Skip to main content

မငြိမ်းချမ်းတော့သည့်ကမ္ဘာကြီးနှင့် ကိုယ့်နိုင်ငံ ကိုယ်တိုင်ဖျက်နေကြသူများ

မိုးမြင့်

စစ်ကိုတားနေတဲ့ကြားထဲကပဲ စစ်ပွဲတွေ ဖြစ်ပြန်တယ်။ နိုင်ငံတကာဆွေးနွေးပွဲတွေနဲ့ အဖြေရှာနေတဲ့ကြားက အီရန်-အစ္စရေးစစ် ထပ်ဖြစ်ရတယ်။ အီရန်နဲ့အစ္စရေးဆိုတာ အရှေ့အလယ်ပိုင်းက ထာဝရရန်သူတွေ။ ရုရှား-ယူကရိန်း ပဋိပက္ခကြည့်ပြန်တော့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ တစ်ရက်အလိုကျမှ ယူကရိန်းကရုရှားကို ဝင်တိုက်ခဲ့တဲ့အတွက် ရုရှား- ယူကရိန်း ပဋိပက္ခကလည်း ပြီးဆုံးဖွယ်မမြင်။

ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ခက်ခဲကြောင်း ပြနေကြတာ။ ပညာနဲ့မဖြေရှင်းဘဲ လက်နက်နဲ့ ဖြေရှင်းနေကြသရွေ့ စစ်ဝဲသြဃအတွင်းမှာ ကမ္ဘာကြီးလွတ်လမ်းမမြင်။ ယခုတစ်ကြိမ် အီရန်- အစ္စရေး စစ်ပွဲကတစ်ဆင့် တတိယကမ္ဘာစစ်ဆီ ဦးတည်နေပြီလား၊ လူသားတွေရဲ့ စိုးရိမ်မှုကို ဥပေက္ခာပြုတဲ့ ဘေးတီးဖန်တီးမှုတွေကလည်း ရှိနေပြန်ဆိုတော့ ကံကောင်းတယ်ပဲ ပြောရမလား၊ အတုယူစရာ ဖြစ်ခဲ့တယ်ပြောရမလား၊ ကျွန်တော်တို့ အရှေ့တောင်အာရှနဲ့ တောင်အာရှက ခေါင်းဆောင်တွေကြားမှာ ပညာနဲ့ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဖြစ်နေတဲ့ စစ်ပွဲ၊ ဖြစ်ခါနီးစစ်ပွဲနှစ်ခုဟာ နာရီပိုင်းရက်ပိုင်းအတွင်း ပြီးစီးခဲ့ပြီး ပြည်သူတွေကို စိတ်အေးစေခဲ့ခြင်းဟာ ပညာနဲ့ လက်နက်အရာမှာ ပညာကိုအားကိုးခဲ့ကြလို့ဆိုတဲ့ သင်ခန်းစာတစ်ခုကို ရခဲ့တယ်။ သို့သော်လည်း.. ယနေ့ကမ္ဘာကြီး အခြေအနေက ဘယ်လိုမှ အားရှိစရာမရှိ။

