Skip to main content

ဒုတိယကမ္ဘာစစ်သမိုင်း၏ မှန်ကန်သောအမြင်ကို စွဲစွဲမြဲမြဲ ကိုင်စွဲကာ ငြိမ်းချမ်းသာယာသောအနာဂတ်ကို ဖန်တီးကြပါစို့

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား

သြဂုတ်လ ၇ ရက်နေ့တွင် ကျွန်မသည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ရှိ တရုတ်ခရီးရှည်ချီတက်တပ်အထိမ်းအမှတ် ကျောက်တိုင်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။ နှစ်စဉ်တရုတ်သံရုံးက ဤကဲ့သို့သော ဂါရဝပြုအခမ်းအနားများ ပြုလုပ်လေ့ရှိပြီး သမိုင်းကို ပြန်လည်သုံးသပ်ကာ အာဇာနည်များအား အောက်မေ့ခြင်းနှင့် ထာဝရငြိမ်းချမ်းရေးအချက်ပြမှုများ ပြုလုပ်ရန်ဖြစ်ပါသည်။

ယခုနှစ်သည် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ်ဖြစ်သဖြင့် ဤဂါရဝပြုအခမ်းအနားက ထူးခြားသောအနက်အဓိပ္ပာယ်ကို ဖော်ပြနေပါသည်။ အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင်ရပ်လျက် ကျွန်မ၏အတွေးသည် နှစ်ပေါင်း ၈၀ ကျော်ကာလသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံစစ်သည်များနှင့် ပြည်သူများအတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း၊ အပြန်အလှန်ထောက်ပံ့ကူညီခဲ့ကြသည့် ထိုကာလကို သတိရမိပါသည်။ နှစ်နိုင်ငံပြည်သူများ၏ အသက်သွေးဖြင့် ရင်းနှီးစွာဖွဲ့စည်းထားသော နက်နဲသည့်မေတ္တာတရားသည် စစ်မီးတောက်စဉ်ကာလက တရုတ်-မြန်မာ “ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး၏ ရဲရင့်ထကြွသောသီချင်းတစ်ပုဒ်ကို သီဆိုစေခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်ကာလက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၏ တရားမျှတမှုအတွက်ရပ်တည်နေသော အင်အားစုများသည် ရဲရင့်စွာ တွန်းလှန်တိုက်ခိုက်ခဲ့ပြီး မာန်မာနကြီးမားသော ဖက်ဆစ်အင်အားစုများကို အတူတကွအနိုင်ယူခဲ့ကြ၍ စစ်ပြီးခေတ် နိုင်ငံတကာစနစ် (International System)နှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း (International order) ၏ အခြေခံကို အတူတကွချမှတ်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်ကို မှန်ကန်စွာမြင်တတ်ရန် ကျွန်မ၏အမြင်များကို အတူတကွမျှဝေလို

နှစ်ပေါင်း ၈၀ ကျော်ကာလဖြစ်သောယနေ့ခေတ်တွင် တစ်ဖက်သတ်ဝါဒ (Unilateralism) သည် ပိုမိုအားကောင်းလာပြီး အနိုင်ကျင့်မှုများ ကျယ်ပြန့်လာကာသမိုင်းကို မှားယွင်းစွာအဓိပ္ပာယ်ဖွင့်ဆိုသော အတွေးအခေါ်များ ပြန်လည်ပေါ်ထွန်းလာနေသည်။ အချို့သူများသည် အရှေ့ပိုင်းအဓိကစစ်မြေပြင်က ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်ပွဲအတွက်ဆောင်ရွက်ခဲ့သော အရေးပါမှုကို တမင်သက်သက်မှေးမှိန်စေရန်ကြိုးစားနေကြသည်။ ကိုလိုနီစနစ်ကို သိသာထင်ရှားစွာဖြင့် အလှပြင်ပြောဆိုခြင်း၊ ဖက်ဆစ် ကျူးကျော်စစ်သမိုင်းကို တိုက်ရိုက်ငြင်းဆန်ခြင်းများပင်ရှိလာသည်။ ဤသို့သော အန္တရာယ်ရှိသည့် ယိမ်းယိုင်နေသောဦးတည်ချက်ကို ကျွန်မတို့ အလွန်ပင်သတိထားရမည်။ ဒုတိယကမ္ဘာစစ်ကို မှန်ကန်စွာမြင်တတ်ရန်အတွက် ကျွန်မ၏အမြင်များကို အတူတကွမျှဝေလိုပါသည်။

