နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့
ဦးကျော်ညွန့်(ရေနံချောင်း)
တက်လူတေးသံ
ကြက်ဖသာလျှင် အရုဏ်ရောင်လှ ဝင်းဝါကြ၏။
ဥဩသာလျှင် ရာသီနွေလ ဖူးပွင့်ကြ၏။
ဖားငယ်သာလျှင် အာကာမိုးက မိုးရွာကြ၏။
တက်လူသာလျှင် မြန်မာပြည်လှ အားသစ်ရ၍ ဇေယျအောင်လံ ထူမည်တည်း။
ဇော်ဂျီ (အိုးဝေမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၃၅ခုနှစ်)
ယနေ့ကျောင်းနေအရွယ် မောင်မယ်တို့သည် တက်လူငယ်များဖြစ်ကြသည်။ တက်လူငယ်တို့သည် အနာဂတ်ကိုပိုင်စိုးကြရမည်။ အနာဂတ်ကို ပုံဖော်ထုဆစ်ကြရမည်။ အနာဂတ်သည် ယနေ့တက် လူငယ်တို့၏လက်ထဲတွင် ရှိနေပါသည်။ ယနေ့တက်လူငယ်တို့၏ စွမ်းရည်၊ စွမ်းအားအပေါ်တည်မှီနေပါသည်။
ယနေ့ ကျောင်းနေအရွယ် တက်လူငယ်တို့၏ စွမ်းရည်၊ စွမ်းအားပြည့်ဝသည့်အလျောက် အနာဂတ်သည် တောက်ပြောင်၊ ထွန်းသစ်နေမည်မှာ မြေကြီးလက်ခတ် မလွဲပေ။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေမည်မှာလည်း သေချာပါသည်။
ကမ္ဘာဦးကာလ လူနေမှုအဆင့်အတန်းသည် နိမ့်ကျ၏။ ယနေ့မျက်မှောက်ကာလ လူနေမှုအဆင့်အတန်းသည် မြင့်မား၏။ ကမ္ဘာဦးကာလနှင့် ယနေ့မျက်မှောက်ကာလသည် လွန်စွာကွာခြားသွားသည်။ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာသောကြောင့် နိမ့်ရာမှမြင့်ရာသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာသော ဖြစ်စဉ်များတွင် လူသားတို့၏ တီထွင်ဆန်းသစ်မှု၊ တွေးခေါ်မြော်မြင်မှု၊ စဉ်းစားဆင်ခြင် ချင့်ချိန်မှု၊ ကြံရည်ဖန်ရည်ဉာဏ်ရည် ကျယ်ပြန့်လာမှုတို့က အခရာကျပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအလုံးစုံ၏ မူလရင်းမြစ်လည်း ဖြစ်ပါသည်။
ထိုမူလရင်းမြစ်များကို ပိုင်ဆိုင်သူများသည်ကား မဟာလူသားများ ဖြစ်ပေသည်။ မဟာလူသားများဟု ခေါ်ဆိုဂုဏ်ပြုအပ်သော ယနေ့ ကျောင်းနေအရွယ် တက်လူငယ်တို့သည် လူသားအရင်းအမြစ်များ၏ အညွန့်အဖူးများပင် မဟုတ်ပါလော။
လူသားအရင်းအမြစ် အညွန့်အဖူးများကို ရှင်သန်ကြီးထွားလာအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးကြရသည်။ ဗလငါးတန်ပြည့်ဝအောင် ဖြည့်ဆည်းပေးကြရသည်။ ထိုသို့ ဖြည့်ဆည်းရာတွင် အခြေခံပညာသင်ကျောင်းများသည် အရေးကြီးသော အခန်းကဏ္ဍ၌ပါဝင်နေပေသည်။ အကြောင်းမူကား အခြေခံပညာကျောင်းများသည် ပညာအခြေခံကောင်းများဖြစ်သည့် “ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေး”ကို သင်ကြားလေ့ကျင့်ပေးနေသောကြောင့်ဖြစ်ပါသည်။ အတန်းလိုက် သင်ရိုးညွှန်းတမ်းများသည် “ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေး”ကို ဦးတည်ထားခြင်းဖြစ်ပါသည်။
အခြေခံပညာရေးအဆောက်အအုံသည် အခြေခံပညာ မူလတန်းဆင့်အုတ်မြစ်ပေါ်တွင် ဆင့်တင်ထားခြင်းဖြစ်
