Skip to main content

သဘာဝဘေးဒဏ် မှုရန်မလို အစိုးရနှင့်ပြည်သူ ညီညွတ်ကြဖို့သာလို

မောင်အောင်

“ဟာကိုကိုကြိုင်။ မင်းကြက်ခြံကအများကြီး ပြောင်းလဲသွားပါလား။ ပြီးခဲ့တဲ့နှစ် ၉ လပိုင်း ရာဂီမုန်တိုင်းအပြီးရေကြီးတုန်းက အတော်လေးယိုယွင်းသွားပြီး အခုတော့ အဆောက်အအုံတွေက ပတ်ကားတောင်ဖြစ်သွားပါလား

ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာရှိ ဦးကိုကြိုင်၏ ကြက်ခြံအရောက် ဘကြီးအောင်ဝမ်းသာအားရ ပြောလိုက်ခြင်းဖြစ်သည်။ မှန်ပါသည်။ ဦးကိုကြိုင်၏ ကြက်ခြံသည် ဆင်သေကျေးရွာတွင်ရှိသည်။ မြေငါးဧကကျော်ကျော် ကျယ်သော်လည်း၊ မြေပြန့် မဟုတ်။ ကျင်းတွေ ချိုင့်တွေရှိသည်။ ဦးကိုကြိုင်က ပညာတတ်တစ်ဦးပီပီမြေကို အကျိုးရှိစွာအသုံးချ သည်။ မြေကြီးကုန်းမို့မို့နေရာများတွင် ကြက်ခြံ ဆောက်သည်။ ကြက်မွေးသည်။ ကျင်းများ၊ ချိုင့်များတွင် မြေကို ပြုပြင်သည်။ ချိုင့်ကိုပြုပြင်ပြီး ငါးမွေးသည်။ သည်တော့ ဦးကိုကြိုင်၏ ဘက်စုံမွေးမြူ ရေးခြံကလေးသည် ငါးကန်နှင့် ကြက်ခြံနှင့် ရှုချင်စဖွယ်ဖြစ်သည်။ ကြက်ခြံတစ်ခြံနှင့်တစ်ခြံလည်းကပ်၍ မနေသဖြင့် ဇီဝလုံခြုံမှုကောင်းသည်။ ကြက်ခြံရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေကောင်းလေသန့်ကြောင့် ကြက်ခြံများ အနံ့ အသက်ကင်းသည်။ ကြက်များ ကျန်းမာသန်စွမ်းကြသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်

သို့သော် ပြီးခဲ့သည့်နှစ် ရာဂီမုန်တိုင်းတိုက်အပြီး တွင် အခါမဲ့ မိုးသည်းထန်စွာရွာသည်။ မိုးကြီးသည်။ ဘကြီးအောင်တို့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မကြုံဖူးသည့် မိုးကြီးသည်းထန်စွာ ရွာခြင်းဖြစ်သည်။ မြန်မာပြည်အလယ်ပိုင်း ရေရှားပါးသည့် ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်တို့တွင် ယာခင်းတွေ ရေကြီးသည်။ နေပြည်တော် ပျဉ်းမနားတွင် စိုက်ပြီးစပါးခင်းများရေကြီး၍ ရွှံ့နွံတွေဖုံးလွှမ်းကုန်သည်။ နေပြည်တော်နှင့် တပ်ကုန်းကြားဆက်သွယ်ထားသည့် ကွန်ကရစ်တံတားကြီး ပြိုကျပျက်စီးသည်။ ပုဗ္ဗသီရိနှင့် နေပြည်တော် မန္တလေးသွားကားလမ်းကို ဆက်သွယ်ထားသည့် ဆင်သေချောင်းတံတားကြီး ရေထဲမျောပါခဲ့သည်။ ဆင်သေချောင်းနံဘေးရှိ တဲအိမ်ကလေးများ အလုံးလိုက် ဆင်သေချောင်းရေတွင်မျောပါခဲ့ကြသည်။

