Skip to main content

DEMU စီး၍ ခရီးသွားခဲ့သည် …

ရွှေယွန်း

မိုးကတဖွဲဖွဲ မစဲတမ်းရွာနေသော်လည်း ခရီးသည်များက တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် နေပြည်တော် ဘူတာဝင်းထဲ အဆက်မပြတ် ဝင်ရောက်လျက်ရှိသည်။ ရထားစောင့်ဆိုင်းနိုင်ရန်အတွက် သပ်သပ်ရပ်ရပ်စနစ်တကျ စီစဉ်ပေးထားသည့် ခုံနေရာများတွင် ခရီးသည်များနေရာယူကာ ခရီးစဉ်အတွက် အသင့်ပြင်ထားကြသည်။ ခရီးသည်များထဲတွင် နေပြည်တော် - ရန်ကုန်ခရီးစဉ်အတွက် လာရောက်သူကများသည်ကို သတိပြုမိသည်။ ရထားထွက်ချိန်က မွန်းတည့် ၁၂ နာရီ။

ခေတ်မီလေအေး ပေးစက်ပါ DEMU လူစီးအမြန်ရထား

ရထားမထွက်ခင် ဟိုတစ်စု၊ သည်တစ်စုခရီးသည်အချင်းချင်း ရထားခရီးစဉ် သတင်းအချက်အလက်များကို ဝေမျှကြသည်။ ခေတ်မီလေအေးပေးစက်ပါ Diesel Electric Multiple Unit (DEMU) ရထားကြီး မြန်သည့်အကြောင်း၊ အချိန်မှန်သည့်အကြောင်း၊ ရထားပေါ်တွင် ရထားမယ်ပါသည့်အကြောင်း၊ ယခင်က RBE ရထားနှင့် ယခုအသစ် DEMU ရထားကွာခြားချက် အကြောင်းများပင်။ ကျွန်မတို့အဖွဲ့က အလုပ်ကိစ္စအတွက် နေပြည်တော်မှ ရန်ကုန် DEMU လူစီးအမြန်ရထားခရီးစဉ် လိုက်ပါစီးနင်းကြမည်ဖြစ်သည်။ တစ်ဖွဲ့လုံး DEMU အမြန်ရထားကို ပထမဆုံးအကြိမ် စီးမည့်သူများဖြစ်သည်။ ပထမဆုံးအတွေ့အကြုံအတွက်ခရီးစဉ်တူ ခရီးသည်ချင်း ဝေမျှသည့် အကြောင်းအရာများကို နားစွင့်နားထောင်မိကြသည်။

မွန်းတည့် ၁၂ နာရီ မထိုးမီ ၁၅ မိနစ်၊ မိနစ် ၂၀ အလိုတွင် ခရီးသည်များက ရထားပေါ်တက်ရန် အလျှိုလျှိုထွက်ခွာကြတော့သည်။ ထိုအချိန်တွင် မြန်မာ့မီးရထားမှ ဝန်ထမ်းများက နေပြည်တော်-ရန်ကုန်ခရီးသည်များ ရထားပေါ်အချိန်မီတက်ရောက်နိုင်ရန် စီမံဆော်ဩပေးကြသည်။ သက်ကြီးရွယ်အို အဘိုးအဘွားများ၊ ခရီးသည်များ၊ အထုပ်အထည်များဖြင့် မနိုင်တနိုင်ဖြစ်နေသည့် ခရီးသည်များကို အဆင်ပြေလွယ်ကူစွာ ရထားပေါ်ရောက်ရှိရေး မီးရထားဝန်ထမ်းများက ကူညီပေးကြသည်။

မွန်းတည့် ၁၂ နာရီအတိတွင် ရထားကြီးသည် အချိန်မှန်ထွက်ခွာခဲ့သည်။ ကျွန်မတို့အဖွဲ့လည်း Diesel Electric Multiple Unit(DEMU) လူစီးအမြန်ရထားကြီးစီးရသည့် အတွေ့အကြုံသစ်ကို စတင်ခံစားခဲ့သည်။

