Skip to main content

လက်ရေးညီညီ ရေးစီကြရမည့် သမိုင်းစာမျက်နှာသစ်

သာထူး

ရွှေပဒေသာ၊ ငွေပဒေသာ မြေမှာပေါက်စေသောဝ် တဲ့။ ရှေးလူကြီးတွေ မျှော်မှန်းတောင့်တခဲ့ကြတဲ့ အရာပါ။ သူ့ခေတ်နဲ့သူ့အခါ တိုင်းပြည်စည်ပင် သာယာဝပြောရေး၊ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးကို ဆိုလိုခြင်းဖြစ်ပြီး လက်တွေ့အားဖြင့်လည်း “မုဆိုးမတောင် ဘုရားတည်နိုင်တယ် ဆိုတဲ့ ခေတ်ကြီးတစ်ခေတ် ရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ မျက်မြင်အထောက်အထားတွေကလည်း ငြင်းမရအောင်ထင်ထင်ရှားရှားရှိနေဆဲပါ။ နှစ်ပေါင်းထောင်ချီ ကြာမြင့်လာတဲ့အထိ နိုင်ငံသူ၊ နိုင်ငံသားတွေ ဂုဏ်ယူဝင့်ကြွားနိုင်ရလောက်အောင် ပထမ မြန်မာနိုင်ငံတော်ကြီးကို ထည်ထည်ဝါဝါ၊ ဂုဏ်ဒြပ် မြင့်မြင့်မားမား တည်ဆောက်နိုင်ခဲ့ကြတာဟာ အခြေခံအားဖြင့် စီးပွားရေးကောင်းမွန်ခဲ့ကြလို့၊ ပညာရည်မြင့်မားခဲ့ကြလို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ ဘက်ကမ်းပေါ်မှာတည်ရှိတဲ့ ပုဂံနေပြည်တော်ကို ဗဟိုပြုပြီး တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော် ကြီးဟာ သူ့ခေတ်သူ့အခါမှာ ကမ္ဘာနဲ့ရင်ပေါင်တန်း နိုင်ခဲ့ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ဒေသမှာတည်ထားတဲ့ ပုဂံမြို့တော်ရဲ့ ရေပေးရေးစနစ်မှာ ပုဂံသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအားကို တွေ့နိုင်ပြီး ကျောထောက်နောက်ခံနယ်မြေတွေမှာ ဆည်မြောင်းတွေတည်ဆောက်တာ၊ ကန်တွေဆည်ဖို့တာကို ဘုရင်မင်းမြတ်တွေကိုယ်တိုင်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ စိုက်ပျိုး ရေး ကုန်ထုတ်စွမ်းအားမြင့်မားဖို့ မင်းနဲ့ပြည်သူ အတူတကွ ကြိုးပမ်းအားထုတ်အလုပ်လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကုန်ထုတ်စွမ်းအားမြင့်မားတာနဲ့အမျှ ကုန်သွယ်စီးပွားကလည်း ဖွံ့ဖြိုးခဲ့ပါတယ်။ ဧရာဝတီမြစ်ကြီးဟာ ပင်လယ်ထွက်ပေါက်ရေလမ်း ကြောင်းကြီးဖြစ်ပြီး ပုသိမ်ကတစ်ဆင့် နိုင်ငံတကာကို သွားလာနိုင်ပါတယ်။ ဒါ့အပြင် ရှေးခေတ်တရုတ်ပိုးလမ်းမကြီးရဲ့ လမ်းခွဲတစ်ခုဟာ မြန်မာနိုင်ငံကို ဖြတ်သန်းသွားတာမို့ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကိုပါ ဖြစ်ထွန်းစေခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။ နိုင်ငံတော်အေးချမ်းသာယာပြီး ကုန်ထုတ် စွမ်းအားမြင့်မားမှုကြောင့် လူတိုင်းစီးပွားရေး ကောင်းမွန်ကြတဲ့အခါ ပညာရေးအားဖြင့်လည်း သာမန်အရပ်သူ၊ အရပ်သားများသည်ပင်လျှင် မြင့်မြင့်မားမား တတ်မြောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ ရေတွင်းမှာ ရေအတူခပ်ရင်း အဘိဓမ္မာအကြောင်းအရာ ပြောကြတဲ့အကြောင်းတွေ၊ နန်းတွင်းမှာ ရဟန်းတော်တွေကို ကန့်လန့်ကာ နောက်ကနေပြီး စာဝါပို့ချတဲ့ သံဗျင်မင်းသမီးရဲ့အကြောင်း စတာတွေဟာ ပထမမြန်မာနိုင်ငံတော် ကာလအမျိုးသားပညာရည် မြင့်မားမှုအကြောင်း ကို ပြောပြနေခြင်းပဲဖြစ်ပါတယ်။