စစ်လိုလားနေသူတွေကြောင့်သာ

ဇွန်လ ၁၃ ရက်နေ့ကစခဲ့တဲ့ အီရန်-အစ္စရေး စစ်ပွဲကိုပဲကြည့်ပါ။ အတိတ်က မိတ်ဆွေတွေဖြစ်ခဲ့ပြီးမှ အမြဲတမ်းရန်သူတော်တွေဖြစ်သွားရတဲ့ အီရန်- အစ္စရေးနှစ်နိုင်ငံအကြား လေကြောင်းတိုက်ပွဲတွေနဲ့ အဆုံးအဖြတ်လည်း မပေးနိုင်သေး၊ ငြိမ်းချမ်းရေးလည်းမရ၊ ပြင်းထန်တဲ့ နာတာရှည်ရောဂါကြီးဖြစ်နေတာ အတော်ကြာခဲ့ပါပြီ။ ယခုနောက်ဆုံး စစ်ပွဲကအီရန်မှာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမှာ အစ္စရေးနဲ့အမေရိကန်က ကြောက်လန့်လို့၊ ပါရှန်းအင်ပါယာကြီးကို ဖြိုခွဲလိုတဲ့အစ္စရေးနဲ့ အမေရိကန်တို့ကြောင့်၊ ဖြစ်နိုင်ဖွယ် အခြားအခြားသော အကြောင်းကြောင်းတွေကြောင့် အီရန်ကိုအစ္စရေးက စတင်တိုက်ခိုက်ရာက ဖြစ်ပွားနေတဲ့စစ်ပွဲပါပဲ။ ဒီအယူအဆတွေကို ထင်ဟပ်စေတဲ့ တချို့နိုင်ငံရေးသမားတွေရဲ့ အပြုအမူတွေ၊ ပြောစကား တွေအရဆိုရင် ကမ္ဘာပေါ်မှာ တချို့ခေါင်းဆောင်တွေဟာ စစ်ကိုအတော်ကြိုက်ပုံရတယ်။ စစ်မီးဟုန်းဟုန်း တောက်သွားရမယ်ဆိုတဲ့ အပြန်အလှန် ခြိမ်းခြောက် စကားတွေ၊ ဆေးရုံမရှောင်၊ ကလေးလူကြီးမရှောင် ပစ်ခတ်သတ်ဖြတ်နေတဲ့ အနိဋ္ဌာရုံတွေကို အလွန်နှစ်သက်သူတွေရှိနေကြသလို သူတို့ကို ထောက်ပံ့သူတွေကလည်း ပျော်ပျော်ကြီး ထောက်ပံ့နေကြဆဲပဲ။

တချို့စစ်ပွဲတွေဟာ လက်နက်ငွေကြေးပုံအောထောက်ပံ့သူတွေရဲ့ အလိုဆန္ဒအရ ဖြစ်ကြရတယ်ဆို တဲ့အချက်ဟာ ယနေ့ယူကရိန်းနဲ့အစ္စရေးကို ထောက်ပံ့နေတဲ့ အနောက်အုပ်စုနဲ့ အမေရိကန်ကို ပြောနေတာပဲ။ သူတို့ဟာ သူတို့အကျိုးစီးပွားအတွက် ဒေသတွင်းမှာ စစ်ပွဲတွေပုံဖော်နေကြခြင်းဖြစ်တယ်။ စစ်ပွဲမဟုတ်တဲ့ အမေရိကန်နိုင်ငံ လော့စ်အိန် ဂျလိစ်မြို့မှာ ICE ဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြပွဲ များမှာတောင် ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ ဂျော့ဆိုးရော့ဇ်ကြီးတစ်ယောက် ကွန်ဂရက်ရှေ့မှောက်အစစ်ခံရမယ့် အခြေအနေကို ရင်ဆိုင်နေရတာကြည့်ရင် သိနိုင်ပါတယ်။

အစ္စရေးနဲ့ ပတ်သက်တဲ့ ကမ္ဘာ့အရေးအခင်းတွေမှာ အမေရိကန်က အစ္စရေးလုပ်သမျှ ကြီးကြီး ကျယ်ကျယ် ဘာမှတားဆီးခဲ့တာမရှိဘူး။ အမြဲလိုလို အမေရိကန်က အစ္စရေးဘက်က အမြဲရပ်တည်ပေးပြီး အီရန်ကိုတစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့ထားတာကြာပါပြီ။ ယခုလည်း အမေရိကန်နဲ့ အင်္ဂလန်တို့လုပ်ရပ်က ရန်ဘက်တွေအကြား စစ်ကိုတားဆီးဖို့၊ စစ်ကိုရပ်တန့်ဖို့ အသင့်မဖြစ်တဲ့အပြင် မီးလောင်ရာလေပင့်သလို အပြုအမူတွေသာ ပြုလုပ်နေကြတယ်။ ဒီလိုပရမ်းပတာအခြေအနေမှာ ကမ္ဘာ့ပြည်သူတွေရဲ့စိုးရိမ်စိတ်ကို ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်တွေကများ လျှော့ချပေးနိုင်မလဲ။

