ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှ၏ သားဦးကျော်စွာလှနှင့် ရန်ကုန်တက္ကသိုလ်နှင့် စပ်လျဉ်းသည့် အမှတ်တရများ မေးမြန်းခြင်း
ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သက်တမ်းနှစ် ၁၀၀ ပြည့်မည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် တာဝန်အဆက်ဆက် ထမ်းဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်ကြီးများ အနက် သက်ရှိထင်ရှား ပါမောက္ခချုပ်ကြီးများရှိသကဲ့သို့ ကွယ်လွန်သွားခဲ့ကြသည့် ပါမောက္ခချုပ်ကြီးများ ရှိကြပါသည်။
ကွယ်လွန်သွားသည့် ပါမောက္ခချုပ်ကြီးများ၏ မိသားစုဝင်များနှင့် တွေ့ဆုံပြီး ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင် ခဲ့စဉ်က ပါမောက္ခချုပ်ကြီးများ၏ အမှတ်တရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို ပြန်လည်ဖော်ပြလိုသည့်အတွက် ဘူမိဗေဒ ဘာသာရပ်ကို မြန်မာနိုင်ငံ၌ စတင်တည်ထောင်ခဲ့သူဖြစ်ကာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့သူ ဆရာကြီး ဒေါက်တာသာလှ (၁၉၁၃-၂၀၀၅)၏ ကိုယ်စားသားဖြစ်သူ ဦးကျော်စွာလှအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်-
မေး။ ။ ပထမဦးစွာ ဆရာကြီးဒေါက်တာသာလှနဲ့ ပတ်သက်ပြီး အမှတ်တရဖြစ်စဉ်တွေကို မေးမြန်းလိုပါတယ်။ဆရာကြီးရဲ့ မွေးဖွားရာဒေသ၊ အခြေခံပညာ သင်ကြားအောင်မြင် ခဲ့တဲ့နေရာနဲ့ တက္ကသိုလ်ကို ဘယ်နှခုနှစ်မှာ တက်ရောက်ခဲ့တယ် ဆိုတာတွေကို ပြောပြပေး စေလိုပါတယ်။
ဖြေ ။ ။ အဖေက ၁၉၁၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှာ ကျိုက်လတ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ တစ်နှစ်သားလောက်အရွယ်မှာ “သောင်တူ”ဆိုတဲ့ရွာကို ပြောင်းခဲ့ပါတယ်။ အဲဒီမှာ အသက် ခြောက်နှစ်သားလောက်အထိ နေထိုင်ခဲ့ပြီး အသက်ခုနစ်နှစ်မှာ မိဘတွေက ပညာရေးအတွက် ကျိုက်လတ်မြို့ကို ပြန်လည်ပြောင်းလာပြီး ကျောင်းစထားခဲ့တယ်။ ၁၉၂၈ ခုနှစ်မှာ ၁၀ တန်း အောင်ခဲ့ပါတယ်။ ရှစ်တန်းကနေ ၁၀ တန်းကို တစ်ခါတည်း ဖြေဆိုခွင့်ရရှိခဲ့တယ်။ ပြီးတော့ ၁၉၃၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် စတင်တက်ရောက်ခဲ့တယ်။ တက္ကသိုလ်မှာ သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒဘာသာရပ်တွေကို ယူခဲ့တယ်။ ၁၉၃၈ ခုနှစ်မှာ ဓာတုဗေဒ ဂုဏ်ထူးတန်း အောင်မြင်ခဲ့တယ်။ ၁၉၃၉ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကို သွားရောက်ပြီး ပညာသင်ယူခဲ့ပါတယ်။
