Skip to main content

ပြည်သူတွေရဲ့ ပျော်ရွှင်ချမ်းမြေ့မှုတွေကို ဖျက်ဆီးတဲ့ သောင်းကျန်းသူတွေ နိဂုံးချုပ်ချိန်ရောက်ပြီ

ကိုရေချမ်း

ပြည်တွင်း၊ ပြည်ပမှ ခရီးသွားပြည်သူတွေ အလွယ်တကူ လည်ပတ်လေ့လာ အပန်းဖြေစရာနေရာတွေ မြန်မာပြည်မှာ အမြောက်အမြားရှိပါတယ်။ အဲဒီထဲက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရီးစဉ်နဲ့ ခရီးတစ်ဆက်တည်းဖြစ်တဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အဝင်ကနောင်ချိုမြို့ဟာ ခရီးသွားပြည်သူတွေအတွက် စိတ်ဝင်စားစရာမြို့တစ်မြို့ဖြစ်ပါတယ်။ နောင်ချိုမြို့ကို ရောက်တယ်ဆိုရင် လူသိများထင်ရှားကျော်ကြားတဲ့ တိမ်ပင်လယ်ဆီ သွားမလား၊ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးဆီကိုသွားမလား၊ သွားချင်တဲ့နေရာတွေကို အလွယ်တကူသွားရောက် လည်ပတ်နိုင်ပါတယ်။ ဒီလိုအပန်းဖြေခရီးတွေဟာ လွန်ခဲ့တဲ့နှစ်တွေက သွားလာနိုင်တာတွေဖြစ်ပြီး အခုအချိန်မှာတော့ ပြည်သူတွေလုံခြုံစိတ်ချစွာသွားလာနိုင်ဖို့ တပ်မတော်က ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်။

နောင်ချိုမြို့ဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်အတွင်းတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေမှာတည်ရှိပါတယ်။ မြောက်ဘက်မှာ သပိတ်ကျင်းမြို့နယ်နဲ့ မိုးကုတ်မြို့နယ်၊ အရှေ့ဘက်မှာ ကျောက်မဲမြို့နယ်၊ တောင်ဘက်မှာ ရပ်စောက်မြို့နယ်နဲ့ အနောက်ဘက် မှာ ပြင်ဦးလွင်မြို့နယ်တွေ ဝန်းရံနေတဲ့အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါနဲ့ လားရှိုးမြို့တွေကို မန္တလေး-လားရှိုးကားလမ်းနဲ့ဖြစ်ဖြစ်၊ မီးရထားလမ်း နဲ့ဖြစ်ဖြစ် ဆက်သွယ်သွားလာနိုင်တဲ့ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်တဲ့မြို့ဖြစ်ပါတယ်။ အဲဒီ ဒေသမှာ ဒေသခံပြည်သူတွေ အေးချမ်းပျော်ရွှင်စွာ နေထိုင်လုပ်ကိုင်နိုင်တဲ့အခြေအနေတွေနဲ့ ခရီးသွားပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့စွာ လာရောက်လည်ပတ်မှုတွေကို ဖျက်ဆီးလိုက်တဲ့သူတွေကတော့ TNLA အကြမ်းဖက်သောင်းကျန်းသူတွေပဲ ဖြစ်ပါ တယ်။