ကျွန်မတို့ အဖွဲ့တွင် ပါဝင်သူတိုင်း ရထားစီးဖူး ကြပါသည်။ ကျွန်မတို့ အဖွဲ့မှ အချို့သည် ပြည်ပနိုင်ငံ များ၏ ခေတ်မီအမြန်ရထားများ စီးဖူးကြပါသည်။ သို့သော် အခြားနိုင်ငံများနည်းတူ ကိုယ့်နိုင်ငံကို ခေတ်မီစေချင်သည့် စိတ်၊ တိုးတက်စေချင်သည့် စိတ်ကြောင့် DEMU လူစီးအမြန်ရထား၏ အခြေအနေကို စိတ်ဝင်စားလျက်ရှိသည်။ အားလုံးက အချိန်မှန်မမှန်၊ လုံခြုံမှု ရှိမရှိ၊ သန့်ရှင်းမှုရှိမရှိကို လေ့လာလိုကြသည်။ ထို့ကြောင့် ရထားထွက်သည်နှင့် အချိန်မှန်၊ မမှန် နာရီကြည့်ကြသည်။ ၁၂ နာရီအတိပင်။ ထို့အတွက် ကျေနပ်သွားကြသည်။ မြန်မာ့မီးရထား တစ်ခေတ်ဆန်းသစ်ပြီဟု မှတ်ချက်ပြုကြသည်။

ထိုင်ခုံများ သက်သောင့်သက်သာရှိ

ရထားထွက်ချိန်မှ ရန်ကုန်ဘူတာ ရောက်သည်အထိ ခရီးစဉ်တစ်လျှောက် စူးစမ်းလေ့လာကြမည်။ DEMU လူစီးအမြန်ရထားကြီးက အချိန်မှန်မှန်ဖြင့် ရန်ကုန်ဘူတာကြီးဆီ ထွက်ခွာနေပြီဖြစ်သည်။ ရထားပေါ်ရောက်၍ ရထားစနစ်ကို လေ့လာကြည့်သည့်အခါ DEMU လူစီးအမြန်ရထား၏ ထိုင်ခုံများသည် သန့်သန့်ရှင်းရှင်း သက်သောင့်သက်သာရှိသည်။ အဲကွန်းစနစ်ပါသည့်အတွက် အေးသည်။ အပေါ့အပါးအတွက် သန့်ရှင်းသည့် သန့်စင်ခန်းပါသည်။

ကားဖြင့် ခရီးသွားသည့်အခါ ယာဉ်ရပ်နားရန် နေရာမရောက်ခင် အပေါ့အပါးကိစ္စအတွက် ပူပင်နေရသည့် ဆွေမျိုးမိတ်သင်္ဂဟများ၏ ပြောစကားများကို ကြားသိနေရသည့်အတွက် ရထားကြီးစီးကြည့်ပါဟု တိုက်တွန်းမျှဝေချင်ပါသည်။ ကျန်းမာရေး အရဖြစ်စေ၊ အသက်အရွယ်အရဖြစ်စေ ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာဖြစ်ရန် လိုအပ်သည့် ခရီးသည်များအတွက် အထောက်အကူပြုသည့် လူစီးအမြန်ရထားကြီး ဖြစ်သည်။

DEMU လူစီးအမြန်ရထားကြီးက ရန်ကုန်ဘူတာကြီးသို့ ပုံမှန်ညနေ ငါးနာရီခွဲအချိန်တွင် ရောက်ရှိ သည်ဟု သိရသည်။ ရထားတွင် ပထမတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲ ဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်သည်။ လက်မှတ်ခနှုန်းထားများအနေဖြင့် ရန်ကုန်-နေပြည်တော်၊ နေပြည်တော် - ရန်ကုန် ခရီးစဉ်အတွက် ပထမတန်း ကျပ် ၁၉၀၀၀၊ အထက်တန်းကျပ် ၂၈၀၀၀ ဖြစ်သည်။

