ကုလသမဂ္ဂကို ဘာကြောင့် လူတွေစိတ်ပျက်သလဲ
နိုင်ငံတကာရေးရာ သုတေသီတစ်ဦး
အခု ၂၀၂၅ ခုနှစ်ဆိုရင် ကုလသမဂ္ဂ (UN) တည်ထောင်ခဲ့တာ နှစ်ပေါင်း ၈၀ ပြည့်ခဲ့ပါပြီ။ ကုလသမဂ္ဂပဋိညာဉ် (UN Charter) ကို ၁၉၄၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ရေးထိုးခဲ့တာဖြစ်ပြီး အဲဒီပဋိညာဉ်ဟာ အောက်တိုဘာလ ၂၄ ရက်နေ့မှာ စတင်အသက်ဝင်ပါတယ်။ ဒါကြောင့် ပဋိညာဉ်စတင်အသက်ဝင်တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ဟာ ကုလသမဂ္ဂနေ့ (UN Day) ဖြစ်ပါတယ်။
အခုဆို ယူကရိန်းအရေးအခင်း၊ အရှေ့အလယ်ပိုင်း အရေးအခင်းအပါအဝင် ကမ္ဘာတစ်ဝန်းတင်းမာမှုတွေနဲ့ ကမ္ဘာကြီးဟာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အန္တရာယ်အများဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။ တစ်ချိန်တည်းမှာ UN သည်လည်း သူ့သက်တမ်း တစ်လျှောက် ကမ္ဘာသူကမ္ဘာသားတွေရဲ့ယုံကြည်ကိုးစားမှု အနည်းဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။ ဒီဆောင်းပါးမှာ UN အကြောင်း အသေးစိတ်ရေးမှာ မဟုတ်ပါဘူး။ UN သက်တမ်း နှစ် ၈၀ ပြည့်တဲ့အချိန်မှာ UN ကို ဘာကြောင့် လူတွေစိတ်ပျက်လာနေကြသလဲဆိုတာ သုံးသပ်ရေးသားတင်ပြမှာ ဖြစ်ပါတယ်။
လက်နက်တွေ အပြိုင်အဆိုင်တပ်ဆင်စုဆောင်း
သိကြတဲ့အတိုင်း ဒီနေ့ကမ္ဘာမှာ အရေးအခင်းများစွာ ဖြစ်ပျက်နေပါတယ်။ ကမ္ဘာမှာ အရေးအခင်းတွေက အရင်ကလည်းရှိခဲ့တယ်။ ဒီနေ့အချိန်မှာ အရေးအခင်းတွေဟာ ပိုမိုကျယ်ပြန့်ရှုပ်ထွေးလာပြီး ထိန်းမနိုင်၊ သိမ်းမရအခြေအနေတွေ ဆိုက်ရောက်လာနေတယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။ ပြဿနာဖြစ်နေတဲ့ နိုင်ငံတွေဟာ ဘယ်သူ့ဘယ်သူမှ ဂရုမစိုက်ကြတော့ဘဲ ကြိုတင်လက်ဦးမှုရယူလာကြပါတယ်။ အင်အားကြီးတဲ့သူက အနိုင်ရစတမ်းဖြစ်လာနေပြီး လက်နက်ရှိတဲ့သူက အပေါ်ကနေ စကားပြောပါတယ်။ ဆိုတော့ နိုင်ငံတွေအားလုံးက လက်နက်တွေ အပြိုင်အဆိုင်တပ်ဆင်စုဆောင်းလာကြပါတော့တယ်။ အဲဒီလိုတွေမဖြစ်အောင် UN ကို ဖွဲ့စည်းတည်ထောင်ထား တာလေ။