အေးချမ်းသာယာတဲ့မြို့

နောင်ချိုဒေသမှာ ရှမ်း၊ ဓနု၊ ဗမာလူမျိုးတွေ အများဆုံးနေထိုင်ကြပြီး ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ကြကာ ဘာသာတရား အဆုံးအမနဲ့အညီ အေးချမ်းပျော်ရွှင်စွာ နေထိုင်ခဲ့ကြပါတယ်။ စိုက်ပျိုး ရေးလုပ်ငန်းဟာ နောင်ချို မြို့ရဲ့ အဓိကစီးပွားရေး လုပ်ငန်းဖြစ်ပြီးမွေးမြူရေး၊ ဓာတ်သတ္တု၊ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ နောင်ချိုမြို့ပတ်ဝန်းကျင်မှာ ရေတံခွန်တွေ၊ ထုံးကျောက်ဂူတွေ၊ သဘာဝသယံဇာတတွေ၊ တောတောင်ရှုခင်းအလှအပတွေ၊ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ သမိုင်းဝင်နေရာတွေ များစွာရှိနေပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်တဲ့အတွက်ကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားတွေ နှစ်စဉ်လာရောက်လည်ပတ်ကြလို့ ဒေသခံပြည်သူ တွေရဲ့ လူမှုစီးပွားတွေ တိုးတက်စည်ပင်တဲ့ အေးချမ်းသာယာပြီး နေချင်စဖွယ်ကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ဒီလို အေးချမ်းသာယာပြီး ဖွံ့ဖြိုးမှုမြင့်မားနေတဲ့ နောင်ချိုမြို့ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး တအာင်းလက်နက်ကိုင်လို့ခေါ်တဲ့ TNLA နဲ့ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူတွေ က ဖျက်ဆီးလိုက်ကြပါတယ်။ မြို့လုံခြုံရေးကို ဆောင်ရွက်နေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကိုအင်အား အလုံးအရင်းနဲ့ဝင်တိုက်ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် အများပြည်သူ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လုယက်ယူဆောင်ခဲ့ကြပါတယ်။ ဒေသခံပြည်သူတွေဟာ ဘေးဒုက္ခကြီးစွာနဲ့ နီးစပ်ရာမြို့ရွာတွေမှာရှိတဲ့ ဆွေမျိုးတွေရဲ့ နေအိမ်တွေ၊ ယာယီတိုက်ပွဲရှောင်စခန်းတွေဆီကို မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုထားရစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ တပ်မတော်အနေနဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် လ ၂၅ ရက်နေ့ကစတင်လို့ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးတွေနဲ့ တန်ပြန်တိုက်စစ်တွေ အဆင့်ဆင့်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ ရဲရဲတက်၊ ရဲရဲ တိုက်၊ ရဲရဲချေမှုန်းပြီး နောင်ချိုမြို့နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မိုင်းထောင်ဖျက်ဆီး

တပ်မတော်စစ်ကြောင်းတွေဟာ စစ်ဆင်ရေးကာလ ၁၁ လအတွင်းအသက်ကို ပဓာနမထားဘဲ TNLA အကြမ်းဖက်သောင်းကျန်းသူတွေကို ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရာ နောင်ချိုမြို့နဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကို အပြီးတိုင် ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် အကြမ်းဖက်သောင်းကျန်း သူတွေဟာ ကျောက်မဲမြို့နယ်ဘက်ကို ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီဖြစ်လို့ နောင်ချိုဒေသခံတိုင်းရင်းသားပြည်တွေဟာ မိမိတို့ ရဲ့ အိမ်နေရာတွေမှာ လုံခြုံစိတ်ချစွာနဲ့ ပြန်လည် နေထိုင်ကြပြီး ပုံမှန်အတိုင်း လုပ်ကိုင်ရှာဖွေ စားသောက်နေကြပြီ ဖြစ်ပါတယ်။

နောင်ချိုမြို့ဟာ သာယာလှပပြီး စိတ်ဝင် စားစရာ မြို့တစ်မြို့ဖြစ်တာကြောင့် တည်ငြိမ်အေးချမ်းတဲ့ကာလတုန်းက ခရီးသွားလုပ်ငန်းတွေ အလွန်ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ ကုန်းစံအုပ်စု ဂုတ်ထိပ်ကြိုးဝင်းအတွင်းက ဂုတ်ထိပ်တံတား၊ ဘန့်ဘွေးကျင်းရွာမှသွားရောက်ရတဲ့ မောင်နှံခုနစ်ဖော်ရေတံခွန်၊ နောင်ချိုကြီးရွာအရှေ့ဘက်က နောင်ချိုကြီး တိမ်ပင်လယ်အပန်းဖြေစခန်း၊ မယ်ဟုံ ကျေးရွာလှေဆိပ်က သွားရတဲ့ ဒုဋ္ဌဝတီမြစ်ကျဉ်း ပြောင်လျှိုရေကျစခန်းတွေဟာ ခရီးသွားတွေစိတ်ဝင်စားတဲ့နေရာတွေဖြစ်ပါတယ်။

အခုအချိန်အခါမှတော့ နောင်ချိုဒေသကို တပ်မတော်က အပြီးတိုင်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ပေးနေပြီဖြစ်လို့ အပန်းဖြေ စခန်းတွေ ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူတွေ လာရောက်လည်ပတ်ကြကာ ပြန်လည်စည်ကားလာကြမှာကို မြင်ယောင်မိပါသေးတယ်။ ဒါပေမယ့် ခရီးသွားတွေစိတ်ဝင်စားတဲ့ ဂုတ်ထိပ်တံတားကြီးက တော့ တံတားကြီးရဲ့ မြောက်ဘက်ခြမ်း ကျောက်မဲ မြို့နယ်ဘက်မှာ TNLA အကြမ်းဖက်သောင်းကျန်းသူ တွေ ရှိနေသေးတာမို့ တံတားကြီးကို သွားရောက် လေ့လာဖို့ မလွယ်သေးပါဘူး။ အန္တရာယ်ရှိပါတယ်။