ဒုတိယကမ္ဘာစစ်သမိုင်း၏ ငြိမ်းချမ်းရေးအမြင်ကို စွဲစွဲမြဲမြဲကိုင်စွဲရမည်။ စစ်ပွဲသည် မှန်တစ်ချပ်ဖြစ်ရုံသာမက လူသားများအား ငြိမ်းချမ်းရေး၏တန်ဖိုးကို ပိုမိုနားလည်စေနိုင်သည်။ ဒုတိယကမ္ဘာစစ်သည် လူသားသမိုင်း၏ အကြီးမားဆုံးဘေးဒုက္ခဖြစ်ခဲ့ပြီး အာရှ၊ ဥရောပ၊ အာဖရိကနှင့်အိုရှန်းနီးယား (Oceania ) ဒေသများအထိပျံ့နှံ့ခဲ့သည်။ နိုင်ငံပေါင်း ၆၀ ကျော် တိုက်ပွဲဝင်ခဲ့ပြီး နိုင်ငံနှင့်ဒေသပေါင်း ၈၀ ကျော်မှ လူဦးရေနှစ်ဘီလီယံခန့်၊ ထိုအချိန်အခါက ကမ္ဘာ့လူဦးရေ၏ ငါးပုံလေးပုံခန့် စစ်ဘေးဒဏ်သင့်ခဲ့ကာ လူသားယဉ်ကျေးမှုများ အကြီးအကျယ်ပျက်စီး ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်၏ စစ်မီးကို ဂျပန်စစ်ဝါဒီများက ကမ္ဘာ၏အရှေ့ပိုင်းတွင် အစောဆုံးစတင်မီးပွားခဲ့သည်။

ထိုအချိန်မှစ၍ တရုတ်နိုင်ငံ၏ ကံကြမ္မာသည် အာရှ၏ ကံကြမ္မာ၊ ကမ္ဘာ့ငြိမ်းချမ်းရေး မျှော်လင့်ချက်တို့နှင့် နီးနီးကပ်ကပ်ဆက်စပ်နေခဲ့သည်။ တရုတ်စစ်မြေပြင်ကို အစောဆုံးဖွင့်ခဲ့ပြီး အချိန်အကြာရှည်ဆုံးလည်းဖြစ်သည်။ ၁၉၃၁ ခုနှစ် စက်တင်ဘာ ၁၈ ရက် ဖြစ်စဉ်မှ ၁၉၄၅ ခုနှစ် ဂျပန်လက်နက်ချချိန် အထိ ၁၄ နှစ်ကြာခဲ့သောတိုက်ပွဲသည် တရုတ်ပြည်သူများသည် ကြီးမားစွာစွန့်လွှတ်အနစ်နာခံခဲ့ရပြီး သေဆုံးဒဏ်ရာရသူဦးရေ ၃၅ သန်းကျော်ရှိခဲ့သည်။

