စနစ်သစ်နှင့် ရွေးကောက်ပွဲဆီသို့ (၁)
မဲဆန္ဒရှင်တစ်ဦး
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟု ညွှန်းဆိုထားသည်။ နိုင်ငံသားတို့က အချုပ်အခြာအာဏာကို ကျင့်သုံးရန် ရွေးကောက်ပွဲနည်းလမ်းမှတစ်ပါး အခြားမရှိ။ ပြည်သူများက မိမိတို့ကို ကိုယ်စားပြုရမည့် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး၍ ရွေးချယ်ရသည်။ ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များက ပြည်သူ့ထံမှဆင်းသက်လာသည့် အချုပ်အခြာအာဏာ အရပ်ရပ်ကို ပြည်သူများကိုယ်စား ကျင့်သုံးဖော်ဆောင်ခြင်းဖြစ်ပါသည်။ ထို့အတွက် ပြည်သူတို့က ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသင့်ပါသည်။
ဒီမိုကရေစီရွေးကောက်ပွဲ
ဒီမိုကရေစီ ရွေးကောက်ပွဲဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော နိုင်ငံရေးပါတီများနှင့်ကိုယ်စား လှယ်လောင်းများအတွက် မဲဆန္ဒရှင် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများကို သက်ဆိုင်ရာလွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်နေရာများအဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ ကိုယ်စားပြုမှုကို ဖော်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးသည့်နိုင်ငံများသည် မိမိနိုင်ငံသမိုင်းကြောင်း၊ နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးဖြစ်ထွန်းမှု စသည့်အချက်များပေါ်မူတည်၍ ရွေးကောက်တင်မြှောက်ပုံစနစ်များကို ရေးဆွဲကျင့်သုံးရသည်။ ယင်းသို့ ကျင့်သုံးလိုက်သည့် ရွေးကောက်ပွဲစနစ်များသည် နိုင်ငံ့အနာဂတ်အတွက် ရေတို သို့မဟုတ် ရေရှည် အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းမှုအပေါ်တွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သက်ရောက်လျက်ရှိနေမည်ဖြစ်သည်။
ရွေးကောက်ပွဲအခြေခံသဘောတရားများ
ရွေးကောက်ပွဲတွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ သမာသမတ်ကျခြင်း၊ အများယုံကြည်လက်ခံခြင်း၊ တာဝန်ယူမှုရှိခြင်း၊ လူထုကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်း၊ အားလုံးပါဝင်နိုင်ခြင်း၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှုအားကောင်းခြင်း၊ ပြဋ္ဌာန်းဥပဒေများနှင့် ညီညွတ်ခြင်းတို့သည် အများကလက်ခံထားသည့် အခြေခံသဘောတရားများ ဖြစ်ပါသည်။
မည်သည့် ဒီမိုကရေစီအုပ်ချုပ်ရေးအတွက်မဆို ရွေးကောက်ပွဲစနစ်ရွေးချယ်မှုသည် အရေးကြီးသော ဥပဒေရေးရာမူဘောင်တစ်ရပ်ဖြစ်ပါသည်။ ရွေးချယ်လိုက်သည့် ရွေးကောက်ပွဲစနစ်တစ်ခုသည် နိုင်ငံ့အနာဂတ်နှင့် နိုင်ငံရေးပုံရိပ်တို့အပေါ်တွင် နက်ရှိုင်းစွာအကျိုးသက်ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲများသည် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အလွန်အရေးကြီးသည်။
