Skip to main content

နိုင်ငံတော် ရွှေသီးဖို့၊ ဖွံ့ဖြိုးဖို့၊ သာယာဖို့ … ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့်သဘာဝပတ်ဝန်းကျင်ကို ဆက်စပ်စို့

မိုးမြင့်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံ့ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် စွမ်းဆောင်နိုင်မှသာ ဖြစ်နိုင်ပါမည်။ နိုင်ငံတိုးတက်မှုကိုရှာလိုလျှင် ပညာရေးကဏ္ဍကို လုံးဝဖယ်ထား၍မရ။ နိုင်ငံကိုတိုးတက်မှုလမ်းကြောင်းမှ ဖယ်ခွာစေသည့် အတားအဆီးများစွာ၊ ကုန်ထုတ်စွမ်းအားကို အဟန့်အတားဖြစ်စေသည့် အကြောင်းတရားများစွာ ရှိနေပါသည်။ ထိုအထဲမှ သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာမထိန်းသိမ်းနိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်အဆက်အစပ်တစ်ခုကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးခေါင်းစဉ်အောက်မှ ဒုတိယစာမျက်နှာသစ်တစ်ခု၏ Slogan တစ်ခုနှင့်အတူ ပြောင်းလဲဖွင့်လှစ်လာသည်ကို တွေ့မြင်ရသည့်အခါ......။

အမျိုးသားအကျိုးစီးပွားကို ထင်ဟပ်သည့်တိုက်တွန်းမှုများ

ကြွေးကြော်သံအဖြစ်လည်း ယူ၍ရသည်။ တိုက်တွန်းလှုံ့ဆော်ချက်များ၊ မျှော်မှန်းချက်များ ပါနေသည်ကိုလည်း သတိပြုမိသည်။ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော ဆောင်ပုဒ် များမှာ လှုံ့ဆော်တိုက်တွန်းမှု၊ လမ်းညွှန်ချက်နှင့် မျှော်မှန်းချက်များ ပါနေသည်ကို သတိပြုမိသည်။

အခြေအနေအချိန်အခါအရလည်းမှန်ပါသည်။ ဖြစ်လည်းဖြစ်သင့်သည်။ တိုးတက်မှုများ ရှိနေသော်လည်း လိုအပ်ချက်များရှိနေဆဲကို လှစ်ပြနေသည်။ နိုင်ငံအနေဖြင့် သာမန်မဟုတ်သည့် အခြေအနေများအောက်တွင် ဖိအားများ၊ အခက်အခဲအကျပ်အတည်းများစွာနှင့် ရုန်းကန်ရင်ဆိုင်ခဲ့ရသည်။ အားနည်းချက်များကို သင်ခန်းစာယူ၍ တိုးတက်မှုအောင်မြင် မှုများဆုပ်ကိုင်ကာ ဒုတိယအဆင့် Second phase သို့ တစ်ဆင့်လှမ်းချီတက်နေသည်။ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြပြီးလုပ်ငန်းများ ပုံမှန်ယန္တရားဖြင့် လည်ပတ်နေပြီဖြစ်၍လည်း တည်ငြိမ်မှုလမ်းကြောင်းမှာ ရပ်တည်နိုင်ခြင်း ဖြစ်သည်။

ဒုတိယစာမျက်နှာ၏ ဦးတည်ချက် ၄ ရပ်တွင် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်း နိုင်ရေးအကြောင်းကောင်းများ ဖန်တီးပေးရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးအခြေခံသည့် စက်မှုကဏ္ဍနှင့် ပညာရေးနှင့်ကျန်းမာရေးတို့ကို အထူးအလေးပေးထားသည် ကိုတွေ့ရသည်။ နိုင်ငံအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်အောက်မှာ နိုင်ငံရေးစနစ် တည်ငြိမ်မှုနှင့် စီးပွားရေးကောင်းမွန်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများကောင်းမွန်ရန် လိုအပ်သည်ဆိုသောအချက်များသည် တစ်ခုနှင့်တစ်ခုဆက်စပ်နေသည့် ဦးတည်ချက်ကောင်းများအဖြစ် မြင်မိပါသည်။