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ UN ရဲ့ အဓိကရည်ရွယ်ချက်က နောက်ထပ် စစ်ကြီးတစ်ခု တစ်နည်း တတိယကမ္ဘာ စစ်ကြီးမဖြစ်ပွားစေဖို့ ဖြစ်တယ်။ မဟုတ်ရင် UN ကို ဘာလို့ထားနေ ဦးမှာလဲ။ လက်ရှိ UN မှာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (UN peacekeeping force) တွေလည်းရှိတယ်။ UN မှာ ပဋိပက္ခရေးရာ ကျွမ်းကျင်သူတွေ (Conflict Specialists)၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေ (Security Experts)၊ နိုင်ငံရေးရာအရာရှိတွေ (Political Affairs Officers) လည်း အများကြီးရှိတယ်။ ဒေသအလိုက် UN အထူးကိုယ်စား လှယ် (UN Special Envoy) တွေဆိုတာရှိတယ်။ သူတို့ လစာ၊ ခံစားခွင့်၊ အသုံးစရိတ်တွေအတွက် ငွေကြေးသုံးစွဲရတာတင် နှစ်စဉ် ဒေါ်လာသန်းရာနဲ့ချီတယ်။ ပရောဂျက်တွေ၊ ဝန်ထမ်းတွေ တစ်ခုပြီးတစ်ခု၊ တစ်ယောက်ပြီး တစ်ယောက်သာ ပြောင်းလဲသွားတယ်။ ပြဿနာတွေက ကျန်ခဲ့တယ်။
ပြဿနာတွေက တငွေ့ငွေ့နဲ့ လောင်မြိုက်နေတယ်။ နောက်ဆုံး ဒီနေ့လိုစစ်မက်တွေ ဖြစ်ပွားသည်အထိ ကျယ်ပြန့်ပေါက်ကွဲလာတယ်။ အဲဒီကျမှ လူသားချင်းစာနာမှုအကူအညီတွေပေးကြ၊ လူသားချင်းစာနာမှုအကူအညီပေးရေးလမ်းကြောင်းတွေ ပွင့်အောင် သက်ဆိုင်ရာအစိုးရတွေကို ဖိအားပေးကြ၊ နောက်ထပ်အထူးကိုယ်စားလှယ်တွေ လွှတ်ကြနဲ့ပြဿနာကို ကြိုလည်းမတားဆီးနိုင်ဘူး။ လျော့ပါးအောင်လည်း မလုပ်နိုင်ဘူး။ ဖြစ်လာပြီဆိုမှ အလှူရှင်လိုလို၊ ကယ်တင်ရှင်လိုလို ပြူးပြူးပြဲပြဲနဲ့ ကြေညာချက်တွေထုတ်၊ ပြဿနာဖြစ်နေတဲ့ အဖွဲ့တွေအကြား နေရာဝင်ယူ၊ စကားလှလှတွေပြောပြီး ဖိအားတွေပေး၊ သူတို့ပြောလို့မရတဲ့သူ (အင်အားကြီးတဲ့သူ)ဆိုမပြောဘူး။ ဖိအားမပေးဘူး။ ပြောလို့ရတဲ့သူ (အင်အားသေးတဲ့သူ) ဆို ပြောတယ်။ ဖိအားပေးတယ်။ ပညာတတ်အဖွဲ့အစည်းပီပီ အဆင်ပြေသလို လှည့်ပတ်အလုပ်လုပ်တယ်။
ဒီလိုနဲ့ ကမ္ဘာကြီးက လုံးချာလည်လိုက်လာနေခဲ့တာ အခုဆို နှစ် ၈၀ ရှိခဲ့ပြီ။ နှစ် ၈၀ ဟာ ကမ္ဘာကြီးကို အတော်လေးရင့်ကျက်စေခဲ့ပြီ။ လုံးချာလည်လိုက်နေလောက်အောင် မ‘အ’တော့တဲ့ ကမ္ဘာကြီးဖြစ်သွား ပြီ။ ဆိုရှယ်မီဒီယာကြောင့် လူတွေ UN အကြောင်း ပိုသိလာပြီး UN ကို သမိုင်းနဲ့ပါ ချည်တုတ်မေးခွန်းထုတ်လာကြပြီ။ UN ရှောင်တိမ်းခွင် ကျဉ်းလာပြီ။
အခု ၂၀၂၅ ခုနှစ်မှာ ကမ္ဘာတစ်လွှား ဒီမိုကရေစီ၊ လူ့အခွင့်အရေးစံနှုန်းတွေဟာ အနိမ့်ဆုံးအဆင့်ကို ရောက်နေပြီး မညီမျှမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ မတည်ငြိမ်မှုတွေ၊ နေရပ်ရွှေ့ပြောင်းသူတွေ၊ ခိုလှုံခွင့် တောင်းခံသူတွေ၊ ဒုက္ခသည်တွေဟာသမိုင်းမှာ အများဆုံးအခြေအနေမှာ ရှိနေပါတယ်။ ဖြစ်နေတာတွေ အားလုံးအတွက် UN