အစွန်းနှစ်ဖက် ရှောင်ခြင်းဆိုသည် …
ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
လူ့အဖွဲ့အစည်းဆိုသည်မှာ လူတစ်ယောက်စီဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်၏။ တစ်ဦးစီသောလူသားနှင့် လူနေမှုအဖွဲ့အစည်းကြား ဆက်သွယ်မှုအမျိုးမျိုး ဖြစ်ပေါ်လာ၏။ လူတို့နေသည့် ကမ္ဘာသည် ဆင်းရဲ၊ ချမ်းသာ၊ အယူဝါဒ၊ ဂုဏ်ပကာသန၊ ကျားမဆိုပြီး ခွဲခြားထားသော သဘောရှိသည်။
အချို့သော လူတို့သည် ခွဲခြားခွဲခြားဖြစ်စေသည့် အမှတ်တံဆိပ်များကို ခုံမင်လာကြသည်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကွဲပြားခြားနားသော ကျွန်းစုလေးများကဲ့သို့ ခြားနားသည့်အလား ထင်မှတ်ကြကာ သာယာညီညွတ်ခြင်း သဟဇာတဖြစ်မှုမှ ဝေးကွာလာကြလေတော့သည်။ ယင်းလူ့အဖွဲ့အစည်းသည် သဟဇာတဖြစ်မှုကို သွေဖည်၍ အစွန်းသို့ရောက်သောအခါ ယင်းအဖွဲ့အစည်း၏တည်ငြိမ်မှု၊ တိုးတက်မှုတို့သည် ရပ်တန့်သွားတတ်၏။ သဟဇာတဖြစ်မှုမှ သွေဖည်သောလမ်းသည် အစွန်းရောက်သွားသောလမ်းဖြစ်၏။ ဤသို့ ဆိုလျှင်…
အစွန်းနှစ်ဖက်ကိုရှောင်သောလမ်းဆိုသည် အဘယ်နည်း
အချို့သော လူတို့က “အစွန်းနှစ်ဖက်ကို ရှောင်သောတရား” သည် မည်သို့သောကိစ္စမျိုးမဆို “ကြားနေရမည်” အများ သဘောဟု မှတ်ယူကောင်း မှတ်ယူကြပါမည်။ “အမှန်နှင့် အမှား” တို့နှင့် ရင်ဆိုင်ရလျှင်ပင် “အမှန်ဘက်” သို့လိုက်ရန် လည်းမဟုတ်၊ “အမှား”ဘက်သို့ လိုက်ရန်လည်းမဟုတ်။ ကြားနေရမည်။ ထိုသို့ “ကြားနေခြင်း” သည်သာ “အလယ် လမ်း” ကိုလိုက်သည်ဟု ယူဆကောင်း ယူဆကြမည်ဖြစ်၏။
အစွန်းနှစ်ဖက်ရှောင်ကာ အလယ်လမ်းကို လိုက်ခြင်းသည် မှန်သောလမ်းဖြစ်ချင်မှဖြစ်မည်။ မှန်သောလမ်းကိုလိုက်ခြင်း သည် သမ္မာဒိဋ္ဌိရှိမှ တွေ့မြင်နိုင်ပါမည်။
ထိုနည်းတူစွာပင် “အကောင်းနှင့်အဆိုး” တို့နှင့် ရင်ဆိုင်ရ လျှင်လည်း “အကောင်းဘက်”သို့ လိုက်ရန်လည်းမဟုတ်၊ “အဆိုးဘက်” သို့ လိုက်ရန်လည်းမဟုတ်။ ကြားနေရမည်။ ထိုသို့ “ကြားနေခြင်း” သည်သာ “အလယ်လမ်း”ကို လိုက်သည် ဟု ယူဆကောင်း ယူဆကြမည်ဖြစ်၏။