သို့သော် မြန်မာနိုင်ငံ၌ ကမ္ဘာ့နိုင်ငံအများစု စိန်ခေါ်ချက်များနည်းတူ ကိုဗစ်၊ မိုခါ၊ ရာဂီ၊ မန္တလေးငလျင်ဆိုသော ကပ်ဘေးဆိုးကြီးများကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရ၍ ဖွံ့ဖြိုးမှုလမ်းကြောင်းမှာ အတိုင်းအတာတစ်ခုအထိ နှောင့်နှေးနေရသည်ကိုလည်း သတိပြုရန်လိုပါသည်။ သဘာဝဘေးကြီးများ ဖြစ်ပေါ်ရသည့် အကြောင်းတရားများစွာအနက် အချို့ကာကွယ်နိုင်သည်များကို ကာကွယ်ရန်လိုအပ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ကို ထပ်ဆင့်၍ ရေတို၊ ရေရှည်မျှော်မှန်းချက်များအဖြစ် ပုံဖော်ထားသည်ကို မြင်နိုင်ပါသည်။ ထို့ကြောင့်ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင်သဘာဝပတ်ဝန်းကျင်ဟူသော ထိုအချက်သုံးချက်ကို တစ်မျိုးသားလုံး၏ အမျိုးသားရေးကြွေးကြော်သံ၊ အမျိုးသားအကျိုးစီးပွားကို ထင်ဟပ်သည့် တိုက်တွန်းချက်များအဖြစ် ယူဆမိပါသည်။

မြေကြီးမှရွှေသီးမည်အမှန်မှာ

ဖွံ့ဖြိုးမှုလမ်းကြောင်းတွင် ရပ်တည်နိုင်ရေးအတွက် စီးပွားရေးကောင်းမွန်ပြီး နိုင်ငံရေးတည်ငြိမ်ရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ စီးပွားရေးသည် စိုက်ပျိုးမွေးမြူရေးအပေါ်တွင် အခြေခံသည်။ စိုက်ပျိုးမွေးမြူရေး၏ အဓိက လူ့စွမ်းအားအရင်းအမြစ်မှာ ၇၀ % သော ကျေးလက်နေပြည်သူများဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးအခြေခံကုန်ထုတ်လုပ်ငန်းများကို အားပေးခြင်းသည် သူတို့၏ လူမှုစီးပွားဘဝများကို မြှင့်တင်ရာရောက်သည့်အပြင် ဆင်းရဲမွဲတေမှုနှုန်းကိုလည်း လျှော့ချရာရောက်ပါသည်။

စပါးနှင့်ဆီထွက်သီးနှံအပြင် ဒေသနှင့်ကိုက်ညီပြီး အကျိုးအမြတ် သေချာခိုင်မာသည့် ဂျုံ၊ ဝါ နှင့်ဝါးကိုပါ တိုးချဲ့စိုက်ပျိုးရန် တွန်းအားပေးလာသည်ကို တွေ့ရသည်။ အမှန်တကယ်လည်း ဂျုံစားသုံးခြင်း အထူးသဖြင့် ဂျုံကြမ်း၊ ဂျုံညိုနှင့် ဂလူတန်မပါသော ဂျုံမှုန့်နှင့်လုပ်ထားသည့်မုန့်များက ဆန်ထက်ပို၍ အာဟာရလည်းပြည့်ဝသလို ကျန်းမာရေးအတွက်လည်း သင့်တော်သည်ဟုဆိုပါသည်။ ဝါကိုစိုက်ပျိုးဧကတိုးချဲ့ပြီး ပန်းတိုင်အထွက်နှုန်းထွက်အောင် စိုက်ပျိုးခြင်းဖြင့် ဝါအခြေခံအထည်အလိပ်၊ ချည်ထည်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။