မေး။ ။ ဒီနေရာမှာ ဆရာကြီး ဒေါက်တာဦးသာလှနဲ့ ပတ်သက်ပြီး ထူးခြားမှုတစ်ခုကတော့ ၁၉၃၅-၁၉၃၆ ခုနှစ် ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲမှာ ဆရာကြီးက အလုပ်အမှုဆောင်အဖွဲ့ဝင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ထူးထူးခြားခြား ၁၉၃၆ ခုနှစ်မှာပဲ ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားများ သပိတ်ဖြစ်ပွားချိန်မှာ ဆရာကြီးက ဝင်ပြီးတော့ ဦးဆောင် ပါဝင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုတို့လို နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ၊ ဒီဘက်အထိပါခဲ့တဲ့ ဦးကျော်ငြိမ်း၊ မစ္စတာရာရှစ်တို့လို သမဂ္ဂခေါင်းဆောင်တွေနဲ့ လက်တွဲပြီးတော့ ကျောင်းသားသပိတ်ကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ သိခဲ့ရပါတယ်။ ဒါက ဆရာကြီးရဲ့ထူးခြားထင်ရှားတဲ့ ဆောင်ရွက်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဆက်ပြောပါဦး ဆရာ။
ဖြေ ။ ။ ဒီလိုနဲ့ ကျောင်းသားသပိတ်ပြီးတော့ ၁၉၃၈ ခုနှစ်မှာ ဓာတုဗေဒဘာသာ ဂုဏ်ထူးတန်းနဲ့ အောင်မြင်ခဲ့တယ်။ ၁၉၃၉ခုနှစ်ရောက်တော့ အင်္ဂလန်နိုင်ငံကို သင်္ဘောနဲ့ သွားရောက်ခဲ့ပါတယ်။ လမ်းခုလတ်မှာ ဒုတိယကမ္ဘာစစ်ဖြစ်တော့ အာဖရိကတိုက်လောက် ရောက်နေချိန်ဖြစ်တယ်။ ဒီတော့ အတူတူသွားတဲ့သူတွေနဲ့ တိုင်ပင်ကြတယ်။ ဆက်ပဲသွားမလား ပြန်မလားပေါ့။ ဟိုမှာလည်း စစ်ဖြစ်နေပြီဆိုတော့လေ။ အဲဒီခရီးမှာ အိုးဝေ ဦးညိုမြတို့လည်း ပါလာကြတယ်။ နောက်ဆုံးတော့ အားလုံးကဆုံးဖြတ်ပြီးတော့ ရှေ့ကိုပဲ သွားကြမယ်ကွာဆိုပြီး သွားကြတယ်။
ဟိုရောက်တော့ စစ်အတွင်းမှာပဲ ပညာသင်ကြားရတယ်။ ဘူမိဗေဒဘာသာရပ်ကို အထူးပြုတက်ရောက်ခဲ့တယ်၊ B.Sc Special, Geology ဘွဲ့ကို ရရှိခဲ့တယ်။ စစ်မပြီးသေးတော့ ၁၉၄၄ ခုနှစ်အထိ University College London ဘူမိဗေဒဌာနမှာ လက်ထောက်ကထိက ပြန်လုပ်ခဲ့တယ်။ အဲဒီကနေ လန်ဒန်တက္ကသိုလ်မှာပါဝင်တဲ့ တော်ဝင်သိပ္ပံ Imperial College of Science& Technology မှာ သုတေသနလုပ်ပြီး ပါရဂူ(Ph.D) ဘွဲ့ကို ၁၉၄၆ ခုနှစ်မှာ တော်ဝင်သိပ္ပံကနေ ရရှိခဲ့တယ်။ ၁၉၄၆ ခုနှစ် အောက်တိုဘာ လမှာ မြန်မာပြည်ကို ပြန်လာခဲ့တယ်။