ကို အပြစ်တင်လို့တော့မရပါဘူး။ အချို့ကိစ္စတွေက ထိန်းချုပ်လို့ရပြီး အချို့ကိစ္စတွေက ထိန်းချုပ်လို့မရပါဘူး။ မည်သို့ဆိုပါစေ။ UN ဟာ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီပြီး အသုံးပြုနေတဲ့ကြားက ကမ္ဘာကြီးက တစ်နှစ်ထက် တစ်နှစ်မငြိမ်းချမ်းလာတဲ့အပြင် ပိုပြီးပြဿနာတွေများလာတာကြောင့် UN ဘာလုပ်နေသလဲ။ UN ကော လိုအပ်သေးလို့လားဆိုတဲ့ မေးခွန်းတွေ အဆက်မပြတ်ထွက်ပေါ်လာနေပါတယ်။
ငြိမ်းချမ်းရေးမှာ အနုတ်သဘောဆောင်လာ
UN အပေါ် စာနာသူတွေ ပြောတာရှိပါတယ်။ UN ကြောင့် ကမ္ဘာကြီးမှာ ဆင်းရဲမွဲတေမှုတွေ လျော့ကျသွားတယ်။ သဘာဝပတ်ဝန်းကျင်တွေ တိုးတက်ကောင်းမွန်လာတယ်။ လူတွေ အသက်ဘယ်လောက် ကယ်နိုင်ခဲ့တယ်။ အမျိုးသမီးအခွင့်အရေးတွေ တိုးတက်လာတယ် စသဖြင့်ပြောကြပါတယ်။ နို့...ဘာဖြစ်လို့ ကမ္ဘာကြီးက မငြိမ်းချမ်းလာသလဲ။ UN ထုတ်ပြန်ချက်တွေ အများစုက အားလုံးကို လုံးချထားတဲ့သဘောဖြစ်တယ်။ အမျိုးသမီးတွေကို နေရာပေးရင်းနဲ့ပဲ ကမ္ဘာကြီးက မိန်းမဆန်လာပြီး ဆုံးဖြတ်ချက် မပြတ်သားတာတွေ၊ မျက်နှာလို မျက်နှာရလုပ်မှုတွေ၊ အမြင်မတူရင် ဖိနှိပ်မှုတွေ၊ သူ့လူကိုယ့် ဘက်သားခွဲခြားမှုတွေ၊ ထစ်ခနဲဆိုအမျိုးသမီးထုနဲ့ လှည့်ရန်တိုက်တာမျိုးတွေ လွှမ်းမိုးလာပြီး ငြိမ်းချမ်းရေးမှာ အနုတ်သဘောဆောင်လာတယ်လို့ သုံးသပ်ရင်ကော လွန်မလားဗျာ။
ဒီနေရာမှာ အချို့ UN ထောက်ခံသူတွေက ကမ္ဘာကျော် Pew Research Center က ၂၀၂၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ UN အပေါ် လူကြိုက်များမှု စစ်တမ်းကို ကိုးကားခုခံကြပါတယ်။ 2024 Pew Research မှာ နိုင်ငံပေါင်း ၃၅ နိုင်ငံကို စစ်တမ်းကောက်ယူထားပြီး စစ်တမ်းမှာ အများစုက UN ကို အကောင်းမြင်ဆဲဖြစ်ပြီး အချို့နေရာတွေမှာတော့ အဆိုးမြင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဒါကို UN ဆန့်ကျင်သူအများစုက လက်မခံပါဘူး။ UN ကို အကောင်းမမြင်တဲ့သူ အများစုဟာ UN နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်နေတဲ့ ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံက လူတွေအများစုဖြစ်ပြီး Pew စစ်တမ်းမှာပါတဲ့ ၃၅ နိုင်ငံမှာ အလှူရှင်နိုင်ငံတွေ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေက တစ်ဝက်လောက် ပါဝင်နေပါတယ်။ စစ်တမ်းဖြေဆိုတဲ့ လူအရေအတွက်နဲ့ ဘယ်လိုလူတွေကို မေးတယ်ဆိုတာ ရှင်းလင်းစွာမသိရဘဲ လူငယ်တွေက လူကြီးတွေထက်စာရင် UN ကို ပိုအကောင်းမြင်ကြတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
