ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးဆီ ရှေးရှုသည့် BRI ထီးရိပ်အောက်က CMEC
မိုးကေနိုင်
နိုင်ငံတကာဆက်ဆံရေးတွင် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားဖြစ်ထွန်းရန် ရည်မှန်းချက်နှင့် အပြန်အလှန်လေးစားမှုတို့ဖြင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးသော အခြေခံမူတစ်ခုဖြစ်သည်။ ထိုအချက်များ ပြည့်စုံနေသမျှ သံသယများပျောက်ကွယ်ကာ ယုံကြည်မှုတိုးလာမည်၊ ငြိမ်းချမ်းသာယာမည်၊ ဖွံ့ဖြိုးတိုးတက်လာမည်၊ ဒေသတွင်းတည်ငြိမ်မှုကို အထောက်အကူပြုနေမည်သာဖြစ်သည်။
သို့ဖြစ်၍ အစိုးရများအကြား၊ အဖွဲ့အစည်းများအကြား၊ ပြည်သူများအကြားတွင် အေးအတူ၊ ပူအမျှ စိတ်ဓာတ်၊ တည်တံ့ခိုင်မြဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်စိတ်ဓာတ်များ အစဉ်ကိန်းအောင်းနေရမည်ဖြစ်သည်။ အထက်ပါအချက်များအပေါ် အခြေခံ၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအပြည့်ဖြင့် ခိုင်ခိုင်မာမာတည်ဆောက်လာခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည်လည်း ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့က ၇၅ နှစ် စိန်ရတုတိုင်ခဲ့ပြီးဖြစ်ပါသည်။
အားသာချက်များနှင့်အတူ ဗဟုဝင်ရိုးဆီ
ယနေ့ကမ္ဘာ့နိုင်ငံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး သဘောတရားများဖြင့် ရစ်ပတ်ချည်နှောင်လာကြသည်။ မိမိတို့နိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံတို့အကြား ပထဝီအနေအထားအရ လည်းကောင်း၊ အရှေ့တောင်အာရှနှင့် တောင်အာရှဆုံချက်တွင် မဟာဗျူဟာအချက်အချာကျကျ တည်ရှိနေမှုကြောင့်လည်းကောင်း ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ရာတွင် နိုင်ငံအတွက် အကျိုးကျေးဇူးများ ရရှိစေပါသည်။
အားနည်းသော၊ မတည်ငြိမ်သော အခြေအနေမျိုးတွင် ပို၍အားကောင်းလာစေပြီး တည်ငြိမ်မှုကို ရရှိစေသည်။ မြန်မာနိုင်ငံတွင် ရေချိုမြစ်ချောင်း ပေါများသည်၊ သဘာဝတောတောင်အနေအထား၊ လူသားအရင်းအမြစ်နှင့် သယံဇာတကြွယ်ဝသည်၊ စိုက်ပျိုးမွေးမြူရေး ရေခံမြေခံကောင်းကာ ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန်များထူထောင်နိုင်မည့် အလားအလာများကြောင့် ခိုင်မာသည့်စျေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းနှင့် အားသာချက်များလည်း ရှိနေသည်။
ယခုအခါကမ္ဘာကြီးသည် Unipolar (ဧကဝင်ရိုး)မှသည် Multipolar (ဗဟုဝင်ရိုး)ဆီ ရွေ့လျားနေပြီဖြစ်သည်။ အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုပုံစံများ ပြောင်းလဲလာ၍ ဖြစ်သည်။ Globalization (ကမ္ဘာ အနှံ့ဖြန့်ကြက်မှု)မှ Regionalization (ဒေသဆိုင်ရာ ဖြန့်ကြက်မှု)ဆီ ဦးတည်သွားနေပြီး ဒေသအဆင့် စုစည်းမှုကို ပုံဖော်လာကြသည်။ စုစည်းမှုတစ်ခုနှင့် တစ်ခုအကြား တစ်ဖက်စောင်းနင်းမဖြစ်အောင်၊ ပါဝါဟန်ချက်ညီအောင် ထိန်းညှိကြရင်းဖြင့် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ပုံဖော်နိုင်အောင် ကြိုးစားနေကြသည်။