ထို့ပြင် ရွှေစိမ်းဟုပင် တင်စားလောက်သည့်ဝါးကို တိုးမြှင့်စိုက်ပျိုးခြင်းဖြင့်လည်း ဝါးအခြေခံလက်မှုပစ္စည်း၊ ပရိဘောဂ၊ မျှစ်ချဉ်၊ မျှစ်ခြောက်မှသည် ပြည်ပစျေးကွက်ဝင် တန်ဖိုးမြှင့်ပစ္စည်းများအထိပါ တိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ အဓိကဝါးကို တိုးချဲ့စိုက်ခြင်းဖြင့် ပြည်တွင်းစက္ကူ လိုအပ်ချက်မှသည် ပြည်တွင်းဖူလုံမှုအခြေအနေသို့ ရောက်ရှိရေးဖြစ်သည်။ စိုက်ပျိုးရေးကို တွန်းအားပေးသကဲ့သို့ မွေးမြူရေးကိုလည်း အားပေးဆောင်ရွက်နေသည်များ ရှိသည်။ အထူးသဖြင့် နိုင်ငံရေမြေသဘာဝနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးများတိုးချဲ့မွေးမြူခြင်းဖြင့် ပြည်တွင်းဖူလုံမှုအပြင် ပြည်ပဝင်ငွေတိုးတက်ရရှိရေးအတွက်ပါ အခြေအနေကောင်းများဖန်တီးပေးရန် ဖြစ်ပါသည်။

သို့သော် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ထိထိရောက်ရောက် တိုးတက်စေချင်လျှင် အချို့သော အခြေအနေများကို အမြဲဆန်းစစ်နေရမည်ကို သတိပြုသင့်ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုး စသည်တို့၏ လိုအပ်ချက်နှင့်သုံးစွဲမှုကို ဆန်းစစ်၍ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးအပြင် သွင်းအားစုစျေးနှုန်းများကိုပါ ထိန်းညှိပေးနိုင်ရန်ဖြစ်ပါသည်။

လယ်ယာသုံးစက်ပစ္စည်းများကို လိုအပ်သည့် တောင်သူများ လက်လှမ်းမီရရှိနိုင်ရေးလည်း ပါဝင်သည်။ ထို့ပြင် နိုင်ငံအလယ်ပိုင်းဒေသများတွင် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးကလည်း အရေးကြီးသည့်အပြင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များရရှိရန်နှင့် တောင်သူများအနေဖြင့် ဓာတုဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲတတ်ရန်လည်း လိုပြန်သည်။ နောက်ဆုံးတွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံများစျေးကောင်းရရှိရေးပင်ဖြစ်သည်။ မွေးမြူရေးအပိုင်းတွင်လည်း တောင်သူများ လက်လှမ်းမီမွေးမြူနိုင်ရေးမှသည် အသား၊ နို့၊ ဥများ ပိုမိုထွက်ရှိ နိုင်ရေး ခေတ်မီနည်းပညာဆန်းသစ်မှုများနှင့် လုပ်သားအင်အားနှင့် သွင်းအားစုများအခြေအနေ အပေါ်မူတည်၍ လိုအပ်ပါက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာနိုင်ပါသည်။ အနှစ်သာရမှာ ဖူလုံမှုမှသည် ပြည်ပပို့ကုန်အဖြစ်၊ အရေအတွက်မှသည် အရည်အသွေးဆီ၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမှ ပြည်ပရောင်းကုန်အဖြစ်သို့၊ လိုငွေမှသည်ပိုငွေသို့ ရောက်ရှိလာရန်ဖြစ်ပြီး သို့မှသာ မြေကြီးမှရွှေသီးသည် အဖြစ်သို့အမှန်ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

နိုင်ငံဖွံ့ဖြိုးရေးကို ပညာရေးက ဘယ်လိုမောင်းနှင်နေပါသလဲ

နောက်ထပ်မျှော်မှန်းချက်တစ်ခုမှာ ပညာရေးနှင့်စီးပွားရေးဆက်စပ်နေမှုကြောင့် ပညာရေးကို မြှင့်တင်ပြီး နိုင်ငံဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက် နေရန်ဖြစ်သည်။ ပညာရေးကဏ္ဍသည် ကုန်ထုတ်လုပ်မှုအခြေခံအုတ်မြစ်ဖြစ်သည့် လုပ်ငန်းကျွမ်းကျင်မှု၊ ဗဟုသုတနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသည့်အတွက် တိုင်းပြည်၏ စီးပွားရေး မောင်းနှင်အားများထဲတွင် ပညာရေးကိုမထည့်သွင်း၍မရပါ။ ပညာရေးသည် ကုန်ထုတ်လုပ်မှုအပေါ် များစွာသက်ရောက်မှုရှိပါသည်။ စွမ်းဆောင်ရည် (Efficiency) ပြည့်ဝပြီး အလိုက်သင့်ပြောင်းလဲနိုင်စွမ်း (Adaptability)နှင့် တီထွင်ဆန်းသစ်မှု (Innova-tion) အရည်အချင်းများသည် ပညာပြည့်ဝမှုအပေါ် မူတည်သည်ကို တောင်ကိုရီးယားနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ကို မြင်ကြည့်၍ရသည်။ စီးပွားရေးတိုးတက်သည့် နိုင်ငံများတွင် အဆင့်မြင့် ပညာရေးနှင့် အနာဂတ်အလုပ်ခွင်အတွက် တိုက်ရိုက်နှင့်လက်တွေ့အသုံးချနိုင်သည့် အခြေခံအသက်မွေးဝမ်းကျောင်းပညာရေး (Vocational training) အပေါ် အားထားကြသည်ကိုလေ့လာမိသည်။