မေး။ ။ ဆရာကြီးက မြန်မာနိုင်ငံမှာနေတုန်းက ဓာတုဗေဒဘာသာရပ်နဲ့ သရုပ်ပြဆရာအဖြစ် အမှုထမ်းခဲ့တယ်။ အင်္ဂလန် ကနေပြန်ရောက်လာတဲ့အချိန်မှာ ဘူမိဗေဒဘာသာရပ် ပါမောက္ခအဖြစ် ပြန်ရောက်လာတာပေါ့နော်။
ဖြေ ။ ။ အဲဒီတုန်းက မြန်မာပြည်မှာ ဘူမိဗေဒဘာသာရပ် မရှိသေးဘူး။ သူကစပြီးတော့ စတင် တည်ထောင်ခဲ့တာပါ။ ပါမောက္ခ အနေနဲ့ ၁၉၄၆ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဘူမိဗေဒ ဘာသာရပ် တိုးတက်ရေးအတွက် တောက်လျှောက်ဆောင်ရွက်ခဲ့တယ်။ ဒီကြားထဲမှာလည်း ရန်ကုန်တက္ကသိုလ်ကြီးမှာက စစ်ပြီးသွားတဲ့အချိန်ဖြစ်ပြီး ပိုက်ဆံလည်းမရှိဘူး၊ ဘာမှလည်း မတိုးတက်ဘူး ဆိုတော့ ၁၉၅၁ ခုနှစ်မှာ အစိုးရကနေ တက္ကသိုလ်လိုတောင်း ကော်မတီ (University Needs Committee) ဆိုပြီး ဖွဲ့စည်း လိုက်တယ်။ အဲဒီမှာ အဖေက အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်မှာ အဆောင်တွေဆောက် လုပ်ပြီး မန္တလေး၊ အမရပူရ၊ ရာမည စတဲ့ အမျိုးသားဆောင် တွေ၊ မာလာ၊ ရတနာ၊ ပုဂံ စတဲ့ အမျိုးသမီးဆောင်တွေ ဆောက်လုပ်ခဲ့တယ်။ ပြီးတော့ အဲဒီတုန်းက ဆေးတက္ကသိုလ်က ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်မှာ ရှိနေတာကြောင့် သူတို့အတွက်လည်း ယောကျ်ားလေးဆောင်တစ်ဆောင် ဆောက်ပေးခဲ့တယ်။ ဆောက်လုပ်တာက ၁၉၅၁ ခုနှစ်ကနေ ၁၉၅၅ ခုနှစ်အထိဖြစ်တယ်။
မေး။ ။ ဆရာကြီး ဆောင်ရွက်ခဲ့တဲ့အထဲမှာ ဆရာအင်အားလိုအပ်ချက်တွေကိုလည်း အများကြီး ဖြည့်တင်းပေးနိုင်တယ်လို့ သိရပါတယ်။
ဖြေ ။ ။ သူတို့ရဲ့ လိုအပ်ချက်တွေကိုလည်း အစိုးရက အတိအကျဖြည့်ဆည်းပေးခဲ့တယ်။
မေး။ ။ ဆရာကြီးက ရန်ကုန်တက္ကသိုလ်ကြီးကိုစပြီး တာဝန်ထမ်းဆောင်ကတည်းက သံယောဇဉ် ကြီးကြီးမားမားနဲ့ ဖြည့်ဆည်း ပေးခဲ့တယ်နော်။
ဖြေ။ ။ စစ်ပြီးချိန် ချုံးချုံးကျနေတဲ့အချိန်မှာ အကုန်လုံးပြည့်စုံအောင်ဖြည့်ဖို့ ကြိုးစားခဲ့တယ်။ နောက်ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေဧရိယာတစ်ခုလုံး (RC2)နေရာကလည်း အဖေပဲ ပညာရေးအတွက် တည်ထောင်ဖို့ ရွေးချယ်ပေးခဲ့တယ်။