ဤသို့ကြိုးစားမှုတွင် မိမိတို့နိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ ပြောင်းလဲလာသည့် ဗဟုဝင်ရိုး အစီအစဉ်တွင် မြန်မာနိုင်ငံအနေဖြင့် ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအရ လက်တွေ့ကျသော ပကတိ အခြေအနေများနှင့်အညီ လိုက်ပါစီးမျောရမြဲဖြစ်ပါသည်။ အိမ်နီးချင်းမိတ်ဆွေနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ မိတ်ဖက် အများအပြားတည်ဆောက်၍ စားရေရိက္ခာ ဖူလုံမှု၊ စီးပွားရေး၊ လုံခြုံရေး၊ နည်းပညာ၊ စွမ်းအင် ကဏ္ဍများတွင် ဘက်စုံပူးပေါင်းခြင်းဖြင့် လိုက်လျော ညီထွေရပ်တည်လျက်ရှိသည်။ အထူးသဖြင့် စီးပွားရေးနယ်ပယ်တွင်ဖြစ်သည်။ ဈေးကွက်တစ်ခုတည်း မက ဈေးကွက်ပေါင်းများစွာဖြင့် နိုင်ငံစုံ ကုန်သွယ် ဆက်ဆံရေးမှ ဒေသဆိုင်ရာစီးပွားရေး ပေါင်းစည်းမှု အထိ ဖြန့်ကြက်နိုင်ရန် လိုအပ်သည်။ သို့မှသာ ဒေသတွင်း ထုတ်လုပ်မှုကွင်းဆက် အားကောင်းလာမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင်ရာလည်း ရောက်မည်ဖြစ်ပါသည်။
တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အကျိုးစီးပွား
ဘက်စုံဖွံ့ဖြိုးမှုပုံရိပ်ကောင်းများဖြင့် အင်အားကြီးမားလာသည့် တရုတ်နိုင်ငံသည် နိုင်ငံတကာပိတ်ဆို့မှုဒဏ်ခံရသည့် မြန်မာနိုင်ငံကို နိုင်ငံရေးအရ၊ စီးပွားရေးအရ မတွေဝေ၊ မယိမ်းယိုင်၊ ထောက်ခံမှု အမြဲပေးသည့် နိုင်ငံဖြစ်သည်။ တစ်နိုင်ငံတည်း ရပ်တည်၍မရ၊ ဖိအားဒဏ်ကြံ့ကြံ့ခံနိုင်ရန်နှင့် တိုးတက်မှုအတွက် မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးချဲ့နေရမည်သာဖြစ်သည်။ ကီလိုမီတာ ၂၀၀၀ ကျော် နယ်စပ်ချင်းထိဆက်နေသည့် မြန်မာနှင့်တရုတ်နှစ်နိုင်ငံသည် ပထဝီဝင်အနေအထားအရ မဟာဗျူဟာမိတ်ဖက်များအဖြစ် ရှိနေရမည်သာ။
ကုန်းတွင်းပိတ် တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ်များ၏ စွမ်းအင်လုံခြုံရေးနှင့် နိုင်ငံတကာ စျေးကွက် အာမခံချက်တစ်ခုဖြစ်သည် ဆိုလျှင်လည်းမမှားပါ။ ထို့ကြောင့် မြန်မာနိုင်ငံသည် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ OBOR ခါးပတ် တစ်ကွင်းလမ်း တစ်စင်းကို တင်စားထားသည့် Belt Road Initiative BRI (ရပ်ဝန်းတစ်ခုလမ်းကြောင်း)တွင် ရပ်တည်လာခြင်းဖြင့် ကမ္ဘာ့အစီအစဉ်သစ်ကြီးထဲ ပါဝင်လျက်ရှိနေပါပြီ။