အနာဂတ်လမ်းကို ကောင်းစွာလျှောက်လှမ်း

စစ်ပွဲသည် လူသားမျိုးနွယ်အား အဆုံးမရှိသည့် ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းပူဆွေးမှုများသာ ချန်ရစ်ခဲ့ပါသည်။ ဂျပန်စစ်ဝါဒီများ၏ လုပ်ရပ်များကြောင့် တရုတ်ပြည်သူများ၊ မြန်မာပြည်သူများနှင့် အာရှရှိအခြားနိုင်ငံများ၏ ပြည်သူများသာမက ဂျပန်ပြည်သူများပါ ဒုက္ခရောက်ခဲ့ရပါသည်။ ဒုတိယကမ္ဘာစစ်သမိုင်းကို အမှတ်ရခြင်းသည် အငြိုးအတေးများ ဆက်လက်ထိန်းသိမ်းရန်မဟုတ်ဘဲ အနာဂတ်လမ်းကို ကောင်းစွာလျှောက်လှမ်းနိုင်ရန်နှင့် ငြိမ်းချမ်းရေး၏ အယူအဆမီးတောက်ကို မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းနိုင်ရန်ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်၏ နာကျင်ဖွယ်သင်ခန်းစာက လူသားတို့အား အင်အားကြီးသူက အင်အားငယ်သူကို နိုင်ကျင့်သောတောရိုင်းဥပဒေ (The Law of the Jungle) သည် လူသားအတူ ရှင်တွဲရှင်သန်ခြင်း လမ်းကြောင်းမဟုတ်ကြောင်း၊ တစ်ဖက်ကနိုင်ပြီး တစ်ဖက်ကရှုံးသော (Zero-sum game) သည် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းမဟုတ် ကြောင်း၊ ကျူးကျော်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းတို့သည် အင်အားကြီးနိုင်ငံဖြစ်စေရန် မဖြစ်မနေလုပ်ဆောင်ရမည့် နည်းလမ်းမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှာဖွေခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့သာလျှင် လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် မှန်ကန်သည့်လမ်းကြောင်းနှင့် ထာဝရဆောင်ပုဒ်ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အပြီး စစ်၏ပြင်းထန်သောအနာ ဒဏ်ရာများမကျက်မီနှင့် စစ်အေးတင်းမာမှုများ စတင်ချိန်တွင် တရုတ်-မြန်မာ ယခင်ခေါင်းဆောင်ကြီးများသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်‌ရေးမူကြီး ၅ ရပ်ကို ပူးတွဲကြေညာခဲ့ကြပြီး ငြိမ်းချမ်းရေးကိုကာကွယ်ရန်၊ အချုပ်အခြာအာဏာကို ကာကွယ်ရန် သမိုင်းအဖြေဖြစ်လာခဲ့ကာ အချိန်၏စမ်းသပ်မှုကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး၏ စွမ်းအားကိုပေါ်လွင်စေခဲ့ပါသည်။

လူပေါင်း သုံးသိန်းခန့် အသက်ဆုံးရှုံးခဲ့ရ

ဒုတိယကမ္ဘာစစ်သမိုင်း၏ တရားမျှတမှုအမြင်ကို စွဲစွဲမြဲမြဲကိုင်စွဲရမည်။ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲသည် တရားမျှတမှုနှင့်မကောင်းမှု၊ အလင်းနှင့်အမှောင်၊ လွတ်လပ်မှုနှင့် ကျေးကျွန်ပြုမှုတို့အကြား ရှင်သန်ခြင်းနှင့်သေခြင်းဆိုင်ရာ ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်သည်။ ဂျပန်စစ်ကျူးကျော်သူများသည် တရုတ်နှင့် အရှေ့တောင်အာရှတွင် လူသားချင်းမည်သည့်စာနာထောက်ထားမှုမျှမရှိသော ကျူးကျော်မှုများစွာကိုကျူးလွန်ခဲ့သည်။ ၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ဂျပန်တပ်ဖွဲ့က နန်ကျင်းမြို့၌ လူသားအရွယ်မရွေး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလုပ်ဆောင်ခဲ့ပြီး ခြောက်ပတ်အတွင်း နန်ကျင်းမြို့သူ မြို့သားများနှင့် လက်နက်ချစစ်အရာရှိများကို ရက်စက်စွာသတ်ဖြတ်ခဲ့သည်။ လူပေါင်း သုံးသိန်းခန့် အသက်ဆုံးရှုံးခဲ့ရပြီး များစွာသော အမျိုးသမီးများ အဓမ္မပြုကျင့်ခံခဲ့ရသည်။ ယန်ဇီမြစ်ကြီးတွင် သွေးနီရဲရဲစီးဆင်းခဲ့ရသည်။