သည်တော့လည်း ဆင်သေရွာရှိ ဦးကိုကြိုင်၏ မွေးမြူရေးခြံကလေးသည် ဆင်သေချောင်းရေဖြင့် ဖုံးလွှမ်းသွားသည်။ ငါးကန်တွေ ရေကျော်သဖြင့် ငါးတွေလွတ်ကုန်သည်။ ကြက်ခြံတွေပျက်စီးသည်။ မွေးထားသည့် ကြက်ကောင်ရေ ၄၀၀၀၀ လည်း ရေနစ်၍ သေကုန်သည်။ ရေထဲမျောပါသွားကြသည်။

သဘာဝဘေးဒဏ်ကြုံတွေ့လျှင် ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်လေ့ရှိသည့် နိုင်ငံတော်အကြီးအကဲက ဝန်ကြီးများနှင့်အတူ ရေကြီးနစ်မြုပ် သည့်နေရာများသို့ကိုယ်တိုင် ကွင်းဆင်း၍ကြည့်သည်။ ဒုက္ခသည်များကို အားပေးစကားပြောသည်။ လတ်တလောလိုအပ်ချက်များကို ထောက်ပံ့ပေးပြီး ဝန်ကြီးဌာနများအလိုက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်သည်။ ပျက်စီးဆုံးရှုံးမှုများ ကို စာရင်းကောက်စေသည်။ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်ရေး တွန်းအား ပေးသည်။

သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံ

သည်တော့လည်း ဘကြီးအောင်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေဖုံး လွှမ်းသွားသော လယ်များ၊ ယာများကို စာရင်းကောက်သည်။ ရေပြန်ကျသွားသည့်အချိန်တွင် ပျက်စီးသည့်လယ်များ ဆက်လက်ရှင်သန်နိုင်မည့် လယ်များ၊ ပြန်လည်စိုက်ပျိုးရမည့် လယ်များကို စာရင်းပြုစုရသည်။ ပြန်လည်စိုက်ပျိုးရမည့်လယ်များ ပြန်လည်ထွန်ယက်ရေး လိုအပ်သည့်မျိုးစေ့၊ သွင်းအားစုဓာတ်မြေဩဇာ တွက်ချက်ရသည်။ စုဆောင်းရသည်။ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရမည့် လူသားတို့၏အားမာန်ဖြင့် လိုအပ်သည်များကို စုဆောင်းဖြစ်သည်။

သဘာဝဘေးဒဏ်နှင့် ပတ်သက်၍ ဘကြီးအောင် မှတ်မိသေးသည်။ ဘကြီးအောင်တို့ အထက်တန်း ကျောင်းသားဘဝ၊ ၁၉၆၆ ခုနှစ်လောက်က ရခိုင်မှာ မုန်တိုင်းအကြီးအကျယ်ဝင်၍ ပြည်သူများအတိ ဒုက္ခရောက်ခဲ့ကြသည်။ ထိုအချိန်တုန်းက ဘကြီးအောင် အထက်တန်းကျောင်းသားဘဝဖြစ်နေ၍ သတင်းစာထဲက သတင်းကိုဖတ်၍ ရခိုင်ပြည်နယ်ရှိ ကိုယ့် ညီအစ်ကိုမောင်နှမ တိုင်းရင်းသားများအတွက် စိတ်မကောင်းတော့ ဖြစ်ခဲ့ဖူးသည်။ ကိုယ်တွေ့မဟုတ် တော့ သိပ်ပြီးတော့မခံစားရ။

၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်း တိုက်သောအခါ ဘကြီးအောင် နိုင်ငံ့ဝန်ထမ်းဖြစ်နေပြီ။ မွေးကုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေပြီ။ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ထိခိုက်ဆုံးရှုံးမှုအကြီးအကျယ်ဖြစ်သည်။ ထို့ကြောင့်လည်း “အလှည့်ကျလျှင် မနွဲ့ကြစတမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘကြီးအောင် ကားတစ်စီးဖြင့် ထွက်ခဲ့ဖြစ်သည်။ လှိုင်သာယာ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဖျာပုံအထိ ထွက်ခဲ့သည်။ လမ်းခရီးတစ်လျှောက် အပျက်အစီး၊ အဆုံးအရှုံးများကို ကူညီရင်း၊ အားပေးရင်းကွမ်းခြံကုန်းရောက်သည့်အခါ ဘကြီးအောင်တို့ မွေးကုဦးစီးဌာန မြို့နယ်ရုံး၊ ပြင်းထန်စွာဆောင့်ဝင်လာသည့် ရေလုံးကြောင့် ရုံးအဆောက်အအုံပြိုကျပြီး ရေထဲမျောသွားသည်။ ညအချိန်ဖြစ်၍ တစ်ဦးကိုတစ်ဦး မကယ်နိုင်။ မြို့နယ် ဦးစီးမှူး၏ အသက် ၄၀ ကျော်အရွယ် ဇနီးနှင့် ၁၆ နှစ် အရွယ်သားပါ ရေထဲမျောပါသွားသည်။ မြို့နယ် ဦးစီးမှူးနှင့် သူ့ယောက္ခမကြီးသာ မြို့အဝင်က ပေ ၃၀ ခန့်မြင့်သည့် ကွန်ကရစ်ရေစင်ကြီး၏ တိုင်လုံးများကို ဖက်တွယ်၍ကျန်ခဲ့သည်။ ည ၁၀ နာရီခွဲခန့် ရုံးအဆောက်အအုံပြိုကျ ရေထဲပါသွား ခြင်းဖြစ်သဖြင့် တစ်ဦးကိုတစ်ဦးမကယ်နိုင်။ နံနက် မိုးလင်းရှာမတွေ့မှ ရေထဲမျောပါသွားကြောင်း သိရခြင်းဖြစ်သည်။

ဘကြီးအောင် ကွမ်းခြံကုန်းရုံးနေရာ ရောက်သွားသည့်အခါ မြို့နယ်မှူး ယောကျ်ားရင့်မကြီးက မျက်ရည်လည်ရွဲဖြင့် ဘကြီးအောင်ကို ဝမ်းပန်းတနည်းပြောပြသည်။ သူ့မိန်းမနှင့် သားနောက် သူပါလိုက်သွားမည်ဟု ပြောနေသည်။ အလောင်းမတွေ့မချင်း သေဆုံးသည်မှာ မသေချာပါ။ တွေ့အောင်ရှာကြရန်သာ ဘကြီးအောင်ပြော၍ နှစ်သိမ့်ရသည်။ နှစ်ရက်လောက်ကြာတော့ ချောင်းအောက်ပိုင်းတွင် မြို့နယ်ဦးစီးမှူးဇနီးနှင့်သား အလောင်းပြန်တွေ့သည်။ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရသော်လည်း စိတ်တုံးတုံးချနိုင်တော့သည်။

ဘကြီးအောင် ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးဘက် ရောက်သောအခါ နာဂစ်ဘေးဒဏ်ကြောင့် ဆုံးရှုံး ပျက်စီးမှုများ၊ ကြက်၊ ဝက်၊ ကျွဲ၊ နွားတိရစ္ဆာန်နှင့် လူသေဆုံးမှုများ ထိတ်လန့်ဖွယ်မြင်တွေ့ရသည်။ ဘကြီးအောင်ကိုယ်တွေ့။ အဆိုးရွားဆုံးကတော့ လပွတ္တာမြို့ ဘုရားတန်ဆောင်းဓမ္မာရုံထဲတွင် ဒုက္ခသည်တွေကအပြည့်။ လင်ပျောက်သူ၊ သားပျောက် သူ၊ မယားပျောက်သူများက စုံလှသည်။ ပြန်မလော့ မြစ်ထဲ၊ ချောင်းထဲတွင် ကျွဲနွားအသေကောင်၊ တိရစ္ဆာန် အသေကောင်နှင့် လူသေကောင်များဖြင့် ညှီစို့စို့ အနံ့ကြီးက ရေပြင်ကို ညစ်ညမ်းစေသည်။ လူသား အပေါင်းအား စိတ်ထောင်းကိုယ်ကြေဖြစ်စေသည်။