အားလုံးက သူ့အကြောင်းတရားနဲ့သူ ပေါင်းစုံညီညွတ်၍သာ

ကမ္ဘာသူ ကမ္ဘာသားအားလုံးက ဘယ်နေရာက၊ ဘယ်စစ်ပွဲမှမမြင်လို မကြားလိုတော့ပါ။ စစ်ဖြစ်ရင် ကြားက မြေစာပင်ဟာ ပြည်သူတွေပဲဖြစ်တယ်။ စစ်ကိုရပ်ဖို့က၊ အဓိကကျသူက နှစ်ဖက်စစ်ထဲပါနေသူ တွေပါပဲ။ နှစ်ဦးစလုံး ရပ်ကြမှ စစ်ကငြိမ်းပါမယ်။ နှစ်ဖက်မှာ တစ်ဖက်ဖက်က ရပ်လိုတဲ့ဆန္ဒမရှိလည်း စစ်ကမပြီးပါဘူး။ နှစ်ဖက်စလုံး ရပ်ချင်ပေမယ့် ဘေးက မြှောက်ပေးနေသူတွေကိုယ်တိုင်စစ်ကို ဆွဲဆန့်စေချင်လည်း စစ်ကမပြီးပါဘူး။ တစ်ဖက်ဖက်စီ လက်နက်ငွေကြေး ပံ့ပိုးနေတဲ့နိုင်ငံတွေရဲ့ အခန်းကဏ္ဍက ပိုလို့တောင်အရေးကြီးပါတယ်။ တစ်ခါတစ်ရံ စစ်ပွဲနွှဲနေတဲ့ ကာယကံရှင်နိုင်ငံရဲ့ အကျိုးစီးပွားထက် ဘေးကအားပေးထောက်ကူတဲ့ နိုင်ငံရဲ့ အကျိုးစီးပွားက ပိုအရေးကြီးသွားတဲ့အခါ ဒီစစ်ပွဲကဘယ်တော့မှ ပြီးဆုံးဖွယ်ရာ လမ်းမမြင်ပါ။ သူတို့ကြောင့်ပဲ ပဋိပက္ခတွေ စစ်ပွဲတွေဟာ တာရှည် သွားရတယ်။ ဥပမာ ယူကရိန်းစစ်အတွက် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ နှစ်ဖက်ငြိမ်းချမ်းရေး စကားပြောမယ့်နေ့ မတိုင်ခင်တစ်ရက်မှာမှ ယူကရိန်းက ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိဝင်ပြီး မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ တိုက် လေယာဉ်တွေကို အလစ်အငိုက်ဝင်တိုက်ခဲ့တဲ့အတွက် ပျက်စီးခဲ့ရတဲ့စစ်ရပ်စဲရေး မျှော်လင့်ချက် ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။ စစ်ကိုမရပ်စေချင်တဲ့ အင်္ဂလန်နဲ့ NATO တို့ရဲ့ ဆန္ဒပြည့်ဝခဲ့ပြီး စစ်ရပ်စဲချင်နေတဲ့ ရုရှားနဲ့ထရမ့်တို့ရဲ့ အိပ်မက်ပျက်သွားခဲ့ရခြင်း နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေ ရှိခဲ့ပါသလဲ။

