Skip to main content

ဆန္ဒမဲပေးကြပါမည် စုံစုံညီညီ

၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလ ၈ ရက်နေ့တွင်  ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန်  ကိုးရက်မျှသာ လိုတော့သည်။   အချို့သော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲတွေ ပေးပြီးကြပြီ။ အချို့ကြို တင် ဆန္ဒမဲတွေ ပေးနေကြသည်။ အချို့သော မဲဆန္ဒရှင်များအတွက် ၎င်းတို့ နေထိုင်ရာ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲတွေရယူကြမည်။ အချို့က ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ရုံးများသို့ သွားရောက်၍  ကြိုတင်ဆန္ဒမဲတွေ ပေးကြမည်။ အချို့က မဲရုံသို့ကိုယ်တိုင် သွား ရောက် ကာ ဆန္ဒမဲတွေပေး ကြရဦးမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုယ်စီကိုယ်စီ စုံစုံညီညီ ဆန္ဒမဲပေးကြရန် လိုအပ်သည်။ အနှစ်ချုပ်မျှဝေ ပါရစေ။

ပြည်ပရောက် မဲဆန္ဒရှင်များ

အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ  ရောက်ရှိနေသူများ သည်  ကြိုတင်ဆန္ဒမဲပေးခွင့်  ရရှိကြသူများဖြစ်သည်။ ၎င်းတို့ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ချက်နှင့်အညီ ပုံစံ (၁၅) များ  တောင်းခံရယူ၍   လျှောက်ထား ခဲ့ကြသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့်    သက်ဆိုင်ရာသံရုံး၊    အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ ဆန္ဒမဲလက်မှတ် များ ပေးပို့ခဲ့သည်။

သက်ဆိုင်ရာ သံရုံး၊   အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံး အကြီးအမှူးများသည် သတ်မှတ်ထားသော နေ့ရက်များအတွင်း ပြည်ပ ရောက်ကြိုတင် ဆန္ဒမဲပေးခွင့်ရသူများထံမှ ကြိုတင်ဆန္ဒမဲများကို သတ်မှတ်သည့် နည်းလမ်းများအတိုင်း ရယူခဲ့သည်။ သတ်မှတ်ထားသော    နည်းလမ်းများနှင့်အညီ    စနစ်တကျထုပ်ပိုး၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့      ပြန်လည်ပေးပို့ခဲ့သည်။ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့်    သက်ဆိုင်ရာ     မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ များသို့ ပြန်လည်ပေးပို့ခဲ့သည်။

မဲဆန္ဒနယ်ပြင်ပရောက်(ပြည်တွင်း) မဲဆန္ဒရှင်များ

မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့်အတူ နေအိမ်ထောင်စုဝင်များအတွက် သက်ဆိုင်ရာတပ်မှူးက ကြိုတင်ဆန္ဒမဲပေးကြမည့်သူများ၏စာရင်းကို သက်ဆိုင်ရာ   မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့    ပေးပို့သည်။ သက် ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ က ယင်းစာရင်းကို  မဲစာရင်းပုံစံ (၁)နှင့်  တိုက်ဆိုင်စစ်ဆေး ပြီး ပုံစံ(၁) တွင် ပါပြီးဖြစ်ပါက ပုံစံ (၁-၂ ) ဖြင့် သီးခြားပြုစု စေသည်။ ထိုသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များကို    သက်ဆိုင်ရာတပ်မှူးထံသို့ ပေးပို့သည်။ သက်ဆိုင်ရာတပ်မှူးက  သတ်မှတ်ထားသောနေ့ရက်များတွင် ထိုသူများထံမှ ကြိုတင်ဆန္ဒမဲများကိုရယူပြီး   သတ်မှတ်ချက်နှင့်အညီ   သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့  ပြန်လည်ပေးပို့သည်။

မဲဆန္ဒနယ်ပြင်ပရောက်  ကျောင်းသားများ၊ သင်တန်း သားများ၊  အချုပ်ခံနေရသူများနှင့်  ဆေးရုံသို့တက်ရောက်နေရသော အတွင်းလူနာများအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာဌာနမှ အကြီးအမှူးများက စီစဉ်ဆောင် ရွက်ပေးကြရသည်။ သက်ဆိုင်ရာဌာန အကြီးအမှူးများသည် ပုံစံ (၁၅) များကို   မိမိတို့ ဌာနတည်ရှိရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲများထံမှတောင်းယူပြီး မိမိဌာနရှိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထံ ဖြန့်ဖြူးပေးသည်။