မေး။ ။ အဲဒါကို ကျွန်တော်တို့တောင်မသိဘူး။ ဦးကျော်စွာလှ ပြောပြမှသိရတယ်ခင်ဗျ။ သိခွင့်ရတာသမိုင်းမှတ်တမ်းတစ်ခုလိုပါပဲ။
ဖြေ။ ။ အဲဒီတုန်းကလည်း တပ်မတော်ရဟတ်ယာဉ်နဲ့ ပျံသန်းပြီး အပေါ်ကနေ ကြည့်ပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ ဒါကလည်း သမိုင်းအချက်အလက်တစ်ခုပါပဲ။ ဒီနေ့မှာဆိုရင် အဲဒီနေရာတွေက တက္ကသိုလ် ပတ်ဝန်းကျင်ပုံစံဖြစ်သွားပြီး ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယ Campus တစ်ခုပါပဲ။ ဆရာကြီးက ပါမောက္ခဘဝမှာ တာဝန် ထမ်းဆောင်ရင်း တက္ကသိုလ်ဌာနမှူး Dean of Science အဖြစ် တာဝန်ယူခဲ့တယ်လို့သိရပါတယ်ဆရာ။ ဆရာကြီးရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်ရတာတော့ ဓာတု ဗေဒဘာသာရပ်နဲ့ ဘွဲ့ရပြီး ပညာတော်သင်မသွားခင်မှာ အဆောင်နည်းပြ (Hall Tutor) အဖြစ် တာဝန်ယူခဲ့ချိန်မှာ အဆောင်စည်းကမ်းတွေက ဒီဘက်ခေတ်ကောလိပ်ဂျင် ရုပ်ရှင်ကားထဲကလိုပေါ့။ အဲဒီအချိန်အခါအထိ စစ်မဖြစ်ခင် ကရော၊ စစ်ပြီးကာလရော ၁၉၄၆ခုနှစ်လောက်မှာ အဆောင်နည်းပြက အခန်းတိုင်းမှာ ကျောင်းသားရှိ၊ မရှိစစ်ရတယ်။
တကယ်လို့ ည ၈ နာရီနောက်ပိုင်းမှ ဝင်လာတဲ့ ကျောင်းသားဆိုလည်း ဂိတ်တစ်ဂိတ်ပဲ ဖွင့်ပေးထားတယ်။ သထုံဆောင် ဂိတ်ဝနေရာမှာ။ အဲဒီနေရာကဝင်လာရင် နာမည်နဲ့ခုံနံပါတ်၊ အဆောင်နဲ့အခန်းနံပါတ်တို့ကိုဖြည့်ပြီးရင် စောင့်တဲ့သူက အချိန်ကိုဖြည့်ရတယ်။ အဆောင်အချိန် ကို လွဲဖြည့်လို့ မရဘူး၊ အဲဒီနည်းနဲ့ အဆောင်နေ ကျောင်းသားတွေက အင်မတန် စည်းကမ်းရှိတာကို တွေ့ရတယ်။ ဒီလို အဆောင်စည်းကမ်းနဲ့ ကြီးပြင်းလာတဲ့ တက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့အတွက် အဲဒီခေတ်က ကျောင်းသားတွေက အင်မတန်ထူးချွန် ထက်မြက်ကြ တယ်။ ၁၉၆၂ ခုနှစ်မတိုင်ခင် အထိပေါ့။ အခုဒီဘက်ခေတ် မှာ နမူနာယူစရာ ကောင်းပြီး ပြန်လည်ကျင့်သုံးသင့် တယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။ ဆက်လက်ပြီး ဆရာကြီးရဲ့ နောက်ပိုင်းကာလတွေကို ပြောပြပေးပါဦး။