ဤသည်မှာ ဒုတိယကမ္ဘာစစ်အတွင်း အရက်စက်ဆုံးသော စစ်ရာဇဝတ်မှုဖြစ်သလို လူသားယဉ်ကျေးမှုသမိုင်းတွင် ကြောက်လန့်ဖွယ်ရာ ရာဇဝတ်မှုကြီးလည်းဖြစ်သည်။ ဂျပန်စစ်ကျူးကျော်သူများသည် တရုတ်ပြည်သူများအပေါ် ကြောက်မက်ဖွယ်ကောင်းသော ဇီဝစစ်နှင့် ဓာတုစစ်များကိုဆင်နွှဲခဲ့ပြီး လူသားများကို စမ်းသပ်မှုများပြုလုပ်ကာ လူသားမျိုးနွယ်အပေါ် ကြီးမားသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇွန်လတွင် ဂျပန်တပ်ဖွဲ့သည် အရှေ့တောင်အာရှတွင် ထိုင်း-မြန်မာမီးရထားလမ်းတည်ဆောက်ရန် စတင်ခဲ့ပြီး မဟာမိတ်စစ်သုံ့ပန်း ၆၂၀၀၀ နှင့် အတင်းအကျပ် ခိုင်းစေခံရသူ ၃၅၀၀၀၀ ကျော်အနက်မြန်မာအလုပ် သမား ၁၈၀၀၀၀ ပါဝင်အသုံးပြုခြင်းခံခဲ့ရသည်။

စစ်သုံ့ပန်းများနှင့် အလုပ်သမားများသည် ခေတ်နောက်ကျသော ကိရိယာများဖြင့် ပြင်းထန်သော အလုပ်များကိုလုပ်ကိုင်ခဲ့ရပြီး အစားအစာ ရှားပါးမှု၊ ရောဂါများကူးစက်ပျံ့နှံ့မှု စသည့် အကြောင်းများကြောင့် လူပေါင်း ၁၅၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။ သေဆုံးမှုနှုန်းမှာ ၃၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ဤ “သေမင်း တမန်မီးရထားလမ်း သည် အရှေ့တောင်အာရှတွင် ဂျပန်တပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်မှု၏ ခိုင်လုံသောအထောက်အထားဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ယနေ့ထိတိုင် ဂျပန်တပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော ကျူးလွန်မှုများကို ငြင်းဆန်နေသူများ၊ ဂျပန်၏ “Greater East Asia Co-Prosperity Sphere (GEACPS) တည်ဆောက်ခြင်းနှင့် “အာရှ လွတ်မြောက်ရေးအတွက် အလံထောင်ပြီးအော်ဟစ် အားပေးနေသူများ၊ လက်ထဲတွင် သွေးစွန်းနေသော စစ်ရာဇဝတ်ကောင်များ၏ ဝိညာဉ်များကို ဂါရဝပြုနေသူများလည်း ရှိနေဆဲဖြစ်သည်။ ဤအရာများသည် အမှားအမှန်ကို ဝေဝါးစေပြီး လူသားတို့၏ ကျင့်ဝတ်နှင့်ပတ်သက်၍ စိန်ခေါ်မှုများဖြစ်စေသည်။ တရုတ်ပြည်သူများနှင့် အရှေ့တောင်အာရှပြည်သူများ၏ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲသည် ဂျပန်စစ်အာဏာရှင်စနစ်၏ ကျူးကျော်စစ်ကိုတော်လှန်ခြင်း၊ နယ်မြေအချုပ်အခြာအာဏာကို ပြန်လည်ရယူခြင်း၊ အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းခြင်း၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကာကွယ်ခြင်းဆိုသည့် တရားမျှတသောစစ်ပွဲဖြစ်ကာ ၎င်းသည်တိုးတက်သော ကျူးကျော်စစ်ဆန့်ကျင်ရေးစစ်ပွဲဖြစ်ပြီး ၎င်း၏ဝိသေသနမှာ တရားမျှတမှုပင်ဖြစ်သည်။ သမိုင်းသည် ဖြစ်ပျက်ခဲ့ပြီးဖြစ်သလို တရားမျှတမှုသည် ဧကန်မုချအဆိုးကို အနိုင်ယူပြီး အလင်းသည် အမှောင်ကို ဧကန်မုချ အနိုင်ယူလိမ့်မည်ဟု ဆက်လက်သက်သေပြလိမ့်မည်။