အချို့ရွေးကောက်ပွဲစနစ်များက တစ်ပါတီတည်း ကြီးစိုးသည့်အခြေအနေကို ပေါ်ပေါက်စေသည်။ အချို့ရွေးကောက်ပွဲစနစ်များက ညွန့်ပေါင်းအစိုးရတစ်ရပ်ရပ်ကို ဦးတည်စေသည်။ အချို့ရွေးကောက်ပွဲစနစ်များက မဲဆန္ဒရှင်တို့၏ ကိုယ်စားပြုမှုကို အချိုးကျဖော်ဆောင်ပေးနိုင်ပြီး အချို့ရွေးကောက်ပွဲစနစ်များတွင် မဲသာသူက အနိုင်ရသဖြင့် ကျန်မဲဆန္ဒရှင်များအတွက် ကိုယ်စားပြုမှုဆုံးရှုံးနစ်နာရကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် မိမိနိုင်ငံ၊ မိမိပြည်သူနှင့် သင့်လျော်သော ရွေးကောက်ပွဲစနစ်များကို ရွေးချယ်၍လည်းကောင်း၊ တီထွင်ဖန်တီး၍လည်းကောင်း၊ ရွေးကောက်ပွဲစနစ်တစ်ခုမှတစ်ခုသို့ ပြောင်းလဲ၍လည်းကောင်း ရေးဆွဲကျင့်သုံးကြရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အတိတ်နှင့် ပစ္စုပ္ပန်ကို သုံးသပ်ပြီး အနာဂတ်ဖြစ်နိုင်ခြေများကိုလည်း ကြိုတင်မြော်တွေး၍ ဆောင်ရွက်ရသည်။
အခြေခံရွေးကောက်ပွဲစနစ်များ
ရွေးကောက်ပွဲစနစ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ နိုင်ငံအများစုတွင် ကျင့်သုံးနေသော အဓိကရွေးကောက်ပွဲစနစ်အုပ်စု ၃ အုပ်စုရှိသည်ဟု ဆိုပါသည်။ ဗဟုအများစုကိုယ်စားပြုစနစ်များအုပ်စုတွင် မဲအများဆုံးရသူ အနိုင်ရစနစ် (First Past The Post – FPTP)၊ နှစ်ကျော့ပြန်စနစ် (Two Round System - TRS)၊ ကြိုက်နှစ်သက်မှုဦးစားပေးစနစ် (Alternative Vote – AV)၊ ကိုယ်စားလှယ်ဗဟိုပြုစနစ် (Block Vote – BV)၊ ပါတီဗဟိုပြုစနစ် (Party Block Vote – PBV) တို့ ပါဝင်ပါသည်။ အချိုးကျကိုယ်စားပြုစနစ်များအုပ်စုတွင် စာရင်း အလိုက် အချိုးကျကိုယ်စားပြုစနစ် (List Proportional Representation – List PR) နှင့် လွှဲပြောင်း၍ရသော တစ်မဲတည်းမဲပေးစနစ် (Single Transferable Vote - STV) တို့ ပါဝင်ပါသည်။ ပေါင်းစပ်ထားသည့်စနစ်များအုပ်စုတွင် အပြိုင်စနစ် (Parallel System)နှင့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional – MMP) တို့ ပါဝင်ပါသည်။ အသုံးနည်းသည့် တွက်ချက်မှုရှုပ်ထွေးသော စနစ်အချို့လည်းရှိသည်ဟု ဆိုပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံတွင် ဗဟုအများစုကိုယ်စားပြုစနစ် ၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ၇၈ နိုင်ငံ၊ စနစ်နှစ်မျိုး ရောနှောထားသော ပေါင်းစပ်ထားသည့်စနစ်များ ကျင့်သုံးသည့် နိုင်ငံ ၃၃ နိုင်ငံနှင့် အခြားစနစ်ကျင့်သုံးသည့် နိုင်ငံ ၈ နိုင်ငံရှိကြောင်း သိရသည်။
ရွေးကောက်ပွဲစနစ်အတွက် လိုအပ်ချက်များ
ရွေးကောက်ပွဲစနစ်တစ်ရပ် ဖော်ဆောင်ခြင်းနှင့် စနစ်တစ်ခုမှတစ်ခုသို့ ပြောင်းလဲကျင့်သုံးခြင်း ဆောင်ရွက်ရာတွင် အခြေခံဥပဒေနှင့်ညီညွတ်ခြင်း၊ မျှတသောကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်း၊ ရိုးရှင်းလွယ်ကူစွာမဲပေးနိုင်ခြင်း၊ တန်းတူပါဝင်ယှဉ်ပြိုင်နိုင်ခွင့်ရှိခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များက မဲဆန္ဒရှင်ကို တာဝန်ခံခြင်း၊ မတူကွဲပြားမှုများကို စုစည်းနိုင်ပြီး တူညီသောညီညွတ်မှုကို ဖော်ဆောင်နိုင်ခြင်း၊ တည်ငြိမ်သော အစိုးရတစ်ရပ်ကို ဖြစ်ပေါ်စေခြင်း၊ နိုင်ငံရေးပါတီငယ်များနှင့် တိုင်းရင်းသားလူမျိုးစုများကို အားပေးခြင်း၊ နိုင်ငံတကာစံသတ်မှတ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် တည်ငြိမ်ပြီး ရေရှည်တည်တံ့စေခြင်း၊ တည်ငြိမ်သော နိုင်ငံရေးပုံရိပ်ကောင်းကို ဖြစ်ထွန်းစေခြင်း၊ အမျိုးသားအကျိုးစီးပွားကို ရေရှည်ဖော်ဆောင်နိုင်ခြင်းနှင့် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော ဗဟုနိုင်ငံရေး (Multipolitic)ကို မြှင့်တင်ပေးနိုင်ခြင်း စသည်တို့ အပေါ်တွင်အခြေခံပြီး စဉ်းစားသုံးသပ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်း
မြန်မာနိုင်ငံတွင် ယခင်က ရွေးကောက်ပွဲများကို မဲအများဆုံးရသူအနိုင်ရစနစ် FPTP ဖြင့် ကျင်းပခဲ့ပါသည်။ ယခင်ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲစနစ်၏ အားနည်းချက်၊ အားသာချက်၊ နိုင်ငံသားတို့၏ အကျိုးစီးပွားလိုအပ်ချက်၊ ရွေးကောက်ပွဲမှ ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးအကျိုးဆက်၊ အနာဂတ်နိုင်ငံ့အကျိုးစီးပွား မျှော်မှန်းချက်တို့အပေါ်မူတည်၍ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန် လိုအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၉-၇-၂၀၂၅ ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်သည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေများကို ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် လာမည့်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစနစ်သစ်ပါဝင်ကြောင်း ထင်သာမြင်သာတွေ့ရှိရသည်။ ပြည်သူ့လွှတ်တော်အတွက် ယခင်အတိုင်း FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် FPTP စနစ်အပြင် PR စနစ်လည်းပါဝင်သည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံးရန် ပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲ၏ အကျိုးကျေးဇူးဖြစ်သော FPTP စနစ်၏ အားသာချက်နှင့် PR စနစ်၏ ကောင်းကျိုးများ ရရှိစေရန်၊ တိုင်းရင်းသားလူမျိုးစုများအတွက် ပေါင်းစည်းခြင်း၊ ကိုယ်စားပြုခြင်းနှင့် မျှတခြင်း အခွင့်အလမ်းများကို မြှင့်တင်ပေးရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းစွာတွေ့ရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များစာရင်းကို ၁၅-၈-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့သည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအတွက် FPTP မဲဆန္ဒနယ် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအတွက် FPTP မဲဆန္ဒနယ် ၈၄ နယ်နှင့် PR မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် FPTP မဲဆန္ဒနယ် ၃၂၂ နယ်နှင့် PR မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ မဲဆန္ဒနယ် စုစုပေါင်း ၈၃၃ နယ်ဖြစ်ပါသည်။ FPTP မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ရမည်။ PR မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်နှစ်ဦးနှင့်အထက် ရွေးကောက်တင်မြှောက်ရမည်ဖြစ်ပါသည်။