တရုတ်နိုင်ငံသို့ တင်သွင်းသည့် လောင်စာဆီ ၈၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ အိန္ဒိယသမုဒ္ဒရာသို့ စီးဝင်နေသည့် ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားမှုက ကမ္ဘာ့ကုန်သွယ်မှု ချက်မတစ်ခုအဖြစ် ဆွဲဆောင်နေသည်ကို မဟာဗျူဟာကျကျ မြင်ရပါမည်။ ထိုကမ်းရိုးတန်းတွင် တည်ရှိသည့် မဟာဗျူဟာမြောက် ကျောက်ဖြူရေနက်ဆိပ်ကမ်း သည် China- Myanmar Economic Corridor (CMEC) အစီအစဉ်တွင် ပါဝင်နေပြီး တရုတ်နိုင်ငံကုန်သွယ်မှုလမ်းကြောင်း၊ သယ်ယူပို့ဆောင် ထုတ်လုပ်ဖြန့်ဖြူးရေးလမ်းကြောင်းပေါ်တွင် ရောက်ရှိနေသည့်အတွက် တရုတ်နိုင်ငံအတွက် ကုန်ကျသလောက် အကျိုးရှိထိရောက်မည့် Cost effective-ness အကျိုးကျေးဇူးကို ရရှိမည့်အပြင် ကာလအတန်ကြာ မှီခိုနေရသည့် မာလက္ကာရေလက်ကြားဖြတ်သန်းရမှုကို လျှော့ချနိုင်မည့် အကျိုးကျေးဇူး များကိုလည်း ရရှိစေမည်ဖြစ်ပါသည်။
စီးပွားရေးစင်္ကြံဟူသည်နှင့် မြန်မာနိုင်ငံ အကျိုးစီးပွား
မြန်မာနိုင်ငံအနေဖြင့် ခိုင်မာသည့်စီးပွားရေး အခြေခံအုတ်မြစ်ပေါ်တွင် ရပ်တည်နိုင်ရန် အစိုးရအဆက်ဆက်က ဖွံ့ဖြိုးရေးစီမံကိန်းများစွာကို အကောင်အထည်ဖော်လျက်ရှိခဲ့ပါသည်၊၊ စီမံကိန်းများစွာအနက် China - Myanmar Economic Corridor (CMEC) တရုတ် - မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ စီးပွားရေးစင်္ကြံဟူသော အသုံးအနှုန်းသည် ကျယ်ပြောသောဧရိယာအတွင်းရှိ အရင်းအမြစ်မညီမျှသော နိုင်ငံများကိုဖြတ်၍ အခြေခံအဆောက်အဦများဖြစ်သော ကားလမ်း၊ ရထားလမ်း၊ ရေကြောင်း လမ်းများနှင့် စက်မှုနည်းပညာဇုန်များကို တိုးချဲ့တည်ဆောက်ကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်မှု ဝန်ဆောင်မှု ကွင်းဆက်များကို နိုင်ငံအဖွဲ့အစည်းများ၏ မူဝါဒများ၊ စီမံကိန်းများ၊ သဘောတူညီချက်များစွာဖြင့် ကွန်ရက်သဖွယ် ချိတ်ဆက်ထားမှုကြီးပင်ဖြစ်သည်။
မြန်မာနိုင်ငံက မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ်ပါဝင်နေသော CMEC စီမံကိန်း ၃၆ ခုတွင် အရေးကြီးသော ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်မှု၊ ဘဏ္ဍာငွေကြေး၊ လူ့စွမ်းအားဖွံ့ဖြိုးမှု၊ ဆက်သွယ်ရေး၊ လမ်းတံတား၊ လျှပ်စစ်၊ စိုက်ပျိုးမွေးမြူရေး၊ သုတေသနနှင့် နည်းပညာနယ်ပယ်များ လွှမ်းခြုံပါဝင်သော စီမံကိန်း ၆ ခုကို အရှိန်အဟုန်မြှင့်တင်ရန် တရုတ်-မြန်မာနှစ်နိုင်ငံအကြား သဘောတူညီ ချက်များရရှိထားပါသည်။ အချို့သောစီမံကိန်းများသည် ဆောင်ရွက်ဆဲနှင့် စတင်ဆောင်ရွက်သည့် အနေအထားတွင် ရောက်ရှိနေပါပြီ။ ထို့အတွက် Asian Infrastructure Investment Bank (AIIB) ကဲ့သို့ တရုတ်နိုင်ငံပိုင်ဘဏ်များနှင့် တရုတ်နိုင်ငံအစိုးရက ငွေကြေးထောက်ကူမှုများကို ၂၀၁၄ ခုနှစ် ကတည်းက ပေးနေပြီဖြစ်ပါသည်။