ယခုအခါ အကောင်အထည်ဖော်ဆောင်ရွက်နေသော အခြေခံပညာရေးအဆောက်အအုံသည် (KG+12) သူငယ်တန်း+ ဒွါဒသမတန်း အဆောက်အအုံဖြစ်ပါသည်။ အခြေခံပညာရေးအဆောက်အအုံသည် အခြေခံပညာမူလတန်းဆင့်အုတ်မြစ်ပေါ်တွင် အခြေခံပညာအလယ်တန်းဆင့်နှင့် အခြေခံပညာအထက်တန်းဆင့်တို့ကို ဆင့်တင်ထားခြင်း ဖြစ်ပေသည်။ အခြေခံပညာရေး၏ အုတ်မြစ်ဖြစ်သော အခြေခံပညာမူလတန်းဆင့်တွင် KG+ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်းအထိ တန်းစဉ်ငါးဆင့်၊ အခြေခံပညာအလယ် တန်းဆင့်တွင် ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမတန်းအထိ တန်းစဉ် လေးဆင့်၊ အခြေခံပညာ အထက်တန်းဆင့်တွင် ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းအထိ တန်းစဉ်သုံးဆင့်ရှိပါသည်။
အခြေခံပညာရေး အုတ်မြစ်ဖြစ်သော အခြေခံပညာမူလတန်းဆင့် ငါးဆင့်ပေါ်တွင် အခြေခံပညာအလယ်တန်းဆင့် လေးဆင့်၊ နောက်အခြေခံပညာအထက်တန်းဆင့် သုံးဆင့်ဖြင့် တြိဂံပုံ (၅၊ ၄၊ ၃) အဆင့် သုံးဆင့်နှင့် တည်ဆောက်ထားရာ အခြေခံပညာရေး အဆောက်အအုံသည် တောင့်တင်းခိုင်မာနေပါသည်။
အခြေခံပညာမူလတန်းဆင့်တွင် သင်ရိုးဝင်ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးဘာသာရပ်များနှင့် တွဲဖက်သင်ရိုးဝင်ဘာသာရပ်များဖြစ်သော စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ (ဂီတနှင့်ပန်းချီ) စသည့်ဘာသာရပ်များ၊ အခြေခံပညာအလယ်တန်းဆင့်တွင် သင်ရိုး ဝင်ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်နှင့် တွဲဖက်သင်ရိုးဝင်ဘာသာရပ်များ ဖြစ်သော စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတနှင့်ပန်းချီ) စသည့်ဘာသာရပ်များ၊ အခြေခံပညာအထက်တန်းဆင့်တွင် ဘာသာတွဲအလိုက် ယူထားသော သင်ရိုးဝင် ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း စသည့်ဘာသာရပ်များနှင့် တွဲဖက်သင်ရိုးဝင်ဘာသာ ရပ်များဖြစ်သော စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင် စရာ၊ ကာယပညာ၊ အနုပညာ( ဂီတနှင့် ပန်းချီ) စသည့် ဘာသာရပ်များ ကို သင်ကြားလေ့ကျင့်ပေးနေပါသည်။
အတန်းလိုက် သင်ယူလေ့ကျင့်ခြင်းဖြင့်နယ်ပယ်အလိုက် တတ်မြောက်ကျွမ်းကျင်လာ
အတန်းလိုက် သင်ရိုးဝင်ဘာသာရပ်များကို သင်ယူလေ့ကျင့်ခြင်းဖြင့် ဘာသာရပ်နယ်ပယ်အလိုက် တတ်မြောက်ကျွမ်းကျင်လာမည်။ အတန်းလိုက်တွဲဖက်သင်ရိုးဝင် ဘာသာရပ်များကို သင်ယူလေ့ကျင့်ခြင်း ဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ကြံ့ခိုင်သန်စွမ်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ရိုးသားဖြူစင်မှု၊ ကျင့်ဝတ် စည်းကမ်းစောင့်ထိန်းလိုက်နာမှု၊ ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်မှု၊ ပေါင်းသင်းဆက်ဆံရေးဝင်ဆံ့မှု၊ ထောက်ထားညှာတာစာနာမှု၊ သည်းခံ ခွင့်လွှတ်မှု စသည့်အလေ့အကျင့်ကောင်းများကို ရရှိလာမည်။ သင်ရိုးဝင် ဘာသာရပ်များက စဉ်းစားမြော်မြင်တွေးခေါ် ဆန်းသစ်နိုင်သည့် ဉာဏ်ရည်ဖွံ့ဖြိုးထက်သန်စေသည်။ တွဲဖက်သင်ရိုးဝင်ဘာသာရပ် များက စာရိတ္တ၊ ကိုယ်ကျင့်တရားနှင့် ကိုယ်ခန္ဓာကိုကြံ့ခိုင်စေသည်။