အားကြိုးမာန်တက် ဆောင်ရွက်ခဲ့

သေသူတွေကတော့ သဘာဝဘေးဒဏ်ကြောင့် သေဆုံးသွားကြပြီ။ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ ခံရင်း ရှင်သူများဖြစ်သည့် ဘကြီးအောင်အပါအဝင် ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများက ဒုက္ခသည် များကို ထမင်းထုပ်ဝေသည်။ အားပေးနှစ်သိမ့်စကား ပြောသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြသည်။

ဤသို့ဖြင့် အခက်အခဲ၊ အကျပ်အတည်းများကို ကျော်ဖြတ်ရင်း ၂၀၂၀ ပြည့်နှစ်ကို ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပသည်။

ပါတီများ အားကြိုးမာန်တက် ယှဉ်ပြိုင်ကြသည်။ နိုင်ငံတော်တည်ဆောက်ရေးတွင် သာတူညီမျှ ပူးပေါင်းပါဝင်လိုကြသည်။ ဘကြီးအောင်ပင် နိုင်ငံတော်ချစ်သည့် နိုင်ငံသားတစ်ယောက်ပီပီ ရွေးကောက်ပွဲတွင် ဇာတိရပ်ရွာမှ ဝင်ရောက်ယှဉ်ပြိုင်သည်။ ကျေးရွာတွေအရောက်သွားသည်။ တောင်သူများနှင့် ဆွေးနွေးသည်။ စည်းရုံးသည်။ တရားဟော သည်။ ဘကြီးအောင်သည် မြို့အထက်တန်းကျောင်း တွင် ကျောင်းနေစဉ် စာတော်၍ ထိုခေတ်က ကျောင်းသူ ကျောင်းသား အတော်များများက သိသည်။ ဆရာ ဆရာမများ ချီးကျူးသည့်အထဲ တွင် ပါသည်။ ဘကြီးအောင်၏ အစ်မအကြီးက လမ်းစဉ်လူငယ်အတွင်းရေးမှူး။ နောက် အစ်မ အငယ်နှင့်ညီက ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာကြီး၊ ထို့ကြောင့် ဘကြီးအောင်တို့ မောင်နှမ လေးယောက်ကို အတော်များများသိကြသည်။ သို့ဖြစ်၍ ဝင်ရောင်ယှဉ်ပြိုင်ရာတွင် ကိုယ့်ကိုယ်ကိုယ် လည်း ကျေနပ်အားရမိသည်။ ရလဒ်ကောင်း ရမည်ထင်သည်။ သို့သော် ဘကြီးအောင် မဲမနိုင်ပါ။

ထိုအချိန်က အာဏာရပါတီသည် ကြိုတင်မဲများ၊ နှစ်ခါပြန်ထည့်သည့်မဲများ၊ အသက်ရာကျော်မဲဆန္ဒရှင်များ၏ မဲအရေအတွက်ဖြင့် မဲနိုင်ကြောင်းကြေညာခဲ့သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများအားလုံးက မဲအဖြေကိုမကျေနပ်ကြ။ ပထမက တိုးတိုးကန့်ကွက်သည်။ နောက်ပိုင်းတွင် ကျယ်ကျယ်လောင်လောင် ကန့်ကွက်လာသည်။ ရွေးကောက်ပွဲကော်မရှင်ကို ဖြေရှင်းပေးရန်တောင်းဆိုသည်။ အာဏာရပါတီကို ဖြေရှင်းပေးရန် တောင်းဆိုသည်။ အာဏာရပါတီက တုတ်တုတ်မျှမလှုပ်။ ဖြေရှင်းပေးရန်မကြိုးစား။ လွှတ်တော်ကိုဇွတ်ခေါ်ရန်သာကြေညာသည်။ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ဇွတ်ရယူရန်သာပြင်ဆင်တော့သည်။