CMEC ကို အမှန်တကယ်သာ အကောင်အထည်ဖော်နိုင်လျှင် မြန်မာနိုင်ငံအတွက် များစွာသော အခွင့်အလမ်းနှင့် အားသာချက်များရရှိလာမည်ဟု ယုံကြည်ပါသည်။ စီးပွားရေးတိုးတက်လာမည်၊ ကုန်သွယ်ရေးအားကောင်းလာမည်၊ ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်မိပြီး အခြေခံအဆောက်အဦများ ဖွံ့ဖြိုးလာမည်၊ စွမ်းအင်ဖူလုံမှုနှင့်အတူ ပြည်သူတို့၏ လူနေမှုဘဝနှင့် ယဉ်ကျေးမှုအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများနှင့် ကောဌာနေတိုင်းရင်းသား လူမျိုးစုများကြားတွင်ပါ ဖွံ့ဖြိုးတိုးတက်မှုမညီမျှမှုကွာဟချက်များ ကျဉ်းမြောင်းသွားမည်ဖြစ်သည်။ မယုံကြည်မှု သံသယများပျောက်ကွယ်ပြီး အပြန်အလှန် ယုံကြည်မှုများ တိုးပွားလာမှာသေချာသည်။ ထိုမှတစ်ဆင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေးအရ တည်ငြိမ်မှုဆီ၊ ကြွယ်ဝချမ်းသာမှုနှင့် တည်ငြိမ်အေးချမ်းမှုသို့ ရောက်ရှိလာမည်ဖြစ်သည်။ တစ်နည်းအားဖြင့် စီးပွားရေးနှင့် နိုင်ငံရေးဆက်နွှယ်မှု နိုင်ငံရေးဘောဂဗေဒသဘောတရားအရ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်လျှင် နိုင်ငံရေးတည်ငြိမ်မှုလည်းရရှိလာမည်ဟူသော အပြုသဘော ခံယူချက်မျိုးဖြစ်ပါသည်။
ဆန့်ကျင်ဘက်အမြင်များကား ရှိနေမည်သာ
အချို့ပြိုင်ဘက် အင်အားကြီးနိုင်ငံများအနေဖြင့်မူ တရုတ် BRI ကို အပြုသဘော မမြင်နိုင်ဘဲ အနုတ်ဘက်ဇောင်းပေး၍ တိုက်ခိုက်ကြသည်။ မဟာပါဝါအရွေ့တစ်ခု၏ လားရာကို ဆန့်ကျင်ဟန့်တားလိုကြသည်။ ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် ထွက်ပေါ်ခဲ့သည့် နိုင်ငံတကာစာတမ်းအချို့မှာ BRI, CMEC တို့နှင့်ပတ်သက်၍ ဆန့်ကျင်ဘက်အမြင်များကိုသာ ရေးသားဖော်ပြလေ့ရှိသည်ကို တွေ့ရသည်။ မြန်မာပြည်သူများအတွက် တရုတ်နိုင်ငံက ကူညီခဲ့သည့် ကိုဗစ်၊ ငလျင်စသည့်ကပ်ဘေးများတွင် လူသားချင်းစာနာမှု အကူအညီများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ ဖွံ့ဖြိုးမှုအကူအညီများကိုလည်း အကောင်းမမြင်၊ CMEC ကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ်တွင်လည်း မြန်မာနိုင်ငံ အပေါ်လွှမ်းမိုးလိုမှု၊ ဒေသတွင်းသြဇာထူထောင်မှုတစ်ခုအဖြစ် အဆိုးမြင်ကြသည်။
ထို့အပြင် လက်ရှိပြည်တွင်းရေးပဋိပက္ခများကြောင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းများ နောက်ဆုတ်သွားလေမလားဟု နှပ်ကြောင်းပေးကြသည်။ ကြွေးမြီထောင်ချောက်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ထောက်ပြကြသည်။ သို့သော် ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးဦးတည်သည့် ကမ္ဘာတစ်ဝန်းကမ္ဘာပတ်လမ်း