Skip to main content

အဆိုးသံသရာထဲက ယနေ့ကမ္ဘာ

မောင်ကမ္ဘာ

ယနေ့ ကမ္ဘာ့အခြေအနေကိုကြည့်လျှင် အဆိုးသံသရာထဲမှာပင် တဝဲလည်လည်ဖြစ်လျက်ရှိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများအချင်းချင်းကြား နိုင်ငံရေးတင်းမာမှုများ၊ ဒေသတွင်းပြိုင်ဘက်နိုင်ငံများ၏ အားပြိုင်မှုများမှတစ်ဆင့် ဒေသတွင်းစစ်ပွဲများ ဖြစ်ပွားလာသည်။ လူမှုအဓိကရုဏ်းများ၊ သဘာဝဘေးအန္တရာယ်များကပါ မကြာခဏထပ်ဆင့်ဖြစ်ပွားလာ၍ ကမ္ဘာကြီးသည် ပူလောင်ဆူပွက်လျက်ရှိသည်။

ဟားမတ်စ်စစ်သွေးကြွတို့၏ အကြမ်းဖက်တိုက်ခိုက်မှုမှတစ်ဆင့် လက်တုံ့ပြန် တိုက်ခိုက်ခံရမှုကြောင့် ဂါဇာစီးတီးသည် တစပြင်ပမာပျက်စီးသွားခဲ့ရသည်။ အပြစ်မဲ့ပြည်သူ သောင်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသည်။ အမျိုးသမီးနှင့် ကလေးငယ်များ သေဆုံးမှုမှာ အများဆုံးဖြစ်သည်။

အသက်မသေဘဲ ကျန်ရှိသူများမှာလည်း ပိတ်ဆို့ခံထားရမှုကြောင့် စားရေရိက္ခာနှင့် ဆေးဝါးများပြတ်လပ်ကာ ကြီးစွာသောဒုက္ခနှင့် ရင်ဆိုင်ခဲ့ကြရရှာလေသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့သော စားရေရိက္ခာများကို အလုအယက် ခွက်ထိုးတောင်းခံနေကြသည့် လူမမည်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ၏ ပုံရိပ်များမှာလည်း ယဉ်ကျေးသည့် လူသားကမ္ဘာ အတွက် မေးခွန်းထုတ်စရာဖြစ်လာရသည်။ သို့သော် လူသားချင်းစာနာထောက်ထားမှုဟု မကြာခဏ ကြွေးကြော်လေ့ရှိသော နိုင်ငံကြီးများလည်း မတတ်နိုင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းထားသည်ဟုဆိုသော ကုလသမဂ္ဂလည်း မစွမ်းနိုင်၊ ကမ္ဘာကြီးက လက်မှိုင်ချနေခဲ့ရသည်။ နိုင်ငံတကာ အထောက်အပံ့များသည်ပင်လျှင် ခွင့်ပြုချက်ဖြင့် အကန့်အသတ်မျှသာပေးပို့ နိုင်လေသည်။

 ယူကရိန်းပဋိပက္ခစစ်ပွဲကလည်း နှစ်ပေါက်ခဲ့ ချေပြီ။ စစ်ပွဲရှည်ကြာလေသည်နှင့်အမျှ စစ်ဘောင်က ပို၍ကျယ်ပြန့်လာသည်။ စစ်ပွဲအရှိန်ကလည်းပို၍ ပြင်းထန်လာသည်။ ယူကရိန်း၏ နောက်ကွယ်တွင် နိုင်ငံကြီးများ၏ ပေါ်ပေါ်ထင်ထင်ပါဝင်ပတ်သက်မှုကြောင့် အင်အားကြီးနိုင်ငံများအချင်းချင်း ထိပ်တိုက်တွေ့ပြီး တတိယကမ္ဘာစစ်၊ တစ်နည်း နျူကလီးယား စစ်ပွဲကြီးများ တစ်နေ့ ထတောက်လာလေမလားဟု ကမ္ဘာသူကမ္ဘာသားများက ရင်တမမဖြစ်နေဆဲ။

