ချုပ်ငြိမ်းခါနီးတဲ့ နောက်ဆုံးမီးတောက်လား
သိင်္ဃသူ
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ “၁၀၂၇ စစ်ဆင်ရေး”လို့ အမွှမ်းတင်နာမည်ပေးထားတဲ့ ထိုးစစ်တစ်ခုကို တိုင်းရင်းသားအမည်ခံထားတဲ့ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ ဖြစ်ကြတဲ့ MNDAA ၊ TNLA နဲ့ AA တို့ ပူးပေါင်းလုပ်ခဲ့ကြတာကို အားလုံးသိကြပြီးဖြစ်ပါတယ်။ အကြမ်းဖက်လော်ဘီမီဒီယာတွေက ညီနောင်သုံးဖော်၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ စသည်ဖြင့် ဂုဏ်ပုဒ်အမျိုးမျိုးတပ်ပြီး အရောင်တင်ပေးထားတဲ့ အဲဒီသုံးဖွဲ့အစုအပေါင်းကို အကြမ်းဖက်မှုရှုတ်ချတဲ့ ပြည်တွင်းမီဒီယာတွေနဲ့ Social Influencer တွေကတော့ “မြောက်သုံးကောင်”လို့ပဲ ရှင်းရှင်းလင်းလင်း အမည်သညာပြုခဲ့ကြပါတယ်။ တကယ်တော့ “၁၀၂၇ စစ်ဆင်ရေး” ကို မြောက်သုံးကောင်မဟာမိတ်အဖွဲ့က လုပ်ခဲ့တယ်ဆိုရာမှာ မြေပြန့်ဒေသက ရောက်လာကြတဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ အင်အားက အစောပိုင်းကာလမှာ မြို့တွေသိမ်းနိုင်ဖို့၊ အောင်ပွဲတွေခံနိုင်ဖို့ အဓိကအထောက်အကူပြုခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်ပဲ တအာင်းတပ် (TNLA) ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ခုနစ်မြို့၊ စစ်ဆင်ရေးဒုတိယပိုင်းမှာ မန္တလေးတိုင်းဒေသကြီးထဲက မိုးကုတ်မြို့အပါအဝင် မြို့ငါးမြို့၊ စုစုပေါင်းမြို့ ၁၂ မြို့ကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မြောက်သုံးကောင်အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကို အကောင်အထည်ဖော်ကြရာမှာ “မြန်မာပြည်သူတစ်ရပ်လုံးလိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” ဆိုတဲ့ မြေပြန့်က ဗမာ PDF အကြမ်းဖက်တွေရဲ့ သည်းခြေကြိုက်စကားလုံးနဲ့မျှားခေါ်ပြီး သူတို့မှာ အရင်ကမရှိခဲ့ဖူးတဲ့ အင်အားမျိုးတည်ဆောက်နိုင်ခဲ့သလို အိမ်နီးချင်းနိုင်ငံကြီးကိုလည်း “အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ လှည့်ဖြားခဲ့ပါတယ်။ တကယ်တော့ ကိုယ်စီအကျိုးစီးပွားတွေ တူညီမှုမရှိကြတဲ့ အဲဒီအဖွဲ့တွေရဲ့ ပေါင်းစည်းမှုဟာ လောလောဆယ်အားဖြင့် တူညီနေတဲ့ ရည်မှန်းချက်တစ်ခုမှာ ယာယီအားဖြင့် ပေါင်းစည်းမှုသာဖြစ်ပြီး ဗမာ PDF တွေကတော့ သူတို့ဆီက လက်နက်၊ ငွေကြေး၊ စစ်ရေးအကူအညီ အထောက်အပံ့ရလိုမှုနဲ့ အောက်ခြေလူငယ်တွေရဲ့ အသက်တွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ ဘဝတွေကို ငှားရမ်း၊ ရောင်းစားခဲ့ ကြတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။