“အမှန်နှင့် အမှား” ကို ရင်ဆိုင်ရလျှင် “အမှန်ဘက်”သို့ လိုက်ရမည်ဖြစ်၏။ “အကောင်းနှင့်အဆိုး” ကို ရင်ဆိုင်ရလျှင်လည်း “အကောင်း”ဘက်သို့ လိုက်ရမည်ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် “အစွန်းနှစ်ဖက်ကို ရှောင်သောတရား” သည် “အမှန်” ကို ဦးတည်ထားသောတရား၊ “အကောင်း”ကို ဦးတည်ထား သောတရားဖြစ်သောကြောင့်ဖြစ်၏။
ဗုဒ္ဓက ‘မှန်သောလမ်း’သည် “မဂ္ဂသစ္စာ” အစွန်းနှစ်ဖက်ကို ရှောင်သောလမ်း “မဇ္ဈိမပဋိပဒါလမ်း” ဖြစ်သည်ဟု ဟောကြားခဲ့၏။ အစွန်းရောက်သော ပထမလမ်းသည် သာမန်လူတို့၏ အလေ့ဖြစ်သော၊ အကျိုးကျေးဇူးမရှိသော ကာမဂုဏ်အာရုံကို လိုက်စားမြူးထူးပျော်ပါး ခြင်းဖြင့် ချမ်းသာမှုကို ရှာဖွေခြင်းဖြစ်သည်။ အစွန်းရောက်သော ဒုတိယလမ်းသည် ဆင်းရဲခြင်းကိုဖြစ်စေသော၊ မထိုက်တန်သော၊ အကျိုးကျေးဇူးမရှိသော မိမိကိုယ်ကို နှိပ်စက်ညှဉ်းဆဲ၍ ကြိုးပမ်း အားထုတ်ရသော ကျင့်စဉ်ဖြင့် ချမ်းသာမှုကို ရှာဖွေသောလမ်းဖြစ်သည်။
ရှင်တော်ဗုဒ္ဓ၏ အစွန်းနှစ်ဖက်ကို ရှောင်ခြင်းဆိုသည်မှာ လောက စည်းစိမ်ကို အလွန်အကြူးခံစားသော တစ်ဖက်စွန်းနှင့် မိမိကိုယ်မိမိ အလွန်အကြူးညှဉ်းဆဲသော တစ်ဖက်စွန်းတို့ကို ရှောင်ခြင်းဖြစ်၏။ ဗုဒ္ဓမြတ်စွာဘုရားသည် ပညာမျက်စိဖြင့် (စက္ခုံ၊ ဉာဏ၊ အဝိဇ္ဇာ၊ အလောကော) အသိဉာဏ်ကို ပွင့်လင်းစေပြီး စိတ်ငြိမ်းချမ်းခြင်းကို ဖြစ်စေ၍ ထူးထူးခြားခြားသိမြင်ခြင်း၊ အမှန်သဘောကို ထိုးဖောက်မြင် ခြင်းဖြင့် နိဗ္ဗာန်သို့ ဆိုက်ရောက်စေနိုင်သည်။
ဗုဒ္ဓ၏အစွန်းနှစ်ဖက်ကို ရှောင်သော တရားတော်သည် တရားဓမ္မ သဘောအားဖြင့်သာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လူမှုစီးပွားနှင့် နိုင်ငံရေးနယ်ပယ်တို့၌လည်း ဤအစွန်းနှစ်ပါးကို ရှောင်သောလမ်းနှင့် အတ္တကို ပဓာနမထားသောတရားများကို ကျင့်သုံးပါက လူ့ဘောင်လောကကြီးသည် သာယာချမ်းမြေ့ပါလိမ့်မည် ဟု ယုံကြည်ပါ၏။ ဤနေရာတွင် “အစွန်းနှစ်ဖက်” ကို ရှောင်ခြင်းနှင့် “ဦးတည်ချက်”တို့၏ ခြားနားပုံ၊ ဆက်စပ်ပုံတို့ကို ကွက်ကွက်ကွင်းကွင်း မြင်ရန်လို၏။ အစွန်းနှစ်ဖက်ကို ရှောင်သောတရားနှင့်ပတ်သက်၍−