သည်ကြားထဲ တောင်အာရှနှင့် အရှေ့တောင် အာရှတို့၌ ပေါ်ပေါက်လာသော စစ်ရေးငင်မှု၊ အင်အားပြမှုများကလည်း ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများအဖို့ စိတ်မချမ်းမြေ့စရာ ဖြစ်ရသည်။ တင်းမာမှုများ ပြန်လည်လျော့ပါးသွားပြီး စေ့စပ် ညှိနှိုင်းမှုများ အသက်ဝင်လာမှ စိတ်သက်သာရာ ရခဲ့ကြရသည်။

သို့သော် ယနေ့ကမ္ဘာသည် အဆိုးသံသရာထဲက ရုန်းမထွက်နိုင်ခဲ့ပါပေ။ ယခုရက်ပိုင်းအတွင်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သည့် လူဝင်မှုကြီးကြပ်ရေး ဆောင်ရွက်ချက်များကို ကန့်ကွက်သောဆန္ဒပြပွဲများ အမေရိကန်တစ်ဝန်း၌ ပျံ့နှံ့လာသည်။

လော့စ်အိန်ဂျလိစ်မြို့၌ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းသည့်ကြားက နယူးယောက်၊ ချီကာဂိုစသည့် အခြားမြို့ကြီးများအထိ ဆန္ဒပြပွဲများ ကူးစက်သွားသည်။ ဆန္ဒပြသူများက ကားများကိုမီးရှို့ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းများအပြင် ခိုးဆိုးလုယက်သူများကလည်း တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသည့်နှယ် စတိုးဆိုင်ကြီးများ၊ စူပါမားကတ်များ၊ အရောင်းဆိုင်ခန်းများကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်လုယက်ကြပြန်သည်။ သို့နှင့် လော့စ်အိန်ဂျလိစ်မြို့တွင် ကာဖျူးအမိန့်ကို နောက်တစ်ကြိမ်ထုတ်ပြန်ခဲ့ရသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟု မကြာခဏကြွေးကြော်လေ့ရှိသော ဒီမိုကရေစီစံပြအင်ပါယာနိုင်ငံကြီးအတွက် နိုင်ငံရေးသံဝေဂယူစရာ ဖြစ်ရလေသည်။

ကမ္ဘာ့နိုင်ငံရေး လေ့လာအကဲခတ်သူအဖို့ ကမ္ဘာ့ အရေးအခင်းများက အတောမသတ်နိုင်အောင် လေ့လာ၍ မဆုံးနိုင်အောင်ဖြစ်နေဆဲမှာပင် ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ် အာမီဒါဗတ်မြို့မှ လန်ဒန်သို့ စတင်ပျံသန်းထွက်ခွာသည့် အိန္ဒိယလေကြောင်းလိုင်းမှ Boeing 787 လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြန်သည်။ လေယာဉ်အမှုထမ်းနှင့် ခရီးသည်စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာသည့်အနက် သေကံမရောက်သက်မပျောက်သူ အိန္ဒိယနွယ်ဖွားဗြိတိန်နိုင်ငံသား ခရီးသည်တစ်ဦးသာ အသက်ရှင်ကျန်ရစ်သည်။

ကံဆိုးမိုးမှောင်ကျမှုများက ဤမျှနှင့် စခန်းမရပ်၊ ကြမ္မာဆိုးကလည်း ထပ်ဝင်လာသည်။ လေယာဉ်က လေဆိပ်အပြင်ဘက် လူနေထိုင်ရာရပ်ကွက်ရှိ ဆေးကျောင်းသားအဆောင်သို့ ပျက်ကျခဲ့သဖြင့် ဆေးကျောင်းသားအချို့ ထပ်မံသေဆုံးခဲ့ရပြန်သည်။ ဆယ်စုနှစ်အတွင်း ကမ္ဘာ့အဆိုးရွားဆုံးလေယာဉ် ပျက်ကျမှုဟုဆိုသည်။ ကရုဏာတရားကြီးမားသူများ အဖို့ အိပ်မက်ကိုယ်စီ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကိုယ်စီဖြင့် လေယာဉ်ပေါ်သို့ လိုက်ပါသွားခဲ့ကြရင်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း အသက်ဆုံးရှုံးသွားခဲ့ကြရသည့် ခရီးသည်များနှင့် ပူဆွေးသောကကြီးစွာဖြင့် ကျန်ရစ်သူများနှင့် ထပ်တူခံစားကြရသည်။