ထိုသည်ကား ဘက်စုံပညာရေး၏ အနှစ်သာရဖြစ်ပါသည်။ အခြေခံပညာကျောင်းများက သင်ကြားလေ့ကျင့်ပေးနေသော ဘက်စုံပညာရေးသည် ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းနေအရွယ် တက်လူငယ် များကို မွေးဖွားပေးနေခြင်းပင် မဟုတ်ပါလော။
ကျောင်းနေအရွယ်ကလေးများအားလုံးမသင်မနေရပညာရေးကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့
လက်ရှိအစိုးရလက်ထက်တွင် ဘက်စုံပညာရေးမှတစ်ဆင့် ဗလ ငါးတန်ပြည့်ဝသည့် တက်လူငယ်များကို မွေးဖွားပေးနိုင်ရန်အတွက် အထူးတလည် အကောင်အထည်ဖော်ကာ စီမံဆောင်ရွက်ပေးနိုင်ခဲ့ သည်။ အခြေခံပညာကျောင်းများမှ သင်ကြားလေ့ကျင့်ပေးလိုက်သော ကျောင်းနေအရွယ်ကလေးများ ပညာရေးအဟောသိကံဖြစ်စေမည့်၊ သင်ယူမှုအခွင့်အလမ်း အလှမ်းဝေးစေမည့်၊ ပညာသင်ယူရန် အဟန့်အတားဖြစ်စေမည့် စသည့်စိန်ခေါ်မှုများကို ကူညီပံ့ပိုးဖြေရှင်းပေးကာ အတန်းကူးပြောင်းမှုနှုန်း မြင့်မားအောင် စီမံဆောင်ရွက်ပေးနိုင်ခဲ့သည်။ အဆက်ဆက်က မသင်မနေရ မူလတန်းပညာရေးကိုသာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ယခုအခါတွင် ကျောင်းနေအရွယ် ကလေး အားလုံး အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (KG+9)အထိ မသင်မနေရ ပညာရေးကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကျောင်းနေအရွယ် တက်လူငယ်တို့၏ အနာဂတ်လမ်းချောမွေ့ ဖြောင့်တန်းနေအောင် ပညာပန်းများဖြင့် လမ်းခင်းပေးနိုင်ခဲ့ခြင်းဖြစ် ပါသည်။
အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(KG+9)အထိ မသင် မနေရပညာရေးနှင့်အတူ အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (KG+9) ကို ပြီးမြောက်အောင်မြင်သူများသည် အခြေခံပညာအထက်တန်းကျောင်းများသို့လည်းကောင်း၊ စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံပညာအထက်တန်း ကျောင်းများသို့လည်းကောင်း နှစ်သက်ရာ၊ ဝါသနာပါရာ၊ စိတ်ဝင် စားရာ အခြေခံပညာ အထက်တန်းကျောင်းများသို့ စိတ်ကြိုက်ရွေးချယ်ကာ သင်ယူနိုင်သည့် အခွင့်အလမ်းများကိုလည်း လမ်းဖွင့်ပေးထားပါသည်။
လက်ရှိအစိုးရလက်ထက်တွင် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းပေါင်း ၈၆ ကျောင်းကိုဖွင့်လှစ်ပေးခဲ့သည်။ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများသည် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်/သိပ္ပံ အသီးသီးသို့တက်ရောက်ပြီး ပညာသင်ယူနိုင်သကဲ့သို့ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံပညာအထက်တန်း အောင်မြင်သူများသည်လည်း သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်/သိပ္ပံ အသီးသီးသို့ တက်ရောက်ပြီး ပညာသင်ယူနိုင်ပါသည်။
အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန် ရည်ရွယ်၍ Polytechnic တက္ကသိုလ်ရှစ်ခုအထိ ဖွင့်လှစ်ပေးနိုင်ခဲ့
အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် တိုင်ပင်ဆွေးနွေးပြီး Polytechnic တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခဲ့ရာ Polytechnic တက္ကသိုလ် ရှစ်ခုအထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ဥပဒေ ဆိုင်ရာ၊စီးပွားရေးဆိုင်ရာများနှင့် ပတ်သက်ပြီးသိရှိထားရန် လိုအပ်ပါသည် ။ ထို့ကြောင့် တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ဆိုင်ရာနှင့် စီးပွားရေးပညာရပ်ဆိုင်ရာ BA(Law) နှင့် BA(Eco)ဘွဲ့များ သင်ကြားနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်အားပေးနေခြင်းသည် မျိုးဆက်သစ်လူငယ်များ ပညာရည်မြင့်မားပြီး ပညာရည်မြင့်မားသော မျိုးဆက်သစ်လူငယ်များဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လိုသော ကြောင့် ဖြစ်ပါသည်။
ထိုသို့ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အရေးအကြီးဆုံးအချက်မှာ လူသားအရင်းအမြစ်ပင်ဖြစ်သည်။ ဘက်ပေါင်းစုံသောကဏ္ဍတို့၌ ကျွမ်းကျင်သော အသိပညာရှင်၊ အတတ် ပညာရှင်များ ရှိနေမှသာလျှင် မိမိတို့နိုင်ငံသည် သူများနိုင်ငံများနည်းတူ ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။ ဥပမာအားဖြင့် မိမိတို့မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင် မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးမွေးမြူနေ၍ မဖြစ်တော့ပေ။
ခေတ်မီနည်းစနစ်များနှင့် ပေါင်းစပ်မှသာ အထွက်နှုန်းပိုမိုကောင်းမွန်ခြင်း၊ အရည်အသွေးကောင်းသော ထွက်ကုန်များထုတ်လုပ်နိုင်ခြင်း စသည့် ရလဒ်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဤသည်ကားပညာ၏အရေးပါ၊ အရာရောက်ပုံကို ဥပမာဆောင်ပေးခြင်းသာဖြစ်ပါ သည်။ အခြားသော ဘက်ပေါင်းစုံ ကဏ္ဍစုံတို့၌လည်း ထိုသို့သာဖြစ်ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ယခုကဲ့သို့ပင် ပညာရေးကို အစဉ်တစိုက် အားပေးဆောင်ရွက်ကြရပေမည်။ ကျောင်းနေ အရွယ် တက်လူငယ်များကို ပညာပြည့်ဝနှလုံးလှသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်မွေးမြူပေးကြ ရမည်ဖြစ်ပါသည်။ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် တက်လူငယ် မောင်မယ်များ၏ စွမ်းရည်၊ စွမ်းအား၊ စွမ်းပကားက မိုးပေါ်ရောက်အောင် ပျံသန်းနိုင်သည်အထိ အစွမ်းထက်လှပါပေသည်။ ကျောင်းနေ အရွယ် တက်လူငယ်မောင်မယ်များသည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ဇေယျအောင်လ ထူပေးကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါသည်။
ထို့ကြောင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့”ဆိုသည့် အတိုင်းကျရာကဏ္ဍအသီးသီးမှ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။