ဒီလိုအခြေအနေမှာ ဩဂုတ်လ ၂၄ ရက် နံနက်မှာတော့ ထိတ်လန့်တုန်လှုပ်စရာ စိတ်မကောင်းဖွယ် သတင်းတစ်ခုကို ကြားသိလိုက်ရပါတယ်။ တံတားကြီးကို TNLA အကြမ်းဖက်သောင်းကျန်းသူတွေက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ကျောက်မဲမြို့ဘက်အခြမ်း တံတားရဲ့ကမ်းကပ်ခုံ (AB-2)၊ တံတားတိုင်အမှတ်(P -16) နဲ့ ကမ်းကပ်ခုံ (AB-2) နေရာတို့အကြား ပေ ၆၀ အရှည် ရှိ တံတား သံပေါင်နေရာတွေ ပျက်စီးသွားတယ်လို့သိရပါတယ်။

ရက်စက်ယုတ်မာမှု

အကြံပက်စက် ရက်စက်ယုတ်မာတဲ့လုပ်ရပ်ဖြစ် ပါတယ်။ သက်တမ်းအားဖြင့်နှစ်ပေါင်း ၁၂၅ နှစ်တိုင် ရှိခဲ့ပြီး ကမ္ဘာကျော်တဲ့ ဂုတ်ထိပ်တံတားကြီးကို ဖျက်ဆီးလိုက်တာဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ ဘဝကိုဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ။ ကြွက်မနိုင်၊ ကျီမီးနဲ့ရှို့သလို ဆင်ခြင်တုံတရားမရှိတဲ့ မိုက်မဲတဲ့လုပ်ရပ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံး မခံမရပ်နိုင်ဖြစ်ကြလို့ ကန့်ကွက်ရှုတ်ချ နေကြတာလည်း တစ်နိုင်ငံလုံးဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက ဂုဏ်ယူရပြီး အများပြည်သူတွေ သုံးစွဲနေတဲ့ ဒီတံတားကြီးကို ဖျက်ဆီးလိုက်တဲ့လုပ်ရပ်ဟာ TNLA နဲ့ PDF အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ ရက်စက်ယုတ်မာမှုဖြစ်ပါ တယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ ဆက်လက် ဆောင်ရွက်သွားပါမယ်လို့ သိရပါတယ်။ ကမ္ဘာကျော် တဲ့ တံတားကြီးကို ဖျက်ဆီးလိုက်တာဟာ ဦးနှောက် မရှိတဲ့ TNLA အတွက် ကမ္ဘာပျက်မဲ့ကိန်းပါပဲ။

ဂုတ်ထိပ်တံတားကြီးဟာ မန္တလေး-လားရှိုး ရထားလမ်းပေါ်မှာရှိတဲ့ တံတားတစ်စင်းဖြစ်ပြီး နောင်ချိုဘူတာအလွန် ၇ မိုင်အကွာမှာ တည်ရှိပါ တယ်။ ၁၈၉၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်မှာ ပြီးစီးခဲ့ပါတယ်။ ၁၉၀၃ ခုနှစ် ရောက်မှ စတင်အသုံးပြုပါတယ်။ ဗြိတိသျှကိုလိုနီဟာ အခြားမီးရထားလမ်း တံတားကြီးတွေလို မြစ်တွေ၊ ချောင်းတွေကို ဖြတ်ကျော်တည်ဆောက်ထား တာမဟုတ်ဘဲ ဂုတ်တွင်းလို့ခေါ်တဲ့ဒေသမှာ ပေ ၃၀၀ ကျော်မတ်စောက်တဲ့ လျှိုကြီးနှစ်ဖက်ကို ဖြတ်ကျော်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဂုတ်တွင်းကြီးထိပ်မှာ တည်ဆောက်ထားလို့ ဂုတ်ထိပ်တံတားလို့ခေါ်ပါတယ်။ ရှမ်းဘာသာနဲ့ ငုပ်ထိပ်လို့ခေါ်ရာမှ ဂုတ်ထိပ် ဖြစ်လာတယ်လို့ဆိုပါတယ်။ တံတားအရှည် ပေ ၂၂၆၀ ရှိပြီး တံတားကြီး အောက်ခြေရှိ ရေမြောင်းကလေးရဲ့ ရေမျက်နှာပြင်မှ တိုင်းတာရင်ပေပေါင်း ၁၁၀၀ မြင့်ပါတယ်။ တံတားဆောက်လုပ်ရာမှာ သံနဲ့သံမဏိ တန်ချိန် ၄၃၁၁ တန်နဲ့သံမှိုပေါင်း တစ်သန်းကိုသုံးစွဲထားပြီး ခဲရာခဲဆစ် တည်ဆောက်ထားပါတယ်။