ကမ္ဘာ့ရှစ်ခွင်တိုင်းလုံးတုန်စေသည့် ကမ္ဘာ့ထိပ်တန်းသတင်းကြီးများက ဤမျှနှင့်မရပ်။ ဇွန်လ ၁၃ ရက် နံနက်တွင် တုန်လှုပ်ဖွယ်ရာ ထပ်မံပေါ်ထွက် လာပြန်ပါသည်။ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်း တွင် အစ္စရေးက အီရန်၏မြို့တော် တီဟီရန်ရှိ နျူကလီးယားနှင့် တာဝေးပစ်ဒုံးစီမံကိန်းအခြေစိုက် ရာ နေရာများနှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက် အအုံများကို လေကြောင်းဖြင့် လက်ဦးမှုရယူစတင် တိုက်ခိုက်ခဲ့ပြန်သည်။ အစ္စရေးတို့က အီရန်၏ ယူရေနီယံသန့်စင်ရေးအစီအစဉ်နှင့် နျူလက်နက် အစီအစဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ တိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်း နျူကလီယားသိပ္ပံပညာရှင်အချို့နှင့် အီရန်စစ်ဘက် ထိပ်တန်းဗိုလ်ချုပ်အချို့လည်း ထိခိုက်သေဆုံးသွား ခဲ့သည်ဟု ကမ္ဘာ့သတင်းများကဆိုသည်။

အီရန်ကလည်း ချက်ချင်းလက်တုံ့ပြန်သည့်အနေဖြင့် မွန်းလွဲပိုင်းမှစတင်၍ အစ္စရေးကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများရာနှင့်ချီ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လတ်တလောကာလတွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက “အီရန်၏ လက်တုံ့ ပြန်တိုက်ခိုက်မှု မရပ်တန့်ပါက မြို့တော်တီဟီရန်ကို မီးလောင်တိုက်သွင်းမည်ဟု ကြုံးဝါးလျက်ရှိသလို အီရန်ကလည်း “အစ္စရေးအပေါ် ကြီးမားပြင်းထန် သည့် တိုက်ခိုက်မှုများ လာမည့်နာရီပိုင်းအတွင်း ပြုလုပ်တော့မည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားက တစ်ဆင့် ကြေညာခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုး အမြောက်အမြား အသတ်ခံခဲ့ရသည့် ဟိုလိုကော့်စ် ဖြစ်ရပ် သမိုင်းသင်ခန်းစာအရ အီရန်တို့လက်ထဲတွင် နျူကလီးယားလက်နက် ရရှိသွားမည့်အပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ စိုးရိမ်သောကနှင့် နျူကလီးယားပါဝါကိုင်စွဲထားမှသာ ရန်ဘက် နိုင်ငံများနှင့် အင်အားကြီးနိုင်ငံအချို့၏ ဖိအားပေး စွက်ဖက်မှုများ၊ ကျူးကျော်တိုက်ခိုက်မှုများကို ကာကွယ်တားဆီးနိုင်ပြီး နိုင်ငံ၏ အနာဂတ်အတွက် စိတ်ချနိုင်မည်ဟူသော အီရန်တို့၏ အနုမာန မှန်းဆ မှုများကြားမှ လတ်တလော စစ်မီးထတောက် လာခဲ့သော အစ္စရေး - အီရန် ပဋိပက္ခကလည်း အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ကိန်း ဆိုက်လာမည့်အပေါ် ကမ္ဘာ့ပြည်သူများကြား ရတက်မအေး စရာ ဖြစ်လာရပြန်သည်။ လတ်တလောမှာပင် အဆိုပါပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးများ မြင့်တက် လာခဲ့ပေပြီ။