ကြိုတင်ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များက ပုံစံ (၁၅) များ ရရှိသည့်အခါ မှန်ကန်စွာဖြည့်သွင်း၍ မိမိတို့၏ အကြီးအမှူးထံသို့ ပြန်၍ပေးပို့ရသည်။ အကြီးအမှူးများက ယင်း ပုံစံ (၁၅)များကို သက်ဆိုင်ရာ   မြို့နယ်ကော်မရှင်အဖွဲ့ခွဲ သို့ပေးပို့ခြင်း၊  သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ပုံစံ(၁)မဲစာရင်းတွင်ပါဝင်ခြင်း ရှိ မရှိ၊ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲသို့ စိစစ်မှုပြုစေခြင်း၊ ပါရှိပါက ပုံစံ (၁-၂) တွင် ဖြည့်သွင်းစေခြင်း၊ ကြိုတင် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ အကြီးအမှူးများထံ ပေးပို့ခြင်း၊ သက်ဆိုင် ရာ အကြီးအမှူးများက    သတ်မှတ်သည့်ရက် အတွင်း အဆိုပါ မဲဆန္ဒရှင်များ ထံမှ ကြိုတင်ဆန္ဒမဲရယူခြင်း၊ ရယူပြီး သော ကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ ပြန်လည်ပေးပို့ခြင်းဖြင့်  ကြိုတင်ဆန္ဒမဲရယူခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။

မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများ

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲဆန္ဒနယ်အတွင်းရှိသော်လည်း မဲရုံသို့ကိုယ်တိုင်လာရောက်ဆန္ဒမဲမပေးနိုင်သော အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါ စွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများရှိပါက   ၎င်းမဲဆန္ဒရှင်များထံသို့ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ကော်မရှင်အဖွဲ့ ခွဲဝင်နှစ်ဦးကိုစေလွှတ်၍ ကြိုတင်ဆန္ဒမဲ ရယူမည်ဖြစ်သည်။ ယင်းသို့ ကြိုတင် ဆန္ဒမဲရယူခြင်းကို ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ နှစ်ရက်အလို နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ရယူမည်ဖြစ်သည်။ ကြိုတင်ဆန္ဒမဲပေးနိုင်ကြဖို့ ပြင်ဆင် ထားကြရပါမည်။

ခရီးသွားရန်ရှိသည့် မဲဆန္ဒရှင်များ

ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်၌ မိမိနှင့်သက်ဆိုင် သည့် မဲဆန္ဒနယ်၏ပြင်ပသို့ ခရီးသွားရန်ရှိသူတစ်ဦးဦးသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့်  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ကြိုတင်၍ဆန္ဒမဲပေးနိုင်သည်။  ယင်းသို့ မဲဆန္ဒနယ်၏ပြင်ပသို့ ခရီးသွားရန်ရှိကြောင်း ခိုင်လုံသော အထောက်အထား တင်ပြရန်လိုသည်။ ၎င်းမဲဆန္ဒရှင်များသည်လည်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ နှစ်ရက်အလိုဖြစ်သော နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် သက်ဆိုင်ရာ   ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးကြရပါမည်။ ကြိုတင်ဆန္ဒမဲပေးပြီးမှသာ ခရီးသွားကြစေလိုပါသည်။

နိုင်ငံတော်တာဝန်ဖြင့် ခရီးသွားလာမည့် မဲဆန္ဒရှင်များ

နိုင်ငံတော်တာဝန်ဖြင့် ခရီးသွားလာရန်ရှိသည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အဖွဲ့အစည်းဝင်များ၊ တိုင်း ဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့နှင့်     တိုင်းဒေသကြီး/ ပြည်နယ်အဆင့်  အဖွဲ့အစည်းဝင်များ၊    တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ရန် အတွက် ကြိုတင်ဆန္ဒမဲပေးရန်  အမှန်တကယ်  လိုအပ်သူများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို ၂၉ - ၁၀ -၂၀၂၀ ရက်နေ့မှ ၇ - ၁၁ - ၂၀၂၀ ရက်နေ့အထိ နေ့စဉ် နံနက်၈ နာရီမှ ညနေ ၆ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု  ရွေးကောက်ပွဲကော်မရှင်    အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိပါသည်။ ခရီးထွက်ခွာမသွားမီ ကြိုတင်ဆန္ဒမဲများ ပေးသွားကြရန်ဖြစ်ပါသည်။

အသက် ၆၀နှစ်နှင့်အထက်အသက်ရွယ်ရှိ မဲဆန္ဒရှင်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၄အရ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအနေကြောင့် Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များနှင့် လူဦးရေထူထပ်သော မြို့နယ်များ ၁ စတုရန်း ကီလိုမီတာတွင် ပျမ်းမျှလူဦးရေ ၅၀၀၀ နှင့် အထက်တွင် နေထိုင် သော ရောဂါကူးစက်ခံရမှု လွယ်ကူနိုင်သည့် အသက် ၆၀ နှစ်နှင့်အထက်ရှိသူ   မဲဆန္ဒရှင်များကို   နေအိမ်တွင်ပင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်  စီစဉ်ထားရှိပါသည်။ အဆိုပါ မဲဆန္ဒရှင်များနေထိုင်ရာ နေအိမ်များသို့  ကြိုတင်ဆန္ဒမဲ ကောက်ယူရေးအဖွဲ့များသည် ၂၉ - ၁၀ - ၂၀၂၀ ရက်နေ့မှ ၅ - ၁၁ - ၂၀၂၀ ရက်နေ့အတွင်း သွားရောက်၍ ကြိုတင် ဆန္ဒမဲများရယူကြမည်ဖြစ်သဖြင့် အသင့်ရှိနေကြရပါမည်။