ပြည်သူ့အကျိုးကို ထာဝစဉ်ဦးထိပ်ထားသော တပ်မတော်သည် မည်သည့်ပါတီဘက်မှမပါ။ မည်သည့်မူဝါဒမှမယိမ်း။ ဒို့တာဝန်အရေးသုံးပါးကို စောင့်ရှောက်ထိန်းသိမ်းပြီး နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတာဝန်ကိုသာ တစိုက်မတ်မတ်ထမ်းဆောင်လျက်ရှိသည်။

သို့ဖြစ်၍ အာဏာရပါတီ မဲလိမ်၊ မဲခိုးသည်ကို မကျေနပ်သောပါတီများက ဤကဲ့သို့သော အခြေ အနေတွင် တပ်မတော်သည် လက်ပိုက်ကြည့်မနေဘဲ ရွေးကောက်ပွဲကော်မရှင်နှင့် အာဏာရပါတီက ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပေးပါရန် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကို တောင်းဆိုလာသည်။ ပါတီအများစု၏ ဆန္ဒ သည် ပြည်သူ့ဆန္ဒပင်ဖြစ်သည်။ ထို့ကြောင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍မရပါ။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုအင်ကို ဖြည့်ဆည်းပေးရန်မှာ တပ်မတော်၏တာဝန်ဖြစ်သည်။ ထိုသို့သာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခံယူသည်။

သို့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာရပါတီနှင့် အစိုးရအဖွဲ့ကို နှစ်ကြိမ်တိုင် ဖြေရှင်းပေးရန် စာဖြင့်တင်ပြသည်။ အရေးယူဆောင်ရွက်မှုမပြု။ လူကိုယ်တိုင် တွေ့ဆုံမေးမြန်း ရန် ခွင့်တောင်းသည်။ တွေ့ခွင့်မရပါ။

ဤသို့ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး တပ်မတော်က နိုင်ငံတော်တာဝန်ကို ယူခဲ့ရပါသည်။

တပ်မတော် တာဝန်ယူခဲ့ရသည့်အချိန်သည် နိုင်ငံတော်တစ်ဝန်းတွင် ကိုဗစ်ကပ်ရောဂါဘေးဒဏ် အကြီးအကျယ်ခံစားနေရသော အချိန်ဖြစ်သည်။ ရပ်ကွက်အလိုက် ခြံစည်းရိုးကာ၊ တံခါးပိတ်ထားသည်။ တစ်မြို့နှင့်တစ်မြို့၊ တစ်နယ်နှင့်တစ်နယ် ကူးသန်းသွားလာ၍မရ။ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ လေကြောင်းလမ်းတွေ အားလုံးရပ်ဆိုင်း ထားသည်။ စာသင်ကျောင်းတွေပိတ်ထားရသည်။ လူငယ်များ မျက်စိပိတ်၊ နားပိတ်ဖြစ်နေသည်။

ထိုအခြေအနေတွင် တပ်မတော်အစိုးရက ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်၍ တစ်ကိုယ်ရေ သန့်ရှင်းရေးမှအစ ကာကွယ်ဆေးထိုးမှုအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို အလေးအနက်ထား၍ ဆောင်ရွက်သည်။ နှာခေါင်း စည်းတပ်ခြင်း၊ လူအုပ်စုတွင်း သွားရောက်မှု ရှောင်ကြဉ်ခြင်းအပါအဝင် ပညာပေးမှုများကို အလေး အနက်ထား ဆောင်ရွက်သည်။ စာသင်ကျောင်းများ တွင် လက်ဆေးခွက်ထား၍ လက်ဆေးခြင်းအပါအဝင် ကူးစက်ရောဂါထိန်းချုပ်ရေး၊ စည်းကမ်းများ အလေး အနက် လိုက်နာစေပြီး စာသင်ကျောင်းများကို ပြန်ဖွင့်သည်။ လူငယ်များ အသိအမြင်ဗဟုသုတရရေး၊ ပညာတတ်ရေး စာသင်ကျောင်းများကို အချိန်တို အတွင်း ဖွင့်လှစ်နိုင်မှုသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (တပ်မတော်အစိုးရ) ၏ ပထမအဆင့် သဘာဝဘေးဒဏ်ကို ပြည်သူနှင့်ပူးပေါင်း၍ ကြံ့ကြံ့ခံတွန်းလှန်နိုင်သည့် သမိုင်းတင်ရမည့် အောင်မြင်မှုဖြစ်သည်။