ဗုဒ္ဓဘာသာထွန်းကားပြီး ဘုရားစေတီပုထိုး များစွာတည်ထားကိုးကွယ်မှုကြောင့် Golden Landဟု ကမ္ဘာပေါ်တွင် ကျော်ကြားခဲ့သော မြန်မာနိုင်ငံသည်လည်း ၂၀၂၁ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုနှင့်အတူ အကြမ်းဖက်မှုများမှာ မြန်မာ့သမိုင်းတွင် မကြုံစဖူးဖြစ်ပေါ်လာခဲ့သည်။ အကြမ်းဖက်သမားတို့၏ ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးကွဲ ပျက်စီးမှုများကြောင့် အပြစ်မဲ့ပြည်သူနှင့် နိုင်ငံ့ ဝန်ထမ်းများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံး ပျက်စီးခဲ့ကြရလေသည်။ မြွေပူရာ ကင်းမှောင့် ဆိုသလိုပင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြန်သည်။

ယခုဆယ်စုနှစ်အတွင်း ကမ္ဘာကြီးသည် အဆိုးသံသရာဝဲဩဃထဲမှာပင် တဝဲလည်လည်ဖြစ်နေသည်။ ကောင်းသတင်းထက် ဆိုးသတင်းများသာ မြင်တွေ့ကြားသိနေရသည်။ ငြိမ်းချမ်းသာယာ ဝပြောသော လူ့ဘောင်သစ်ကို ကမ္ဘာသူ ကမ္ဘာသားများ မျှော်လင့်တောင့်တကြသည်။ လူ့ဘဝရခိုက် ငြိမ်းချမ်းပျော်ရွှင်စွာ လူ့သက်တမ်းစေ့အသက်ရှင် နေထိုင်လိုကြသည်။ ငြိမ်းချမ်းသာယာဝပြောသော ကမ္ဘာသစ်ကို မည်သို့တည်ဆောက်ကြမည်နည်း။

ကြားနာမှတ်သားခဲ့ဖူးသော တရားတော်တစ်ပုဒ်ကို ဖျတ်ခနဲသတိရမိသည်။ ၂၀၁၄ ခုနှစ် ကုန်ဆုံး၍ ၂၀၁၅ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် အခါသမယတွင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားခဲ့ဖူးသည့် “အကြမ်း ဖက်မှုမရှိသော မေတ္တာကမ္ဘာ”တရားတော်။

“အကြမ်းဖက်မှုတွေ အလွန်များပြားတဲ့ ယနေ့ ကမ္ဘာမှာ နိုင်ငံတကာသတင်းတွေ ဖတ်ကြည့်လိုက်မယ်ဆိုရင် လူသားအချင်းချင်း မုန်းတီးမှုကို အကြောင်းပြုပြီးတော့ အကြမ်းဖက်နေကြတာတွေ၊ အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာကြီးတစ်ခုလုံးဟာ ဒုစရိုက်တွေလွှမ်းခြုံပြီးတော့ ပူလောင်နေတဲ့ အနေအထားမျိုးကို ရောက်ရှိနေတယ်။

“တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြမ်းဖက်တာ၊ ဒေသတစ်ခုနဲ့တစ်ခု အကြမ်းဖက်တာ။ မျိုးစုံနေအောင် အကြမ်းဖက်တာတွေဟာ မကြားချင်အဆုံး၊ အကြမ်းဖက်မှုတွေ မြောက်မြားစွာ တွေ့ရှိနေရပြီ ဖြစ်တယ်ပေါ့။ လောကမှာ သံဝေဂယူစရာ အလွန်ကောင်းတယ်”ဟု ဆရာတော်ကြီး ယနေ့ကမ္ဘာ့အခြေအနေကို သုံးသပ်ဟောကြားတော်မူခဲ့သည်။

တစ်ဆက်တည်းမှာပင် အကြမ်းဖက်မှုမရှိသော မေတ္တာကမ္ဘာ ဖန်တီးတည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ “ဒီအကြမ်းဖက်မှုတွေ ပျောက်ကင်း အောင်လုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ မြတ်ဗုဒ္ဓ ရဲ့ အဆုံးအမသာလျှင်ဖြစ်တယ်။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့လွဲပြီးတော့၊ ကင်းပြီးတော့ အကြမ်းဖက်မှုတွေ ကင်းစင်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ မြတ်ဗုဒ္ဓရဲ့ တရားကို လိုက်နာကျင့်ကြံအားထုတ်လိုက်မယ်ဆိုရင် အကြမ်းဖက်လိုတဲ့စိတ်ဟာ လုံးဝပျောက်ကွယ်သွားပြီး လောကကြီးတစ်ခုလုံးဟာ ငြိမ်းချမ်းသာယာမှုကို ရရှိမှာဖြစ်တယ်”ဟု လမ်းပြတော်မူခဲ့သည်။