အဲဒီအချိန် မြန်မာ့တပ်မတော်ရဲ့ အနေအထားကို ကြည့်ရင် နိုင်ငံတစ်ဝန်းနိုင်ငံရေးအရ အရေးပေါ်ကာလနိုင်ငံ့တာဝန်များစွာကို ခေါင်းတစ်လုံးနဲ့အိုးဆယ်လုံးရွက်နေရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြေပြင်မှာ လုံခြုံရေး၊ စစ်ရေးတာဝန်တွေ ထမ်းဆောင်နေကြရတဲ့ အဆင့်ဆင့်သော အရာရှိတွေ၊ အကြပ်စစ်သည်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ ဌာနချုပ်တွေမှာ အကန့်အသတ်အမျိုးမျိုးနဲ့ ရင်ဆိုင်နေခဲ့ကြရပြီး တစ်ဖက်ရန်သူက အနှစ်နှစ် အလလဆင်ကြံကြံပြီး ကြိုတင်ပြင်ဆင် ပြောင်းလဲလာမှုအပေါ် နည်းပညာအရ၊ အင်အားအရ အလျင်အမြန်တုံ့ပြန်နိုင်မှု အားနည်းခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် အချို့တပ်စခန်းတွေ၊ နယ်မြေတွေ၊ မြို့ရွာတွေကို ယာယီအားဖြင့် လက်လွှတ်ဆုတ်ခွာခဲ့ရပြီး ရန်သူက ဝင်ရောက်နေရာယူတာ၊ ထိန်းချုပ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီနေရာမှာ ပြောချင်တာက တအာင်းတပ်လို့ဆို တဲ့ TNLA ပါ။ သူ့ရဲ့ ပကတိအရှိအင်အားအရဆိုရင် အိပ်မက်တောင်မက်ဖို့ ခဲယဉ်းတဲ့အကျိုးအမြတ်တွေကို ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ TNLA တို့ ရခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဟာ မန္တလေး PDF အပါအဝင် မြေပြန့်ကလာတဲ့ ဗမာPDF အကြမ်းဖက်အဖွဲ့တွေရဲ့ အင်အားတွေနဲ့ ပေါင်းပြီး မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ်၊ နောင်ချိုနဲ့ သီပေါတို့ကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဟာ တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါတဲ့လမ်းကြောင်းကြီး ဖြစ်တဲ့အပြင် နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းမှုကို ဖော်ဆောင်ပေးနိုင်မယ့် “ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု (BRI)” ဆိုင်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက်လည်း အဓိကကျတဲ့ လမ်းကြောင်းကြီး ဖြစ်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကနေ မန္တလေး၊ ကျောက်ဖြူနဲ့ ရန်ကုန်တို့ကို ဆက်သွယ်မယ့် စီမံကိန်းလမ်းကြောင်းကြီးဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုး စတဲ့မြို့တွေဟာ ဒီလမ်းကြောင်းကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်ပေါ်မှာ တည်ရှိနေကြပြီး အဲဒီမြို့တွေကို လူအင်အား၊ လက်နက်အင်အား စုဆောင်း ပြီး တိုက်ခိုက်ထိန်းချုပ်ကြခြင်းက ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားအရပ်ရပ်ကို ထိခိုက်ဆုံးရှုံးစေသလို ဒေသတည်ငြိမ်အေးချမ်းမှုကိုလည်း ပျက်စီးစေပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ နှစ်နိုင်ငံအကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်မယ့် BRI စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုကိုလည်း နှောင့်နှေးသွားစေပါတယ်။ ဒါကြောင့် ရှမ်း (မြောက်) ပြည်ထောင်စုလမ်းမကြီးနဲ့တကွ လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ မြို့ရွာဒေသတွေအားလုံးဟာ ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအားလုံးရဲ့ အကျိုးစီးပွား၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားအတွက် တည်ငြိမ်အေးချမ်းနေစေဖို့နဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ ရှိနေဖို့ လိုပါတယ်။ တိုင်းရင်းသားလူမျိုးစုအမည်ခံထားတဲ့ မည်သည့် သူပုန်သူကန်၊ အင်အားစု၊ အုပ်စုတွေက မှ ပြန်ပေးဆွဲသလို တိုက်ခိုက်ထိန်းချုပ်ထားလို့မရပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ TNLA က နောင်ချိုကို တစ်မြို့လုံးဆိုသလို ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမယ့် နောင်ချိုရဲ့တောင်ဘက် မိုင်အနည်းငယ်အကွာမှာရှိတဲ့ တောင်ခမ်းရွာအခြေစိုက် အမှတ် (၉၀၂) အမြောက်တပ်မဌာနချုပ်နဲ့ အမတ(၃၅၄) တို့ကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဇွဲ၊ သတ္တိ၊ လက်ရုံးရည်၊ နှလုံးရည်အပြည့်နဲ့ ရက်ရှည်လများ ကြာတဲ့တိုင်အောင် အံ့မခန်းခုခံတွန်းလှန်ခဲ့ကြတဲ့ တောင်ခမ်းစစ်သည်သူရဲကောင်းတွေဟာ အခုချိန်မှာ သမိုင်းမော်ကွန်းရေးထိုးနိုင်ခဲ့ကြပါပြီ။ ပလောင်ခန်းတဲ့ တောင်ခမ်းလို့ ပြည်တွင်းမီဒီယာတွေက ဩဘာပေးခဲ့ကြသလို ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းမှုကို လိုလားတောင့်တကြတဲ့ ပြည်တွင်းက ပြည်သူတွေ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ တစ်ခဲနက်ထောက်ခံအားပေးမှုနဲ့အတူ မြန်မာ့တပ်မတော်ဟာ တောင်ခမ်းကနေ အောင်မြေချဲ့နိုင်ခဲ့ပါတယ်။
ထောင်ထားတဲ့ ဖဲချပ်ကလေးတွေ တစ်ခုပြီးတစ်ခုလဲကျသွားတဲ့ကစားနည်းလိုပါပဲ တောင်ခမ်းကစတဲ့ TNLA ရဲ့အရှုံးဟာ တားမရဆီးမရဖြစ်လာခဲ့သလို လက်အောက်ခံအဖြစ် မွေးမြူထားခဲ့တဲ့ ဗမာ PDF ၊ ဓနု PDF တွေနဲ့လည်း အိုးစားကွဲစပြုတဲ့ အသံတွေ ထွက်ပေါ်လာပါတယ်။ ၁၀၂၇ အစောပိုင်း အောင်ပွဲခံနေတဲ့ကာလမှာ စစ်ဝတ်စုံစတိုင်ကျကျနဲ့ မြို့ပြရဲ့ လူသူကင်းမဲ့တဲ့ လမ်းမများပေါ်မှာ ရှိုးထုတ်ဓာတ်ပုံရိုက်ခံခဲ့ကြတဲ့ TNLA နဲ့ PDF ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ပုံတွေဟာ ကြည့်လို့ကောင်းသလောက် နောင်ချိုအနီးတစ်ဝိုက်က တောထူတဲ့ လျှိုမြောင်တွေထဲမှာ လူမသိသူမသိစွန့်ပစ်ခံလိုက်ရတဲ့ PDF လူငယ်တွေရဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေအကြောင်းကိုတော့ သူတို့ဘက်က လူတွေဘယ်သူကမှ ထုတ်ဖော်မပြောကြတော့ပါဘူး။ လက်ရှိအချိန်မှာတော့ တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူ သူပုန်သူကန်နှိမ်နင်းရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်လာချိန်ဖြစ်သလို အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေအားလုံး သွေးလေချောက်ချားချိန်၊ သွေးရူးသွေးတန်းနဲ့ ကယောင်ကတမ်း တုန်လှုပ်စွာနဲ့ နေဝင်ဆည်းဆာကို မျှော်ကြည့်နေရချိန်ရောက်လာနေပါပြီ။
TNLA အကြမ်းဖက်သောင်းကျန်းသူတို့ တစ်နှစ်ကျော်ကြာအောင် ထိန်းချုပ်ထားခဲ့တဲ့ နောင်ချိုမြို့ကို တပ်မတော်စစ်ကြောင်းများက ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ အပြီးတိုင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တပ်မတော်က နောင်ချိုကို ထိုးစစ်ဆင်နေတဲ့အချိန် အတွင်းမှာ TNLA က နောင်ချိုနဲ့ ကျောက်မဲကြား ဂုတ်တွင်းလမ်းပိုင်းကို ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းမှာကတည်းက ပိတ်ထားခဲ့ပြီး ဇူလိုင်လ ၁၄ ရက်မှာ သူတို့ရဲ့ ဆုတ်ခွာထွက်ပြေးတဲ့ လမ်းကြောင်းပေါ်က ဂုတ်တွင်းတံတားကို မိုင်းခွဲဖျက်ဆီးသွားခဲ့ပါတယ်။
အကြောင်းဆိုက်လာလို့ပြောရရင် TNLA နဲ့ သူ့ရဲ့နောက်လိုက် PDF အကြမ်းဖက်တွေ ဖောက်ခွဲဖျက်ဆီးလိုက်ကြတဲ့ ဂုတ်တွင်းတံတားဟာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် မနက်ပိုင်းမှာ မြောက်သုံးကောင်ဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA ပူးပေါင်းသောင်းကျန်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့လို့ ပျက်စီးသွားတဲ့တံတားကို ပြန်လည်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီး ငါးရက်ကြာအဆက်အသွယ်ပြတ်သွားခဲ့ရပြီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလည်း ယာယီရပ်ဆိုင်းသွားခဲ့ရပါတယ်။ အရှည်ပေ ၂၁၀ ရှိတဲ့ ဂုတ်တွင်းတံတားကို ယာယီသုံးလွှာနှစ်ထပ်ဘေလီတံတားထိုးပြီး ဩဂုတ်လ ၂၀ ရက်ရောက်မှ ယာဉ်ငယ်တွေ ပြန်သွားနိုင်ခဲ့တာပါ။
ကိုယ်တိုင်တံတားတစ်စင်း မဆောက်ခဲ့ဖူးတဲ့ TNLA ဟာ တံတားတွေ ချိုးရတဲ့နေရာမှာတော့ ဝါသနာထုံပုံရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းဆိုတဲ့ကာလမှာလည်း မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်က သီပေါမြို့မှာရှိတဲ့ စဉ့်အင်တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ စစ်ရေးအရ တပ်ရင်းတပ်ဖွဲ့တွေ သွားလာလို့မရအောင်၊ ထောက်ပံ့ပို့ဆောင်လို့မရအောင် စသဖြင့် အကြောင်းပြခဲ့ပေမယ့် တကယ်တမ်းဒုက္ခရောက်ခဲ့တာက ပြည်သူတွေသာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအတွက် သွားရေးလာရေးအင်မတန်ခက်ခဲခဲ့ပြီး ယာယီတံတား ခနော်ခနဲ့ပေါ်ကနေ ဖြတ်သန်းသွားနိုင်ဖို့ သောင်းဂဏန်းနဲ့ချီပြီး ငွေကြေးပေးဆောင်ခဲ့ကြရတာကို အဲဒီအချိန်တုန်းက လူမှုကွန်ရက်တွေပေါ်မှာ တွေ့ခဲ့ရပါတယ်။