MMP စနစ်ဆိုသည်မှာ
MMP စနစ်ဆိုသည်မှာ ရောနှောထားသည့် စနစ်များအုပ်စုတွင် ပါဝင်သည့်စနစ်တစ်မျိုး ဖြစ်ပါသည်။ မတူညီသည့် ရွေးကောက်ပွဲစနစ်နှစ်မျိုးကို ကျင့်သုံးခြင်းဖြစ်သည်။ သာမန်အားဖြင့် ဗဟုအများစုကိုယ်စားပြုစနစ်နှင့် အချိုးကျကိုယ်စားပြု စနစ်တို့ကို ပေါင်းစပ်ကျင့်သုံးခြင်းဖြစ်သည်။ အဓိက အားဖြင့် FPTP စနစ်နှင့် PR စနစ်တို့ကို ပေါင်းစပ်ပြီး မဲဆန္ဒနယ်နှင့် ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ခွဲခြား၍ ကျင့်သုံးခြင်းဖြစ်ပါသည်။ ပထမနည်း - မဲဆန္ဒရှင်က FPTP အတွက် မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို မဲတစ်ကြိမ်၊ PR အတွက် နှစ်သက်ရာပါတီကို မဲတစ်ကြိမ်၊ မဲနှစ်ကြိမ် ပေးသည့်စနစ်လည်းရှိသည်။ ဒုတိယနည်း - နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို မဲတစ်ကြိမ်သာပေးရပြီး ကိုယ်စားလှယ်လောင်းရရှိသည့်မဲက ယင်းကိုယ်စားပြုသည့်ပါတီကရသည့် မဲအဖြစ် FPTP အတွက်ရော PR အတွက်ပါ တွက်ယူသည့်စနစ်လည်း ရှိပါသည်။
လာမည့်ရွေးကောက်ပွဲအတွက် MMP စနစ်ကို ဒုတိယနည်းဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။ ဤနည်းလမ်းအရ မဲဆန္ဒရှင်က ယခင်ရွေးကောက်ပွဲများအတိုင်း မဲတစ်ကြိမ်သာပေးရပါမည်။ မဲတစ်ကြိမ် ပေးရုံဖြင့် FPTP ကိုယ်စားလှယ်ရော PR ကိုယ်စားလှယ်များကိုပါ တပေါင်းတစည်းတည်း ရွေးကောက်တင်မြှောက်နိုင်မည်ဖြစ်ပါသည်။ ရိုးရှင်းပါ သည်။ လွယ်ကူပါသည်။ ရှုပ်ထွေးမှုမရှိပါ။ အခက်အခဲလည်း မရှိပါ။ နိုင်ငံရေးပါတီများက FPTP မဲ ဆန္ဒနယ်အတွက်ရော PR မဲဆန္ဒနယ်အတွက်ကိုပါ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရန်ဖြစ်ပါသည်။ ရွေးကောက်တင်မြှောက်ခံရသည့်
ကိုယ်စားလှယ်များအား MMP စနစ်ဖြင့် ပေါင်းစည်းတွက်ချက်ခြင်းကို တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်မည်ဖြစ်သဖြင့် အမှားအယွင်းမရှိနိုင်ပါ။ ပါတီများကရသည့် ခိုင်လုံမဲအချိုးအစားအတိုင်း ကိုယ်စားလှယ်များ ရွေးကောက်ခံရမည်ဖြစ်ပါသည်။
MMP စနစ်အရ FPTP စနစ်နှင့် PR စနစ်တို့ကို ပေါင်းစပ်ကျင့်သုံးခြင်းဖြစ်သဖြင့် စနစ်နှစ်မျိုးစလုံး၏ အားသာချက်နှင့် ကောင်းကျိုးများကို ရရှိမည်ဖြစ်သည်။ FPTP စနစ်အရ ကိုယ်စားလှယ် အချိုးမညီမျှမှုကို PR စနစ်ဖြင့် အချိုးကျမျှတအောင် ဖြည့်ဆည်းပေးနိုင်သည်။ FPTP မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်နေရာမရခဲ့ပါကလည်း ပါတီကရသည့် အချိုးကျမဲအရ PR မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်ရရှိနိုင်သည့်စနစ်ဖြစ်ပါသည်။ မဲဆန္ဒရှင်များက နှစ်သက်ရာကိုယ်စားလှယ် လောင်းနှင့်ပါတီကို စိတ်ကြိုက်ရွေးချယ်နိုင်သည့် အခွင့်အလမ်းရှိသည်။ အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးစုပါတီများအတွက် ဒေသအလိုက် ကိုယ်စားပြုမှု ပိုမိုရရှိလာမည်ဖြစ်သည်။ လူထုအလွှာအသီးသီးကို ကိုယ်စားပြုသော ပါတီငယ်များအတွက်လည်း ကိုယ်စားလှယ်နေရာများ ပိုမိုရရှိလာမည်ဖြစ်သည်။ လွှတ်တော်တွင် ပါတီစုံဖြင့် ကိုယ်စားပြုမှုစနစ်ပိုမိုမြင့်မားလာမည်ဖြစ်သည်။ လွှတ်တော်တွင်း ယခင်သက်တမ်းက တိမ်းစောင်းခဲ့သည့် အပြန်အလှန်ထိန်းကျောင်းမှုယန္တရားကို ပြန်လည်တည့်မတ်ပေးနိုင်မည်ဖြစ်သည်။ ပါတီကြီးတစ်ခုတည်းက လွှမ်းမိုးသော နိုင်ငံရေးယဉ်ကျေးမှုပုံစံမှ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော Multiparty ပါတီစုံပုံစံ ပိုမိုပေါ်လွင်လာမည်ဖြစ်သည်။
ရွေးကောက်ပွဲစနစ်၊ မဲဆန္ဒနယ်နှင့် ကိုယ်စားပြုခြင်း
နိုင်ငံအလိုက် ရွေးကောက်ပွဲစနစ်တစ်မျိုးတည်းကို ကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်လျှင် ရွေးကောက်ပွဲစနစ်တစ်မျိုးစီခွဲခြားကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်တည်းတွင် ကိုယ်စားလှယ်အရေအတွက် ခွဲခြားသတ်မှတ်၍ ရွေးကောက်ပွဲ စနစ်နှစ်မျိုးပူးတွဲကျင့်သုံးခြင်းတို့ကို မိမိနိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေစွာ ရွေးချယ်ကျင့်သုံးကြောင်း တွေ့ရှိရပါသည်။
အချို့နိုင်ငံများက မည်သည့်ရွေးကောက်ပွဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားပြီး အချို့နိုင်ငံများက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိဘဲ လွှတ်တော်ရွေးကောက်ပွဲဥပဒေကဲ့သို့သော သက်ဆိုင်ရာဥပဒေများတွင်သာ ပြဋ္ဌာန်းထားပါသည်။ မည်သည့်ရွေးကောက်ပွဲစနစ်အတွက်မဆို မဲဆန္ဒနယ်သတ်မှတ်ခြင်းသည် အရေးကြီးပါသည်။ ရွေးကောက်ပွဲစနစ်အရ ကိုယ်စားလှယ်တစ်ဦးစီရွေးကောက်ရမည့် FPTP မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရွေးကောက်ရမည့် PR မဲဆန္ဒနယ်ဟူ၍ နှစ်မျိုးရှိပါသည်။ မဲဆန္ဒနယ်သတ်မှတ်ရာတွင် ကိုယ်စားလှယ်အရေအတွက်နှင့် နိုင်ငံ့လူဦးရေအချိုးအစားပေါ် အခြေခံ၍လည်းကောင်း၊ နယ်မြေဒေသကို အခြေခံ၍လည်းကောင်း၊ နယ်မြေတစ်ခုနှင့်တစ်ခု လူဦးရေအချိုးညီမျှမှုကို အခြေခံ၍လည်းကောင်း၊ လူမျိုးစုဒေသများကို အခြေခံ၍လည်းကောင်း သတ်မှတ်လေ့ရှိသည်။ FPTP စနစ်အရ မဲဆန္ဒနယ်တစ်နယ်ချင်းစီကိုယ်စားပြုသည်။ PR စနစ်အရ မဲဆန္ဒနယ်တစ်နယ်လုံးကို စုပေါင်းကိုယ်စားပြုရသည်။ ယခု ပြောင်းလဲကျင့်သုံးမည့် MMP စနစ်အရ မဲဆန္ဒနယ်ကိုယ်စားပြု FPTP ကိုယ်စားလှယ်များနှင့် ပါတီအချိုးကျကိုယ်စားပြု PR ကိုယ်စားလှယ်များကို လွှတ်တော်အလိုက် တပေါင်းတစည်းတည်းရရှိလာမည်ဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ စနစ်၏ အဓိကအနှစ်သာရဖြစ်သော ပေါင်းစည်းခြင်း၊ ကိုယ်စားပြုခြင်းနှင့် မျှတခြင်းတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။