ဆက်လက်၍ မည်သူအကြမ်းဖက်ဖက် မိမိ အနေဖြင့် အကြမ်းဖက်မှုကင်းသည့် မေတ္တာကမ္ဘာ၊ မေတ္တာနှလုံးသားကို တည်ဆောက်ထားမည်ဆိုလျှင် ငြိမ်းချမ်းသည့် အနေအထားတစ်ခုကို ရရှိကြမှာ ဖြစ်သည်ဟု ညွှန်ပြတော်မူသည်။

“လောကလူသားတွေဟာ အောင်နိုင်မှုမရတဲ့ အခါမှာ တုံ့ပြန်မှုတွေအမျိုးမျိုးနဲ့ တုံ့ပြန်ချင်ကြတယ်။ တုတ်ကိုတုတ်ချင်း၊ လက်နက်ကို လက်နက်ချင်း၊ ဒေါသကိုဒေါသချင်း၊ မာနကိုမာနချင်း ယှဉ်ပြိုင် ရမယ်လို့ မြတ်စွာဘုရား ဘယ်သောအခါမှ မဟော ကြားခဲ့ဘူး။

“ဒေါသကို မေတ္တာဖြင့်သာ တုံ့ပြန်ရမယ်လို့၊ မကောင်းတဲ့လူကို ကောင်းတဲ့နည်းနဲ့ တုံ့ပြန်ရမယ် လို့ ဒီလိုမြတ်စွာဘုရားရဲ့ အဆုံးအမ၊ အလွန်အေးချမ်း မှုကိုပေးတဲ့ မေတ္တာကမ္ဘာတည်ဆောက်ဖို့ရာအတွက် အကောင်းဆုံး အဆုံးအမတစ်ခုဖြစ်တယ်။ အဲဒီ အဆုံးအမကို လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် မိမိတို့ဒေသ၊ မိမိတို့ရပ်ရွာ၊ မိမိတို့နေရာဌာန လေးဟာ အကြမ်းဖက်မှုကင်းတဲ့ မေတ္တာကမ္ဘာလေး တစ်ခုဖြစ်လာမှာ သေချာပေါက်ပဲ”ဟူ၍ ဟောကြား တော်မူခဲ့ပါသည်။

အကြမ်းဖက်မှုကင်းသည့် မေတ္တာကမ္ဘာ တည်ဆောက်နိုင်ရန် လိုအပ်ချက်များနှင့် စပ်လျဉ်း ၍လည်း “မေတ္တသုတ်တရားတော်မှာ ဟောထားတဲ့ အတိုင်းပဲ။ မြတ်စွာဘုရားက သက္ကော၊ လုပ်နိုင်တဲ့ သတ္တိရှိဖို့လိုတယ်၊ စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဥဇူစ သုဟူဇူစ - ကိုယ်အမူအရာ နှုတ်အမူအရာ ရိုးသားတယ်၊ စိတ်ထဲကပါ ရိုးသားတယ်၊ အဲဒီလို ရိုးသား ဖြောင့်မတ်ပွင့်လင်းမှသာလျှင် မေတ္တာဓာတ်ဆိုတာ ကိန်းဝပ်လာနိုင်တယ်။ ဟန်ဆောင်မှုတွေနဲ့ တစ်ဖက်သားကို တုံ့ပြန်လို့မရဘူး။ ရိုးသားပွင့်လင်း စွာ တုံ့ပြန်ရမှာဖြစ်တယ်။

“သုဝစော - တစ်ဖက်သားက အကြံဉာဏ်ပေးလာတဲ့ ကောင်းတဲ့စကားဆိုရင် နားထောင်လွယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ပြောလို့ဆိုလို့လွယ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။ ခေါင်းမာတဲ့ပုဂ္ဂိုလ်တွေ မဖြစ်ရဘူး။ မုဒု- မာန်မာနခက်ထန်မှုမရှိဘဲ စိတ်ဓာတ်အခြေအနေဟာ မာနလွတ်ကင်းပြီးတော့ ပျော့ပျောင်းတဲ့အနေ အထားမျိုးရှိရမယ်။ မှန်တာဆိုရင် လက်ခံနိုင်ရမယ်။ အနတိမာနိ - လွန်ကဲတဲ့ မာန်မာနတွေ မရှိရဘူး။