လေ့လာသူတွေကတော့ လူကြီးတွေက UN ကို အကောင်းမမြင်တာ UN ဟာ ကြာကြာဝါးမှ ခါးမှန်းသိလို့ဖြစ်တယ်ဆိုပြီး တုံ့ပြန်ကြပါတယ်။ UN ဟာ အချိန်တွေကိုကစားပြီး လစာမှိန်းထုတ်၊ အခွင့်သာမှ နေရာဝင်ယူတတ်တဲ့အဖွဲ့အစည်းအဖြစ် ဝေဖန်ကြပါတယ်။ သေချာတာက အများပြည်သူအတွင်း ၂၀၂၄ ခုနှစ် UN ရဲ့ ပုံရိပ်ဟာ ၂၀၂၃ ခုနှစ်က ထက်စာရင် သိသာစွာကျဆင်းသွားတယ်ဆိုပြီး 2024 Pew Research မှာ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ အစ္စရေး-ဟားမတ်စ် ပဋိပက္ခအရှိန်မြင့်တက်လာမှုနဲ့ အီရန်-အမေရိကန်တင်းမာမှုတွေကြောင့် UN ဟာ ပိုပြီး ဂုဏ်သတင်းကျဆင်းဖို့သာ ရှိပါတယ်။
တကယ်တော့ ပြဿနာက UN အတွင်းမှာပဲ ရှိတယ်လို့ လေ့လာသူ တွေက ထောက်ပြကြပါတယ်။ UN ဟာ ကမ္ဘာ့ရေးရာတွေနဲ့ ပတ်သက်လာရင် သူတို့သာလျှင် ဖြေရှင်းလိုပါတယ်။ သူတို့သာလျှင် လုပ်ပိုင်ခွင့်ရသူ ဖြစ်လိုပါတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေကိုလည်း သူတို့နဲ့ညှိနှိုင်းပြီးသာ လုပ်ကိုင်ဆောင်ရွက်စေလိုပါတယ်။ တစ်နည်းသူတို့ထီးရိပ်အောက်ကသာ လုပ်ကိုင်ဆောင်ရွက်စေလိုပါတယ်။ သူတို့သာလျှင် အမှန်၊ သူတို့သာလျှင် စွမ်းဆောင်နိုင်သူ၊ သူတို့သာလျှင် အခွင့်အာဏာရှိသူအဖြစ် မှတ်ယူပါတယ်။ သူတို့နဲ့ပြိုင်ဘက်ပေါ်လာမှာ ကြောက်ရွံ့ပါတယ်။ သူတို့မလုပ်နိုင်တာ သူများလုပ်သွားနိုင်မှာ စိုးရိမ်ပါတယ်။ သူတို့လည်း ဖြစ်မြောက်အောင် မလုပ်နိုင်ဘူး။ ဖြစ်မြောက်အောင်လုပ်မယ့်အဖွဲ့ တွေကိုလည်း မရှုဆိတ်ပါဘူး။
အခြားသူ အပြင်လူစကားနားထောင်စရာမလိုဘူး။ ငါတို့ အချင်းချင်းသာ နားထောင်မယ်ပေါ့။ ငါတို့အချင်းချင်းဆို မသိချင်ယောင်ဆောင်လို့ ရပါတယ်။ ဖျောက်စရာရှိတာ ဖျောက်လိုက်လို့ ရပါတယ်။ ကြီးတဲ့အမှုသေးအောင် လုပ်လို့ရပါတယ်။ သိပ်ဆိုးရွားမှသာ အပြင်ကိုထွက်ပါတယ်။ UN မှာ ညီညွတ်ရေးက အဓိကဖြစ်ပါတယ်။ ညီညွတ်ဖို့ဆိုတာ အမြင်မတော်လည်း ပြောလို့မရပါဘူး။ မသိချင်ယောင်ဆောင်နေပြီး ကိုယ့်တာဝန်အချိန်ကာလပြီးဆုံးရင် ထွက်သွားကြတာပါပဲ။ ပြုပြင်ပြောင်းလဲပြီး အရင်လူတွေလို မလုပ်ဘဲ ဖောက်ထွက်တွေးခေါ် အလုပ်လုပ်မယ် ဆိုရင်လည်း အားမပေးပါဘူး။ ဒီအစီရင်ခံစာကိုးကားပါဆိုရင် အဲဒီအစီရင်ခံစာပဲ ကိုးကားရပါတယ်။ အခြားအစီရင်ခံစာတွေ၊ ကိုယ်တိုင်လေ့လာသုံးသပ်မှုတွေ လုပ်လို့မရပါဘူး။ ရလည်း ခဏသာဖြစ်ပြီး တားဆီးခံရမှာဖြစ်ပါတယ်။