“အစွန်းနှစ်ဖက်ကို ရှောင်ခြင်း” သည် “နည်းလမ်း”ဖြစ်၏။ “မှန်ခြင်း” “ကောင်းခြင်း”သည် “ဦးတည်ချက်”ဖြစ်၏။ အစွန်းနှစ်ဖက်ရှောင်ကာ အလယ်အလတ်လမ်းကို လိုက်ခြင်း သည် မှန်သောလမ်း ဖြစ်ချင်မှဖြစ်မည်။
“အစွန်းနှစ်ဖက်” ကို ရှောင်ခြင်းဖြင့် “မှန်သောအဖြစ်”၊ “ကောင်းသောအဖြစ်”ကို ရနိုင်၏။ တစ်နည်းအားဖြင့် အလုပ်တစ်ခုကိုလုပ်ရာတွင် ပထမ “မှန်သောဦးတည်ချက်”၊ “ကောင်းသောဦးတည်ချက်” ကို ချမှတ်ရ၏။ ယင်းဦးတည် ချက်သို့ တည့်တည့်မတ်မတ်သွားသောလမ်းသည်လည်း ယင်းဦးတည်ချက်ကို အကြောင်းပြုလျက် “မှန်သောလမ်း”၊ “ကောင်းသောလမ်း” ဖြစ်လာရ၏။ ယင်းဦးတည်ချက်ကို သွေဖည်သောလမ်းသည် အစွန်းရောက်သွားသောလမ်းဖြစ်၏။
ဗုဒ္ဓက မှန်သောလမ်းသည် (မဂ္ဂသစ္စာ) အစွန်းနှစ်ဖက်ကို ရှောင်သောလမ်းဖြစ်သည်၊ မှန်သောလမ်းကို ရှာဖွေကျင့်သုံးခြင်းသည်သာ အစွန်းတရားနှစ်ဖက်မှ ရှောင်ခြင်းမည်၏။ မှန်သောလမ်းကို လိုက်ခြင်းသည်သာ အစွန်းနှစ်ဖက်ကို ရှောင်ခြင်းဖြစ်၏။
မဇိမပဋိပဒါ၊ အစွန်းတရားကင်းသူများသည် ပျော်ပျော်ရွှင်ရွှင် နေနိုင်သူများဖြစ်ပါသည်။ အခက်အခဲပြဿနာများ ကြုံလာသည့်အခါ စိတ်အေးလက်အေးထား၊ အလုပ်ကို ပျော်ပျော်ရွှင်ရွှင် ထမ်းရွက်ခြင်းဖြင့် လူ့ဘဝကို တည်ထောင်ကြခြင်းဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာမဲ့သူတို့၏ စိတ်သည်လည်း နောက်ကျိစေပြန်ပါသည်။ နောက်ကျိသည့်စိတ်များက အမှန် အသိများကို ဖုံးကွယ်ထားကြပါသည်။ ထို့ကြောင့် အမှန်အသိ များကို မသိနိုင် မမြင်နိုင်ဖြစ်ရပါသည်။
မှန်သောလမ်းကို လူတိုင်းရှာဖွေတွေ့ရှိ၍ ကျင့်သုံးခြင်းဖြင့် လူနေမှုအဖွဲ့အစည်းကြား ဆက်နွှယ်မှုသည် သဟဇာတဖြစ်နေပေလိမ့်မည်၊ တည်ငြိမ်မည်၊ တိုးတက်မည်ဟု ဟောကြားခဲ့၏။
ဗုဒ္ဓ၏ တရားတော်များက ငြိမ်းချမ်းဖွယ်ဖြစ်သည်။ ဗုဒ္ဓကလူတို့သည် အမှောင်ထုထဲ ကျရောက်နေပြီ၊ အမှောင်ထုမှ အလင်းဆီသို့ ရောက်မည့်လမ်းရှိသည်ဟု ဟောကြားခဲ့သည်။ လူတို့ကို အိပ်မက်သံသရာထဲမှ မြင့်မြတ်သည့်ဘဝကို တက်လှမ်းစေချင်သည်။ ထိုဘဝ၌ လူတို့သည် အမုန်းတရားကင်းပြီး ချစ်ခင်ကြသည်။ တစ်ဦးကိုတစ်ဦး ကူညီကြသည်။ နာကျင်အောင်၊ နာကြည်းအောင်မလုပ်ကြဘူး ဟု ဗုဒ္ဓကဟောကြားခဲ့သည်။