“န ပရော ပရံ နိကုဗ္ဗေထဆိုတဲ့အတိုင်း လူသားအချင်းချင်းဟာ တစ်ဦးနဲ့တစ်ဦး လိမ်ညာတာ၊ လှည့်ပတ်တာမလုပ်ပါစေနဲ့။ နည မညဿ ဒုက္ခံ မိစ္ဆေယျ - အချင်းချင်းဒုက္ခကို လိုလားတဲ့စိတ်တွေ မရှိကြပါစေနဲ့။ တစ်ဦးဒုက္ခရောက်တာကို တစ်ဦးက မလိုလားပါစေနဲ့ဆိုတဲ့ ဒီစိတ်ဓာတ်တွေ မွေးမြူပြီးတော့ ဘယ်သူ့ကိုမှ ဒုက္ခပေးလိုတဲ့စိတ် မရှိအောင် မိမိကိုယ်တိုင်ကစတင်ပြီးတော့ ကျင့်သုံးရမှာ ဖြစ်တယ်။

“မိမိကိုယ်တိုင်တည်ဆောက်ပြီးတဲ့အခါ မိမိရဲ့ ပတ်ဝန်းကျင်မှာ တည်ဆောက်ရမယ်။ မိမိပတ်ဝန်း ကျင်ကနေ တဖြည်းဖြည်းတိုးချဲ့သွားပြီး မေတ္တာကမ္ဘာကြီးတစ်ခုကို ဖန်တီးတည်ဆောက်သွားနိုင် မယ်ဆိုရင် အောင်မြင်မှုကိုရမှာပါ” စသည်ဖြင့် ဆရာတော်ကြီးက ဟောဖော်ညွှန်ပြ ဆိုဆုံးမတော် မူခဲ့ပါသည်။

မြတ်စွာဘုရားရှင်၏ မေတ္တသုတ်တရားတော် သည် မြတ်ဗုဒ္ဓကို ယုံကြည်ကိုးကွယ် ဆည်းကပ်ကြသည့် ဗုဒ္ဓဘာသာဝင်များအတွက်သာမဟုတ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကိုလိုလားသည့် ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ကမ္ဘာသူကမ္ဘာသား၊ လူနတ်ဗြဟ္မာ၊ သတ္တဝါတို့အတွက် လိုက်နာအပ်သည့် ကျင့်စဉ်တစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် မူ အထူးဆိုဖွယ်ရာပင်မရှိချေ။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အနေဖြင့် မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ လိုက်နာကျင့်ကြံပွားများခြင်းဖြင့် ငြိမ်းချမ်းသာယာသော မြန်မာ့လူ့ဘောင်ကို ကိုယ်စီကိုယ်ငှ ဖန်တီး တည်ဆောက်ကြရပေမည်။ ထို့အတူ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကမ္ဘာ့ပြည်သူများအနေဖြင့် လည်း လူသားအချင်းချင်း တစ်ဦးဒုက္ခရောက်သည်ကို တစ်ဦးက လိုလားစိတ်မထားဘဲ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ချစ်ကြည်ရင်းနှီးစွာ မေတ္တာပေါင်းကူးတုံ့ပြန်ခြင်းဖြင့် မေတ္တာကမ္ဘာကြီးတစ်ခုကို တည်ဆောက်ကြရပေမည်။ အဆိုးတရားများကို အဆိုးတရားဖြင့်သာ တုံ့ပြန် နေပါက ရန်လိုမုန်းတီးစိတ်များ ပိုမိုတိုးပွားကာ ယနေ့ကမ္ဘာသည် အဆိုးသံသရာထဲက ရုန်းမထွက်နိုင်ဘဲ အဆိုးသံသရာထဲတွင်သာ တဝဲလည်လည် လည်လျက်ရှိမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။