အစကို ပြန်ကောက်ပြီးပြောရရင်တော့ ပဒေသာပင်မြေမှာပေါက်တဲ့ခေတ်ကို လူတိုင်းလိုချင်ကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ပေါင်တန်းတဲ့အခါ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံသား၊ စည်ပင် သာယာဝပြောတဲ့ နိုင်ငံသားအဖြစ် ခေါင်းမော့ရင်ကော့ချင်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ တချို့နိုင်ငံတွေက အလွန်ခေတ်မီဖွံ့ဖြိုးတိုးတက် ပြီး တချို့ကတော့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနောက်ကျကြပါတယ်။ တချို့ကတော့လည်း တစ်ဆင့်ပြီးတစ်ဆင့် မှန်မှန်ဖွံ့ဖြိုးတိုးတက်နေကြတာဖြစ်ပါတယ်။ နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုချင်း မတူညီကြတာဟာ လူမျိုးအရ အရည်အသွေးကွာခြားမှုကြောင့်၊ တချို့သောလူမျိုးတွေ ညံ့တာကြောင့်လို့ ယူဆကြတာရှိပြီး အဲဒီအယူအဆကို လူမျိုးအရ နိမ့်ကျမှုအယူအဆလို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ကမ္ဘာပေါ်မှာ လူမျိုး တစ်မျိုးနဲ့တစ်မျိုး ကာယ၊ ဉာဏ၊ ဇွဲ ၊ လုံ့လ၊ ဝီရိယ စတဲ့အစွမ်းအစ အရည်အချင်းတွေ မတူညီကြဘူး။ တချို့က အစွမ်းအစအရည်အချင်းမြင့်မားပြီး တချို့က နိမ့်ကျကြတယ်။ ဒါကြောင့် နိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ မတူညီဘဲ ကွာခြားခဲ့ကြတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူမျိုးအရ နိမ့်ကျတယ်လို့ ဆိုရာမှာလည်း နှစ်မျိုးရှိပြီးတော့ တစ်မျိုးက ဗီဇအရ နိမ့်ကျခြင်းဖြစ်ပြီး နောက်တစ်မျိုးက ပတ်ဝန်းကျင်ကြောင့် နိမ့်ကျရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့အယူအဆအရ လူတွေရဲ့အရည်အချင်း၊ အရည်အသွေးကွာခြားရခြင်းဟာ မိမိတို့နေထိုင်ရာဒေသရဲ့ ပတ်ဝန်းကျင်အခြေအနေတွေ၊ ယဉ်ကျေးမှုအစဉ်အလာတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အာဟာရဓာတ်စားသုံးမှု အခြေအနေတွေ၊ ဦးစီးဦးဆောင်သူတို့ရဲ့ အရည်အချင်း၊ အရည်အသွေးတွေစတဲ့ အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်တယ်လို့ဆိုပါတယ်။ မှတ်သားစရာ ကောင်းတာက လူတွေဟာ ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ဖိအားပေးမှု (Conviction, expectation, pressure) တွေမရှိဘဲနဲ့ မိမိတို့ရဲ့ အစွမ်းအစတွေကို အစွမ်းကုန်အသုံးချလေ့မရှိဘူး ဆိုတာပါ။