ဒုတိယအောင်မြင်မှုကမိုခါ။

၂၀၂၃ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်၌ မိုခါ မုန်တိုင်း ဝင်ရောက်တိုက်ခတ်သည်။ မတိုက်ခတ်မီ နိုင်ငံတော်၏ မိုးလေဝသဌာနက ကြိုတင်ကြေညာ သည်။ မြစ်ကမ်းစပ်တွင် နေထိုင်ကြသူများ၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရန်ဖြစ်သည်။ မိုးလေဝသ၏ကြေညာချက်ကို ယုံကြည်သူများက ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းကြသည်။ မကြောက်သူ များ၊ မယုံကြည်သူများက မရွှေ့ပြောင်းကြ။ မျက်ကန်းတစ္ဆေမကြောက်ဖြစ်သည်။ သည်တော့ မိုခါမုန်တိုင်းဝင်ရောက်လာသည့်အခါ မဆုံးရှုံးသင့် သည်များ ဆုံးရှုံးရသည်။ လူမသေမပျောက်သင့် သည်ထက် ပိုမိုသေပျောက်ရသည်။ စစ်တွေတွင် ရှိသမျှ အဆောက်အအုံများ၏ အမိုးများလွင့်စင်ကုန် သည်။ ခြံစည်းရိုးအုတ်တံတိုင်းများလည်း ပြိုကြ သည်။ အဆင့်မြင့်အဆောက်အအုံများ မိုးဒဏ်လေဒဏ်ကောင်းကောင်းခံရသည်။

အပျက်အစီးများကို ရှင်းလင်းဖယ်ရှား

မိုခါမုန်တိုင်းတိုက်အပြီး နောက်တစ်နေ့တွင် နိုင်ငံတော်အကြီးအကဲက ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ အပါအဝင် အဖွဲ့စုံဖြင့် စစ်တွေမြို့သို့ ရောက်သွားသည်။ အပျက် အစီးများကို ကြည့်ရှုစစ်ဆေးသည်။ မုန်တိုင်း ဒဏ်သင့်ပြည်သူများ၊ အိုးအိမ်ဆုံးရှုံးသူများကို အမိုးအကာအောက် ချက်ချင်းရောက်စေရန် စီမံ ကွပ်ကဲသည်။ အစားအသောက်များကို ချက်ချင်းမျှဝေပေးရန် စီမံကွပ်ကဲသည်။ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူစုစည်းပြီး အပျက်အစီးများကို ရှင်းလင်းဖယ်ရှားသည်။ ပျက်စီးသွားသည့် သာသနိကအဆောက်အုံများ၊ စာသင် ကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိက နေအိမ်များပြုပြင်ရန်၊ အိမ်ဆောက်ပစ္စည်းများ စစ်တွေသို့ စုစည်း၍ ပို့စေသည်။ အပျက်အစီးများ ရှင်းလင်းသွားသည့် နေရာများတွင် တည်ဆောက် ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရန် စီမံကွပ်ကဲ သည်။

