Skip to main content

သီးနှံအထွက်နှုန်း မလျော့နည်းစေဖို့ ပေါင်းကို ကာကွယ်နှိမ်နင်းစို့

စိုးမိုးဝင်း(စိုက်ပျိုးရေး)

“ပေါင်း”ဟူသော စကားလုံးသည် မြန်မာအဓိပ္ပာယ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော်လည်း တောင်သူလယ်သမားဦးကြီးများ၏ စိုက်​ရေးပျိုးရေးလုပ်ငန်းတွင် အနုတ်လက္ခဏာဆောင်သော စကားလုံးဖြစ်သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ပေါင်းကြောင့် အထွက်နှုန်း သိသိသာသာလျော့နည်းစေနိုင်ပြီး လျော့နည်းမှုပမာဏသည် သီးနှံအမျိုးအစား၊ ပေါင်းအမျိုးအစား၊​ ပေါင်းအနည်းအများနှင့် သီးနှံစိုက်နည်းစနစ်တို့အပေါ် မူတည်သည်။ ယေဘုယျအားဖြင့် ပေါင်းကြောင့် သီးနှံအထွက်နှုန်း ၂၀ မှ ၁၀၀ ရာခိုင်နှုန်းအထိဆုံးရှုံးနိုင်သည်။ ပေါင်းကြောင့် မြေပဲစိုက်ပျိုးရာတွင် ၂၄ ဒသမ ၄ ရာခိုင်နှုန်း၊ ​ပြောင်းဖူးတွင် ၃၆ မှ ၆၀ ရာခိုင်နှုန်း၊ နေကြာတွင် ၂၀ မှ ၇၀ ရာခိုင်နှုန်း စသည်ဖြင့် အထွက်နှုန်းလျော့နည်းနိုင်ပါသည်။

၁၉၉၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည် နည်းစနစ်အမျိုးမျိုးဖြင့် စိုက်ပျိုးထားသော စပါးများတွင် ပေါင်းပင်ကြီးထွားမှုကို ကာကွယ်မှုမရှိဘဲအထွက် နှုန်းဆုံးရှုံးမှုပမာဏကို သုတေသနပြုစမ်းသပ် ခဲ့ရာ ရေသွင်းစိုက်ပျိုးခြင်းစနစ်တွင် ပျိုးထောင် ကောက်စိုက်ခြင်းမှာ ၄၈ ရာခိုင်နှုန်း၊ ရေခံကြဲခင်းမှာ ၄၄ ရာခိုင်နှုန်း၊ မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်းမှာ ၅၅ ရာခိုင်နှုန်း ပျမ်းမျှအားဖြင့် အထွက်နှုန်းဆုံးရှုံးခဲ့သည်။ ရေတော်မိုးတော် စိုက်ပျိုးခြင်းတွင် အခြောက်တမန်းပြင် မျိုးစေ့ချစိုက်ပျိုးခြင်းမှာ ၇၄ ရာခိုင်နှုန်း၊ အစိုတမန်းပြင် မျိုးစေ့ချစိုက်ပျိုးခြင်းမှာ ၆၁ ရာခိုင် နှုန်း၊ ပျိုးထောင်ကောက်စိုက်ခြင်းမှာ ၅၁ ရာခိုင်နှုန်းအထွက်နှုန်း ဆုံးရှုံးခဲ့သည်။ မိုးရေဖြင့် ကုန်းမြင့်ဒေသစိုက်ပျိုးခြင်းတွင် ကြဲပက်စိုက်ပျိုးခြင်း(သို့) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းမှာ ၉၆ ရာခိုင်နှုန်းအထိ အထွက်ဆုံးရှုံးခဲ့သည်။ ပေါင်းသည် စိုက်ပျိုး​ရေးထုတ်လုပ်မှု၌ အဓိကကျသော အဟန့်အတားတစ်ခု ဖြစ်သည်။