ဒုတိယကမ္ဘာစစ်သမိုင်း၏ ပကတိအမြင်ကို စွဲစွဲမြဲမြဲကိုင်စွဲရမည်။ စစ်အေးခေတ်ကာလ၏ အတွေးအခေါ်နှင့် အယူဝါဒ (Ideology) ဆိုင်ရာ ဘက်လိုက်မှု များ၏ လွှမ်းမိုးမှုအောက်တွင် တရုတ်နိုင်ငံ ဂျပန်ကျူးကျော်မှုခုခံရေးစစ်ပွဲ၏ အခန်းကဏ္ဍနှင့်အရေးပါမှုသည် ကာလကြာရှည်စွာ အာရုံစူးစိုက်မှုနှင့် အသိအမှတ်ပြုမှုများမရရှိခဲ့ပါ။ ပထဝီနိုင်ငံရေး အကျိုး စီးပွားများရရှိစေရန် နိုင်ငံအချို့နှင့် နိုင်ငံရေးသမားအချို့သည် သမိုင်းဖြစ်ရပ်မှန်ဆိုင်ရာ အချက်အလက်များကိုလျစ်လျူရှုပြီး ဒုတိယကမ္ဘာစစ်တွင် တရုတ်နိုင်ငံ၏ သမိုင်းဝင် အကျိုးထမ်းဆောင်မှုများကို ငြင်းပယ်ရန်ကြိုးပမ်းခဲ့ကြသည်။

စစ်မှန်သောဖြစ်ရပ်မှာ အနောက်ပိုင်း အဓိကနိုင်ငံများက ဂျပန်ကျူးကျော်စစ်ကို စေ့စပ်၍အလျှော့ပေးခြင်းနှင့် လက်လွှတ်စပယ်ပြုမူဝါဒများ ချမှတ် သည့်အခါမှာ တရုတ်လူမျိုးများက ဖက်ဆစ်ဆန့်ကျင်ရေး သိမ်းပိုက်မှုအလံကို အမြင့်သို့ဆွဲတင် ၍ ခုခံထကြွကာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ၏ ပထမဆုံးပစ်ချက်အဖြစ် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင် ရေးစစ်ပွဲ၏ ပွဲဦးထွက်အခန်းကို ထုတ်ဖော်ပြသခဲ့သည်။ ၁၉၃၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း တရုတ် လူမျိုးများသည် ဂျပန်ဖက်ဆစ်ဝါဒ၏ အလုံးအရင်း ထိုးစစ်ဆင်မှုကို အမှီအခိုကင်းစွာ ခုခံခဲ့ကြသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဂျာမနီကပိုလန်ကို မကျူးကျော်ခင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲသည် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ၏ အဓိကစစ်မြေပြင်ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ပစိဖိတ်စစ်ပွဲမဖြစ်ပွားမီတွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲသည် ဂျပန်ဖက်ဆစ်ကျူးကျော်မှုကို ဆန့်ကျင်သည့် တစ်ခုတည်းသော စစ်မြေပြင် ဖြစ်သည်။

အဆုံးစွန်ထိ တိုက်ပွဲဝင်ခဲ့ကြကာ မဟာအောင်ပွဲကြီးကို ရရှိခဲ့သည်

တရုတ်ကွန်မြူနစ်ပါတီက အဆိုပြုပြီးထူထောင်ခဲ့သော ဂျပန်ဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးတပ်ဦး၏ အလံတော်အောက်မှာ တရုတ်ပြည်သူပြည်သားများက စည်းလုံးညီညွတ်ပြီး သွေးထွက်သံယိုမှုများနှင့် အဆုံးစွန်ထိတိုက်ပွဲဝင်ခဲ့ကြကာနောက်ဆုံးတွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲသည် မဟာအောင်ပွဲကြီးကို ရရှိခဲ့ပါသည်။ Oxford University China Centre ၏ ဒါရိုက်တာ Rana Mitter က သူ၏ Forgotten Ally: China's World War II စာအုပ်၌ “ဆယ်စုနှစ်တစ်ခုကြာခဲ့သည့် ထိုကမ္ဘာလုံးဆိုင်ရာစစ်ပွဲနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ နားလည်မှုသည် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို လုံလောက်စွာထည့်သွင်းရန် ပျက်ကွက်ခဲ့သည် ဟု ရှင်းလင်းစွာဖြင့် ရေးသားခဲ့သည်။