စနစ်သစ်နှင့် ရွေးကောက်ပွဲအတွက် ထူးခြားချက် ၅ ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် အမှတ်စဉ် (၅) အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကလည်း ဦးတည်ချက် (၄) ရပ် ချမှတ်ခဲ့သည်။ ဦးတည်ချက် (၄) ရပ်သည် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် လမ်းပြမြေပုံပင်ဖြစ်ပါသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကခန့်အပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ကြီးကြပ်ကျင်းပပေးရမည်ဖြစ်ပါသည်။ ကျင်းပမည့်စနစ်သစ်နှင့် ရွေးကောက်ပွဲတွင် ထူးခြားချက် ၅ ချက် တွေ့ရှိရပါသည်-
ပထမအချက် - ယခင်အတွေ့အကြုံရှိပြီးဖြစ်သည့် FPTP စနစ်အပြင် ပါတီအချိုးကျ ကိုယ်စားပြု PR စနစ်ပါဝင်သည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျ MMP စနစ်ပြောင်းလဲကျင့်သုံးခြင်း ဖြစ်ပါသည်။ FPTP စနစ်အရ ရရှိမည့်ကိုယ်စားလှယ်အပြင် PR စနစ်အရ ပါတီအချိုးကျ ကိုယ်စားလှယ်များလည်း ရရှိလာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များက ယခင်မဲပေးသည့်စနစ်အတိုင်း FPTP မဲဆန္ဒနယ်များအတွက် နှစ်သက်ရာကိုယ်စားလှယ်လောင်းကို တစ်ကြိမ်သာမဲပေးပြီး မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်များကို အလွယ်တကူရွေးချယ်နိုင်ပါသည်။ နောက်ထပ် PR မဲဆန္ဒနယ်များအတွက် FPTP မဲဆန္ဒနယ်တွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းက ရရှိခဲ့သည့်မဲများကို ပါတီကရရှိသည့်မဲအဖြစ် သတ်မှတ်ပြီး ရိုးရှင်းလွယ်ကူသော Closed List စနစ်၊ ကြွင်းကျန်မဲအများဆုံးစနစ် (The Largest Remainder) နှင့် Hare Quota တွက်နည်းတို့ဖြင့် အချိုးကျကိုယ်စားလှယ်များကို ဥပဒေနှင့်အညီ တွက်ချက်ခွဲဝေပေးမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် FPTP မဲဆန္ဒနယ်များနှင့် PR မဲဆန္ဒနယ်များ သတ်မှတ်ထားသည်ဖြစ်ရာ ဒေသအလိုက် တိုင်းရင်းသားလူမျိုးစုများနှင့် ပါတီငယ်များ လွှတ်တော်တွင် ကိုယ်စားပြုနေရာများ ပိုမိုရရှိလာမည်ဖြစ်ပါ သည်။
ဒုတိယအချက် - ရွေးကောက်ပွဲနေ့ မဲရုံတွင် ဆန္ဒမဲပေးခြင်းနည်းလမ်းကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ပြောင်းလဲကျင့်သုံးမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များက ဆန္ဒပြုစက်တွင် ခလုတ်တစ်ကြိမ်နှိပ်၍ နှစ်သက်ရာကိုယ်စားလှယ်လောင်းကို အလွယ်တကူမဲပေးနိုင်ပါသည်။ မဲပေးစက်အသုံးပြုခြင်းဖြင့် ပယ်မဲမရှိခြင်း၊ ရိုးရှင်းလွယ်ကူစွာမဲပေးနိုင်ခြင်း၊ မဲဆန္ဒရှင်က မိမိမဲပေးထားချက်ကို မျက်မြင်စစ်ဆေးကြည့်ရှုနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ လွယ်ကူမှန်ကန်မြန်ဆန်ခြင်း၊ မဲရလဒ်များ မိနစ်ပိုင်းအတွင်း ထုတ်ယူနိုင်ခြင်း၊ အပြန်အလှန်စစ်ဆေးနိုင်ခြင်း၊ MEVM