နိုင်ငံတော်အကြီးအကဲ၏ စီမံကွပ်ကဲမှုဖြင့် ဒုတိယအသုတ်တွင် ဘကြီးအောင် စစ်တွေကို ပါသွားသည်။ ဘကြီးအောင်ရောက်သွားချိန်သည် မိုခါမုန်တိုင်းတိုက်အပြီး တစ်လအကြာတွင်ဖြစ်သည်။ အပျက်အစီးတော်တော်များများ ဖယ်ရှားရှင်းလင်း ပြီးချိန်ဖြစ်သည်။ ဘကြီးအောင်တို့ ကိုယ့်ဝန်ကြီး ဌာနတာဝန်အလျောက် ကိုယ်လုပ်ကြသည်။ သာသနာရေးက သာသနိကအဆောက်အအုံများ၊ စေတီပုထိုးများ ပြန်လည်ပြင်ဆင်မှု စီမံကွပ်ကဲသည်။ လျှပ်စစ်က မီးလင်းရေး အားသွန်ခွန်စိုက်ကြိုးပမ်း သည်။ ဆက်သွယ်ရေးက ဖုန်းလိုင်းများ ပြန်လည် ကောင်းမွန်ရေး အားစိုက်သည်။ သစ်တောနှင့် သယံဇာတအဆာက်အအုံများ ပြန်လည်ဆောက်လုပ်ရန် သစ်ရရှိရေး သစ်လုံးများ သယ်ယူလွှစင်များ ထောင်ပြီး သစ်ခွဲသားများ ထုတ်ပေးသည်။

ဘကြီးအောင်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကတော့ မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ လယ်များအတွက် စပါးမျိုးစေ့ကို ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှမှာယူ၍ ရခိုင်ပြည်နယ်သို့တင်ပို့စေပြီး မျိုးစေ့ဖြန့်သူကဖြန့်၊ ထွန်စက်များဖြင့်ထွန်ယက်သူကထွန်ယက်၊ ပျိုးထောင်သူကပျိုးထောင်၊ ကောက်စိုက်သူက ကောက်စိုက်ကြသည်။ သက်ရှိသတ္တဝါတိုင်းအတွက် အရေးကြီးသည်မှာ စား၊ ဝတ်၊ နေရေးပင်ဖြစ်သည်။ ကမ္ဘာဦးအစမှ ယနေ့အချိန်အထိ အရေး ကြီးသည့် သည်သုံးချက်သည် မဖောက်မပြန် မှန်ကန် နေဆဲဖြစ်သည်။ ထို့အတွက် စားရေးအတွက် ပျက်စီး သွားသောလယ်ကွက်များတွင် စပါးပြန်စိုက်ကြသည်။

သဘာဝဘေးဒဏ်ကြောင့် တောင်သူလယ်သမား များ၏ဒုက္ခကို နိုင်ငံတော်အကြီးအကဲအပါအဝင် ပြည်သူ့ဝန်ထမ်းများက မျှဝေခံစားရင်း ဝိုင်းဝန်း ကူညီသောအခါ ပြည်သူများ ဝမ်းသာကြည်နူးကြသည်။ ခံစားပီတိရင်ဝယ်ငြိမိသည်။ ထိုအချိန်တုန်းက မိုခါမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံတွန်းလှန်ခဲ့သည့် ပြည်သူတို့၏အားမာန်ကို ဘကြီးအောင်က “မိုခါကိုအန်တု စံပြုထိုက်သည့် ပြည်သူတွေ” ဟု ဂုဏ်ပြုခံစားမိသည်။ မှတ်တမ်းတင်ခဲ့သည်။ ထို့အတူ ဒေသခံပြည်သူများအား လိုအပ်သည့် မျိုးစပါးများထောက်ပံ့ရင်း၊ ထွန်စက်များ အားဖြည့်ကူညီရင်း ကျန်ရှိသေးသည့်ဝန်ကြီးဌာန၏ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် ဘကြီးအောင်တို့ ဒုတိယဝန်ကြီးများအဖွဲ့ စစ်တွေကို နှုတ်ဆက်၍ နေပြည်တော်သို့ ပြန်ခဲ့ရပါသည်။ သည်တုန်းက စစ်တွေတွင် ပြည်သူများနှင့် ပူးပေါင်းလှုပ်ရှားခဲ့ရမှုများကို တွေ့မြင်ခံစားရင်း “သာလီစွပါ ဓညဝတီ” ဖြင့် စစ်တွေကို နှုတ်ဆက်ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်ကား မမျှော်လင့်သည့် ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့ပါသည်။ မထင်မှတ်သည့် မိုးကြီးသည်းထန်စွာရွာသည်။ အညာအရပ်ဒေသတွင် ရေတွေကြီးသည်။ လယ်တွေပျက်သည်။ ချောင်းဘေးက အိမ်တွေမျောပါကြသည်။ ဘကြီးအောင်တို့ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင် တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း သဘာဝဘေးဒဏ်သည် တစ်နှစ်တစ်မျိုး မရိုးနိုင်အောင်စည်းလုံးညီညွတ်မှုရှိသော ပြည်သူနှင့်အစိုးရကို စိန်ခေါ်သည်၊ အားစမ်းသည်။