လွန်ခဲ့သည့် ၁၉၃၈ ခုနှစ်တွင် တရုတ်နှင့်ဂျပန်တို့၏ စစ်ပွဲဝင်အင်အား စုစုပေါင်းလေးသန်းကျော်ရှိခဲ့ပြီး ထိတွေ့တိုက်ပွဲတစ်လျှောက်လုံး ကီလိုမီတာ ၁,၈၀၀ ကျော် ရှည်လျားကာ တိုက်ပွဲဇုန်ဧရိယာသည် စတုရန်းကီလိုမီတာ ၁ ဒသမ ၆ သန်းခန့် ကျယ်ဝန်းသည်။ တရုတ်လူမျိုး သန်း ၄၀၀ ကျော်သည် စစ်ပွဲတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် ဆွဲသွင်းပါဝင်ခြင်းခံခဲ့ကြရသည်။ တရုတ်စစ်မြေပြင်များတွင် ဂျပန်ကြည်းတပ်ဖွဲ့အင်အား၏ သုံးပုံနှစ်ပုံကျော်နှင့် ရေတပ်နှင့်လေတပ်၏ တစ်စိတ်တစ်ပိုင်းအင်အားများကို ခုခံတားဆီးနိုင်ခဲ့ကာ ဂျပန်ဖက်ဆစ် ဝါဒ၏ခြေလက်ကို တင်းတင်းကျပ်ကျပ်ချည်နှောင်ပြီး ၎င်းအား နှစ်ရှည်စစ်ပွဲ၏ လျှိုထဲတွင် ပိတ်နေနိုင်စေကာ သူ့အလိုလို မရုန်းထွက်နိုင်ခဲ့ပေ။

တရုတ်၏ နှစ်ရှည်ခုခံမှုများကြောင့် ဂျပန်၏ မြောက်ဘက်ဆိုက်ဘေးရီးယားသို့ ကျူးကျော်ခြင်း အစီအစဉ်ကို ရပ်တန့်စေပြီး ဂျပန်၏ တောင်ဘက် အရှေ့တောင်အာရှသို့ ချီတက်သောခြေလှမ်းကို တားဆီးနိုင်ခြင်းနှင့် နှောင့်နှေးစေနိုင်ခဲ့သည့်အတွက် အမေရိကန်၊ ဗြိတိန်တို့နှင့် ဂျပန်၏စစ်ပွဲကို ထိထိရောက်ရောက် ပံ့ပိုးပေးခဲ့ကာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင် ရေးစစ်ပွဲတွင် လုံးလုံးအောင်နိုင်ရေးအတွက် ခိုင်မာသော အုတ်မြစ်ချနိုင်ခဲ့သည်။ အမေရိကန်သမ္မတ သိယိုဒိုးရုစဗဲ့ (Theodore Roosevelt) က “တရုတ်နိုင်ငံမရှိရင်၊ တရုတ်နိုင်ငံသာရှုံးခဲ့ရင် ဂျပန်တပ်သား ဘယ်လောက်ကစစ်တိုက်ဖို့ တခြားနေရာတွေကို ပြောင်းရွှေ့နိုင်ခဲ့မလဲ။ သူတို့က သြစတြေးလျ၊ အိန္ဒိယတို့ကို ချက်ချင်းသိမ်းပိုက်နိုင်ပြီး အရှေ့ အလယ်ပိုင်းကိုတောင် အလျင်စလိုနဲ့ ရောက်သွားနိုင်တယ် ဟု ပြောကြားခဲ့ဖူးပါသည်။

ဒုတိယကမ္ဘာစစ်သမိုင်း၏ ဘက်စုံအမြင်ကို စွဲစွဲမြဲမြဲကိုင်စွဲရမည်။ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ၏ အောင်ပွဲသည် တရုတ်၊ ဥရောပ၊ ပစိဖိတ်နှင့် မြောက်အာဖရိကတိုက် စစ်မြေပြင်များတွင်ရရှိခဲ့သည့် ပူးတွဲအောင်ပွဲဖြစ်ပြီး စစ်မြေပြင်တစ်ခုစီ၏ အကျိုးထမ်းရွက်မှုများကို ဖျောက်ဖျက်ပစ်၍မရပါ။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အနောက်တောင် ဘက်တွင်တည်ရှိပြီး အနောက်ဘက်တွင် အိန္ဒိယနှင့်အိန္ဒိယသမုဒ္ဒရာတို့ ထိစပ်နေသည့်အတွက် အရေးကြီးသော ဗျူဟာမြောက်နေရာတွင် ရပ်တည်နေသည်။ မြန်မာ့စစ်မြေပြင်သည် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အရှေ့ပိုင်းစစ်ပွဲ၏ အရေးပါသောအစိတ်အပိုင်းဖြစ်သည်။