ဒီကနေ့ ကျွန်တော်တို့ရဲ့နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာမှာ ကျွန်တော်တို့ မြန်မာလူမျိုးများဟာ လူညံ့လူဖျင်းများလားလို့မေးရင် ဗီဇအရရော ပတ်ဝန်းကျင်အရပါ လုံးဝမဟုတ်ပါဘူးလို့ ငြင်းဆိုရပါလိမ့်မယ်။ ဒီဆောင်းပါးအစမှာဆိုခဲ့တဲ့အတိုင်း ပထမမြန်မာနိုင်ငံတော်ကြီးကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်အကောင်အထည်ဖော်ခဲ့ကြရာမှာ မြန်မာတွေအားလုံး (ဗမာလူမျိုးများသာမက တိုင်းရင်းသားများပါ) စည်းလုံးညီညွတ်စွာနဲ့ သူ့တာကိုယ့်တာ ကျေပွန်စွာ အလုပ်လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ၁၉ ရာစုမှာ တိုင်းတစ်ပါးကျူးကျော် သူနယ်ချဲ့လက်အောက် ကျရောက်ခဲ့ကြပြီး လွတ်လပ်ရေးရပြီးကာလ ၂၀ ရာစုနှစ် လက်ရှိ ၂၁ ရာစုတစ်လျှောက်မှာလည်း နိုင်ငံကို ကောင်းစွာတည်ဆောက်မှု မပြုနိုင်ခဲ့သေးပါဘူး။ ကမ္ဘာနဲ့ တူတူတန်တန် ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံသူ နိုင်ငံ သားတွေ ဖြစ်ဖို့၊ ကိုယ့်ခေတ်မှာမညံ့ကြဖို့ ကျွန်တော်တို့ ကြိုးပမ်းအားထုတ် အလုပ်လုပ်ကြရမှာဖြစ်ပြီး ဉာဏ်ပညာမြင့်မြင့်မားမားနဲ့ အလုပ်လုပ်နိုင်ကြဖို့အတွက် လူတိုင်းပညာရည် မြင့်မားကြဖို့လိုပါတယ်။ တစ်ပြိုင်တည်းမှာပဲ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည် သာယာလှပစေဖို့ သဘာဝပတ်ဝန်းကျင်အခြေအနေကောင်းမွန်စေရမှာလည်း ဖြစ်ပါတယ်။

ပစ္စက္ခကာလမှာ ကျွန်တော်တို့ဟာ သမိုင်းစာမျက်နှာသစ်တစ်ခုကို ရေးထိုးနေကြပြီဖြစ်ပါတယ်။ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့နိုင်ငံများဟာ ဒီကနေ့ကျွန်တော်တို့နိုင်ငံ ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်ကျော်လွှားပြီးမှ အောင်မြင်မှုရယူနိုင်ခဲ့ကြတာကိုလည်း သတိချပ်ကြဖို့လိုပါတယ်။ နိုင်ငံနဲ့လူမျိုးကို တိုးတက်မြင့်မားအောင် ပို့ဆောင်နိုင်တဲ့ ပထမ ဦးဆုံးသောအင်အားဟာ စိတ်ဓာတ်အင်အားပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကြီးပွားဖွံ့ဖြိုး တိုးတက်ရမယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားဟာ ခေါင်းဆောင်မှုပြုသူနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံးမှာ ပြင်းပြင်းပြပြဖြစ်တည်လာတဲ့အခါ တစ်နည်းအားဖြင့် စိတ္တာဓိပတိ ဖြစ်လာတဲ့အခါ စက်ယန္တရား တစ်ခုလည်ပတ်မှုစတင်ဖို့ အစပျိုးတဲ့စွမ်းအင်လို အလုပ်လုပ်လာပါတယ်။