မြေလှန်စနစ်အရ

ကမ္ဘာပေါ်မှာ အမြင့်အားဖြင့် ဒုတိယဖြစ်လို့ ဂုတ်ထိပ်တံတားအဖြစ် ကမ္ဘာကျော်ခဲ့တာလည်း ဖြစ်ပါတယ်။ ခရစ်နှစ် ၁၈၉၇ ခုနှစ်မှာ ဗြိတိသျှအစိုးရ က မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်းဖောက်လုပ် ရာ မန္တလေးမှကွမ်းလုံအထိ မီးရထားလမ်းဖောက်လုပ်ဖို့လည်း လိုအပ်လာတာကိုတွေ့ရှိတာကြောင့် ဂုတ်ထိပ်တံတားကို စတင်တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ ဂုတ်ထိပ်တံတားမှာ မန္တလေးမှ ကွမ်းလုံ မီးရထားလမ်းရှိ နောင်ချိုဘူတာအလွန်မှာ မီးရထားမိုင်တိုင်အမှတ် ၄၆၃/ဝ-၉ ရှိတဲ့ ကျောက်ဂူ ကြီးအပေါ်ကိုဖြတ်ပြီး တောင်ထိပ်နှစ်ခုကို ဆက်သွယ်ထားပါတယ်။ ဂုတ်ထိပ်တံတားကို မြန်မာပြည်အစိုးရက အမေရိကန်နိုင်ငံ ပင်ဆီလ်ဗေးနီးယားနဲ့ မေရီလန်တံတား ဆောက်လုပ်ရေး ကုမ္ပဏီကိုငှားရမ်းပြီး ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဆောက်လုပ်တဲ့ ကုန်ကျငွေဟာ ထိုခေတ်က ငွေကျပ် ၁၆၉၈၂ဝဝ ဖြစ်ပါတယ်။

ဒီတံတားကြီးဟာ နမ္မတူသတ္တုတွင်း တူးဖော်ရေးလုပ်ငန်းရဲ့ သယ်ယူပို့ဆောင်ရေးမှာ အရေးပါပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကိုလည်း များစွာ အထောက်အပံ့ပြုပါတယ်။ ဒီလိုအကြောင်းတွေ ကြောင့် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်တို့ရဲ့ မြေလှန်စနစ်အရ ဂုတ်ထိပ်တံတားကြီးဖျက်ဆီး ခြင်း ခံရဖူးပါတယ်။ ဒါပေမယ့်လည်း သံတိုင်အမှတ် ၂ နှင့် ၅ သာ ပျက်စီးခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံကနေ ဆုတ်ခွာပေးရတဲ့ ဂျပန်တွေဟာတံတားရဲ့ အမြင့်ဆုံးတိုင်တွေဖြစ်တဲ့ သံတိုင်အမှတ် ၉၊ ၁ဝ၊ ၁၁ နဲ့ ၁၂ တွေကို အောက်ခြေမှစလို့ ဗုံးဖောက်ခွဲဖျက်ဆီးခဲ့ပြန်ပါတယ်။ ဒါကြောင့် သံတိုင်အမှတ် ၉ မှာ အနည်းငယ် ပျက်စီးခဲ့ပါတယ်။ အမှတ် ၁ဝ နဲ့ ၁၂ တို့ဟာ ပြိုလဲခဲ့ပါတယ်။ အမှတ် ၁၁ ကတော့ အောက်ခြေပြတ်ပေမယ့်လည်း မလဲခဲ့ပါဘူး။ ဒီတိုင်တွေပေါ်ရှိ ပေပေါင်း ၁၂ဝ စီရှည်တဲ့ ပေါင်းကူးသံပေါင် ၄ ခုဟာမြေကို လျှောကျရပါတယ်။