စက်တွင် ပြင်ပမှ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် USB Port များ မပါဝင်ခြင်း၊ Wifi၊ Bluetooth ကဲ့သို့သော ကြိုးမဲ့စနစ်နှင့် အင်တာနက်ကွန်ရက် ချိတ်ဆက်နိုင်သည့် စနစ်များမပါဝင်ခြင်းတို့ကြောင့် ပြင်ပမှ ဝင်ရောက်နှောင့်ယှက်၍မရဘဲ လုံခြုံမှုရှိခြင်း၊ မဲ မသမာမှုလုပ်၍မရခြင်း၊ ရာနှုန်းပြည့်ယုံကြည်စိတ်ချရခြင်း၊ ရွေးကောက်ပွဲအစဉ်အဆက် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။
တတိယအချက် - မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်းကို မြို့နယ်အဆင့်တွင် DEO Software၊ Admin Software ဖြင့်လည်းကောင်း၊ ဗဟိုအဆင့်တွင် ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) ဖြင့်လည်းကောင်း နည်းပညာအသုံးပြု၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃ အရ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၏ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ လူဦးရေစာရင်းတို့ကို ရယူအခြေခံပြုစုခြင်းဖြစ်သဖြင့် လူဦးရေစာရင်းများ ခိုင်မာမှုရှိသည်။ နည်းပညာဖြင့် စိစစ်ခြင်း၊ စီမံခန့်ခွဲခြင်း ဆောင်ရွက်နိုင်သည်ဖြစ်ရာ ယခင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကဲ့သို့ မဲစာရင်းမှားယွင်းမှုများကြောင့် မဲမသမာမှုများဖြစ်ပွားရန် အကြောင်းမရှိတော့ပါ။ မှန်ကန်ရှင်သန်နေသော မဲစာရင်းများအဖြစ် နောင်ရွေးကောက်ပွဲအစဉ်အဆက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။
စတုတ္ထအချက် - ရွေးကောက်ပွဲကို အပိုင်းလိုက် ဆောင်ရွက်မည့် အစီအမံဖြစ်ပါသည်။ အပိုင်း (၁) အတွက် ဆန္ဒမဲပေးရမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့နှင့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။ ဆက်လက်ကျင်းပမည့် အပိုင်းလိုက် မဲပေးရမည့်နေ့ရက်နှင့် မြို့နယ်များ စာရင်းကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ မဲရုံအားလုံးတွင် MEVM စက်များဖြင့် ဆန္ဒမဲပေးရပါမည်။ နယ်မြေဒေသအခြေအနေအရ ရွေးကောက်ပွဲလုံခြုံရေးနှင့် စီမံခန့်ခွဲရေးအစီအမံများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲကို အပိုင်းလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပဉ္စမအချက် - ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်အသစ်နှင့် အစိုးရအဖွဲ့အသစ်ပေါ်ပေါက်လာမည့် အချက်ဖြစ်ပါသည်။ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၏ အကျိုးကျေးဇူးအရ ဥပဒေပြုရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတွင် တိုင်းရင်းသားများနှင့် လူထုအလွှာအသီးသီး၏ ကိုယ်စားပြုမှု ပိုမိုပါဝင်လာမည်ဖြစ်ပါသည်။ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းကြောင်းနှင့် လွှတ်တော်နိုင်ငံရေး ယဉ်ကျေးမှုလမ်းကြောင်းတို့မှတစ်ဆင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လမ်းခင်းပေးထားသည့်အချက်ပင်ဖြစ်ပါသည်။