အထိအခိုက်ရှိလာရင် အရင်လူတွေတုန်းက ဘာမှမဖြစ်ဘူး။ သူ့ကျမှ ဖြစ်တယ်ဆိုပြီး ရွေးထုတ်အပြစ်တင်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် UN မှာ အောက်ခြေဝန်ထမ်းတွေထဲက ဖောက်ထွက်တွေးခေါ်လုပ်ကိုင် မယ့်သူထွက်လာခဲပါတယ်။ အခြားနိုင်ငံတကာအဖွဲ့အစည်းကြီးတွေ လိုပဲ UN မှာ သက်ဆိုင်ရာဝန်ထမ်းသမဂ္ဂတွေရှိပေမယ့် သူတို့ကလည်း ဝန်ထမ်းအခွင့်အရေး၊ ဝန်ထမ်းလစာတွေဆိုတာတွေလောက်မှာ အာရုံစိုက်နေတာများပါတယ်။ အုပ်စုအတွင်း အလိုက်သင့်ပဲနေကြပါတယ်။
အလိုက်အထိုက်ပဲနေကြ
UN အကြီးပိုင်းတွေကတော့ တစ်မျိုးဖြစ်ပါတယ်။ သူတို့က ယခင်က အစိုးရအဖွဲ့အရာရှိကြီးတွေ၊ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ စသဖြင့် အကြီးပိုင်း ရာထူးတာဝန်တွေယူခဲ့ကြတာဆိုတော့ သူတို့ လုပ်ရင်တော့ဖြစ်ပါတယ်။ သူတို့ကို ပြောမယ့်သူ၊ ပြောရဲတဲ့သူလည်း မရှိပါဘူး။ သို့သော် အားလုံးက UN စနစ်ကြီးထဲ ရောက်သွားရင် အလိုက်အထိုက်ပဲနေကြပါတယ်။ အပေါ်နဲ့အောက်နားလည်မှုနဲ့ အသံ မထွက်အောင်နေကြပါတယ်။ နိုင်ငံတကာအသိုက်အဝန်းဆိုတာကလည်း နာမည်ဆိုးရှိတဲ့နိုင်ငံတစ်နိုင်ငံမှာ ပြဿနာတစ်စုံတစ်ခုဖြစ်ရင် အစဆွဲထုတ်၊ အစကနေ အဆုံးအထိ အုတ်အုတ်ကျက်ကျက်လိုက် တတ်ကြပေမယ့် နာမည်ကောင်းရှိတဲ့ UN လို အဖွဲ့အစည်းမျိုးဆိုရင် ပြဿနာတစ်စုံတစ်ခုရှိလာလည်း အတွင်းထဲမှာ ကျိတ်ဖြေရှင်းကြပြီး ဝိုင်းဝန်းတောင် ဖာထေးပေးတတ်ကြပါသေးတယ်။
ချုပ်ဆိုရရင် UN ဟာ ကမ္ဘာကြီးကို နှစ်ခါနစ်နာစေသလို ဖြစ်နေပါတယ်။ အပြင်မှာ သူ့ထက်သာလွန်တဲ့အဖွဲ့အစည်းတွေ၊ လူသားချင်း စာနာမှုလမ်းကြောင်း (humanitarian corridor) တွေ ဖြစ်ထွန်းပေါ်ပေါက်လာမှာကို အားမပေးဘူး။ အတွင်းမှာ သူ့ဝန်ထမ်းတွေလည်း ဦးနှောက်အညွန့်တုံးသလို ဖြစ်စေတယ်။ တစ်နည်းပြောရဲဆိုရဲ တင်ပြရဲတဲ့ လူသားရင်းမြစ်တွေ ပျောက်ဆုံးသွားပါတယ်။
UN ဟာ ကမ္ဘာ့အကောင်းဆုံး လူသားရင်းမြစ်တွေကို ရွေးချယ် ခန့်အပ်တယ်ဆိုပေမယ့် UN ဟာ လူသားရင်းမြစ်အညွန်တုံးစေတဲ့ နေရာဆိုလည်း မမှားပါဘူး။ ဘယ်လိုလူသားရင်းမြစ်အညွန့်တုံးစေ တာလည်းဆိုရင် UN ဟာ အတွင်းညီညွတ်ရေးကိုသာ ဦးစားပေးပါတယ်။ အများနဲ့လိုက်လျောညီထွေနေရပါတယ်။ လူမှုဆက်ဆံရေးသာ အဓိကဖြစ်ပါတယ်။ အားလုံးနဲ့ အဆင်ပြေတဲ့သူဆို ရှေ့ရောက်ပါ တယ်။