မှတ်ကျောက်တင်ဆဲ

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်မှာ တံတားကြီးကို နိုင်ငံခြားကုမ္ပဏီတွေ ငှားရမ်းပြီး ပြုပြင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အဲဒီကုမ္ပဏီတွေက တင်ဒါတင်သွင်းတဲ့ အဖိုးနှုန်းဟာ များပြားလှတာ ကြောင့် မြန်မာနိုင်ငံ မီးရထားဌာနကပဲဦးစီးပြီး ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီ ပြင်ဆင်တဲ့လုပ်ငန်းတွေကို ၁၉၄၈ ခုနှစ် မေလက စတင်ခဲ့ပေမယ့် ပစ္စည်းရှားပါး ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ၁၉၅၁ ခုနှစ် ဩဂုတ်လအတွင်းမှသာ ပြင်ဆင်ပြီးစီးခဲ့ပါတယ်။ ပြန်လည်ပြုပြင် တည်ဆောက်ရတဲ့ငွေကြေးကုန်ကျစရိတ်ဟာ အဲဒီခေတ်ကငွေကျပ် ၃၂ သိန်းခန့် ကုန်ကျပါတယ်။ ဒီတံတားကြီးကို တည်ဆောက်တဲ့ နည်းပညာအဆင့်မြင့်မားမှုနဲ့ သဘာဝပတ်ဝန်းကျင်အလှအပတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားလာတဲ့ တံတား ကြီးဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းတွေမှာ ပါဝင်ခဲ့ပါ တယ်။ ယနေ့ထိတိုင် မြန်မာပြည်ရဲ့အမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတား (မြင်းခုံတံတား)လို့ မှတ်ကျောက်တင်ဆဲ ဖြစ်ပါ တယ်။

ဂုတ်ထိပ်တံတားကြီးဟာ ကမ္ဘာကျော်ခဲ့သလို မြန်မာပြည်အတွက် တန်ဖိုးကြီးမားတဲ့ တံတားကြီး ဖြစ်ပါတယ်။ ယခုအခါ ၁၂၅ နှစ်သက်တမ်းရှိတဲ့ တိုင်အောင် တိုင်းပြည်နဲ့လူမျိုးအတွက် သူ့တာဝန်သူ ကျေပွန်အောင် ထမ်းဆောင်လျက်ရှိပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ လူတို့အန္တရာယ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ဆက်လက်အကျိုးပြုနေဆဲဖြစ် ပါတယ်။ ဒီတံတားကြီးကို ခေတ်အဆက်ဆက်အစိုးရ တွေက ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပေးခဲ့ပါ တယ်။ ဒီတံတားကြီး အရှည်တည်တံ့ခိုင်မြဲမှသာ တိုင်းပြည်လည်းဂုဏ်ရှိ၊ ပြည်သူတွေအတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။

ဒီတံတားကြီးကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းကြီး တစ်ဦးရဲ့ပြောစကားကို သတိရမိပါတယ်။ ဂုတ်ထိပ်တံတား ကြီးကို ၁၉၇၀-၇၁ ခုနှစ်မှာ လုံခြုံရေးတာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက လူစီးတွဲ ၁၂ တွဲ၊ ၁၃ တွဲအထိ ချိတ်ဆက်မောင်းနှင်တဲ့ မီးရထားလာချိန်ဆို ဇလီဖားတုံးခြံခတ်ထားတဲ့ လုံခြုံရေးကင်းကို နေရာယူရတယ်။ ခရီးသွားတွေက ဝတ္ထုစာအုပ်၊ ကာတွန်း၊ ဂျာနယ်၊ သတင်းစာနဲ့ စားစရာတွေ ချပေးခဲ့တာတွေကို သတိရမိပါတယ်။