ရာစုသစ်၏ အကြီးမားဆုံးစိန်ခေါ်မှုသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်လောက်မဟုတ်ပါ။ လောဘ၊ ဒေါသ၊ မောဟကြီးမားခြင်း၊ မာန ဣသာမစ္ဆရိယ၊ ဒိဋ္ဌိ စသည့် စိတ်ကို ညစ်ညမ်းစေသော စေတသိက်များအန္တရာယ်မှ ကာကွယ်ရန်ဖြစ်၏။ ကိုယ်ကျင့်တရားနှင့် ကိုယ့်သိက္ခာကို ညစ်ညမ်းစေသည့် စေတသိက် များ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန်၊ ထိန်းသိမ်းစောင့်ရှောက်ရန်သာဖြစ်၏။
“ပုဗ္ဗာစရိယ မိနှင့်ဖ” သည် လက်ဦးဆရာများဖြစ်ကြ၏။ ဆရာကောင်းများ၊ အမိအဖများကကောင်း၍ မှန်ကန်သည့်လမ်း၊ အကောင်း နှင့်အဆိုး ခွဲခြားတတ်အောင် သွန်သင်ပေးကြရလိမ့်မည်။ ကျွန်တော်တို့တစ်တွေ၏ ရှေ့ခရီးသည် ရှည်လျားပါ၏။ ဤခရီးမှာ ဗြဟ္မစိုရ်တရား လေးပါးလက်ကိုင်ထားသူ၊ ပုဂ္ဂိုလ်ထူးသူတို့၏ စိတ်၊ ရဲဖော်ရဲဘက်စိတ်၊ ကိုယ်ချင်းစာစိတ်များ မွေးမြူကြရလိမ့်မည်။ ကောင်းခြင်းမင်္ဂလာ အဖြာဖြာတို့ကို မျှဝေကြရလိမ့်မည်။ ပူးပေါင်းဆောင်ရွက်၊ ကူညီ ရိုင်းပင်းသည့်စိတ်ကို ဆောင်ရပါမည်။ ရင်ဆိုင်ထိပ်တိုက် အကြမ်းဖက်မှုများကို ရှောင်ရလိမ့်မည်။ ကျွန်တော်တို့တစ်တွေသည် ကြွယ်ဝချမ်းသာခြင်းနှင့် အာဏာရှိခြင်းကို အောင်မြင်သည်ဟုသတ်မှတ်သည်။ သညာ (ဗဟုသုတ)ကို အသိဉာဏ်ဟု မှားယွင်းစွာထင်နေကြသည်။ ရုပ်ရှင်သရုပ်ဆောင်များ၊ အားကစားသမားများနှင့် ဂီတပညာရှင်များကို မိဘများ၊ ရဲအရာရှိများနှင့် ဆရာများထက် ပို၍ဂုဏ်ပြုကြသည်။ ဦးခိုက်ကြသည်။ မိဘများ၊ ရဲအရာရှိများနှင့် ဆရာ ဆရာမများ၏ တာဝန်နှင့် ဝတ္တရားများက မြင့်မြတ်သည်၊ ကြီးမားသည်ကို မမြင်နိုင် သည်ကခက်သည်။ ကိုယ်တိုင်လည်း မေတ္တာတွေခြုံ၊ အရပ် ဆယ်မျက်နှာကိုလည်း မေတ္တာပို့ကြရလိမ့်မည်။ ၎င်းတို့ကို မမေ့မလျော့ သိရှိပြုကျင့်မှသာလျှင် လူ့ဘဝရောက်ရကျိုးနပ်ပါလိမ့်မည်ဟု ပြောချင်ပါကြောင်း…ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီ၏ စိတ်တွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာများပွားများလျှင် ကမ္ဘာကြီးကိုပင် တည်ငြိမ်အေးချမ်းစေပါကြောင်း ရေးသားအပ်ပါသည်။ ။