ပေါင်းဆိုသည်မှာ

ပေါင်းဆိုသည်မှာ “လူတို့စိုက်ပျိုးထားသော သီးနှံပင်များ၏ကြီးထွားမှုကို အနှောင့်အယှက် ဖြစ်စေသည့် အလိုအလျောက်ပေါက်​ရောက်သော အပင်များ” ကိုခေါ်ပါသည်။ ပေါင်းပင်များကို ပြင်ပ ရုပ်သွင်ပြင်ပေါ်မူတည်ပြီး မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းဟူ၍ အုပ်စုသုံးခု ခွဲခြားသတ်မှတ်ကြသည်။ သက်တမ်းကာလအရ တစ်နှစ်ခံပင်၊ နှစ်နှစ်ခံပင်နှင့် နှစ်ရှည်ခံပင်ဟူ၍ခွဲခြားနိုင်ပါသည်။ အလေ့အထအရ ခွဲခြားရာတွင် ရေနေပေါင်း၊ ရေတစ်ဝက်ကုန်းတစ်ဝက်ပေါင်းနှင့် ကုန်းနေပေါင်းဟူ၍ ခွဲခြား ထားပါသည်။

ပေါင်းသည် သီးနှံပင်များနည်းတူ ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်များတူညီနေသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ပေါင်းပင်များအတွက် ပတ်ဝန်းကျင်အခြေခံကောင်းများ ဖြစ်ပေါ်စေပြီး လျင်မြန်စွာ ကြီးထွားနိုင်သည်။ ပေါင်းသည် မျိုးစေ့မြောက်မြားစွာ ထုတ်လုပ်နိုင်ခြင်း၊ မျိုးစေ့သည် ချက်ချင်းပေါက်ရောက်ခြင်းမရှိဘဲ သစ်စေ့ငုတ်ချိန်ရှိခြင်း၊ အစေ့အခွံမှာ လေ၊ ရေတို့ကို အလွယ်တကူ စိမ့်ဝင်နိုင်ခြင်းမရှိနိုင်အောင် မာကျောခြင်း၊ အခြေအနေပေးသည်နှင့်တစ်ပြိုင်နက် မျိုးစေ့သည် အညှောက်ပေါက်နိုင်စွမ်းအားရှိခြင်း၊ သဘာဝပတ်ဝန်းကျင်အမျိုးမျိုးတွင် မျိုးစေ့ပေါက်နိုင်ခြင်း၊ ရှင်သန်ကြီးထွားနိုင်ခြင်း၊ နေရာအနှံ့အပြားသို့ ပျံ့နှံ့နိုင်သည့်စွမ်းအားရှိခြင်းစသည်တို့ကြောင့် ပေါင်းသည်သက်တမ်းရှည်စွာ ဖြစ်ထွန်းနေပါသည်။

စိုက်ပျိုး​ရေးဖျက်ပင်ပေါင်း

ပေါင်းကြောင့် သီးနှံပင်အတွက် လောင်းရိပ်ကို ဖြစ်ပေါ်စေခြင်းနှင့် နေရောင်ခြည်ရရှိနိုင်မှု လျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ပေါင်းသည် မြေဆီလွှာထဲမှ ရေကိုစုပ်ယူခြင်းကြောင့် သီးနှံပင်အတွက် ရေရရှိမှုပမာဏကို လျော့နည်းစေပြီး အစိုဓာတ်တည်ရှိမှုကာလကို တိုတောင်းစေသည်။ ပေါင်းသည်မြေဆီလွှာထဲမှ အာဟာရဓာတ်ကိုရယူပါသည်။ ထို့အပြင် သီးနှံပင်များကိုကျွေးသော မြေဩဇာများမှ အာဟာရဓာတ်များကိုလည်း ရယူစားသုံးပါသည်။ အထူးသဖြင့်မြေဩဇာတွင် ပါရှိသည့် နိုက်ထရိုဂျင်ကို သီးနှံပင်များနှင့် ယှဉ်ပြိုင်စားသုံးကြသည်။