ဝတ္ထု၊ ကာတွန်းစာအုပ်တွေမှာ လိပ်စာလေးတွေထည့်ပေးပြီး ပျင်းရင်စာရေးပါတဲ့၊ မိတ်ဆွေဖြစ် သဘောပေါ့။ အဲဒီလို ချစ်စရာခရီးသွားတွေနဲ့ သူတပြန်ကိုယ်တလှည့် ဘူတာကို ရထားဆိုက်ပြီ ဆိုရင် ကိုယ့်ဆီကိုလာမယ့်စာပါနိုးနိုးနဲ့ ဘူတာရုံပိုင်ကြီးဆီကို အပြေးအလွှား သွားမေးရတာလည်း အမောပါပဲ။ တပ်ခွဲရုံးနဲ့ တပ်စုတစ်စုက GE မီးစက် ကုန်းပေါ်က လုံခြုံရေးစခန်း၊ တံတားနှစ်ဖက်ထိပ်မှာ တပ်စိတ်တစ်စိတ်စီ၊ တံတားအောက်မှာ တပ်စုတစ်စု၊ တပ်စုရုံးနဲ့ တပ်စိတ်တစ်စိတ်၊ တံတားဟိုဘက်ထိပ်က ကုန်းမြင့်ပေါ်မှာ တပ်စုတစ်စုအားလုံးပေါင်း တပ်ခွဲတစ်ခွဲဗျ။ ဂုတ်ထိပ်တံတားကြီး ပတ်လည်မိုင်းကွင်းက ကမ္ဘာမှာ အစ္စရေးပြီးရင် ဒုတိယအကြီးဆုံး မိုင်းကွင်းပဲ။ မိုင်းအလုံးပေါင်း ၆၀၀၀ ကျော်ရှိတယ်။ နင်းမိုင်း၊ တိုက်မိုင်း၊ ပဒေသာ မိုင်းတွေအရင်က မိုင်းလမ်းရှင်းခဲ့ဖူးတယ်။ ကျွဲဝင်လို့ ပဒေသာမိုင်းကွဲပြီး ကုန်းစံရွာက ကျွဲခြောက်ကောင် ပွဲချင်းပြီးပဲ။ အတွင်းစည်းသံဆူးကြိုးကို ညဆိုမီးစက်မောင်းပြီး လျှပ်စစ်လွှတ်ရတယ်။ ည ၆ နာရီ၊ နံနက် ၆ နာရီ ဗဟိုအင်ဂျင်နီယာတပ်နဲ့ တွဲဖက်တာဝန် ထမ်းဆောင်ခဲ့ရတယ်။ အချိန်တွေ ကုန်မြန်လိုက်တာ၊ အသက် ၇၀ ကျော်ခဲ့ပြီပဲ၊ ငါနဲ့အတူသက်တူရွယ်တူတွေ ရှိကြသေးရဲ့လား။ တို့တစ်တွေ တံတားကြီးကို တာဝန်ယူခဲ့တဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ဖူးခဲ့တဲ့သူတွေ ဒီစာကိုဖတ်မိကြရင်ဆိုတဲ့ တံတားလုံခြုံရေးကို တာဝန်ယူခဲ့တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းကြီး ရဲ့စကားဟာ လွမ်းဆွတ်ဖွယ်ဖြစ်ပါတယ်။

နိဂုံးချုပ်ချိန်ရောက်ပြီ

တပ်မတော်သားတွေဟာ အမိမြန်မာနိုင်ငံတော် အတွင်း တောတောင်တွေထဲမှာ နိုင်ငံနဲ့ပြည်သူ အကျိုးအတွက် ဘဝကို ရင်းနှီးပေးဆပ်ပြီး ပျော်ရွှင် စွာ ဖြတ်သန်းခဲ့ကြပါတယ်။ သူတို့တွေအနက် ဂုတ်ထိပ်တံတားကြီးရဲ့ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ကြရတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ပြည်သူ တွေ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်အောင် ခက်ခက်ခဲခဲရင်းနှီးတည်ဆောက်ပေးခဲ့ကြတဲ့ တံတားတည်ဆောက်သူတွေ၊ တံတားကြီးလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတဲ့ တပ်မတော်သားတွေရဲ့ ပေးဆပ်မှုတွေဟာကြီးမားလှပါတယ်။ ဆင်ခြင်တုံတရားမရှိတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေဟာ အလွယ်တကူဖျက်ဆီးလိုက်ကြပါတယ်။ တိုင်းပြည်အတွက် တည်ဆောက် ထားရတဲ့ အဆောက်အအုံတွေကိုဖျက်ဆီးတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေ လွတ်လပ်ရေးရပြီးကတည်းက ယနေ့အချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။ သမိုင်းဝင်တံတားကြီး မပျက်စီးအောင်၊ အရှည် တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပေးနေတဲ့ တပ်မတော်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လေးစားဂုဏ်ပြုလိုက်ရပါတယ်။ ပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့အောင် ဆောင်ကြဉ်းပေးတဲ့ ကမ္ဘာကျော်သမိုင်းဝင် ဂုတ်ထိပ်တံတားကြီး ပျက်စီးအောင်ဖျက်ဆီးလိုက်ကြတဲ့ သောင်းကျန်းသူတွေ နိဂုံးချုပ်ချိန်ရောက်ပြီလို့ ဆိုချင်ပါတယ်။ ။