ယခုရန်ကုန်ခရီးစဉ်ပါ ကျွန်မတို့အဖွဲ့သည် ရထားစီးရသည်မှာ အေးအေးချမ်းချမ်း သက်သောင့် သက်သာရှိသည့်အတွက် ဘေးပတ်ဝန်းကျင်ကို စတင်လေ့လာကြည့်မိသည်။ ပျဉ်းမနားဘူတာ မလွန်ခင်အထိ ပတ်ဝန်းကျင်သည် ထူးခြားမှုမရှိ။ လူနေရပ်ကွက် အိမ်ခြေများနှင့်သာ။ သို့သော် မြို့ပြ နယ်နိမိတ်ကျော်လာသည်နှင့် ရထားပေါ်မှ ပတ်ဝန်းကျင်မြင်ကွင်းသည် ပြောင်းလဲသွားသည်။ အရှိန်ဖြင့် ခုတ်မောင်းနေသော ရထားကြီးနှင့်အတူ ရှမ်းတောင်တန်းကြီးက လိုက်ပါနေသယောင်မြင်ကွင်းက ခရီးဦးကြိုသည်။ အမြန်လမ်းမကြီးနှင့် ရထားလမ်းမကြီး ဘေးချင်းဆိုင်သည့်အခါ လမ်းပေါ် သွားလာနေသောကားကြီး၊ ကားငယ်အသွယ်သွယ်ကိုလည်း တွေ့ရ သည်။

ရထားပေါ်မှ ရှုမျှော်ရသည့် မြင်ကွင်းများက ခရီးသွားများအကြိုက်

အမြန်လမ်းမကြီးပေါ်မှ နေပြည်တော်- ရန်ကုန်၊ ရန်ကုန်-နေပြည်တော် အကြိမ်ကြိမ်ကျွန်မတို့ သွားရောက်ဖူးပါသည်။ သို့သော် ရထားစီး၍ ခရီးသွားသည့်အခါ ခံစားမှုက အသစ်ဖြစ်သွားသည်။ ရထားပေါ်မှ ရှုမျှော်ရသည့် ပတ်ဝန်းကျင်မြင်ကွင်း များက ခရီးသွားများ အကြိုက်ပင်။

မိုးကောင်းသည့် နှစ်ဖြစ်သည့်အတွက် ပတ်ဝန်းကျင် စိမ်းစိုသာယာမှုကို တွေ့ရသည်။ ချောင်းကန်များကလည်း ရေအပြည့်ပင်။ စပါးခင်းများ၊ သီးနှံစိုက်ခင်းများအတွင်း အလုပ်လုပ်ရင်း အမြန်ရထားကြီး မြင်သည့်အခါ ခဏနားကာ လက်ပြဝှေ့ယမ်း နှုတ်ဆက်ကြသူများကို မြင်ရသည့်အခါ ခင်မင်တတ် သည့်၊ နွေးထွေးပျူငှာသည့် မြန်မာ့ဓလေ့ကို ခံစားရ သည်။ အေးချမ်းမှုကို ခံစားရသည်။ ရထားစီးရင်း တောတန်း၊ တောင်တန်း၊ ရွာစဉ်ရွာဆက်၊ မြို့ပြလူနေမှုများကို ကြည့်ရှုလေ့လာနိုင်သည်။

စိတ်ပင်ပန်း၊ လူပင်ပန်းသည့်အခါ DEMU ရထားကြီးစီး၍ အပန်းဖြေခရီးသွားလာလည်ပတ်နိုင်သည်။ နေ့စဉ် နံနက် ၆ နာရီတိုင်း ရန်ကုန်မှ နေပြည်တော်သို့ DEMU လူစီးအမြန်ရထားထွက်သည်။ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်သို့ ရောက်သည်။ ရန်ကုန်မှ နေပြည်တော်၊ နေပြည်တော်မှ ရန်ကုန်ခရီးစဉ်ကို ဥဒဟိုရထားစီးပြီးသွားလာနိုင်နေပြီဖြစ်သည်။