စိုက်ခင်းထဲတွင် ပေါင်းပင်များက ကြီးစိုးအုပ်မိုးသွားလျှင် သီးနှံအတွက် နေရာမရှိတော့ပေ။ ထိုအခါသီးနှံပင်များသည် ကြီးထွားမှုမရှိဘဲ အပွင့်၊ အသီး၊ အစေ့၊ အဆန် မတည်တော့ပေ။ ပေါင်းသည် သီးနှံပင်များကို ဖျက်ဆီးနိုင်သော ရောဂါများ၊ ပိုးမွှားများနှင့် ဖျက်ကောင်များအတွက် နေစရာအိမ်ခြံမြေ သဖွယ်ဖြစ်စေသည်။ နှံကောင်သည် မြက်ပေါင်းများတွင် ဥ ဥပြီး သီးနှံရွက်များကို ဖျက်ဆီးသည်။ ရွက်ထွေးပိုးသည် ပြောင်းဖူး၊ စပါးနှင့်ဟင်းသီး ဟင်းရွက်ပင်များကို ကူးစက်နိုင်သည်။ ခူမွေးရှည်သည် နေကြာ၊ ဝါ၊ ပဲမျိုးစုံတွင် ကျ​ရောက်လေ့ရှိပြီး ပေါင်းပင်များမှ စတင်ဖျက်ဆီးတတ်သည်။ စုပ်စားပိုးများဖြစ်သည့် ပင့်ကူနီများသည် ​ပေါင်းပင်များတွင် ခိုအောင်းနေတတ်ပြီး ခရမ်းချဉ်၊ ငရုတ်၊ ပဲမျိုးစုံတွင် ကျ​ရောက်တတ်သည်။ ပျပိုးသည် ပေါင်းပင်တွင် ပေါက်ပွားလေ့ရှိပြီး သခွား၊ ဖရဲ၊ ပဲမျိုးစုံတွင် ဗိုင်းရပ်စ်​ရောဂါများကို ကူးစက်နေစေနိုင်သည်။ ယင်ဖြူသည် ပေါင်းပင်များတွင် ဥ ဥတတ်ပြီး ခရမ်းချဉ်၊ အာလူး၊ ဆေးရွက်ကြီးတို့တွင် ကျရောက်တတ်သည်။ ပင်နာကျ​ရောဂါသည် ပေါင်းပင်တွင် ရောဂါဖြစ်၍ ဆက်လက်ကူးစက်နိုင်ပြီး အာလူး၊ ခရမ်းချဉ်တို့တွင် ကျ​ရောက်တတ်သည်။ ပင်ညှိုး​ရောဂါသည် ပေါင်းပင်တွင်ရှင်သန်နေနိုင်ပြီး ပဲမျိုးစုံနှင့် ခရမ်းချဉ်တို့ကို ထိခိုက်စေနိုင်သည်။ ရွက်ပြောက်စွန်း​ရောဂါမှာ မြက်ပေါင်းတို့တွင် ခိုအောင်းနေနိုင်ပြီး စပါး၊ ပြောင်းတို့တွင် ကျ​ရောက်သည်။

ပေါင်းသည် စိုက်​ရေးပျိုး​ရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ထိခိုက်စေနိုင်သည်။ သီးနှံများ ရိတ်သိမ်းရာတွင် ပေါင်းကြောင့် အနှောင့်အယှက် ဖြစ်စေပြီး သီးနှံထွက်ကုန်များတွင် ပေါင်းစေ့များ ရောပါလာပါက အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။ ပေါင်းပင်၏ အမြစ်မှထွက်သော အရည်များနှင့်အရွက်မှထွက်သော အရည်များသည် သီးနှံပင်များကို အဆိပ်ဖြစ်စေပါသည်။

ပေါင်းသည် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးထားသောသီးနှံများကို ဖျက်ဆီးရုံမှတစ်ပါး အခြားဘာမျှ အကျိုးမရှိပေ။ သီးနှံပင်ကို မည်မျှပင်ပြုစုပါစေ၊ မြေဩဇာကျွေးပါစေ ပေါင်းရှိနေလျှင် အပင်သည် ကြီးထွားသန်စွမ်းမှုမရှိဘဲ အပွင့်၊ အသီး အားနည်းကာ အစေ့အဆန် ကောင်းစွာမတည်နိုင် ဖြစ်တတ်သည်။ နောက်ဆုံးတွင် တောင်သူဦးကြီး များလိုအပ်သော အထွက်နှုန်းကိုမရရှိဘဲ ဝင်ငွေပါ နည်းသွားနိုင်ပါသည်။ ထို့ကြောင့်ပေါင်းသည် စိုက်ပျိုးရေးဖျက်ပင် ဖြစ်သည်။

​ပေါင်းကာကွယ်နှိမ်နင်းခြင်း

ပေါင်းကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများမှာ ကြိုတင်ကာကွယ်ခြင်း၊ လူဖြင့်ကာကွယ်နှိမ်နင်းခြင်း၊ ကိရိယာဖြင့် နှိမ်နင်းခြင်း၊ စိုက်ပျိုးနည်းလမ်းဖြင့် နှိမ်နင်းခြင်း၊ ဇီဝနည်းဖြင့်နှိမ်နင်းခြင်းနှင့် ဓာတုနည်းဖြင့် နှိမ်နင်းခြင်းတို့ဖြစ်သည်။