ဖြေ ။ ။ အဲဒါနဲ့ ၁၉၆၁ ခုနှစ် ဇန်နဝါရီလမှာ အဖေက ပါမောက္ခချုပ်ဖြစ်ပြီး ၁၉၆၂ ခုနှစ်မှာတော့ တော်လှန်ရေးအစိုးရတက်ပြီး သူနဲ့အဆင်မပြေတာရယ်၊ အခြားကိုယ်ရေးကိုယ်တာ အကြောင်းကြောင်းတွေကြောင့် ၁၉၆၂ ခုနှစ် မေလမှာ နုတ်ထွက်ခဲ့တယ်။ နုတ်ထွက်ပြီး တော့ ဓာတ်သတ္တုရှာဖွေရေးမှာ အကြံပေးရာထူးအဖြစ် ခန့်အပ်ခံခဲ့ရတယ်။ အဲဒါက တစ်နှစ်လောက်ပဲ လုပ်ခဲ့ တယ်။ ၁၉၆၃ ခုနှစ် ဧပြီလအထိ လုပ်ခဲ့ပြီး ၁၉၆၃ ခုနှစ် မေလမှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ယူနက်စကို အဖွဲ့ဌာနချုပ်မှာ လက်ထောက်ညွှန်ကြားရေးမှူးရာထူးနဲ့ သဘာဝသိပ္ပံအပိုင်းမှာ တာဝန်ယူ ကူးပြောင်းထမ်းဆောင် ခဲ့တယ်။ ၁၉၆၃ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ အဲဒီမှာတာဝန်ထမ်းဆောင်ခဲ့တယ်။ ဒီကြားထဲမှာ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ယူနက်စကို အကြီးတန်း အကြံပေးအရာရှိတာဝန် ထမ်းဆောင်ခဲ့တယ်။ ၁၉၇၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်။ ပြန်လာပြီးတော့ မန္တလေးဆောင်မှာ ဘူမိဗေဒဘာသာရပ် အတွက် အချိန် ပိုင်းစာပြခဲ့တယ်။ အခန်း တစ်ခန်းပေးထားတယ်။
မေး။ ။ ဆရာကြီးစာသင်ပြတာနဲ့ ပတ်သက်လို့ ဆရာကြီး ဒေါက်တာညီညီရေးထားတဲ့ စာထဲမှာ တွေ့ရတယ်။ စာသင်ကြားပုံက အင်မတန် ကောင်းတယ်။ တစ်ခါတည်း ဝေဖန်သုံးသပ်ပြီးတော့ အနောက်နိုင်ငံက သင်တဲ့နည်းစနစ်ပုံစံအတိုင်း သင်ကြားတဲ့ အတွက် သူတို့ကိုယ်တိုင် အတုယူလိုက်နာခဲ့ရတယ်လို့ ကျွန်တော်ပထမ ဆရာဆောင်းပါးမှာ ရေးသားထားတာ ဖတ်ခဲ့ရပါတယ်။
ဖြေ။ ။ အဖေက စာသင်ကြားတာနဲ့ပတ်သက်ရင်တော့ တော်တော်ကြမ်းကြမ်းလေးသင်တဲ့ သဘောရှိတယ်။ အဲဒါကြောင့်လည်း သူ့တပည့် တော်တော်များများက တော်တော်ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။
မေး။ ။ ဆရာကြီးက စည်းကမ်းသေသေချာချာကိုင်ပြီး တပည့်တွေကို မတတ်တတ်အောင် ထူးချွန်အောင် မြေတောင်မြှောက်ပေးခဲ့တယ်။ ဥပမာအားဖြင့် ငွေကြေးပိုင်းတွေ အခက်အခဲရှိရင်လည်း Student Demonstrator လိုအဆင့် ခန့်ပြီး ဖြည့်ဆည်းပေး နိုင်အောင်ကြိုးစား ပေးတယ်၊ ဆရာကြီး ဒေါက်တာညီညီ၊ ဆရာကြီးဦးသိန်းနဲ့ ဆရာကြီး ဦးစီသက်ပေါ တို့ဆိုရင် လည်း သူ့ဘဝလမ်းကြောင်းကို ပြောင်းလဲပေးတယ်ဆိုပြီး ရေးသားထားတာဖတ်ရှုရပါတယ်။ ဆရာကြီးတာဝန် ထမ်းဆောင်တဲ့အခါမှာ ရန်ကုန်တက္ကသိုလ်ကြီးကို အင်မတန်မှ ချစ်တယ်လို့ သိရပါတယ်။ မနက်ဆို ကံ့ကော်ပင်တွေကို သေသေချာချာလိုက်ပြီး ကြည့်တယ်လို့ သိရတယ်။