ထို့ပြင် ပညာရေးမှရလာသည့် စဉ်းစားနိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်း၊ သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်းများကလည်း ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတွင်များစွာအထောက်အကူပြုသော အရည်အချင်းများ ဖြစ်သည်ကိုတွေ့ရသည်။ ထိုကဲ့သို့ အခြေအနေများကို GDP တိုးတက်မှုနှင့် ပညာရေးဆက်စပ်မှုကို OECD ကဲ့သို့ ချမ်းသာသောနိုင်ငံများတွင်လည်းကောင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း၊ ကျွမ်းကျင်မှုနှင့် လုပ်သားစျေးကွက်မကိုက်ခြင်းနှင့် ဦးနှောက်ယိုစီးမှု ပြဿနာများကြောင့် စီးပွားရေးတန့်ပြီး ဆင်းရဲချမ်းသာမညီမျှမှု ဖြစ်နေခြင်းများကို ပညာရေးအားနည်းပြီး ဆင်းရဲသောနိုင်ငံများတွင် လည်းကောင်း ဥပမာထား လေ့လာနိုင်ပါသည်။

ကျွန်တော်တို့ နိုင်ငံအစိုးရအနေဖြင့်လည်း ပညာရေးကို အထူးတန်ဖိုးထားလေးစားကာ လူငယ်များကို အတန်းပညာ၊ အခြေခံပညာတတ် များဖြစ်အောင်၊ ပညာရှင်များဖြစ်အောင် မြေတောင်မြှောက်ပေးလျက်ရှိပါသည်။ ပညာရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်သွား မည့်အခြေအနေလည်းရှိနေပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတည်ရှိရာ ကျေးလက်နေ ပြည်သူများအတွက် ဦးတည်သည့် ပညာရေးရင်းနှီးမြှုပ်နှံမှုက မြို့ပြကျေးလက်မညီမျှမှုကို လျှော့ချပြီးဆင်းရဲမွဲတေမှုပါ လျော့ပါးသွားစေကြောင်းလည်း သိရှိထားပါသည်။

ယခုအခါ အခြေခံပညာအဆင့်ကျောင်းနေ ရာခိုင်နှုန်းနည်းပါးခြင်းကြောင့် ကျောင်းနေအရွယ် ကလေးအားလုံး KG + 9 အထိ မသင်မနေရပညာရေးကို အားထည့်ဆောင်ရွက်နေသည်။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆောင်ပုဒ်ဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို အလေးထားဆောင်ရွက်နေသည်။ အနာဂတ်ပညာတတ်များ တိုးပွားလာရန် ရည်ရွယ်၍ Polytechnic University ၈ ခု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်း ၈၆ ကျောင်း ထိုမှတစ်ဆင့် တက္ကသိုလ်အဆင့်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ တက္ကသိုလ်အားလုံးတွင် BA (Law)နှင့် BA (Eco)ဘွဲ့များသင်ကြားနိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်လျက်ရှိသည်မှာ အားလုံးအသိဖြစ်သည်။ ဤသို့ဖြင့် နိုင်ငံကို ပညာဖြင့် ဦးဆောင်၊ ပညာဖြင့် စီမံခန့်ခွဲပြီးပညာအခြေခံသော ဖွံ့ဖြိုးတိုးတက်မှုဆီ ဆက်လက်လျှောက်လှမ်းကြ ရပါဦးမည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရင်းအမြစ်နှစ်ခုကို တင်ပြခဲ့ပါပြီ။ နောက်အရင်းအမြစ်မှာ သဘာဝပတ်ဝန်းကျင်မှပေးသော အကြောင်းတရားများဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများဖြစ်သော မုန်တိုင်း၊ မိုးခေါင်ရေရှားမှုနှင့် အပူချိန်ပြင်းထန်မှု၊ အင်အားပြင်းထန်ငလျင်ဘေးဒဏ်များကား နိုင်ငံအတွက် စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာပဲဖြစ်သည်။