ရုရှားနိုင်ငံတော်ကြီး ပျက်သုဉ်းချည့်နဲ့စေရေး အကြောင်းတရားတစ်ခုနဲ့ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲ၊ ရုရှားနိုင်ငံကြီး ဆက်လက်အင်အားယုတ်လျော့အောင်၊ ရုရှားနဲ့ယူကရိန်းတို့ ငြိမ်းချမ်းရေးဘယ်တော့မှ မရအောင်၊ ယခုဖြစ်လာနေတဲ့ အရှေ့အလယ်ပိုင်း အရေးအခင်းဘက် ရုရှားလှည့်မကြည့်နိုင်အောင် တစ်နည်းရုရှားက မဟာမိတ်အီရန်ဘက် မကူညီနိုင်အောင်၊ အီရန်ကို အစ္စရေးက စိတ်တိုင်းကျလုပ်နိုင်အောင် ကြိုတင်စီမံထားတဲ့ ဖန်တီးမှုများပဲလား။ မတွေးလို့မရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ထိုနည်းတူ အစ္စရေးကရော အီရန်ကို နျူကိစ္စတစ်ခုတည်းကြောင့်ပါ၊ အီရန်က အကြမ်းဖက်တွေကို အားပေးနေတယ်ဆိုတဲ့ အကြောင်းပြချက် တွေအပြင် အခြားသော အကြောင်းတရားတွေ ရှိနေနိုင်ပါသေးသလား စသည်ဖြင့် ဒီထက်ပိုနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ မကြာသေးခင်က တရုတ်နိုင်ငံရဲ့ ကမ္ဘာပတ်ပိုးလမ်းမစီမံကိန်းကြီး အီရန်နဲ့ ချိတ်ဆက်မိသွားတဲ့ အခြေအနေကပဲ ဒီစီမံကိန်းကို ဖျက်လိုတဲ့ အမေရိကန်က စစ်ကိုဖန်တီးပေးလိုက်သလို ဖြစ်သွားသလား တွေးဆစရာပါ။

စစ်မှန်သမျှ ရပ်သင့်ပါပြီ

ဘယ်လိုအကြောင်းတရားတွေနဲ့ စစ်ကိုစခဲ့ကြတာဖြစ်ပါစေ၊ အပြစ်မဲ့လူသားတွေကို သနား၍ ပျက်စီးသွားတဲ့ သယံဇာတအရင်းအမြစ်တွေကို ငဲ့ညှာပြီး စစ်ကို ရပ်သင့်ကြပါပြီ။ ဘယ်သူနိုင်နိုင် စစ်ဖြစ်တဲ့တိုင်းပြည်၊ မြို့ရွာမှန်သမျှ ပျက်စီးရစမြဲပါ။ စစ်ရဲ့သက်ရောက်မှုက ကြာရှည်သွားရင် ကျယ်ပြန့်သွားတတ်တယ်။ သူ့ဘက်၊ ကိုယ့်ဘက်အားပေး သူတွေဝင်ပါခဲ့ရင် အခြေအနေ ပိုဆိုးသွားဖို့ပဲရှိတယ်။ စစ်ကို ရပ်တန့်ဖို့မကြိုးစားဘဲ အားပေးအားမြှောက် ဆက်ပြုခြင်း၊ အပြန်အလှန်ခြိမ်းခြောက်နေခြင်းက ကမ္ဘာစစ်ကြီးအထိ ဖြစ်သွားနိုင်တယ်။ ဒီအဆင့်ထိ အရောက်ခံလို့ဖြစ်ပါ့မလား။ ဉာဏ်စွမ်း၊ ဝီရိယစွမ်း၊ ပညာစွမ်းအားကြီးကြီးနဲ့ ယနေ့ကမ္ဘာ့ခေါင်းဆောင်တွေ ဝိုင်းဝန်းအဖြေရှာ အားထုတ်သင့်ပါပြီ။

ဘယ်လို ပဋိပက္ခပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းတွေကသာ အဓိကဖြစ်ပါတယ်။ နိုင်ငံတွေ အနေနဲ့လည်း မိမိနဲ့အလွမ်းသင့်ရာ မိတ်ဖက်အပေါ်မှာ အလွန်အကျွံ မြှောက်မပေးသင့်ပါ။ လက်ရှိပဋိပက္ခကို တိုးချဲ့ဖို့ကြိုးစားသူဟာ ကျွန်တော်တို့ အမြင်အရတော့ ဒီအချိန်မှာ တကယ်အရူးအမိုက် တစ်ယောက်သာပါပဲ။ အပြုသဘောဆောင်ပြီး မျှမျှတတရှိတဲ့ အနေအထားကသာ ရပ်တည်သင့်ပါတယ်။ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပါဝင်သူတွေ အနေနဲ့ လူသားချင်းစာနာစိတ်နဲ့ နိုင်ငံတကာပြည်သူတွေရဲ့ စိုးရိမ်မှုကို ထည့်သွင်းစဉ်းစားပြီး အဖြေရှာသင့်ပါတယ်။