ပြည်သူအားလုံးပါဝင်သော ရွေးကောက်ပွဲ
လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန် ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့များဖြစ်သည့် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများက စွမ်းဆောင်ရည်ကောင်းကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြမည်။ ရွေးကောက်ပွဲနေ့ မဲရုံတစ်ရုံချင်းစီ၏ ရည်မှန်းချက်တာဝန်များ အောင်မြင်ပြီးမြောက်စေရန် မဲရုံအဖွဲ့များကလည်း လုပ်ငန်းကျွမ်းကျင်မှုဖြင့် ဆောင်ရွက်ကြမည်။ ရွေးကောက်ပွဲအတွက်လိုအပ်သော စီမံခန့်ခွဲရေးနှင့် လုံခြုံရေးအစီအမံများကို အစိုးရ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးမည်။ ရွေးကောက်ပွဲယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကလည်း ဥပဒေဘောင်အတွင်းမှ မိမိတို့ပါတီအသီးသီး၏ စည်းရုံးရေးစွမ်းရည်ကို ပြသကြရမည်။ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံးလွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။ မဲဆန္ဒရှင်ဖြစ်သူများကလည်း ရွေးကောက်ပွဲတွင် မိမိတို့၏ ဆန္ဒမဲနှင့် နိုင်ငံသားအခွင့်အရေးကို ကျင့်သုံးပြီး နိုင်ငံတော်နှင့် နိုင်ငံသား တို့အတွက် အရည်အချင်းရှိသော ကိုယ်စားလှယ် ကောင်းများကို ရွေးချယ်နိုင်ရန် မျှော်လင့်သည်။ ပြည်သူတို့က ဉာဏ်နှင့်ယှဉ်သော ဆန္ဒမဲတို့ဖြင့် အရည်အချင်းရှိသည့် လူကောင်းလူတော်များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လိုအပ်သည်။ ရွေးကောက်ပွဲအား မလိုလား၍ နှောင့်ယှက်ဖျက်ဆီးမည့်သူများ၏ အန္တရာယ်ကိုလည်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပြည်သူအားလုံးပါဝင်သော ရွေးကောက်ပွဲမှတစ်ဆင့် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် တက်ညီလက်ညီ တက်စုံရွက်စုံဖြင့် ဆက်လက်ချီတက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
နိဂုံး
ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအား ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာပင်ဖြစ်ပါသည်။ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အစိုးရအဖွဲ့ကဦးဆောင်ပြီး နိုင်ငံတော်တည်ဆောက်ရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတာဝန်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိနေပါသည်။ သို့ဖြစ်ပါ၍ မဲဆန္ဒရှင်ပြည်သူအားလုံးနှင့် တိုင်းရင်းသားလူမျိုးစုများ အားလုံးအတွက်မျှတသော ကိုယ်စားပြုမှုနှင့် အာမခံချက်ရရှိရေး၊ တည်ငြိမ်အေးချမ်းပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရေရှည်ရှင်သန်ခိုင်မာစေရေးတို့အတွက် အရေးကြီးဆုံးဖြစ်သည့် အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် ရည်မှန်းချက်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။