရရှိသည့် ခိုင်လုံမဲကို Quota ဖြင့် စားခြင်း စားလဒ်အရ ကိုယ်စားလှယ်ဦးရေကို တွက်ချက်ခြင်းဖြစ်ပါသည်။ သာမန်အားဖြင့် ခိုင်လုံမဲစုစုပေါင်း ၆၀၀၀၀ တွင် A ပါတီက မဲ ၄၀၀၀၀ ရလျှင် ကိုယ်စားလှယ်လေးဦး၊ B ပါတီက မဲ ၂၀၀၀၀ ရလျှင် ကိုယ်စားလှယ် နှစ်ဦး ရမည့်သဘောဖြစ်ပါသည်။ Quota နည်းဖြင့် သတ်မှတ်ကိုယ်စားလှယ်ဦးရေ မပြည့်သေးပါက စားကြွင်းအရပါတီများ၏ ကြွင်းကျန်မဲများကို အများအနည်းအလိုက် ကိုယ်စားလှယ်တစ်ဦးကျစီ ဖြည့်စွက်ပေးခြင်းဖြစ်ပါသည်။
MMP အရ ဆန္ဒမဲရလဒ်များ ပေါင်းစည်း တွက်ချက်ခြင်းကိုတိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်မည်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက် ပွဲ ကိုယ်စားလှယ်များ၊ ပါတီကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲလေ့လာသူများ၊ အသိသက်သေများ၊ မဲဆန္ဒရှင်များက စောင့်ကြည့်လေ့လာနိုင်ပါသည်။ ဤတွက်နည်းအရ မဲဆန္ဒရှင်က မဲတစ်ကြိမ်ပေးရုံဖြင့် FPTP မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်များနှင့် PR မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်များကိုပါ တစ်ဆက်တစ်စပ်တည်း ရွေးကောက်တင်မြှောက် နိုင်မည်ဖြစ်ပါသည်။ အလွန်ရိုးရှင်းလွယ်ကူပါသည်။ FPTP အတွက်ရော PR အတွက်ပါ မျှတသော ကိုယ်စားလှယ်အချိုး ရရှိနိုင်ပါသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် MMP စနစ်နမူနာပုံစံ
မြို့နယ်အရေအတွက်နည်းသော ပြည်နယ်တစ်ခုအတွက် ဥပမာပေးတင်ပြလိုပါသည်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး ရွေးကောက် တင်မြှောက်ရာတွင် FPTP မဲဆန္ဒနယ် ခြောက်နယ်သတ်မှတ်၍ ကိုယ်စားလှယ်တစ်ဦးကျစီဖြင့် ခြောက်ဦး ရွေးကောက်တင်မြှောက်ပါမည်။ ယင်းမဲဆန္ဒနယ် ခြောက်နယ်ကို ပေါင်း၍ ပြည်နယ်တစ်ခုလုံးအား PR မဲဆန္ဒနယ် တစ်နယ်သတ်မှတ်ပါမည်။ FPTP မဲဆန္ဒနယ်များမှ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ ရရှိသည့်မဲများကို ပါတီကရရှိသည့်မဲများအဖြစ် တွက်ယူပြီး PR မဲဆန္ဒနယ်အတွက် ပါတီအချိုးကျ ကိုယ်စားလှယ်ခြောက်ဦး ရွေးကောက်တင်မြှောက် ခြင်း နမူနာတွက်နည်းအား ဇယား (၁)၊ ဇယား(၂)၊ ဇယား (၃) တို့ဖြင့် ဖော်ပြအပ်ပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မဲဆန္ဒနယ်နှင့်ရွေးကောက်ရမည့် ကိုယ်စားလှယ် အရေအတွက်ပေါ် မူတည်၍ MMP စနစ်အရ ဤနမူနာတွက်နည်းအတိုင်းဖြစ်ပါသည်။