ထို့ကြောင့်လည်း လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အရှိန်မြှင့်တင်ဆောင်ရွက် နေခြင်းဖြစ်သည်။ ယခုနှစ်တွင် အညာအပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးကို နိုင်ငံတော်အဆင့် အလေးထား ဆောင်ရွက်လာသည်။ ရာသီဥတုဖောက်ပြန်မှု ကြောင့် လူအများနေထိုင်ရခက်ပြီး ဒုက္ခသက်ရောက် ခြင်းများကြောင့် သဘာဝကပ်ဘေးအန္တရာယ်အရှိန် လျော့ကျလာအောင် ကြိုတင်ကာကွယ်ရ၊ ဖန်တီးဆောင်ရွက်ကြရသည်မှာ ယနေ့လူသားတို့၏ တာဝန်လည်းဖြစ်လာသည်။

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုအောက်တွင် စိတ်နှလုံးချမ်းမြေ့စွာဖြင့် အရိပ်အာဝါသအောက် သာသာယာယာနေရခြင်းသည် ချမ်းသာခြင်းတစ်မျိုးပင်ဖြစ်သည်။ သို့သော် စိုက်ပြီးသားအပင်များ ရှင်သန်ရန်၊ အမြဲမပြတ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တရားမဝင်ခုတ်ယူမှုများကို တားဆီးရန် တာဝန်များကား ရှိနေသေးသည့်အတွက် သားစဉ်မြေးဆက် ထိန်းသိမ်းရမည့်တာဝန်အမွေ တစ်ခုအဖြစ် ဆက်လက်ခံယူသွားရန်သာ ဖြစ်ပါသည်။

အချုပ်အားဖြင့် နိုင်ငံတစ်နိုင်ငံသည် စီးပွားရေး အရ ချမ်းသာကြွယ်ဝနေမှ၊ လူမှုဘဝများ ဖွံ့ဖြိုးနေမှ၊ အေးချမ်းသာယာနေမှ တင့်တယ်ပါသည်။ ထို့ကြောင့် လည်း ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် အရောက် ခရီးရှည်ကြီးကို ကြိုးစားပမ်းစားသွားနေ ရခြင်းဖြစ်သည်။ ဆူးငြောင့်ခလုတ်ကန်သင်းများစွာ ကျော်ဖြတ်နေရခြင်းဖြစ်သည်။ ခရီးရောက်မှု မရောက်မှုက အားလုံးအပေါ်တွင် မူတည်သည့်အတွက်လည်း ကျွန်တော်တို့တွင် တာဝန်ရှိသည်ဟု ခံယူထားပါသည်။ အားလုံးတွင် တာဝန်ရှိသည်ဟု လည်း ခံယူစေလိုပါသည်။

အခြေအနေ၊ အချိန်အခါအလိုက် လိုအပ်ချက် များကား ရှိနေမည်သာ။ အရေးအကြီးဆုံးက စေတနာရှိရန်၊ ညီညွတ်ရန်၊ နိုင်ငံချစ်စိတ်ရှိရန်နှင့် စွမ်းဆောင်ရည်မြင့်ရန် အပိုင်းများတွင်ဖြစ်သည်။ သို့သော် အားလုံး၏အခရာမှာ ပညာသာဖြစ်ပါသည်။ ပညာဖြင့်ဦးဆောင်ပြီး စိတ်ဓာတ်ကောင်းကောင်းဖြင့် အလုပ်ကို အမှန်တကယ်လုပ်၊ ထိထိရောက်ရောက် လုပ်ကိုင်ကြမည်ဆိုလျှင် ဆောင်ပုဒ်တွင်ပါသည့် ကျွန်တော်တို့လိုချင်သော မျှော်မှန်းချက်များ၊ လိုလား ချက်များ အားလုံးသည် မလွဲဧကန်အမှန်ဖြစ်လာမည်ဟု ဆက်လက်ယုံကြည်ထားပါကြောင်း။ ။