ဒါ့အပြင် စဉ်းစားရမှာက ယနေ့စစ်ပွဲတွေကို ဖန်တီးသူတွေက ဘာကိုထားခဲ့လို့၊ ဘာတွေယူသွားကြမှာလဲ၊၊ သေချာတာကတော့ သားစဉ်မြေးဆက် အငြိုးအတေးတွေ၊ အာဃာတတွေပဲ ကျန်ခဲ့တာပါ။ ဘာကောင်းတဲ့အရာတွေကို ထားခဲ့နိုင်လို့ပါလဲ၊ လက်ရှိဖြစ်ပျက်နေတဲ့ စစ်ပွဲအခြေအနေတွေအရ ဘယ်ဘက်မှာ အကျိုးကျေးဇူးတွေ ပိုဖြစ်ထွန်းနေ လို့လဲ၊ နှစ်ဖက်ပျက်စီးတာပဲရှိတယ်၊ တင်းမာမှုတွေ ပိုတိုးလာတာပဲ ရှိပါတယ်၊၊ ယခု အီရန်-အစ္စရေး စစ်မှာပင် နျူကလီးယားဆွေးနွေးပွဲလည်း ပျက်သွားခဲ့ရပြီ။ ဒေသတွင်းပဋိပက္ခ အသွင်ပြောင်းလာပြီး ကမ္ဘာ့စွမ်းအင်လောင်စာစျေးတွေ မြင့်တက်သွားနိုင်တဲ့ အန္တရာယ်တွေသာ များလာနေတယ်။

ဘာတွေသင်ခန်းစာယူကြမလဲ

အီရန်-အစ္စရေးစစ်ကနေ အဓိကဘာသင်ခန်းစာ ရသလဲဆိုရင် သတိထားမိတဲ့အချက်က မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ ချိုးဖောက်မခံရစေဖို့အတွက် မိမိတို့ရဲ့စစ်ရေး၊ စီးပွားရေးအင်အားကို အခိုင်အမာ တည်ဆောက်ထားဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ။ စီးပွားရေးပါဝါ ထက် လက်နက်ပါဝါကတောင်ရေတိုမှာ ပိုအရေးကြီးပါတယ်။ ရေရှည်စစ်မှာတော့ စီးပွားရေးအင်အား၊ လူအင်အားလည်း ကောင်းနေမှဖြစ်မယ်။ ပါဝါရှိမှလေးစားမှာ ဖြစ်တဲ့အတွက် အင်အားကို တည်ဆောက် ရမယ်ဆိုတာ ယနေ့ကမ္ဘာ့စစ်ပွဲတွေက ပြသနေပါ တယ်။

ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း အားကောင်းအောင် တည်ဆောက်ထားဖို့လိုကြောင်း တွေ့ရတယ်။ စိတ်ဓာတ်ဆိုတဲ့နေရာမှာ အချင်းချင်းသစ္စာရှိမှုနဲ့ မျိုးချစ်စိတ်ဓာတ်ကနေ ရေပက်မဝင်တဲ့ စည်းလုံးညီညွတ်မှုမျိုးရှိနေဖို့လည်း အရေးကြီးပြန်တယ်။ ရန်သူကို သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနိုင်ပေမယ့် ပြည်တွင်းမှာ အချင်းချင်းသစ္စာပျက်ယွင်းတဲ့ သစ္စာဖောက်တွေကြောင့် စစ်ဘက်နဲ့ ပညာရှင်တွေ လုပ်ကြံခံရတဲ့ နမူနာမျိုးတွေ၊ အပြင်နဲ့အတွင်း ဟန်ချက်ညီညီ ဖြစ်လာနိုင်တဲ့ အဖျက်အမှောင့် ဖော်ဆောင်မှုတွေကို သတိထားဖော်ထုတ်ဖို့လည်း အရေးကြီးပြန်တယ်။ ကိုယ့်ဘက်က အားမကောင်းရင် အစော်ကားခံရမယ်။ အားကောင်းအောင် အင်အားတည်ဆောက်ရမယ့် အချိန်ဖြစ်တဲ့အပြင် မိတ်ဆွေစစ် မိတ်ဆွေမှန်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်းလိုပါတယ်။

