ကမ္ဘာကြီးက ဆက်ကွဲနေမယ်
နိုင်ငံတကာရေးရာ သုတေသီတစ်ဦး
ကမ္ဘာကြီးမှာ ဆူဆူညံညံဖြစ်နေတာ ကြာပါပြီ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး နောက်ပိုင်း အဲဒီအသံတွေ ပိုကျယ်လာတာပါ။ ပြောမယ်ဆို ကမ္ဘာကြီးက အတော်ကိုကွဲနေတာပေါ့။ ညှိနှိုင်းလို့မရနိုင်လောက်အောင် ကွဲနေတာပါ။ လူတွေက ဘာတွေများဖြစ်လာဦးမလဲဆိုပြီး စိုးရိမ်ကြတယ်။
အကိုင်အတွယ်မတတ်ရင် တတိယကမ္ဘာစစ်အထိ ဖြစ်သွားနိုင်တယ်လို့ ထရမ့်ကိုယ်တိုင်က တစ်ကြိမ်မကပြောထားတော့ လူတွေက ပိုစိုးရိမ်ကြတယ်။ အခုက အမေရိကန်ကော ဥရောပမှာပါ နိုင်ငံရေးအခြေအနေက တော်တော်ရှုပ်ရှုပ်ထွေးထွေးဖြစ်လာနေတယ်။ ရုရှား - ယူကရိန်းစစ်က ကြာရှည်နေသလို ပိုပြီးတင်းမာလာနေတယ်။ တရုတ်နဲ့ အမေရိကန်၊ အီးယူတို့လို အနောက်နိုင်ငံတွေအကြား တင်းမာမှုကတိုးလာနေတယ်။ ဘာမှ မှန်းဆလို့မရအောင်ဖြစ်လာတယ်။ နိုင်ငံရေးသီအိုရီတွေ ဘေးရောက်ကုန်တယ်။ ကမ္ဘာ့စနစ်ကြီးကို ထိန်းကျောင်းတယ်ဆိုတဲ့ အမေရိကန်တို့၊ ဥရောပတို့ကိုယ်တိုင် သူတို့အတွင်းထဲမှာ အကွဲအပြဲတွေ ကြီးမားနေတယ်။ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာလည်း သူတို့ကိုယ်သူတို့ အနိုင်နိုင်လိုဖြစ်နေတယ်။ တစ်ခုခုကြီးကြီးမားမားဖြစ်လာရင် ကြားဝင်မယ့်သူကလည်းမရှိဘူး။ အထိန်းအကွပ်တွေ ပြုတ်ထွက်သလို ဖြစ်နေတယ်။
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေ
အကွဲအပြဲတွေဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ အာဏာရှင်နိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိသလို ဒီမိုကရေစီနိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိတယ်။ အာဏာရှင်နိုင်ငံတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေဆိုတာ အရင်ကတည်းက စည်းခြားပြီးသား၊ ကွဲနှင့်ပြီးသားဖြစ်တယ်။ အာဏာပိုင်နိုင်ငံတွေမှာ အကွဲအပြဲကမသိသာပေမယ့် အမေရိကန်၊ ဥရောပလို ဒီမိုကရေစီနိုင်ငံတွေမှာ အကွဲအပြဲက သိသာတယ်။ အခုကဒီမိုကရေစီနိုင်ငံတွေထဲမှာကို သူတို့အချင်းချင်း အကွဲအပြဲက ကြီးမားနေတာဖြစ်တယ်။ အာဏာရှင်နိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေထဲက ထရမ့်တို့လို အာဏာရှင်ဆန်သူတွေရယ် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေတယ်။
ဒီကြားထဲ ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်၊ အကြမ်းဖက်သမားအုပ်စုတွေနဲ့ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူသူများအခွင့်အရေး၊ တက်ကြွလှုပ်ရှားသူဆိုတာတွေကလည်း ရှိသေးတယ်။ အားလုံးကသူတို့အခွင့်အရေး တောင်းဆိုနေကြတယ်။ အားလုံးဟာ အစွန်းတွေဆီသွားနေကြတယ်။ လူတွေဟာ ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာကြပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ တိုးတက်မလာဘူး။ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို အထိအခိုက်မခံနိုင်ကြဘူး။ စေ့စပ်ညှိနှိုင်းဖို့ထက် လက်ဦးမှုရဖို့ပဲ အားသန်လာနေကြတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာ
သမိုင်းကိုပြန်ကြည့်ရင် ကမ္ဘာကြီးမှာ ကွဲပြားမှုတွေ သိပ်များလာရာ၊ သိပ်ကြီးလာရာကနေစစ်ကြီး တွေဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ပြီးတော့ အဲဒီကွဲပြားမှုတွေ လျော့နည်းဖို့၊ အပြန်အလှန်နားလည်ဖို့ဆိုပြီး နိုင်ငံတကာဥပဒေမူဘောင်တွေ ထုတ်ပြန်တယ်၊ လူ့အခွင့်အရေး မူဘောင်တွေချမှတ်တယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေဖွဲ့စည်းတယ်၊ ကုလသမဂ္ဂဆိုတာရှိလာတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုတာတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာတယ်။
ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက လူသားရင်းမြစ်များစွာ မွေးထုတ်ပေးတယ်။ နိုင်ငံတကာ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးသားတယ်။ ဝိုင်းဝန်းချိတ်ဆက်လုပ်ဆောင်ကြတယ်။ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ တရားမျှတဖို့ ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်လိုက်ကြတဲ့ ပရောဂျက်တွေ၊ ပရိုဂရမ်တွေဆိုတာထောင်နဲ့ သောင်းနဲ့ချီပြီးရှိတယ်။ သုံးလိုက်တဲ့ပိုက်ဆံတွေဆိုတာ ဒေါ်လာ ဘီလီယံထောင်သောင်းချီရှိတယ်။ အခု ၂၀၂၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတာ နှစ် ၈၀ ပြည့်ပြီ။ နောက်အနှစ် ၂၀ ဆို စစ်ကြီး ပြီးတာ နှစ် ၁၀၀ ပြည့်လိမ့်မယ်။ အဲဒီနှစ် ၁၀၀ မပြည့်ခင် ကမ္ဘာကြီးက ပိုပြီးငြိမ်းချမ်းလာဖို့လိုတယ်။ သဘောထားကွဲပြားမှုတွေ လျော့နည်းလာဖို့ လိုတယ်။ နောက်ထပ် နှစ် ၂၀ ပဲ အချိန်ရတော့တယ်။ မဟုတ်ရင် ဒီကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ကြီး ဒါမှမဟုတ်လည်း ကြီးမားတဲ့စစ်ပွဲကြီးတွေ လာမယ့်နှစ် ၂၀ အတွင်း ထပ်ပြီးရင်ဆိုင်ရလိမ့်မယ်။
လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရ
အခုဆို အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကြီးဟာ သူ့သမိုင်းမှာ လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရတယ်။ နိုင်ငံရေးလည်း နိုင်ငံရေးမို့၊ စီးပွားရေးလည်း စီးပွားရေးမို့၊ လူမှုရေးလည်း လူမှုရေးမို့အကုန်ရှုပ်ထွေးနေတယ်။ သံသယတွေကြီးနေတယ်။ ယုံကြည်မှုတွေပျောက်ဆုံးနေတယ်။ ဒီလိုအခြေအနေတွေမှာ ကမ္ဘာကြီးကို ထိန်းကျောင်းဖို့ အာဏာရှိတဲ့အစိုးရတွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်ဆိုပေမယ့် အခုကအဲဒီအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်က အနိုင်နိုင်ဖြစ်လာနေတယ်။
အစိုးရတွေဟာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးအကူအညီတွေဆိုတာထက် လုံခြုံရေး၊ စစ်ရေးစတဲ့ နေရာတွေမှာ သူတို့ငွေကြေးတွေကို ပိုမိုသုံးစွဲဖို့ ဖြစ်လာတယ်။ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥရောပဆက်ဆံရေးအခြေအနေ ရုတ်ခြည်းဆိုးရွားလာတာကြောင့် ဥရောပကသူ့ကာကွယ်ရေးအတွက် အသုံးစရိတ်တွေ ပိုတိုးသုံးစွဲဖို့ စီစဉ်လာနေရတယ်။ စစ်ရေးအသုံးစရိတ်တွေ တိုးသုံးရတဲ့အတွက် အခြားနေရာက ဥပမာ-နိုင်ငံတကာဖွံ့ဖြိုးရေး၊ လူသားချင်းစာနာမှု အကူအညီတွေ လျှော့ချဖြတ်တောက်ဖို့ဖြစ်လာတယ်။ လူတွေဟာ ဘယ်သူ့ဘယ်သူမှ မယုံကြတော့ဘူး။ ဘယ်သူ့ဘယ်သူကို အားကိုးရမှန်း မသိကြတော့ဘူး။ သဘောထားကွဲလွဲမှုတွေကို စေ့စပ်ဖြေရှင်းဖို့ထက် အားလုံးက ခံစစ်ပြင်နေကြပြီ။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဖြစ်တည်လာတဲ့ ကမ္ဘာ့စနစ်ကြီးဟာ အခုဆိုရင် အကြီးမားဆုံး စိန်ခေါ်ခံနေရတယ်။ နိုင်ငံတကာဥပဒေမူဘောင်တွေ၊ နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းတွေဆိုတာ ဘေးရောက်သလို ဖြစ်လာနေတယ်။ နိုင်ငံတကာ ဥပဒေမူဘောင်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အဓိကထိန်းကျောင်းတာ အနောက်နိုင်ငံတွေ ဖြစ်တယ်။ အခုဆိုအဲဒီအနောက်နိုင်ငံတွေကိုယ်တိုင် သူတို့အတွင်းမှာတင် သဘောထားကွဲပြားမှုတွေက ညှိနှိုင်းလို့မရအောင်ဖြစ်လာနေတယ်။ အရင်ကအမေရိကန်၊ ဥရောပဆိုတာ ညီညွတ်တယ်။
အမေရိကန်နဲ့ ဥရောပ စည်းလုံးညီညွတ်မှုက သိသိသာသာ ယိုယွင်းလာ
အမေရိကန်မှာ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥရောပစည်းလုံးညီညွတ်မှုက သိသိသာသာယိုယွင်းလာတယ်။ လူသိရှင်ကြားကတောက်ကဆတ်ဖြစ်ကြတယ်။ အမေရိကန်နဲ့ ဥရောပအကြားမှာတင်မဟုတ်ဘူး။ အမေရိကန်အတွင်းနဲ့ ဥရောပအတွင်းမှာလည်း အကွဲအပြဲတွေက နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်။ အမေရိကန်နိုင်ငံမှာ အာဏာရရီပတ်ဘလစ်ကင်ပါတီနဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီအကြား အားပြိုင်မှုက အရှိန်မြင့်လာနေသလို ဥရောပမှာလည်း အာဏာရလက်ဝဲယိမ်းလစ်ဘရယ်အစိုးရတွေနဲ့ အတိုက်အခံအမျိုးသားရေး လက်ယာစွန်းပါတီတွေအကြား ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာနေတယ်။ အမေရိကန်မှာ ဒီမိုကရက်တွေက ထရမ့်ကို အတော်မုန်းကြတယ်။ တေးထား၊ ကြိမ်းထားတာပေါ့။ မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့။ ထရမ့်ဆိုတဲ့သူကလည်း မိုးရွာရုံတင်မဟုတ်ဘူး။ လေပါတိုက်တာ၊ လေပါတိုက်ရင်းမိုးကြိုးပါပစ်တာ၊ လိုအပ်ရင် လေဆင်နှာမောင်းပါ ထည့်သုံးတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီး တည်ရှိခဲ့တဲ့ နိုင်ငံတကာအထိုင်ကြီးတစ်ခုလုံးကို ဆွဲဖြုတ်ဖို့အထိ ကြိုးစားလာတယ်။
ဥရောပမှာလည်း လစ်ဘရယ်တွေက လက်ယာစွန်းတွေကို အတော်သတိထားကြတယ်။ တစ်ချိန်က ဂျာမနီက ဟစ်တလာတို့၊ အီတလီက မူဆိုလီနီတို့ဆိုတာ လက်ယာစွန်းဖက်ဆစ်တွေဖြစ်တယ်။ ဒါကြောင့် ဥရောပအစိုးရတွေဟာ လက်ယာစွန်းပါတီတွေ ဘယ်လောက်အားကောင်းပါစေ၊ သူတို့ကိုဖယ်ချန်ပြီး အခြားပါတီတွေနဲ့သာ ညွန့်ပေါင်းအစိုးရဖွဲ့လေ့ရှိတယ်။ အခုက ဥရောပမှာ လယ်ယာစွန်းတွေ အားကောင်းလာနေတာကို အသိအမှတ်မပြုလို့မရနိုင်လောက် အောင်ဖြစ်လာနေတယ်။ သူတို့ဆီမှာက ရွေးကောက်ပွဲတွေက လေးနှစ်၊ ငါးနှစ်တစ်ကြိမ်မို့ အပြောင်းအလဲတွေ၊ သဘောထားကွဲမှုတွေက မဆန်းပါဘူးဆိုပေမယ့် အခုက အရင်နဲ့မတူတော့ပါဘူး။ ကမ္ဘာ့ နိုင်ငံရေးက ပြောင်းနေပါပြီ။ အချိန်တွေကို အများကြီးစောင့်မနေကြတော့ပါဘူး။ အရင်က တစ်ပါတီကနိုင်ရင် သူ့အရင်ပါတီလုပ်ခဲ့ တာတွေဖျက်ပစ်တယ်။ နောက်တစ်ပါတီက ပြန်နိုင်ရင် သူ့အရင်ပါတီလုပ်တာ ဖျက်ပစ်တယ်။ ဘတစ်ပြန်ကျားတစ်ပြန်ပဲ။ အခုကဖျက်ရုံတင်မဟုတ်ဘူး။ အမြစ်ပါလှန်၊ အစပါဖျောက်နေတဲ့သဘောတွေ မြင်နေရပါတယ်။
ဥပဒေတွေကို လိုရာစွဲသုံးလာနေကြပါတယ်။ ကြိုတင်လက်ဦးမှုရယူ၊ အငြိုးတကြီးလုပ်ဆောင်မှုတွေပါ တွေ့လာနေရပါတယ်။ ပေဖြစ်တုန်းခံကြပြီးတူဖြစ်ရင် ထုကြတဲ့သဘောပါပဲ။ ထရမ့်က သူ့အရင် ဘိုင်ဒင်အစိုးရခန့်ထားခဲ့တဲ့ ဖက်ဒရယ်အစိုးရ တာဝန်ရှိသူတွေကို ဖယ်ရှားရှင်းလင်းနေသလို ဂျာမနီမှာလည်း အာဏာရအလယ်အလတ်ဝါဒီ အစိုးရက ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးနေရာရခဲ့တဲ့ လက်ယာစွန်း Afd ပါတီကို အစွန်းရောက်တံဆိပ်ကပ်ပြီး တားဆီးပိတ်ပင်ဖို့ ကြိုးစားနေတယ်။ နောက်ဆုံးအားလုံးပျက်သုဉ်းခြင်းဆီအထိ ရောက်သွားနိုင်တာပေါ့။ နောက်ဆုံးနိုင်ငံတွေဟာ စကားတွေသာ လှလှလေးပြောပြီး ကိုယ့်အကျိုး စီးပွားပဲကြည့်ကြတော့မှာပဲ။ ကိုယ်ရှင်သန်အောင်ပဲ ကြိုးစားကြတော့မှာပဲ။ လျင်သူနိုင်စတမ်း၊ လည်သူစားစတမ်းဖြစ်သွားတော့မှာပဲ။ လူ့အခွင့်အရေးတွေပြောရင် ထိုင်ရယ်နေကြလိမ့်မယ်။ မကွဲပြားအောင်လုပ်ရင်းကပဲ ကမ္ဘာကြီးက ပိုပြီးကွဲပြားသွားတယ်။ ဆက်လည်းကွဲပြားနေဦးမယ်။
တစ်ချိန်တုန်းက စစ်အေးတိုက်ပွဲ (Cold War) ဆိုတာ ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်ကနေ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ မြင့်ခဲ့တယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေဟာ ပြိုင်ဘက်ဆိုဗီယက်ကွန်မြူနစ်တစ္ဆေကြောင့် ညီညွတ်ခဲ့ကြတယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေမှာလည်း သူ့ပြဿနာသူရှိနေပေမယ့် အချိန်ကြာတာနဲ့အမျှ တစ်ဖက်ပြိုင်ဘက် ဆိုဗီယက်ဟာ သူ့ပြဿနာနဲ့သူ လုံးချာလည်လိုက်ပြီး အားနည်းပြိုကွဲသွားခဲ့တယ်။ အခုအချိန်က အရင်လိုမဟုတ်တော့ပါဘူး။
ဆိုဗီယက်ကိုဆက်ခံတဲ့ ရုရှားတို့၊ အာရှကတရုတ်တို့က အချိန်ကြာတာနဲ့အမျှ အားအင်ပြည့်ဖြိုးလာနေပြီး လစ်ဘရယ်ကမ္ဘာဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပက အားနည်းသလိုဖြစ်လာနေပါတယ်။ အင်အားကြီးနိုင်ငံတွေအကြား ပြဿနာတစ်ခုခုဖြစ်လာရင် ကြားဝင်ပေးနိုင်မယ့် အဖွဲ့အစည်းမရှိသလောက်ဖြစ်နေပါတယ်။
UN ဆိုတာလည်း အသံလောက်ပဲရှိပါတော့တယ်။ တုတ်စု၊ ဓားစု၊ လက်နက်စုနေကြတဲ့အချိန် ဖြစ်လာပါတယ်။ တုတ်ကိုင်၊ ဓားကိုင်၊ လက်နက်ကိုင်ပြီး စကားပြောကြတဲ့အခြေအနေ ဖြစ်လာနေပါတယ်။ စကားမပြောခင်ကတည်းက မင်းအဆင့်ကဘာ၊ ငါ့အဆင့်ကဘာဆိုတာ တင်ကြိုသတ်မှတ်တဲ့ သဘောတွေ မြင်တွေ့လာနေရပါတယ်။ ကမ္ဘာကြီးဟာ ကွဲသည်ထက်ကွဲလာနေပါတယ်။ နောင်လည်း ဆက်ကွဲဖို့သာရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။