မြန်မာ့တပ်သားများ ချီးကျူးဂုဏ်ယူစွာ ရေးသားခဲ့ကြ

တရုတ်၊ အမေရိကန်၊ ဗြိတိန်စသည့်နိုင်ငံများမှ တပ်ဖွဲ့များသည် မြန်မာ့တပ်သားများနှင့်အတူ ဂျပန်ကျူးကျော်သူများကို တိုက်ထုတ်ကာချီးကျူးထိုက်၊ ဂုဏ်ယူထိုက်သော ဇာတ်လမ်းများစွာကို ရေးသားခဲ့ကြသည်။ ယူနန်-မြန်မာလမ်းမကြီး (ယူနန်ပြည်နယ် ကူမင်းမြို့ - မြန်မာနိုင်ငံလားရှိုးမြို့)သည် ၁၉၃၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး တရုတ်စစ်မြေပြင် နှင့် မဟာမိတ်တပ်များကြား တစ်ခုတည်းသော ဘေးကင်းသည့်လမ်းကြောင်း ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသို့ နိုင်ငံတကာအကူအညီ အမြောက်အမြားကို ဤလမ်းမှတစ်ဆင့် ဂျပန်၏ ကျူးကျော်မှုကို ခုခံသည့် တရုတ်စစ်မြေပြင်အသီးသီးသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ယင်းထောက်ပံ့ပစ္စည်းအများစုကို ရန်ကုန်ဆိပ်ကမ်းမှ လားရှိုးမြို့သို့ရထားလမ်းဖြင့် ပို့ဆောင်သွားပြီးနောက် ယူနန်-မြန်မာ လမ်းမကြီးမှ ဝမ်တိန်ကို ကျော်ဖြတ်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်တပ်ဖွဲ့သည် ယူနန်-မြန်မာလမ်းမကြီးကိုဖြတ်တောက်ရန် မြန်မာနိုင်ငံကို အကြီးအကျယ်ကျူးကျော်တိုက်ခိုက်ခဲ့သည်။ တော်လှန်ရေးစစ်ပွဲအတွင်း တရုတ်နိုင်ငံ၏ နောက်ဘက်နယ်မြေများကို ခုခံကာကွယ်ရန်နှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ မဟာမိတ်အဖွဲ့၏ တရားမျှတသော လုပ်ဆောင်မှုများကို ထောက်ပံ့ရန်အတွက် တရုတ်ခရီးရှည်ချီတက်တပ်မှ စစ်သည် ၄၀၀၀၀၀ ကျော်ကို မြန်မာပြည်တွင်းသို့စေလွှတ်ခဲ့ပြီး မြန်မာစစ်မြေပြင်သို့ တိုက်ပွဲဝင်ခဲ့ကာ အသေအပျောက် လူဦးရေ ၂၀၀၀၀၀ နီးပါး နစ်နာဆုံးရှုံးခဲ့ရသည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာပြည်သားများက ဂျပန်ကျူးကျော်သူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရာ နောက်ဆုံးတွင် ဂျပန်တို့အား မြန်မာနိုင်ငံမှ ဆုတ်ခွာသွားစေခဲ့သည်။