ဖြေ။ ။ အဲဒီတုန်းက တက်ပြီးခူးတဲ့သူတွေကို တုတ်နဲ့လိုက်ရိုက်တယ်တဲ့၊ သူက တက်ခူးတာ မကြိုက်ဘူး၊ ကျောင်းဝင်းမှာ အလှထားတာမို့လို့ ပေးချင်ရင် ဈေးမှာသွားဝယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။
မေး။ ။ ဒါကြောင့်ကံ့ကော်တောလို့ ကျွန်တော်တို့ တက္ကသိုလ်ကြီးက အမည်တွင်လာတယ်လို့ နားလည်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဆရာကြီး ပြန်လာတဲ့ အချိန်မှာ အခြားစာပေတွေ ရေးသားခဲ့တာရှိတယ်လို့ သိရပါတယ်။
ဖြေ။ ။ ဟုတ်ပါတယ်။ သမိုင်းစာပေတွေ ဖတ်ရှုလေ့လာပြီး သုဝဏ္ဏဘူမိ မြို့ဟောင်းကိစ္စကို နည်းနည်းပြန်ပြီး ဆွေးနွေး တင်ပြထားတာ ရှိပါတယ်။ သထုံအကြောင်းပေါ့။ ထိုင်းဘက်က သုဝဏ္ဏဘူမိနဲ့ မြန်မာပြည်ဘက်က နားလည်တဲ့ သုဝဏ္ဏဘူမိ အကြောင်းမှာ သူက လက်တွေ့ လေ့လာလို့ရတဲ့အပိုင်းနဲ့ နည်းနည်းကွဲပြားနေတဲ့ ကိစ္စပါ။ သထုံမြို့က ဘယ်မှာလဲဆိုရင် သူ့လေ့လာတွေ့ရှိချက်အရ လက်ရှိနေရာဟုတ်၊ မဟုတ်ကို သုံးသပ်ထားတာပေါ့။ အဖေတွေ့ တာကတော့ ထိုင်းနိုင်ငံနယ်စပ် မြို့နားကနေရာမှာ သမိုင်းအထောက်အထားတွေ ရှိခဲ့တယ်လို့ သုတေသနနဲ့ ရေးသားထားပါတယ်။ အဲဒီတုန်းကတော့ ဆရာကြီး နိုင်ပန်းလှတို့လည်း လေ့လာချက်မှာ ပါဝင်တယ်။ နောက်ထပ် အဖေက သောင်းပြောင်းထွေလာမဂ္ဂဇင်းမှာ အင်္ဂလိပ်အသံထွက်နဲ့ ပတ်သက်ပြီး အပတ်စဉ် ရေးသား ခဲ့တယ်။ နောက်ဆုံးအနှစ်ချုပ်ပြီးတော့ စာအုပ်တစ်အုပ် ထုတ်ခဲ့တယ်။
မေး။ ။ အဲဒီအင်္ဂလိပ်စာအုပ်ကို နောက်ပိုင်းလူတွေ လေ့လာကြတယ်။ ဆရာကြီးက အငြိမ်းစားယူခဲ့ပြီးနောက် မြန်မာပြည် ရောက်ပြီး နားတဲ့အချိန်မှာတောင် ကိုယ့်နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း သုတေသနတစ်ခုကို ဆက်လက်လုပ်ခဲ့တယ်။ ဘာသာရပ် အနေနဲ့ကတော့ ကိုယ့်ဘူမိဗေဒဌာနရဲ့ တိုးတက်မှုတွေကို အများကြီးဝိုင်းကူပေးခဲ့တာပေါ့။ ပြီးတော့ဆရာကြီးက ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ်စိန်ရတုသဘင်ကို မီတယ်နော်။ အဲဒီ အာစရိယပူဇော်ပွဲမှာ ဆရာကြီးတက်ရောက် ချီးမြှင့်တယ် လို့ သိရတယ်။
ဖြေ။ ။ ဟုတ်ကဲ့ မီလိုက်ပါတယ်။ တက်ရောက်ပါတယ်။ အဲဒီစိန်ရတုအထိမ်းအမှတ် စာအုပ် လည်း ထုတ်ဝေခဲ့ပါတယ်။
မေး။ ။ ဆရာကြီးရေးသားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ သူသိသမျှ၊ မှတ်မိသမျှ ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကို တော်တော်အထောက် အကူပြုတယ်။ ကိုယ်တွေ့တွေကို အခြေခံပြီးတော့ ရေးခဲ့တာပါ။ အင်္ဂလိပ်ခေတ်နဲ့လွတ်လပ်ရေးရပြီးခေတ်မှာ ဘယ်လိုဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ ဆရာ သိန်းဖေမြင့် ရေးတဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာ စာအုပ်ထဲမှာပါတယ်လို့ သိရပါတယ်။
ဖြေ ။ ။ အဲဒီအကြောင်းက ကျွန်တော်သေသေချာချာတော့မသိဘူး၊ ဒါပေမဲ့ အဲဒီတုန်းကဖြစ် ခဲ့တဲ့ အရေးအခင်းမှာ တက္ကသိုလ် ကျောင်းသားတွေ ထိခိုက် မှုမရှိအောင် ဝိုင်းထိန်းပေးခဲ့တာလို့တော့ အကြမ်းဖျင်း သိတယ်။ တစ်ခုခုဖြစ်တော့မယ်ဆိုရင် အဖေက ကျောင်း သားတွေဘက်က အဓိကကာကွယ်ပေးတဲ့ကိစ္စတွေရှိခဲ့ပါတယ်။
မေး။ ။ နောက်ဆရာကြီး ထူးထူးခြားခြားအနေနဲ့ လုပ်ဆောင်ခဲ့တာက ၁၉၆၁ ခုနှစ် ပါမောက္ခ ချုပ်ဘဝမှာ အမေရိကန်သံရုံး ရှေ့မှာ အာဖရိကတိုက်က လာတဲ့ အာဂျာလ ဆိုတဲ့သူ ဦးဆောင်ပြီး ဆန္ဒပြတာကို တက္ကသိုလ်ကျောင်းသားတွေက သွားတာကို ပြန်ထိန်းနိုင်ခဲ့တယ်။ တစ်ယောက်မှ အန္တရာယ်ရှိတာ၊ ထိခိုက်အနာတရ ဖြစ်တာမျိုးတွေ မဖြစ်ခဲ့ဘူးဆိုတာ ဆရာကြီးရဲ့ သမိုင်းဝင် လုပ်ဆောင်ချက်တစ်ခုပါ။
ဖြေ။ ။ ဟုတ်ပါတယ်။
မေး။ ။ ဒီတော့ ဆရာကြီး ဒေါက်တာဦးသာလှနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တက္ကသိုလ် ရာပြည့် အခမ်းအနားအတွက် ဆရာ့အနေနဲ့ ဘာများ စိတ်ဆန္ဒပြုလိုပါသလဲ ပြောပြပေးပါဦး။
ဖြေ။ ။ အဖေ့ရဲ့စိတ်နေစိတ်ထားရယ်၊ နောက်ပြီး ကျောင်းသားတွေကို သင်ကြားပြသပုံ၊ တပည့်တွေအပေါ်ထားတဲ့ စေတနာတွေ အကုန်လုံးကို ကျန်တဲ့သူတွေအနေနဲ့ လိုက်ပြီး လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဓိကကတော့ သူ့ရဲ့ စိတ်ဓာတ်ပါပဲ။
မေး ။ ။ ဟုတ်ပါတယ်။ ဒီနေ့ လာရောက်ဆွေးနွေး ခွင့်ရတာ၊ အခုလိုဆန္ဒပြုတာလည်း ကြားရ တဲ့အတွက် ကျွန်တော်တို့ရဲ့ ရန်ကုန်တက္ကသိုလ်ကြီး ရာပြည့်ပွဲသဘင်ကြီးမှာ ဆရာကြီးရဲ့ ကိုယ်စား ဒီဆန္ဒကိုလက်ဆင့်ကမ်းခြင်းအားဖြင့် သင့်လျော်မယ်လို့ မြင်ပါ တယ်။
အခုလိုမျိုး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်ဆရာ။ ။
တွေ့ဆုံမေးမြန်း - စိန်မောင်တင်
ဓာတ်ပုံ - မွန်းဦးနဒီ