TNLA အကြမ်းဖက်တို့ရဲ့ တံတားချိုးတဲ့ဝါသနာအထုံကတော့ လက်ကုန်ပါပဲလို့ ဆိုရလောက်အောင်ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နံနက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ သတင်းကြောင့် အထိတ်တလန့်နဲ့ အံ့ဩခဲ့ကြရပါတယ်။ ဟုတ်မှဟုတ်ရဲ့လား။ မိုက်မဲတယ်ဆိုရင်တောင် တကယ်ကို အဲဒီလောက်မိုက်မဲကြတာလား။ ကိုယ့်အမေအိမ်ကိုယ်ပြန်မီးနဲ့ ရှို့သလိုမျိုး မိုက်မဲကြတာလား။ မြန်မာနိုင်ငံရဲ့ အထင်ကရအမှတ်အသားတစ်ခုဖြစ်တဲ့ ဂုတ်ထိပ်တံတားကြီးကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ကြသတဲ့။ မိုက်မဲမှုအတွက် ပြောစရာစကားပင်မရှိတော့။ တံတားကြီးရဲ့ သက်တမ်းက ၁၂၅ နှစ်ရှိပြီ။ သူ့ခေတ်သူ့အခါတုန်းက ကမ္ဘာပေါ်မှာအကြီးဆုံး၊ အရှည်ဆုံးနဲ့ အံ့ဩဖွယ်အကောင်းဆုံး။ သူ့ခေတ်သူ့အခါမှာ နည်းပညာအားဖြင့် အမြင့်ဆုံး။ ၁၉ ရာစုနှောင်းပိုင်းကာလ နယ်ချဲ့ဝါဒယှဉ်ပြိုင်မှုရဲ့ သမိုင်းဝင်သက်သေပြယုဂ်တစ်ခု။
၁၉ ရာစုဟာ အရင်းရှင်နယ်ချဲ့နိုင်ငံတွေရဲ့ ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးကာလဖြစ်ပါတယ်။ အာရှတိုက်မှာ အိန္ဒိယကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ကမ္ဘာပေါ်မှာ အချမ်းသာဆုံး၊ အကြွယ်ဝဆုံးဖြစ်ခဲ့တဲ့ ဗြိတိန်ဟာ နောက်တစ်ဆင့်အနေနဲ့ တရုတ်နိုင်ငံကို လှမ်းမျှော်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံအတွင်းပိုင်းက ယူနန်၊ ဆီချွမ်စတဲ့ ပြည်နယ်တွေဟာ ပါးစပ်ပြောစကားတွေအရ အင်္ဂလန်က ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေအတွက် ကြီးမားတဲ့ဈေးကွက် ကောင်းတွေလို့ အထင်ရှိပြီး တရုတ်နိုင်ငံကို ဝင်ရောက်နိုင်မယ့် အတိုဆုံးလမ်းကြောင်းကို ရှာဖွေခဲ့ကြတာပါ။ ဗြိတိသျှတို့နဲ့အပြိုင် ပြင်သစ်ကလည်း ကြိုးပမ်းနေတာမို့လို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အနိုင်မခံအကျောမပေးပြိုင်ဆိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သုံးကြိမ်စစ်ပြုပြီး သိမ်းပိုက်ရာမှာ အဓိကစေ့ဆော်မှုက မြန်မာနိုင်ငံရဲ့ ကျွန်းသစ်၊ ရေနံ၊ ဆန်စပါး၊ ကျောက် မျက်ရတနာဆိုတာတွေထက် တရုတ်နိုင်ငံဈေးကွက်ကို ပိုပြီး စူးစိုက်ခဲ့ကြတာဖြစ်ပါတယ်။