Stay at Home အဖြစ် သတ်မှတ်ထားသော မြို့နယ်များ နှင့် လူဦးရေထူထပ်သော မြို့နယ်များမှအပ ကျန်ရှိသော မြို့နယ်များတွင်  နေထိုင်ကြသော အသက် ၆၀နှစ်နှင့် အထက် အသက်အရွယ်ရှိ    မဲဆန္ဒရှင်များသည်လည်း       ၂၉ - ၁၁ -၂၀၂၀ ရက်နေ့မှ  ၅ - ၁၁ -၂၀၂၀ ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးနိုင်ကြပါ သည်။

Quarantine Center များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ Quarantine Center များတွင် Quarantine ဝင်ရောက်နေသူများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို Quarantine Center တည်ရှိ ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအား အဆိုပါမဲဆန္ဒရှင် များ ထံမှ ပုံစံ ၁၅ များတောင်းခံရယူခြင်း၊ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ဆက်သွယ်၍ လိုအပ်သည်များ ဆောင် ရွက်ခြင်း၊ ဆန္ဒမဲလက်မှတ်များ လက်ခံရယူခြင်း၊ ကြိုတင် ဆန္ဒမဲများရယူခြင်း၊   ကြိုတင်ဆန္ဒမဲများ   စနစ်တကျ ပြန်လည်ပေးပို့ခြင်း လုပ်ငန်းအစီအစဉ်များကို စီမံထားရှိပါ သည်။

မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့်မဲဆန္ဒရှင်များ

ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေအရ သက်ဆိုင်ရာက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် နေထိုင်ကြရသဖြင့် မိမိ၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်၍ ဆန္ဒမဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မိမိတို့ရောက်ရှိနေသောဒေသရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲများသို့  ဆက်သွယ်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) များ ရယူလျှောက်ထား နိုင်ကြသည်။  ပုံစံ (၁၅)    လက်ခံရရှိသည့်  မြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် အဆိုပါ မဲဆန္ဒရှင်၏ မဲစာရင်းပါရှိရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်ပြီး ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားပါသည်။

ကြိုတင်ဆန္ဒမဲပေးသူများ သတိပြုရန်

ကြိုတင်မဲပေးမည့်မဲဆန္ဒရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေးအတွက် ဆန္ဒမဲပေးရာတွင် ပါးစပ်၊ နှာခေါင်းစည်းနှင့် မျက်နှာအကာအကွယ် (Mask၊ Face Shield)များ စနစ်တကျတပ်ဆင်လာရန်၊ Social Distancing နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက် ရန်နှင့် ကိုယ် အပူချိန်တိုင်းတာခြင်း   လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန်  လိုအပ်ပါသည်။  သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင်လည်း ပါးစပ်၊ နှာခေါင်းစည်းများ၊ ရေမလိုလက်သန့်ဆေးရည်များကို စနစ်တကျသုံးစွဲနိုင်ရန် ထားရှိပေးပါမည်။

မဲရုံသွားလို့ မဲပေးကြပါစို့

အထက်တွင်ဖော်ပြခဲ့သည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များမှအပ ကျန်ရှိသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်များသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မိမိတို့မဲစာရင်းပါရှိရာ မဲရုံများသို့ကိုယ်တိုင် သွားရောက်၍ ကိုယ်နှစ်သက်ရာ ကိုယ်စားလှယ်လောင်း များကို ကိုယ်တိုင်ရွေးချယ်ကာ ကိုယ်စီကိုယ်စီ ဆန္ဒမဲပေး ကြရပါမည်။  မပျက်မကွက်   ကိုယ်တိုင်သွားရောက်၍ ဆန္ဒမဲတွေ ပေးကြစေလိုပါသည်။

ရှုထောင့်ပေါင်းစုံ

နိုင်ငံတော်နှင့် ပြည်သူတို့အတွက် လွန်စွာအရေးကြီး သည့် ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးကြစေလို သည်။ မိမိတို့၏ အခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများပါပြဋ္ဌာန်းချက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ စီမံဆောင်ရွက် ထားရှိရာ မဲဆန္ဒရှင်အားလုံး မိမိတို့နှင့်သက်ဆိုင်သည့် အခြေအနေတွင် စုံစုံညီညီဆန္ဒမဲပေးကြရန်   ဖြစ်ကြောင်း ပါဗျာ။

မောင်စာဂ

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ သတ်မှတ်ချက်များနှင့် အညီ ဆန္ဒမဲပေးနိုင်ကြပါစေ၊

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စနစ်တကျ ဆန္ဒမဲများရယူနိုင်ကြပါစေ၊

ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ကြပါစေ။     ။

 

(၂၀၂၀ ပြည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲကြီးနှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင် ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။  (စာတည်းအဖွဲ့))