ဖိအားအမျိုးမျိုးအောက် ကျရောက်နေရတဲ့ ဘဝရှည်ကြာလာတဲ့အခါ လွတ်မြောက်လိုတဲ့ ဆန္ဒနဲ့ ရုန်းကြွလာတဲ့စွမ်းအင်ဟာ Need achievement (N’ach) ဆိုတဲ့ ထမြောက်လိုအင်ပါ။ ဒီကနေ့ ကမ္ဘာမှာ မြန်မာဆိုရင် မသိကြတာ၊ လှောင်ပြောင် ရယ်မောကြတာ၊ နှိမ့်ချဆက်ဆံကြတာ၊ ပြည်ဝင်ခွင့် မပေးတာ၊ အလုပ်အကိုင်တွေမှာ ကန့်သတ်ခံရတာ၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာလည်း ဖယ်ကြဉ်ကြတာ၊ အုပ်စုဖွဲ့ ဖိအားမျိုးစုံပေးပြီး အနိုင်ကျင့်တာ စတာတွေဟာ မြန်မာလူမျိုးတွေအဖို့ နာကြည်းစရာ၊ တမြည့်မြည့်နဲ့ ခံရခက်စရာတွေပါ။

တကယ်တော့ ယဉ်ကျေးမှုမြင့်မားပါတယ်ဆိုတဲ့ မျက်မှောက်ကမ္ဘာကြီးမှာ အမှန်တကယ် ရှင်သန်ထွန်းကားနေတာက အင်အားသည်သာ အခရာဆိုတဲ့ တောနက်ကြီးဥပဒေ (Jungle Law) ပါ။ အင်အားအကြီးမားဆုံးနိုင်ငံဟာ ကမ္ဘာ့အရေးအရာကို လိုသလို ပုံဖော်ခြယ်လှယ်နိုင်ပြီး အင်အားရှိတဲ့ နိုင်ငံကိုပဲ အလေးဂရုပြုကြတာဖြစ်ပါတယ်။ တောနက်ကြီးထဲက သားရိုင်းတိရစ္ဆာန်တွေလို အင်အားအနည်းဆုံးသတ္တဝါက အစားခံရုံသက်သက်ပဲဖြစ်ပြီး အင်အားနည်းပေမယ့် အဆိပ်ပြင်းရင်တော့ ရှောင်သွားတတ်ကြတာမျိုး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း တွေ့ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအလယ်မှာ မြန်မာဟေ့လို့ ခေါင်းမော့ရင်ကော့နိုင်အောင် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အင်အားနဲ့ နိုင်ငံကို ခိုင်ခိုင်မာမာခံ့ခံ့ညားညား တည်ဆောက်ကြရမှာဖြစ်ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ စွမ်းပကားနဲ့ပဲ လှောင်ပြောင်မှုတွေ၊ နှိမ့်ချမှုတွေ၊ ကန့်သတ်မှုတွေ၊ ဖယ်ကြဉ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ဖိအားပေးမှုတွေကို ဖယ်ရှားပစ်ကြရမှာပဲဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အဓိကအင်အားသုံးရပ်ဖြစ်တဲ့ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေး အင်အားတို့ကို ခိုင်ခိုင်မာမာတည်ဆောက်ရာမှာ ကျွန်တော်တို့ နိုင်ငံသားအားလုံး တာဝန်ကျေပွန် ကြဖို့လိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးမြင့်မားတိုးတက်စေဖို့အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားဖို့လိုနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက လူတစ်ဦးချင်းစီရဲ့ ထုတ်လုပ်နိုင်စွမ်းတွေကို မိမိတို့မမီသေးဘူးဆိုရင်တောင် လက်ရှိမိမိတို့ရဲ့ ကုန်ထုတ်လုပ်မှုထက် နှစ်ဆထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။ ဒီအတွက် လူတိုင်းအလုပ်လုပ်ကြဖို့နဲ့ အလုပ်လုပ်နိုင်အောင် အခြေအနေတွေ၊အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုပါတယ်။ ရွှေပဒေသာ မြေကပေါက်စေဖို့ လူတိုင်းအလုပ်လုပ်ကြရမှာဖြစ်သလို နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုကို အားပေးကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးဖို့ အလုပ်လုပ်ကြရာမှာ ယခင်က လူကြီး​တွေပြောခဲ့သလို ဖိုးသုည၊ မယ်သုညတွေနဲ့ တိုင်းပြည်တည်ဆောက်လို့ မရနိုင်ပါဘူး။ တန်ဖိုးမြင့်မားတဲ့ လူ့စွမ်းအားအရင်း အမြစ်ကသာ နိုင်ငံကိုမြင့်မားအောင် တည်ဆောက် နိုင်မှာဖြစ်လို့ လူတိုင်းပညာတတ်ဖို့၊ အမျိုးသား ပညာရည်မြင့်မားဖို့လိုပါတယ်။ ဉာဏ်ပညာနဲ့ လုံ့လ၊ ဝီရိယတို့ကသာ နိုင်ငံကိုဂုဏ်သိက္ခာမြင့်မားအောင် တည်ဆောက်ကြရာမှာ အဓိကဦးဆောင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးကြဖို့ လိုအပ်ပါတယ်။ ပညာရေးကို နှောင့်ယှက်သူ၊ ပညာရေးကို ဟန့်တားသူ၊ ပညာရေးကို ဖျက်ဆီးသူများကိုလည်း ဖယ်ရှားရှင်းလင်းသွားကြရမှာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ မိမိတို့ ဘိုးဘွားများရဲ့အမွေ၊ ထူးခြားကောင်းမွန်ပြည့်စုံတဲ့ သဘာဝတွေနဲ့ လှပတဲ့ပြည်ထောင်စုကြီးကို နဂိုရည် အတိုင်း စိုပြည်အလှ မပျက်စေဖို့ပါ။ နှင်းဖုံးတောင်တန်းကြီးတွေနဲ့ ရေဝေတောင်တန်းကြီးတွေ၊ သဘာဝရေအိုင်ကြီးတွေနဲ့ တသွင်သွင်စီးဆင်းနေတဲ့ ရေချိုအရင်းအမြစ် မြစ်ချောင်းတွေ၊ သဘာဝ အလျောက် ပေါက်ရောက်နေတဲ့ သစ်တော၊ ဝါးတောတွေနဲ့ စားရေရိက္ခာအသက်သွေးကြော မြေကောင်းယာကောင်းတွေ၊ ရှည်လျားတဲ့ပင်လယ်ကမ်းရိုးတန်းတွေနဲ့ အဏ္ဏဝါအရင်းအမြစ်တွေ၊ မြန်မာ့ရေမြေမှာ ရှင်သန်ကျက်စားကြတဲ့ သားငှက်တိရစ္ဆာန် တွေအားလုံးကို ချစ်မြတ်နိုးကြဖို့နဲ့ ထာဝရတည်ရှိအောင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဖြစ်ပါတယ်။