(က) ကြိုတင်ကာကွယ်ခြင်း

ပေါင်းမျိုးစိတ်များ ဝင်ရောက်လာမှုကို ဟန့်တားခြင်းလုပ်ငန်းသည် ရှင်သန်ပေါက်ပွားပြီးသော ပေါင်းများကို နှိမ်နင်းခြင်းလုပ်ငန်းထက် ပိုမို လွယ်ကူပါသည်။ စိုက်ပျိုးမည့်စိုက်ခင်းဧရိယာအတွင်း ပေါင်းစတင်ပေါက်ပွားခြင်းမှ ရှောင်ကြဉ်ရန် နည်းလမ်းများမှာ ပေါင်းမျိုးစေ့ကင်းသော သီးနှံမျိုးစေ့များကိုသုံးခြင်း၊ လယ်ယာသုံးကိရိယာများနှင့် ကျွဲ၊ နွားတို့မှ ပေါင်းမပြန့်ပွားစေရန် ၎င်းတို့ကို ပေါင်းကင်းစင်အောင်ထားရှိခြင်း၊ ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာနှင့် လယ်ယာစွန့်ပစ်ပစ္စည်းများကို အသုံးပြုခြင်း၊ စိုက်ရေးပျိုးရေးလုပ်ငန်းများကို ပေါင်းကာကွယ်ခြင်းအသိဖြင့် စနစ်တကျ စီမံလုပ်ဆောင်ခြင်း၊ စိုက်ခင်းမြေ၊ ကန်သင်းများ၊ ရေသွင်းမြောင်းများ၊ စွန့်ပစ်မြေနှင့် အများနှင့်ဆိုင်သော‌နေရာများတွင် ပေါင်းပေါက်ပွားမှုမရှိအောင် ကာကွယ်ခြင်း၊ အပင်အစိတ်အပိုင်းများမှ မျိုးပွားနိုင်သော နှစ်ရှည်ခံပင်ပေါင်းများကို ပျံ့နှံ့မှုမရှိအောင် ကာကွယ်ခြင်းတို့ ဖြစ်သည်။

(ခ) လူဖြင့်ကာကွယ်နှိမ်နင်းခြင်း

စိုက်ခင်းအတွင်းပေါက်လာသော ပေါင်းများကို လူအင်အားအသုံးပြု၍ လက်ဖြင့်နုတ်ပစ်ခြင်း၊ ခြေဖြင့်နင်းခြေခြင်း၊ စပါးတွင် ခြေဖြင့်မြေထဲသို့ မြှုပ်ပစ်ခြင်း၊ ပေါက်ပြား၊ တူးရွင်းနှင့် တံစဉ်တို့ကိုအသုံးပြု၍ ရိတ်ခြင်း၊ ဖြတ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

(ဂ) ကိရိယာဖြင့် နှိမ်နင်းခြင်း

အပင်အတန်းများအကြားရှိ ပေါင်းပင်များကို ပေါင်းလိုက်ကိရိယာ (ကြားပေါင်းလိုက်ကိရိယာ)ကို ရှေ့တိုးနောက်ဆုတ်ပြုလုပ်၍ ပေါင်းများကို နှိမ်နင်းခြင်းဖြစ်သည်။ ပေါင်းပင်များကို ချွန်ထက် သော အသွားများမှ ဖြတ်တောက်ပစ်ပြီး မြေထဲသို့ ရောက်ရှိသွားခြင်းဖြင့် တစ်နှစ်ခံပေါင်းပင်များကို နှိမ်နင်းနိုင်ပါသည်။ ထို့အပြင် မြေသားကို ကြေမွသွားစေပြီး ပေါင်းပင်၏အမြစ်များကို ထိခိုက်မှုဖြစ်စေခြင်းတို့ကြောင့် ပေါင်းများပြန်လည်ရှင်သန်မှုမဖြစ်မီ ခြောက်သွေ့ပြီး သေဆုံးသွားနိုင်ပါသည်။ ကိရိယာဖြင့် နှိမ်နင်းခြင်းသည် လူလုပ်အားဖြင့် နှိမ်နင်းခြင်းထက် အချိန်ကုန်သက်သာစေပြီး ကုန်ကျစရိတ်လည်း သက်သာစေပါသည်။