ဗြိတိသျှလက်အောက် မြန်မာတစ်နိုင်ငံလုံးရောက်ပြီးတဲ့အခါ တရုတ်နိုင်ငံဈေးကွက်ဟာ သူတို့ထင်သလို မဟုတ်ဘူးဆိုတာကို နောက်ထပ်ရရှိတဲ့ အချက်အလက်တွေအရ သိလာရပြီး ဝိဝါဒတွေ ကွဲပြားနေတဲ့ကြားက မန္တလေး-လားရှိုး ရထားလမ်းကို ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ အဲဒီအချိန်မှာ ပြင်သစ်က ဗီယက်နမ်ကနေယူနန်ကိုပေါက်တဲ့ ရထားလမ်းဖောက်လုပ် နေပြီဖြစ်တာကြောင့် အကျောမခံချင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မူလက မန္တလေး-လားရှိုး- ကွမ်းလုံကနေ တရုတ်နိုင်ငံအထိ ဖောက်ဖို့ရည်ရွယ်ခဲ့တဲ့ ရထားလမ်းကို ကိုလိုနီယန္တရားရဲ့ အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး၊ စစ်ရေးတို့မှာ အသုံးပြုဖို့ ရည်ရွယ်ချက်တွေနဲ့ လားရှိုးအထိပဲ ဖောက်လုပ်ခဲ့ပြီး ကျန်တဲ့အပိုင်းတွေကို တိုင်းတာရေးလုပ်ငန်းတွေပဲ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် တောအထပ်ထပ်၊ တောင်အသွယ်သွယ်၊ လျှိုမြောင်စိမ့်စမ်း ချောက်ကမ်းပါးတွေကို ဖြတ်သန်းဖောက်ထွင်းပြီး ခက်ခက်ခဲခဲတည်ဆောက်ခဲ့ကြရတဲ့ မန္တလေး-လားရှိုး ရထားလမ်းဟာ ကိုလိုနီခေတ်ရဲ့ အမွေအနှစ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့သလိုအဲဒီလမ်းပေါ်က ဂုတ်ထိပ်တံတားကြီးဟာလည်း ကိုလိုနီခေတ်သမိုင်းကို တခမ်းတနားပြောပြနေဆဲပါ။ လက်ရှိကာလမှာ ကားလမ်းတွေ ပိုမိုတိုးတက်ကောင်းမွန်လာပြီး မော်တော်ယာဉ်တွေကို ပိုမိုသုံးစွလာတာကြောင့် ရထားစီးခရီးသည်တွေ နည်းပါးလာခဲ့ပေမယ့် ရထားခေတ်ကုန်သွားတာမဟုတ်ပါဘူး။ အထူးသဖြင့် နောင်ချို-ကျောက်မဲ-သီပေါဒေသတွေက သဘာဝအလှအပတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဂုတ်ထိပ်တံတားကြီးလို အထင်ကရအထိမ်းအမှတ်နေရာတွေရှိနေတာကြောင့် တည်ငြိမ်အေးချမ်းတဲ့ ကာလတွေတုန်းက ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြတာတွေ အများအပြားရှိနေပါတယ်။ ခုချိန်ထိ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပနေတဲ့ ဂုတ်ထိပ်မှာ TNLA နဲ့ PDF တို့ မြောက်ဘက်ထိပ်နဲ့ တောင်ဘက်ထိပ်တို့ကို ထိန်းချုပ်နေရာယူပြီး ဂုတ်ထိပ်နောက်ခံနဲ့ အလှဓာတ်ပုံတွေ ရိုက်ခဲ့ကြသေးတာ၊ ဘာပဲဖြစ်ဖြစ် ဂုတ်ထိပ်ကို တန်ဖိုးထားခဲ့ကြဖို့ ကောင်းပါတယ်။
ခုတော့ ကျော်မကောင်း၊ ကြားမကောင်းလို့ ဆိုရလောက်အောင် TNLA အကြမ်းဖက်လူဆိုး လူမိုက်တို့က ဂုတ်ထိပ်ကို ဖျက်ဆီးလိုက်ကြပြီ။ နိုင်ငံပိုင်သတင်းစာမှာပါတဲ့သတင်းအရ “ TNLA လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဆုတ်ခွာထွက်ပြေးစဉ် ယနေ့ (ဩဂုတ် ၂၄ ရက်) နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဂုတ်ထိပ်တံတားအား ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ကျောက်မဲမြို့ဘက်အခြမ်း တံတားတိုင်အမှတ် (P-16) နှင့် ကမ်းကပ်ခုံ (AB-2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ (AB-2) တို့ ပျက်စီး ခဲ့ရသည်။ ” လို့ သိရပါတယ်။ တံတားဖျက်ဆီးခြင်းနဲ့ ပတ်သက်လို့ TNLA တို့မှာ ဆင်ခြေပေးစရာအကြောင်းသိပ်မရှိ။ ယခုလက်ရှိမှာ တပ်မတော်ရဲ့ ထိုးစစ်ကနောင်ချိုကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။
