အမှန်တကယ်အလုပ်လုပ်ရန်သာ လိုပါသည်
မိုးမြင့်
စီးပွားရေးနှင့် ပြည်သူ့ဘဝသည် ဆက်စပ်မှုရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်လည်း တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေပါသည်။ ဆက်စပ်မှုအားလုံးက အပြန်အလှန်ဖြစ်နေသည့်သဘော ဆောင်ပါသည်။ တစ်ခုကောင်းလျှင် ကျန်တာအားလုံး လိုက်ပါကောင်းမွန်လာမည်၊ ကျွဲကူးရေပါဖြစ်ပါသည်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အပြန်အလှန် အထောက်အကူပြုမှုများလည်းပါနေမည်၊၊ ဤသို့ သဘောများနှင့်အတူ မြန်မာနိုင်ငံအရေးတွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို တစ်ပြိုင်တည်းတိုးတက်ရန်အတွက် ဟန်ချက်ညီညီဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
လက်ရှိအခြေအနေနှင့် အတိတ်ပစ္စုပ္ပန်အခြေအနေများကို ချိန်ထိုး၍
မြန်မာနိုင်ငံသည် လက်ရှိကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးအလှုပ်အခတ်များစွာဖြင့် အရိုက်အပုတ်ခံရသည့် နိုင်ငံများစွာထဲက တစ်နိုင်ငံဖြစ်နေပါသည်။ နိုင်ငံများစွာတွင် ဖြစ်ပွားနေသော ပြင်းထန်ဆိုးရွားလှသည့် သဘာဝဘေး၊ အချို့စစ်ဘေးတို့ကြောင့် ကမ္ဘာကြီးတစ်ခုလုံး၌ တည်ငြိမ်မှုကင်းမဲ့နေသကဲ့သို့ပင် လွတ်လပ်ရေးနှင့်အတူပါလာသည့် သူတစ်လူ၊ ငါတစ်မင်း ပြည်တွင်းသောင်းကျန်းမှုမျိုးစုံ၊ ပြည်ပစွက်ဖက်မှုမျိုးစုံတို့ကို ဆန့်ကျင်အန်တုနေရသည့် မြန်မာနိုင်ငံတွင်လည်း တည်ငြိမ်အေးချမ်းမှုဆိုသည်ကို ခေတ်အဆက်ဆက် ကြိုးစားတည်ဆောက် နေရဆဲဖြစ်ပါသည်၊၊
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်နေရသကဲ့သို့ တစ်ဖက်တွင်လည်း စီးပွားရေးတိုးတက်ရန်နှင့်နိုင်ငံကို တည်ငြိမ်ပြီး ဘက်စုံဖွံ့ဖြိုးအောင် တစ်ပြိုင်တည်း ကြိုးပမ်းထမ်းဆောင်နေရသည့် အခြေအနေဖြစ်နေပါသည်။ လက်ရှိကမ္ဘာနှင့် မြန်မာ့အခြေအနေများအရ နိုင်ငံဖွံ့ဖြိုးရေး Agenda များစွာအနက် အချို့ကို တစ်ခုပြီးမှတစ်ခု၊ အချို့ကို တစ်ပြိုင်တည်းဆောင်ရွက်နေရသည့်အခြေအနေကို တွေ့ရမည်ဖြစ်ပါသည်။
ဤနေရာတွင် နိုင်ငံ့စီးပွားရေးကဏ္ဍ လက်ရှိအခြေအနေကို မီးမောင်းထိုးပြပြီး တိုးတက်မှုနှင့် လိုအပ်ချက်အချို့ကို လှစ်ဟနိုင်ခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ စီးပွားရေးနှင့်ပတ်သက်ပြီး ပြုလုပ်ခဲ့သော နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော် အကြီးအကဲပြောကြားခဲ့သည့် လမ်းညွှန်ချက်များမှ ကောက်နုတ်တင်ပြလိုသော အချက်များရှိပါသည်။
ယနေ့စီးပွားရေးအခြေအနေများအပေါ်၌