(ဃ) စိုက်ပျိုးနည်းလမ်းဖြင့်နှိမ်နင်းခြင်း

စိုက်ပျိုးနည်းလမ်းဖြင့် နှိမ်နင်းခြင်းဆိုသည်မှာ ပေါင်းပင်များကို ၎င်းတို့နှစ်ခြိုက်မှုမရှိသော အခြေအနေကို ဖန်တီးပေးခြင်းဖြင့် ပေါင်းပင်၏ ယှဉ်ပြိုင်မှုစွမ်းအားကို လျော့နည်းအောင် လုပ်ဆောင်နိုင်သည့်နည်းလမ်းများ သို့မဟုတ် ပေါင်းပင်များကို အချိန်ကာလတစ်ခုအတွင်း ရှင်သန်ကြီး ထွားခွင့်ပေးပြီး ၎င်းကာလအတွင်းမှာပင် ပေါင်းကို တိုက်ရိုက်နှိမ်နင်းသည့်နည်းလမ်း ဖြစ်သည်။ စိုက်ပျိုးနည်းလမ်းများအနေဖြင့် မြေယာပြုပြင်ခြင်း၊ ရေသွင်းရေထုတ်စီမံဆောင်ရွက်ခြင်း၊ စိုက်ပျိုးနည်းလမ်းများအသုံးပြုခြင်း၊ မျိုးစေ့ရွေးချယ်ခြင်း၊ အပင်ဦးရေအနည်းအများ၊ ပင်ကြွင်းဖုံးအုပ်ခြင်းနှင့် ဓာတ်မြေဩဇာအသုံးပြုခြင်းတို့ဖြစ်သည်။

မြေယာပြုပြင်ခြင်းတွင် ပေါင်းများကို ထယ်ထိုးခြင်းနှင့်ထွန်မွှေပေးခြင်း၊ နွေထယ်ရေးခံပြီး ထယ်ထိုးပေးခြင်းဖြင့် ပေါင်းစေ့များနှင့်ပေါင်းပင်အစိတ်အပိုင်းများကို နေရောင်ခြည်ဖြင့် ခြောက်သွေ့စေပြီး သေစေခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ရေသွင်းရေထုတ် စီမံဆောင်ရွက်ခြင်းတွင် သီးနှံမစိုက်ပျိုးခင်ရေသွင်းခြင်း သို့မဟုတ် မြေကောင်းစွာပြင်ဆင်ခြင်းဖြင့် ပေါက်လာသော ပေါင်းများကို ထွန်ယက်ခြင်း သို့မဟုတ် ပေါင်းသတ်ဆေးအသုံးပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ စိုက်ပျိုးနည်းလမ်းများတွင် သီးလှည့်စိုက်ခြင်းနှင့် သီးညှပ်စိုက်ခြင်းတို့သည် ပေါင်းပင်ပေါက်ရောက်မှုကို နည်းစေသည်။ မျိုးစေ့နှုန်းထားကို ပိုမိုသုံးစွဲပေးခြင်းဖြင့် အပင်ဦးရေကိုများစေပြီး သီးနှံပင်များကို စိပ်စိပ်စိုက်ပျိုးရာရောက်ကာ ပေါင်းပေါက်ရောက်မှုနည်းစေခြင်းနှင့် ပေါင်းပင်ကိုယှဉ်ပြိုင်မှု အားကောင်းစေရန် ပင်ပိုင်းကြီးထွားမှုကောင်းသည့်မျိုး ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

သီးနှံမစိုက်ပျိုးခင် ပဲမျိုးရင်းဝင်အပင်များ၊ ညံပင်၊ ပိုက်ဆံလျှော်၊ မြေနိမ့်ချယ်ရီ စသည့်အပင်များကို စိုက်ပျိုးပြီး ထယ်ထိုးထွန်မွှေပေးခြင်းနှင့် ကောက်ရိုးပြတ်များအပါအဝင် သီးနှံပင်ကြွင်းပင် ကျန်များကို မြေဆီလွှာအားဖုံးအုပ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ မြေဩဇာကျွေးရာတွင် ပေါင်းပင်သည် သီးနှံပင်ထက်အာဟာရကို ပိုမိုစုပ်ယူ နိုင်၍ သီးနှံပင်ရရှိနိုင်မည့် နည်းလမ်းများကို စနစ် တကျ အသုံးပြုခြင်းနှင့် ပေါင်းကင်းစင်မှုအတွက် များစွာအထောက်အကူပြုနိုင်ရန် သီးနှံပင်ကို ပေါင်း ပင်နှင့်ယှဉ်ပြိုင်ကြီးထွားစေခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ မြေဆီလွှာမျက်နှာပြင်ကို ပလတ်စတစ်အကြည် သို့မဟုတ် အနက်ဖြင့် နွေရာသီနေပြင်းပြင်း ပူချိန်တွင် လေးပတ်မှ ခြောက်ပတ်အထိ ဖုံးအုပ်ပေးခြင်း၊ အပူချိန်လျော့နည်းသည့်အချိန်တွင် ရှစ်ပတ်အထိ ဖုံးအုပ်ပေးခြင်းဖြင့် ပေါင်းစေ့နှင့် မြေဆောင်ရောဂါပိုးအချို့ကို သေစေနိုင်ပါသည်။