DEMU ရထားက နိုင်ငံတကာအဆင့်မီ လူစီးအမြန်ရထားဖြစ်သည်။ ယခင် RBE ရထားများထက် အဆင့်မြင့်သည်၊ စနစ်ကောင်းသည်။ လူစီးအမြန် ရထားဖြစ်သည့်အတွက် ဘူတာစဉ်တိုင်း ရပ်တန့်ခြင်းမရှိပေ။ တံခါးစနစ်များသည် စနစ်ကျလုံခြုံသည့် အလိုအလျောက် အဖွင့်အပိတ်စနစ်များဖြစ် သည်။ ရပ်တန့်ရမည့် ဘူတာစဉ်တွင် ရပ်တန့်သည့်အခါ သုံးမိနစ်သာ တိတိကျကျရပ်တန့်သည်။ ထို့ကြောင့် ဘူတာစဉ်တွင် လမ်းတက်ခရီးသည်များ သွက်သွက်လက်လက် နေရာယူရသည်။ ယခင် RBE ရထားများ အသုံးပြုသလို ခရီးသည်များကို လိုက်ပါပို့ဆောင်သူများ အချိန်ယူပို့ဆောင်နှုတ်ဆက်၍မရပေ။

ထို့ကြောင့် ရထားပေါ်လိုက်ပါ တာဝန်ထမ်းဆောင်ကြသည့် မြန်မာ့မီးရထားမှ ဝန်ထမ်းများက ဘူတာစဉ် ဆိုက်ရောက်တိုင်း အသိပေးကြသည်၊ လိုက်ပါပို့ဆောင်သူများကို သတိပေးကြသည်။ ထိုအကြောင်းကို ရထားလက်မှတ်စစ်တာဝန်ကျ ဦးလေးကို ကျွန်မတို့အဖွဲ့ မေးမြန်းစေ့ငုမိသည်။ ခရီးသည် လိုက်ပါပို့ဆောင်သူများ ရပ်တန့်ချိန် သုံးမိနစ်အတွင်း ပြန်လည်မဆင်းနိုင်သည့်အတွက် ရထားပေါ်ကျန်ရစ်သည့်ဖြစ်စဉ် ဖြစ်တတ်လွန်းသည့်အတွက် ခရီးသည်များ အလုပ်ပိုမည်စိုး၍ စေတနာထား သတိပေး၊ အသိပေးနေရသည့် အကြောင်းရင်းကို သိရှိခဲ့ရသည်။ ရထားစီးခရီးသည်များ ပျူငှာနွေးထွေးသည့် မြန်မာ့အလေ့အထကို DEMU ရထားအတက်အဆင်း၌ သတိချပ်ပါဟု ဆိုရမည်ဖြစ်သည်။

ခရီးသွားပြည်သူများသည်နိုင်ငံကြီးသားအသိ အစဉ်ရှိကြရမည်

ထို့ပြင် ခရီးသွားပြည်သူများသည် ပြည်သူတစ်ဦးချင်းအလိုက် သန့်ရှင်းမှုအတွက်၊ လုံခြုံမှုအတွက်၊ ပြည်သူပိုင်ပစ္စည်းများ ရေရှည်အသုံးပြုနိုင်ရန်အတွက် စည်းကမ်းများကို လိုက်နာရန် လိုအပ်သည်။ နိုင်ငံတကာအဆင့်မီမီ ပြည်သူများ ဆက်သွယ်သွားလာနိုင်ရန် နိုင်ငံ့ဘဏ္ဍာငွေများစွာအသုံးပြုထားရသည့် ရထားလမ်းပိုင်းများဖြစ်သည့်အတွက် နိုင်ငံကြီးသား အသိက အစဉ်ရှိကြ ရမည်ဖြစ်သည်။ ရထားလမ်းပိုင်းများအပေါ် တရားမဝင်ဖြတ်သန်းသွားလာခြင်း၊ တိရစ္ဆာန်များ လွှတ်ကျောင်းခြင်း၊ အမှိုက်ပစ်ခြင်း စသည်တို့အပါအဝင် ဆင်ခြင်လိုက်နာရမည့် စည်းကမ်းများစွာ ရှိသည်။