နိုင်ငံတော်အကြီးအကဲက ယနေ့ခေတ် မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်မြင်ရန် အမြဲတိုက်တွန်းမှာကြားလေ့ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးအခြေခံကောင်းများရှိနေသည့် အခွင့်အလမ်းကို မလွတ်တမ်းဆုပ်ကိုင်နိုင်ရေး အရေးကြီးပုံကို ပြောကြားနေခြင်းဖြစ်ပါသည်။ လက်ရှိအခြေအနေအရ မိမိတို့နိုင်ငံ၌ ဆန်၊ ဆီ၊ အသားငါး စားရေရိက္ခာဖူလုံရန်နှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရန် ပိုပြီးအဓိကကျနေပါသည်။ အခြေခံစားကုန်သောက် ကုန်များဖူလုံမှုရှိလျှင် သင့်တင့်သည့်နှုန်းထား တစ်ခုတွင် ကုန်စည်စျေးနှုန်းများလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း သုံးသပ်ပြခဲ့ပါသည်။
ဆန်ဖူလုံမှုရှိသော်လည်း ဆီဖူလုံမှုမရှိသည့်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ထောက်ပြခဲ့ပါသည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးစသည့်မီးဖိုချောင်သုံးသီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လမ်းညွှန်ခဲ့သည်ကို တွေ့ရပါသည်။ ပြည်ပသွင်းကုန် အစားထိုးမည်ဆိုလျှင် ပြည်တွင်းစီးပွားရေးကို အားပေးရမည်။ ပြည်တွင်းစီးပွားရေးကို အားပေးမှသာ အရည်အသွေးမီထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင် မှလည်း နိုင်ငံခြားဝင်ငွေတိုးလာမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
စိုက်ပျိုးမွေးမြူရေးတွင် ခေတ်မီပြီး အဆင့်မီအောင် တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုသည့်နည်းလမ်းကို စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF ၂၀၂၅) မှ အပြန် စီးပွားရေးအခြေခံစက်မှုနိုင်ငံဖြစ်နေသည့် ဘယ်လာရုစ်နိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Republic of Buryatia တို့သို့ သွားရောက်လေ့လာပြီး အောင်မြင်နေသည့် စိုက်ပျိုးမွေးမြူရေးမှတစ်ဆင့် GDP တိုးတက်နေမှု အခြေအနေများကို ဥပမာပေးထောက်ပြခဲ့သည်ကို တွေ့ရပါသည်။ တစ်ဆက်တည်းတွင် မိမိပြည်တွင်း၌လည်း စပါးစိုက်ပျိုးရေး အထွက်နှုန်းတိုးစေရန်အတွက် စိုက်နည်းစနစ်ပိုင်းအထိ လမ်းညွှန်ချက်များပေးခဲ့သည်ကို တွေ့ရှိရပါသည်။
အညွှန်းကိန်းများမှတစ်ဆင့်
နောက်တစ်ချက်မှာ ဆင်းရဲမွဲတေမှု အညွှန်းကိန်းမြင့်တက်လာမှု အခြေအနေပါ။ ဆင်းရဲမွဲတေမှုနှင့်ပတ်သက်ပြီး သုံးသပ်မှုများရှိခဲ့သည့်အပေါ် စီးပွားရေးလုပ်ငန်းများ မတိုးတက်ရခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆက်နွှယ်မှု ဖြစ်နိုင်ခြေ အကြောင်းတရားများကို ရှာဖွေဖော်ထုတ်ပြီး ဆင်းရဲသူလူတန်းစားအရင်းအမြစ်ဖြစ်သည့် ကျေးလက်နေပြည်သူများအတွက် အဓိကထားပြီး ကိုယ်ချင်းစာစိတ်ဖြင့် အောင်မြင်အောင် အလုပ်လုပ်ရန် ထောက်ပြချက်က အလွန်အဖိုးတန်လှပါသည်။
ပြောကြားချက်များစွာအနက် နိုင်ငံတွင်ရှိသည့် အလုပ်လုပ်နိုင်သော လူ့စွမ်းအားအရင်းအမြစ်ကို အကျိုးရှိရှိအသုံးချရန် မှာကြားချက်တစ်ခုကိုလည်း သတိထားမိပါသည်။ နိုင်ငံတွင် အလုပ်လုပ်နိုင်မည့် ရေခံမြေခံကောင်းများရှိပြီးဖြစ်သည့်အတွက် “အမှန် တကယ်အလုပ်လုပ်ရန်သာ” လိုအပ်ကြောင်းနှင့် အလုပ်လုပ်နိုင်ရေးဖန်တီးပေးရန် လိုအပ်နေသည့် အချက်များကို ထပ်မံဖြည့်စွက်ပြီး သုံးသပ်မှာကြားသွားသည်ကို လေ့လာမိလိုက်ပါသည်။