၂၀၂၂ ခုနှစ်က ကိုဗစ်ကပ်ရောဂါ၊

၂၀၂၃ ခုနှစ်မှာ မိုခါမုန်တိုင်း၊

၂၀၂၄ ခုနှစ်မှာ ရာဂီ။

ဇွဲကြီးသောအစိုးရ။ ပြည်သူ့အကျိုးကို ထာဝရဦးထိပ်ပန်ဆင်သော အစိုးရ။ တပ်မတော်နှင့် ပြည်သူကြည်ဖြူစွာ လက်တွဲခိုင်ခိုင်ဖြင့် နိုင်ငံတော်တည်ဆောက်ရေးကို၊ အားကြိုးမာန်တက် ဆောင်ရွက် နေသည့် ကာလတွင် သဘာဝဘေးဒဏ်က အစိုးရနှင့် ပြည်သူ၏အားမာန်ကို နည်းမျိုးစုံဖြင့် စမ်းသပ်ခဲ့ပါသည်။

သို့သော်လည်း နိုင်ငံတော်နှင့်ပြည်သူ၏ ခိုင်မြဲသော စည်းလုံးညီညွတ်မှုကို တစ်စက်ကလေးမျှ မထိခိုက်စေနိုင်ပါ။ သို့ဖြစ်၍လည်း ဘကြီးအောင်၏ ရင်ထဲကခံစားချက်များဖြင့် “ရာဂီလောက်တော့ ပျင်းတောင်ပျင်းသေးတယ်”နှင့် “ရာဂီကိုအန်တု စံပြုထိုက်သည့် ဒို့ပြည်သူ” ဟူသော ဆောင်းပါးများ မွေးဖွားဖြစ်သည်။

သို့ဖြစ်၍လည်း ဤဆောင်းပါးအစတွင်ဖော်ပြခဲ့သည့် ဆင်သေရွာမှ ဦးကိုကြိုင်က ရာဂီမုန်တိုင်းအပြီး စုတ်ပြတ်သွားသည့် သူ့မွေးမြူရေးခြံဝိုင်းအတွင်း နိုင်ငံတော်က ပျက်စီးဆုံးရှုံးမှုအတွက် နစ်နာကြေးငွေပေးသည့်အကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးချေးငွေဖြင့် သူ့ခြံကို ပြန်လည်ထူထောင် ခဲ့ကြောင်း၊ ရာဂီမုန်တိုင်း မတိုက်ခင်ကထက် ပို၍ ကောင်းမွန်အဆင့်မြင့်သည့် သည်ခြံကို ပြန်လည်ထူထောင်နိုင်ကြောင်း ရှင်းပြရင်းဦးကိုကြိုင် ပြောသည့် နိဂုံးချုပ်စကား တစ်ခွန်းက ဘကြီးအောင် ရင်ထဲစွဲသွားလျက်ရှိပါသည်။ အဲဒီစကားက “သဘာဝ ဘေးဒဏ်မှုရန်မလို အစိုးရနှင့်ပြည်သူ ညီညွတ်ဖို့ သာလို” တဲ့။   ။