ယခုကာလက အင်မတန်အရေးကြီးတဲ့အတွက် ဖြစ်ပါတယ်။ သူတို့ဘာလုပ်လုပ် တရားတယ်ဆိုတဲ့ Double standard မူအတိုင်းကျင့်သုံးတတ်တဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ အလေ့အထကို ပြန်လည်တုံ့ပြန်နိုင်ဖို့လိုတယ်။ ဒီလိုကျင့်သုံးမှုတွေကြောင့်သာ ပဋိပက္ခတွေ ကြီးထွားလာရတယ်၊ အကြမ်းဖက်မှုတွေ တိုးပွားလာရတယ်၊ ယခုလိုစစ်ပွဲတွေ ဖြစ်ပွားလာရတယ်။ ယခုလိုအခြေအနေတွေကြောင့်ပဲ နိုင်ငံတွေဟာ မိမိတို့အင်အားကို ဘက်ပေါင်းစုံကနေ တိုးချဲ့တည်ဆောက်နေကြရတယ်။ နောက်တစ်ချက် သတိထားမိတာတစ်ခုက ဂါဇာကအဖြစ်အပျက်တွေ၊ တဲလ်ဗစ်၊ ဟိုင်ဖာ၊ တီဟီရန် စတဲ့မြို့တွေက ဆိုးရွားလှတဲ့ အဖြစ် အပျက်တွေကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတပ်မတော်က ပြည်တွင်းသောင်းကျန်းသူတွေအပေါ် ညင်သာတဲ့ကိုင်တွယ်ပုံနဲ့ နှိုင်းယှဉ်ကြည့်ရင် ခြားနားချက်အများအပြားကို တွေ့ရလိမ့်မယ်လို့ ယူဆတယ်။ တကယ်တော့ ကိုယ့်နိုင်ငံက ခေါင်းဆောင်တွေဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ပြည်သူဘယ်တော့မှ မဖျက်ဆီးမပျက်စီးစေရဘူးဆိုတဲ့စိတ် အမြဲရှိတယ်။ ဘယ်သူသေသေ ငါတို့နိုင်ငံသားတွေရဲ့ အသက်ပဲ ဆိုတဲ့စိတ်နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမယ်ဆိုတဲ့စိတ် အမြဲထားတယ်။

ယခုလက်ရှိဖြစ်နေတဲ့ စစ်ဖြစ်နေတဲ့နိုင်ငံတွေက အချို့သောခေါင်းဆောင်တွေ၊ စစ်ထဲဝင်ပါမိ သော်လည်း ကမ်းလင့်တဲ့ငြိမ်းချမ်းရေးကို မဖမ်းမိမဆုပ်ကိုင်မိတဲ့သူတွေ၊ သူတို့ရဲ့ မိုက်မဲတဲ့စဉ်းစား တွေးခေါ်ပုံတွေကနေ သင်ခန်းစာယူမယ်ဆို ယူရမယ့်အချက် များစွာရှိနေပါတယ်။ အထူးသဖြင့် လူသားချင်း စာနာစိတ်ဆိုတာ ဘယ်လိုလဲဆိုတာ ယနေ့ကမ္ဘာ့စစ်ပွဲတွေကြည့်ပြီး ကျွန်တော်တို့ပြည်သူတွေ တိုင်းရင်းသားတွေ ခံစားသုံးသပ် ဆင်ခြင်နိုင်ဖို့ပါပဲ။ ။