သုံးသပ်ထောက်ပြမှုများထဲမှ မြန်မာနိုင်ငံ GDP မျှော်မှန်းချက်များကို ကမ္ဘာ့ဘဏ်ဖော်ပြချက်များနှင့် နှိုင်းယှဉ်ပြီး လေ့လာမိပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှုပြ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး/ စုစုပေါင်းပြည်တွင်း ဝင်ငွေ GDP တန်ဖိုးကို ယခင်က ၂ ဒသမ ၅ ရာခိုင်နှုန်းရှိရန် မျှော်မှန်းခဲ့ရာမှ ယခုအနုတ်၂ ဒသမ ၅ အထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းလာပါသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ကို ကြီးကြီးမားမားထားပြီး ကြိုးစားဆောင်ရွက် နေသည့်အတွက် ယခုလိုကမ္ဘာ့ဘဏ်ခန့်မှန်းချက်မှာ အနုတ်လက္ခဏာပြနေသည့် ကွာဟချက်များကို ကျဉ်းနိုင်သမျှ ကျဉ်းမြောင်းအောင် ဆောင်ရွက်ရမည့်တာဝန်များ မိမိတို့တွင်ရှိလာပြီ ဖြစ်ပါသည်။ အမှန်တကယ် ကြိုးစားဆောင်ရွက်ကြလျှင် စီးပွားရေးတိုးတက်မှုပြ Indicator များမြင့်တက်လာမည်ဖြစ်ကြောင်း မှာကြားခဲ့သည့်အပေါ် ယုံကြည်မှုရှိစွာ ဆောင်ရွက်ရမည်ဟု ခံယူပါသည်။
ယနေ့ နိုင်ငံအကြီးအကဲ၏ စေတနာနှင့် တိုက်တွန်းနှိုးဆော်ချက်များသည် အမှန်တကယ် လိုက်နာဆောင်ရွက်ရမည့်အချက်များ ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့မျိုးဆက်သစ်လူငယ်များအနေဖြင့် စကားလုံးများအပေါ် အလေးအနက်ထားခံယူပြီး ပိုင်းခြားစိတ်ဖြာတတ်သည့်အကျင့် ရှိသင့်ပါသည်။ “အမှန်တကယ် အလုပ်လုပ်ရန်လိုပါမည်”ဟူ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် ဆန့်ကျင်ဘက်သဘောမှာ လက်တွေ့နှင့်မကိုက်ညီဘဲ စိတ်ကူးယဉ်ဆန်စွာ အလုပ်လုပ်ပြခြင်း ဖြစ်ပါသည်။
နိုင်ငံတော်အကြီးအကဲ၏ မိန့်ခွန်းတွင် ထပ်တလဲလဲသုံးနှုန်းသွားသည့် “အမှန်တကယ်” ဆိုသောစကားလုံးမှာ စွမ်းဆောင်ရည်မြင့်မြင့် မားမား၊ ထိထိရောက်ရောက်ဖြင့် ကြိုးစားဆောင် ရွက်မည်ဆိုသော တိုးတက်မှုအမြင်များ ပါဝင်နေ သည်ဟု မြင်မိပါသည်။ မိမိတို့ အမှန်တကယ် အလုပ် လုပ်သည့်အခါ အမှားများ၊ မအောင်မြင်မှုများမှ ရုန်းထွက်နိုင်ရမည်၊ ပတ်ဝန်းကျင်နိုင်ငံများ၏ တိုးတက်မှုများမှ သင်ယူနိုင်ရမည်။ မည်သည့် အလုပ်ကိုလုပ်လုပ် မိမိကိုယ်မိမိ ယုံကြည်မှုရှိရန် လိုပါသည်။ တိုးတက်လိုသည့်စိတ်ဓာတ်ကို သားစဉ်မြေးဆက် မျိုးဆက်သစ်များအထိ သယ်ဆောင်သွား လိုသည့် ဖွံ့ဖြိုးမှုအမြင်အထိ ပေါင်းစပ်ပြီး နိုင်ငံအတွက် ပိုကောင်းအောင်ကြိုးစားနိုင်ရပါမည်၊၊ မိမိ တို့အားလုံး လက်တွေ့ကျသည့် တိုးတက်မှုအတွေးနှင့် ဖွံ့ဖြိုးမှုအမြင် (Growth and Development mindset)များကို အကောင်းဆုံးပုံဖော်ပြီး အမှန် တကယ် အလုပ်လုပ်ကြရန်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။