မြန်မာ့မီးရထားမှ ဝန်ထမ်းများက စေတနာရှေ့ထား တာဝန်ထမ်းဆောင်ကြပါသည်။ ခေတ်မီရထား သစ်ကြီးဖြင့် ခရီးသည်များ သက်သောင့်သက်သာ၊ အေးချမ်းစွာ လိုရာခရီးသွားနိုင်ရန် ကူညီပေးကြသည်၊ စေတနာထား၍ ဝန်ဆောင်မှုပေးကြသည်။ ကွမ်းစားသည့် ခရီးသည်များ၊ အလွယ်တကူ အမှိုက် ပစ်တတ်သူများကြောင့် ရထားကြီး၏ သန့်ရှင်းမှု မလျော့ကျရန်၊ အနံ့ပြင်းသည့် အစားအသောက်များကြောင့် ခရီးသည်အချင်းချင်း အနှောင့်အယှက် မဖြစ်စေရေး သယ်ဆောင်ခြင်းမပြုရန်၊ အေးချမ်းလုံခြုံစွာလိုရာ ခရီးသွားနိုင်ရန် ခရီးစဉ်တစ်လျှောက်လုံး ဂရုပြုပေးကြသည်။

ရထားလမ်းပိုင်းများအပေါ်တွင် မြန်မာ့မီးရထားမှ အမျိုးသားဝန်ထမ်းများဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးကြသည်။ သို့သော် DEMU ရထားကြီးပေါ်တွင် ပြည်သူများက လေယာဉ်မယ်ကဲ့သို့ နာမည်လှလှ ခေါ်ဆိုသည့် ရထားမယ် သို့မဟုတ် မြန်မာ့မီးရထားမှ တွဲထိန်းတာဝန်ထမ်းဆောင်သည့် အမျိုးသမီး ဝန်ထမ်းများကို တာဝန်ပေးမှုအသစ်အဖြစ် တွေ့ရှိရ သည်။ ရထားပေါ်ရှိ မြန်မာ့မီးရထားမှ အမျိုးသား၊ အမျိုးသမီးဝန်ထမ်းအားလုံးက ရထားပေါ်တွင် အမှိုက်များမရှိစေရေး လိုက်လံသိမ်းဆည်းပေးကြသည်။ ခရီးသည်များအတွက် အဆာပြေမုန့်၊ ရေတို့အလွယ်တကူ စားသောက်နိုင်ရန် ဝန်ဆောင်မှုပေး ရောင်းချပေးကြသည်။

ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ထားသည့်အတွက် ငြိမ့်ငြိမ့်ညောင်းညောင်းရှိလှ

ရထားစီးပြည်သူများက ရထားစီးရသည်မှာ အေးအေးချမ်းချမ်း သက်သောင့်သက်သာရှိသည့် အပြင်ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ထားသည့်အတွက် ငြိမ့်ငြိမ့်ညောင်းညောင်းရှိလှသည်။ လုံခြုံအေးဆေးသည့်အတွက် ပတ်ဝန်းကျင်ကို မလေ့လာ တော့ဘဲ တရေးတမော အိပ်ပျော်သွားကြသူများ လည်းရှိသည်။ စာအုပ်စာပေ အေးအေးလူလူ ဖတ်သူ များလည်း ရှိသည်။ ဖုန်းသုံးစွဲရင်း အပန်းဖြေသူများလည်း ရှိသည်။ ကျွန်မတို့အဖွဲ့ကဲ့သို့ DEMU ရထားကြီးကို စူးစမ်းလေ့လာလိုသူများလည်း ရှိသည်။ ကျွန်မတို့အဖွဲ့အနီးမှ ခရီးသွားဖော်ဦးလေးက ဘူတာစဉ်ရပ်တန့်ချိန်တိုင်း ရပ်တန့်ချိန် သုံးမိနစ်ဟုတ်မဟုတ်ကို ဖုန်းဖြင့် အချိန်မှတ်ကြည့်နေသည်ကို တွေ့ရသည်။ ယခုခရီးသည် ခရီးသွားဖော် ဦးလေး၏ ရန်ကုန်အပြန်ခရီးဖြစ်သည်။