ဒီတော့ UN ဝန်ထမ်းတွေဟာ လူမှုဆက်ဆံရေးကိုသာ ဦးစားပေးပြီး ကိုယ့်ကိုမထိခိုက်စေအောင် အထူးသတိပြုကြပါတယ်။ ပညာတတ်တွေပီပီ ရစရာရှိတဲ့အခွင့်အရေးဆိုရင်တော့ ရှေ့ဆုံးက တောင်းကြပါတယ်။ UN ပိုက်ဆံသည် ကုမ္ပဏီပိုက်ဆံမဟုတ်တာကြောင့် အများကြီး ဂရုစိုက်စရာမလိုပါဘူး။ ငွေကအရာရာကို ညီညွတ်စေပါတယ်။ ဒါကြောင့် UN ဟာ သူ့ရန်ပုံငွေပြတ်မယ်ဆိုရင် ကမ္ဘာသူကမ္ဘာသားတွေအတွက် ပူပင်တာထက်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပူပင်တာထက် သူတို့ ပရောဂျက်တွေ၊ သူတို့ဝန်ထမ်းတွေ အလုပ်တည်မြဲဖို့အတွက် ပူပင်တာဖြစ်ပါတယ်။
UN ဟာ ကမ္ဘာကြီးမှာ သူတို့မရှိရင် မဖြစ်သယောင်ဖန်တီးထားတာမို့ သူတို့မရှိလည်း အလုပ်ဖြစ်နိုင်တာ လူသိမှာစိုးပါတယ်။ UN ပါဝင်ပတ်သက်မှုမရှိဘဲ အခြားအဖွဲ့အစည်းတစ်ခုက အလုပ်ဖြစ်သွား လည်း နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေမူဘောင်တွေနဲ့ မကိုက်ညီဘူးဆိုပြီး ဝေဖန်ပါတယ်။ ကလေးကြီးလိုပေါ့။ သူ့အလို မပြည့်မချင်း ငြူစူနေတော့တာပါပဲ။ နိုင်ငံတွေကလည်း UN နဲ့ ပြိုင်ပြီး ရန်မဖြစ်ချင်ကြဘူးပေါ့။ ဒီလိုပဲ မသိချင်ယောင်ဆောင်ကြပါတယ်။ ဒီလိုနဲ့ UN ဟာ သူထုတ်တဲ့ သတင်းထုတ်ပြန်ချက် (statement)တွေ၊ သူထုတ်တဲ့အစီရင်ခံစာ (report)တွေနဲ့ သူတို့အချင်းချင်းစကားတွေထဲမှာပဲ သာယာနေတော့တာပါပဲ။ အပြင်ကို နားမစွင့်ရဲပါဘူး။ အပြင်မှာအများပြည်သူတွေအကြား UNနဲ့ ပတ်သက်ပြီး ဘာတွေ ပြောနေတယ်ဆိုတာ UN သိပါတယ်။ မသိချင်ယောင်ဘဲဆောင်နေ ပါတယ်။
ဝေဖန်အပြစ်တင်ကြ
အရှေ့အလယ်ပိုင်းမှာပဲ ဖြစ်ဖြစ်၊ ယူကရိန်းမှာပဲဖြစ်ဖြစ်၊ အာဖရိကမှာပဲဖြစ်ဖြစ် UN ဟာ နာမည်ကောင်းမရပါဘူး။ အခွင့်သာပြီဆိုရင် ပေါ်လာပြီး နာမည်ကောင်းယူမယ်။ အခြေအနေက ထိန်းသိမ်းလို့မရဘူးဆိုရင် စိုးရိမ်မိပါတယ်၊ တိုက်တွန်းပါတယ်၊ တောင်းဆိုပါတယ်လောက်ပဲ တတ်နိုင်ပါတယ်။ နောက်တစ်ခါထပ်ပြီး အစီရင်ခံစာထုတ်မယ်ဆိုရင် အင်မတန်စိုးရိမ်မိပါတယ်၊ ထပ်မံတိုက်တွန်းပါတယ်၊ အထူးတောင်းဆို ပါတယ်ဆိုတာလောက်နဲ့ ပြီးပြန်ပါတယ်။ ပဋိပက္ခဖြစ်နေကြတဲ့ နိုင်ငံတွေက UN ကို ရှိတယ်လို့တောင် မထင်ကြတော့ပါဘူး။ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ အီရန်နျူကလီယားစခန်းသုံးနေရာကို အမေရိကန်က ဗုံးကြဲပြီးတဲ့နောက် နိုင်ငံတကာမီဒီယာတွေမှာ UN တံဆိပ် နောက်ခံထားပြီး UN အတွင်းရေးမှူးချုပ် ဂူတာရက်ပုံနဲ့ UN အနေနဲ့ အထူးပင်စိုးရိမ်မကင်း ဖြစ်မိကြောင်း ခေါင်းစဉ်သတင်းကို ဖော်ပြတဲ့အခါ ဖတ်ရတဲ့ကမ္ဘာတစ်လွှားက စာဖတ်ပရိသတ်တွေက UN ကို သောင်းသောင်းဖြဖြ ဝေဖန်အပြစ်တင်ကြပါတယ်။ အချို့ကလည်း ဂူတာရက်ကို UN သမိုင်းမှာ အညံ့ဖျင်းဆုံးအတွင်းရေးမှူးချုပ်အဖြစ် လှောင်ပြောင်ကြပါတယ်။
လက်ရှိအတွင်းရေးမှူးချုပ် ဂူတာရက်(AntÓnio Guterres) အကြောင်းလေ့လာကြည့်ရင် သူဟာ UN အတွင်းရေးမှူးချုပ်မဖြစ်ခင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ အကြီး အကဲတာဝန်ထမ်းဆောင်ဖူးပါတယ်။ သူဟာပေါ်တူဂီဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ UNHCR မှာလည်း ဂူတာရက်ဟာ အားလုံးနဲ့သင့်အောင်နေခဲ့ပြီး အဲဒီနောက် UN အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။
ဂူတာရက်ဟာ လက်ဝဲဆိုရှယ်လစ်နိုင်ငံရေး နောက်ခံရှိတာကြောင့် အလုပ်ခန့်ထားရေးဆိုင်ရာ မူဝါဒတွေမှာ အမျိုးသမီးတွေကို ဦးစားပေးတယ်ဆိုပြီး အမျိုးသားတွေဘက်က မကျေနပ်မှုအချို့ရှိခဲ့ပါတယ်။ ဆိုရ ရင် UN လို အဖွဲ့အစည်းကြီးတွေရဲ့ အထူးလိုအပ်ချက်က အားလုံးနဲ့ သင့်အောင်နေဖို့ပဲ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးတည်ဆောက်နိုင်ဖို့ပဲဖြစ်ပါတယ်။ အားကြီးတဲ့နိုင်ငံတွေနဲ့ သင့်အောင်ပေါင်းပြီး အားနည်း တဲ့နိုင်ငံတွေဆို ဟောက်စားလုပ်နိုင်ရပါမယ်။ အမေရိကန်တို့၊ ရုရှားတို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ပါဝင်နေတဲ့အရေးအခင်းတွေဆို လက်ရှောင်နေပြီး မြန်မာလို နိုင်ငံငယ်လေးတွေရဲ့ အရေးအခင်းမှာ လူလုံးထွက်ပြဖို့ လိုပါတယ်။
တစ်နေရာမှာ မအောင်မြင်ရင်တစ်နေရာမှာ အောင်မြင်ကြောင်းပြနိုင်ဖို့ လိုပါတယ်။ ဂူတာရက်ကို ဝေဖန်သူတွေက ဂူတာရက်ကို အရင်သူ့ရှေ့က UN အတွင်းရေးမှူးချုပ်တွေနဲ့ နှိုင်းယှဉ်ပြီး အားမလို အားမရဖြစ်ကြပါတယ်။ သူ့ကို စာနာနားလည်သူတွေကတော့ သူလက်လှမ်းမမီနိုင်တဲ့ ကမ္ဘာ့ပြဿနာတွေအတွက်သူ့ကို ဝေဖန်အပြစ်တင်တာကို လက်မခံကြပါဘူး။ မည်သို့ဆိုစေ ဂူတာရက်သည် ကမ္ဘာတစ်လွှား ပြည်သူတွေအကြား UN ကို စိတ်ပျက်လက်ပျက်ဖြစ်နေ စေခြင်းအတွက် တာဝန်အရှိဆုံးသူဖြစ်တယ်ဆိုတာ အများက လက်ခံထားကြပါတယ်။