တောင်ပေါ်မြေပြန့် နိုင်ငံတစ်ဝန်းမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ ပြည်ထောင်စုသားတွေ၊ နိုင်ငံသားတွေမှာ အလှကိုယ်စီရှိကြပြီး ရောင်စုံပန်းချီကား တစ်ချပ်လို ရှုချင်စဖွယ် တင့်တယ်လှပါတယ်။ ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့ တူညီတဲ့ဝိသေသ လက္ခဏာကတော့ ရင်းနှီးဖော်ရွေမှုဖြစ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုကြပါတယ်။ မြန်မာကို မသိတဲ့လူတွေက ကမ္ဘာမှာအများကြီးရှိသလို သိသွားတဲ့လူတွေက ချစ်ခင်ကြတာ၊ မြတ်နိုးကြတာ၊ အလေးထားကြတာကို တွေ့ကြရမှာလည်းဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာလူမျိုး အားလုံးမှာရှိကြတဲ့ အလှကိုယ်စီကို ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ကြဖို့၊ မြန်မာ့မြေပေါ်မှာ အလှဝေ အောင် မေတ္တာတရားတွေ ထွန်းကားဖို့၊ နိုင်ငံနှင့်လူမျိုးတွေကို အရုပ်ဆိုးအကျည်းတန်စေတဲ့ ဒေါသတိမ်သလ္လာတွေ ဖယ်ရှားရှင်းလင်းဖို့၊ ကျွန်တော်တို့ အားလုံးရေးထိုးကြရမယ့် သမိုင်းစာမျက်နှာသစ်ကို လက်ရေးညီညီရေးစီကြဖို့ မေတ္တာရှေ့ထား နှိုးဆော်လိုက်ရကြောင်းပါဗျား။