ခရီးသွားဖော် ဦးလေးသည် ရန်ကုန်မှ နံနက် ၆ နာရီထွက်၊ နေပြည်တော်သို့ ၁၁ နာရီခွဲရောက်၊ ထိုမှတစ်ဆင့် မန္တလေးအထိ ခရီးဆက်ခဲ့ပြီး မန္တလေးမှ ပြန်လာခြင်းဖြစ်သည်။ ရထားစီးခရီးသွားများက ရန်ကုန်-မန္တလေးနှင့် မန္တလေး-ရန်ကုန်ခရီးစဉ် အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပါသည်။

ခရီးစဉ်မှာ အမှတ် (၇) အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားက နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာရာ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ်(၂၇)အဆန် လေအိတ်ရထားက မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။

ထို့အတူ အမှတ် (၂၈) အစုန်လေအိတ်ရထားက နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာ ပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကာ အမှတ်(၈) အစုန်လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားက မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ ရန်ကုန်ဘူတာသို့ ထွက်ခွာလျက်ရှိသည်။

လက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသွားရန် စီမံဆောင်ရွက်လျက်ရှိ

ခရီးစဉ်အတွက် ပထမတန်း ကျပ် ၂၆၀၀၀၊ အထက်တန်း ကျပ် ၃၉၀၀၀ ဖြစ်သည်။ လက်မှတ် များကို မြန်မာ့မီးရထားမှ သုံးရက် ကြိုတင်ရောင်းချပေးလျက်ရှိသည်။ မန္တလေး- နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် အမှတ်(၂၇)အဆန်/(၂၈) အစုန် လေအိတ်ရထားတွင် ရိုးရိုးတန်း ကျပ် ၇၀၀၀၊ အထက်တန်း ကျပ် ၁၁၀၀၀ ဖြစ်သည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချသွားရန်လည်း မြန်မာ့မီးရထားမှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိခဲ့ရသည်။

ကျွန်မတို့ လိုက်ပါလာသည့် DEMU လူစီးအမြန်ရထားကြီးက နေပြည်တော်မှ ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ တိုးကြောင်ကလေး စသည့် ဘူတာစဉ်များကို ဖြတ်သန်းကျော်လွန်ပြီး ရန်ကုန်ဘူတာကြီးသို့ ညနေ ၅ နာရီခွဲတွင် အချိန်မှန်ဆိုက်ရောက်ခဲ့သည်။ အေးချမ်းလုံခြုံစွာဖြင့် နေပြည်တော်-ရန်ကုန် ခရီးစဉ်က အဆင်ပြေချောမွေ့ခဲ့သည်။ အပြန်ခရီးကိုလည်း DEMU စီး၍ ကျွန်မတို့ ပြန်ပါဦးမည်။ ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် မြန်မာ့မီးရထား၏ DEMU ခေတ်မီလူစီးရထားစီး၍ ခရီးလမ်းပန်း သက်သောင့်သက်သာ အဆင်ပြေပြေ သွားလာနိုင်ကြောင်းကို ခရီးသွားအတွေ့အကြုံမှ တစ်ဆင့် မျှဝေရေးသားဖော်ပြလိုက်ရပါသည်။ ။