မီးစဉ်ကြည့်ကနေကြ
အမှန်ကတော့ UN ဟာ ပြုပြင်ပြောင်းလဲရေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ သို့သော် တစ်ကြိမ်လုပ်တိုင်း အရင်လိုပဲ၊ အရင်လိုမက ပိုဆိုးတဲ့အခြေအနေကို ပြန်လည်ထွက်သွားပါတယ်။ UN ရဲ့ စွမ်းဆောင် နိုင်မှုဟာ တိုးတက်မလာဘဲ ပိုပြီးသာသိုသိပ်လာပါတယ်။ ဘာလို့လဲ ဆိုတော့ UN ဟာ သူ့ပြုပြင်ပြောင်းလဲရေးကို အတွင်းက လူတွေနဲ့ပဲ လုပ်နေလို့ဖြစ်ပါတယ်။ အချင်းချင်း အမုန်းမခံချင်ကြဘူးပေါ့။ အပြင်က ဖိအားတအားများမှသာ မတတ်သာလို့ ပြောင်းကြပါတယ်။ ဒါကလည်း UN ဟာ ဝန်ထမ်းတွေ ရွေးချယ်ခန့်အပ်တဲ့အခါ လူ့သဘောသဘာဝ အတိုင်းအားလုံးက အထဲရောက်ပြီးရင် မီးစဉ်ကြည့်ကနေကြလို့ ဖြစ်ပါတယ်။
အချို့ပညာတတ်တွေ ခွေပြီဆိုရင်သိပ်ကြောက်ဖို့ ကောင်းပါတယ်။ ကုပ်နဲ့ဆွဲထုတ်တောင် မထွက်ပါဘူး။ သူတို့ဟာဘယ်လိုနေရာ တည်မြဲအောင် (အလုပ်လုံခြုံအောင်) လုပ်ရမယ်ဆိုတာ ကောင်းစွာသိသလို စည်းမျဉ်းစည်းကမ်းအကြောင်းပြပြီး အမြင်မတူသူတွေကိုလည်း အတွင်းစည်းထဲမဝင်အောင် ပထုတ်ထားတတ်ပါတယ်။ အဲဒီလို လူပါးလူနပ်ပညာတတ်တွေ အုပ်စုဖွဲ့မိသွားရင် မည်သို့သောပြုပြင်ပြောင်းလဲရေးမှ အောင်မြင်မှာမဟုတ်ပါဘူး။ အခု UN နှစ် ၈၀ ပြည့်မှာ ပြုပြင်ပြောင်းလဲရေးဆိုတဲ့အသံတွေ ကြားလာရပြန်ပါတယ်။
ဒီဆောင်းပါးက UN ကို ဆန့်ကျင်တဲ့ဆောင်းပါးမဟုတ်သလို UN ကို စိတ်ပျက်စရာအကြောင်းမရှိပါဘူး။ UN ဆိုတာ နိုင်ငံတကာ ဆက်ဆံရေးမှာ မရှိမဖြစ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ UN ဟာ အားလုံးနဲ့ဆိုင်ပါတယ်။ UN က မကောင်းတာမဟုတ်ဘဲ UN ကို စီမံခန့်ခွဲနေတဲ့သူတွေက မကောင်းတာဖြစ်ပါတယ်။ UN ပုံရိပ်ကို ဖျက်ဆီးတာ အတွင်းထဲကလူတွေဖြစ်ပါတယ်။ UN ရဲ့ပျက်စီးခြင်းဟာ အပြင်က လာမှာမဟုတ်ဘဲ အတွင်းကသာ လာမှာဖြစ်ပါတယ်။ သိသိကြီးနဲ့ မှိန်းနေကြတာဖြစ်ပါတယ်။ UN ကို အတွင်းထဲကပဲ ကောင်းအောင် လုပ်ရပါမယ်။ UN ထဲကို ရောက်အောင်သွားရပါမယ်။ UN ပြုပြင်ပြောင်းလဲရေးအတွက် သတ္တိရှိတဲ့သူတွေ လိုပါတယ်။
UN ကို ပြန်လုရပါမယ်။ အသက် ၈၀ ဆိုတော့ UN လည်း သိပ်ကြီးပါပြီ။ အချိန်အများကြီး မကျန်တော့ဘူး။ ကမ္ဘာကြီးက အလျင်အမြန်ပြောင်းလဲနေချိန်မှာ UN က မပြောင်းလဲနိုင်ဘူးဆိုရင်တော့ မကောင်းဘူးပေါ့။ ပြောင်းလဲတဲ့တစ်နေ့ ကောင်းသွားမှာပါလို့ ယုံကြည်မိပါတယ်။ ။