ဒုတိယကမ္ဘာစစ်သမိုင်း၏ ဘက်စုံအမြင်တွင် စစ်ပြီးခေတ်နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းကို နားလည်သဘောပေါက်ခြင်းလည်း ပါဝင်ပါသည်။ ဒုတိယကမ္ဘာစစ် မပြီးဆုံးခင်နှင့်အပြီးတွင် နိုင်ငံတကာအသိုက်အဝန်းမှ အရေးကြီးဆုံးသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်မှာ ကုလသမဂ္ဂကို ထူထောင်ရေးပင်ဖြစ်သည်။ ယနေ့ရှုပ်ထွေးပွေလီသော နိုင်ငံတကာအခင်းအကျင်းနှင့် ရင်ဆိုင်နေရချိန်၌ ကုလသမဂ္ဂကိုဗဟိုပြုသော အပြည်ပြည်ဆိုင်ရာစနစ်၊ နိုင်ငံတကာဥပဒေအပေါ် အခြေခံထားသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် အခြေခံထားသော နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများအား ကျွန်မတို့ဆက်လက် ခိုင်မြဲစွာ ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အတည်ပြု

ယခုနှစ်သ   က်စာတမ်းများသည် ထိုင်ဝမ်ပြည်နယ်အပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အတည်ပြုခဲ့ပြီး စစ်ပြီးခေတ်နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည်။

၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ က ထောက်ခံမဲအများဆုံးဖြင့် ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို အတည်ပြုခဲ့ပြီး ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင်အခွင့်အရေး အားလုံးကို ပြန်လည်အတည်ပြုကာ ထိုင်ဝမ်အာဏာပိုင်များ၏ ကိုယ်စားလှယ်များကို ကုလသမဂ္ဂနှင့် ၎င်း၏အေဂျင်စီများအားလုံးမှ ချက်ချင်းနှင်ထုတ်ခဲ့သည်။ ဤဆုံးဖြတ်ချက်သည် တရုတ်တစ်နိုင်ငံ တည်းမူဝါဒကိုအတည်ပြုခဲ့သည်။ ဆိုလိုသည်မှာ ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိသည်။ ထိုင်ဝမ်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်။

တောင်ငူ၊ ရေနံချောင်းနှင့် မြစ်ကြီးနားမြို့တို့ရှိ တရုတ်ခရီးရှည်ချီတက်တပ် အထိမ်းအမှတ် ကျောက်တိုင်များ၊ ယူနန်-မြန်မာလမ်းမကြီးနှင့် ဝမ်တိန်တံတားတို့သည် တရုတ်နှင့် မြန်မာတို့၏ ဖက်ဆစ်ဝါဒဆန့်ကျင်ရေး ပူးပေါင်းတိုက်ဖျက်မှု၏ သမိုင်းဝင်အမှတ်ရနေရာများဖြစ်ကြသည်။ ဤအခက် အခဲများကို အတူကြုံတွေ့ခဲ့ရသည့်အတွက်ကြောင့် ငြိမ်းချမ်းရေး၏တန်ဖိုးကို ကျွန်မတို့ပိုပြီး လေးလေးနက်နက်နားလည်သိရှိကြပါသည်။ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က “ဒုတိယကမ္ဘာစစ်ကြီး၏ လေးနက်သော သင်ခန်းစာများနှင့် ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲကြီး မဟာအောင်ပွဲများစသည့် သမိုင်းကြောင်းများမှ သင်ခန်းစာယူ၍ ဉာဏ်ပညာနှင့် ခွန်အားများရယူကြရမည်ဖြစ်ကြောင်း၊ လွှမ်းမိုး ရေးဝါဒ (Hegemonism) နှင့် အင်အားကြီးနိုင်ငံရေး (Power politics) ဆိုင်ရာနည်းမျိုးစုံကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး လူသားတို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကိုဖန်တီးရန် အတူတကွ လုပ်ဆောင်ကြပါဟု ထောက်ပြပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ဒုတိယကမ္ဘာစစ်အောင်ပွဲရလဒ်နှင့် စစ်ပြီးခေတ် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကိုထိန်းသိမ်းခြင်း၊ နိုင်ငံတကာအမှန်တရားနှင့် တရားမျှတမှုကို ကာကွယ်ခြင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကိုတိုးမြှင့်ပြီး လူသားအေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးတွင် ကြီးမားစွာအကျိုးထမ်းဆောင်သွားမည်ဖြစ်သလို ကမ္ဘာကြီးအား ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေးနှင့် တိုးတက်မှုဆီသို့ ဦးတည်သွားရန် ဆန္ဒရှိပါသည်။ ။