နောင်ချိုဟာ ပြာပုံထဲက ဖီးနစ်ငှက်လို လူးလွန့်နိုးထလာနေပါပြီ။ နောင်ချိုနဲ့ ဝန်းကျင်ကျေးရွာတွေဆီက စာသင်ကျောင်းတွေမှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော်အလံတို့ တလူလူလွှင့်ထူခဲ့ပြီ။ ဤနိုင်ငံ ဤရေ ဤမြေသည် ပြည်ထောင်စုဖွား နိုင်ငံသူ နိုင်ငံသားအားလုံး၏ ရေမြေဖြစ်သည်လို့ ပြဆိုနေခဲ့ပါပြီ။ ကျောင်းသူ ကျောင်းသား ကလေးငယ်တွေရဲ့ စာအံသံတွေလည်း နောင်ချိုဒေသရဲ့ လေထုထဲမှာ လွင့်ပျံနေခဲ့ပြီဖြစ်ပါတယ်။ နောင်ချိုသူ နောင်ချိုသား ဒေသခံပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာတို့ ပုံမှန်အတိုင်း လည်ပတ်လာနိုင်စေဖို့ တစ်နေ့ပြီး တစ်နေ့လုံးပန်းနေကြပြီလည်း ဖြစ်ပါတယ်။
TNLA နဲ့အပေါင်းအပါ အကြမ်းဖက်သောင်းကျန်း သူတွေအနေနဲ့ စစ်ရေးအရလို့ပဲဆိုဆို ဘယ်လိုအကြောင်းပြချက်တွေပဲပေးပေး ဂုတ်ထိပ်တံတား၊ ဂုတ်တွင်းတံတား ဘယ်လိုပဲဖျက်ဆီးသည်ဖြစ်စေ၊ တားဆီးသည်ဖြစ်စေ နေဝင်ချိန်ဟာ နီးသည်ထက်နီး လာခဲ့ပြီဖြစ်ပါတယ်။ ဂုတ်ထိပ်တံတားကို ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်နည်းပါးစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းက ငြိမ်သက်နှုတ်ဆိတ်နေတတ်တဲ့ အများစုသော ပြည်သူလူထုကြီးကိုပါ လှုပ်နှိုးလိုက်သလိုပါပဲ။ ပြည်သူလူထုကြီးရဲ့ ကန့်ကွက်ရှုတ်ချသံတွေ ထွက်ပေါ်လာစေပါတယ်။ ဒီလိုမိုက်မဲတဲ့လုပ်ရပ်ကို ရမ်းရမ်းကားကားလုပ်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့အစည်းကိုလည်း ပြတ်ပြတ်သားသား၊ ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်ဖို့လည်း တောင်းဆိုနေကြပါတယ်။
ဒီထက်မကဆိုရရင် ပြီးခဲ့တဲ့နှစ်များအတွင်း တိုင်းရင်းသားအမည်ခံထားတဲ့ အကြမ်းဖက်လက်နက် ကိုင်သောင်းကျန်းသူတွေနဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေဟာ သူတို့ရဲ့သရုပ်သကန်အစစ်အမှန်ကို ထုတ်ဖော်ပြသလာကြပါတယ်။ သူတို့ရဲ့ ရိုင်းစိုင်းမှု၊ ရက်စက်မှု၊ ယုတ်မာမှု၊ ကြမ်းတမ်းမှုတွေဟာ မဖုံးနိုင်မဖိနိုင်အောင် ထွက်ပေါ်လာကြပြီး သူတို့အဖွဲ့တွေကြားက သပွတ်အူအရှုပ်အထွေးတွေ၊ လူမဆန်တဲ့လုပ်ရပ်တွေ စတာတွေကို သူတို့အဖွဲ့ဝင်တွေ ကိုယ်တိုင်ထုတ်ဖော်ပြောကြားလာကြတာတွေကိုလည်း မကြားချင်၊ မမြင်ချင်တစ်ဆုံးကြားကြရ၊ မြင်ကြရပါတယ်။ ဒါတွေဟာ ပျက်စီးခြင်းရဲ့ အဖွင့်နိဒါန်းတွေလို့ ဆိုနိုင်ပါတယ်။
အခုလည်း TNLA ရဲ့ မဆင်မခြင်လုပ်ရပ်က ချုပ်ငြိမ်းခါနီး မီးတောက်ကလေး နောက်ဆုံးတောက်လိုက်ခြင်းလားလို့ စဉ်းစားဆင်ခြင်စရာပါ။ ။