ယုံကြည်ချက်ကို တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက လွယ်လွယ်နှင့် အလျှော့မပေးတတ်ပုံနှင့် မြန်မာနိုင်ငံ၏ ရေရှည် မျှော်မှန်းချက်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်နှင့် BRI ဆက်စပ်နေမှုများကို သူတို့မေ့နေပုံရသည်။ ရေရှည်မဟာဗျူဟာအကျိုးစီးပွား၊ တရုတ်နိုင်ငံတောင်ပိုင်း ပြည်နယ်များအပါအဝင် ဒေသတွင်း လုံခြုံရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာများကို သာမန်စီးပွားရေး အမြင်ထက် ကျော်လွန်ကြည့်နိုင်ရန်လိုပါသည်။
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများဟူသည် အကောင်းနှင့်အဆိုး ဒွန်တွဲနေသည်ဖြစ်၍ရလာမည့် အကျိုးနှင့်အပြစ်ကို ပညာဉာဏ်အမြော်အမြင်ရှိစွာဖြင့် ချိန်ဆနေရမည်သာဖြစ်သည်။ အကျိုးအမြတ်၊ စိန်ခေါ်မှု၊ မူဝါဒပိုင်းဆိုင်ရာ သက်ရောက်မှုများ ရှိလာနိုင်မည့် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ နက်နက် ရှိုင်းရှိုင်းချိတ်ဆက်မှုအပေါ် သံသယများ ဝေဖန်ဆန်းစစ်မှုများကား ရှိနေမည်သာ ဖြစ်သည်။ ထို့ကြောင့် ယခု CMEC မှ ဖော်ပြပါ ဆန့်ကျင်ဘက် အမြင်များကို ဘယ်လိုချေဖျက်ပြီး အကျိုးကျေးဇူးနှင့် အကောင်းဘက်သက်ရောက်မှုများကို ဘယ်လိုသယ်ဆောင်လာမည်လဲ အမှန်တကယ်ရလဒ်များဖြင့်သာ သက်သေပြကြရတော့မည်ဖြစ်ပါသည်။
ထိတွေ့ဆက်ဆံမှုများရှိပြီးဖြစ်
နိုင်ငံ ၁၅၀ ကျော်တွင် ရင်းနှီးမြှုပ်နှံမည့် ၂၀၁၃ ခုနှစ်မှ စတင်ခဲ့သည့် Belt and Road Initiatives (BRI) နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး မဟာစီမံကိန်းကြီးတွင် မြန်မာနိုင်ငံပါဝင်မှုသည် ၂၀၁၄ ခုနှစ် ကတည်းကပင် စတင်ခဲ့သည်ဟု ဆိုရပါမည်။ တရုတ်နိုင်ငံမှ ဥရောပအထိ အာရှအလယ်ပိုင်း၊ အရှေ့ အလယ်ပိုင်းနှင့် ရုရှားနိုင်ငံတို့ကိုဖြတ်သန်း၍ ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံလွှမ်းခြုံနေသည့် BRI Concept ကို မြန်မာနိုင်ငံခေါင်းဆောင်များက ကောင်းစွာနားလည်သဘောပေါက်ပါသည်။ ထို့ကြောင့်လည်း စီမံကိန်းကြီး ခိုင်မာအားကောင်းရေးတွင် မိတ်ဖက်ကောင်းတစ်ဦးအဖြစ် ပါဝင်ခြင်းဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်တွေ့ဆုံမှုများ လည်ပတ်မှုများမှ ၂၀၁၇ ခုနှစ်တွင် BRI ဆိုင်ရာ MoU ၊၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များတွင် CMEC ဆိုင်ရာ MoU သဘောတူညီ ချက်များရရှိခဲ့ကြသည်အထိ တိုးတက်မှုများရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသောလမ်းကြောင်းမှာ မြန်မာပြည်သူတို့ ပါဝင်ခွင့်အခွင့်အလမ်းများ စတင်ဖြစ်ထွန်းခဲ့ပြီဟု ဆိုရပါမည်။
(ဆက်လက်ဖော်ပြပါမည်)