(င) ဇီဝနည်းဖြင့်နှိမ်နင်းခြင်း

ဇီဝနည်းဖြင့်နှိမ်နင်းခြင်းဆိုသည်မှာ ပေါင်းပင်၏ သဘာဝရန်သူများမှ သဘာဝအလျောက် လုပ်ဆောင်ချက်များဖြင့် နှိမ်နင်းခြင်းနှင့် ပေါင်းပင်၏ သဘာဝရန်သူများကို ပေါင်းနှိမ်နင်းရန် ရည်ရွယ် ချက်ဖြင့်မွေးမြူ၍ နှိမ်နင်းခြင်းတို့ ဖြစ်သည်။ ပေါင်းပင်၏သဘာဝရန်သူများမှာ အင်းဆက်ပိုးများ၊ မှို၊ ဗိုင်းရပ်စ်၊ ဗက်တီးရီးယားများ၊ နီမတုတ်စသည့် အဏုဇီဝပိုးမွှားများ၊ ငါး၊ ဘဲ၊ နွားနှင့် အခြားတိရစ္ဆာန်များတို့ ဖြစ်သည်။

(စ) ဓာတုနည်းဖြင့်နှိမ်နင်းခြင်း

ဓာတုနည်းဖြင့် နှိမ်နင်းခြင်းဆိုသည်မှာ ပေါင်းနှိမ်နင်းရန် ဓာတုပေါင်းသတ်ဆေးကို လုပ်သားရှားပါးချိန်နှင့် လုပ်အားခဈေးကြီးချိန်တို့တွင် အသုံးပြုခြင်းဖြစ်သည်။ ဓာတုပေါင်းသတ် ဆေးများကို အသုံးပြုရာတွင် ထိရောက်မှုရှိစေရန် ပေါင်းသတ်ဆေးအသုံးပြုရမည့်အချိန်၊ အသုံးပြု ရမည့်နည်းလမ်းနှင့် သက်ရှိများအပေါ် အကျိုး သက်ရောက်မှုတို့ကို သိရှိနားလည်ရန် လိုအပ်ပါသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံအထွက် တိုးရေးနည်းလမ်းများကို အသုံးပြုရန်လိုအပ်သကဲ့သို့ သီးနှံအထွက်မလျော့ရေး နည်းလမ်းများကိုလည်း လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။ ပေါင်းသည် သီးနှံပင်များနှင့်အပြိုင် နေရောင်ခြည်၊ ရေ၊ အာဟာရနှင့်နေရာတို့ကို ယှဉ်ပြိုင်လုယူသည်။ ပေါင်းသည် တောင်သူဦးကြီးများရရှိမည့် သီးနှံအထွက်နှုန်းကို လျော့နည်းစေခြင်းဖြင့် ဝင်ငွေကို လျော့နည်းစေနိုင်ပါသည်။ ထို့ကြောင့် အဓိပ္ပာယ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော်လည်း လက်တွေ့စိုက်ပျိုးထုတ်လုပ်ခြင်းတွင် သီးနှံပင်အတွက်ဖြစ်စေ၊ တောင်သူဦးကြီးများအတွက်ဖြစ်စေ အနုတ်လက္ခဏာဆောင်သော ပေါင်းကိုမဖြစ်မနေ ကြိုးစားကာကွယ်နှိမ်နင်းကြရန် လိုအပ်ပါကြောင်း စေတနာအပေါင်းနှင့် တင်ပြလိုက်ရပါသည်။ ။