မာန်ဟုန် ပြင်းပြင်း…၊ မျက်လုံး တဝင်းဝင်း…
တကယ်တော့ မန္တလေးမှာ မွေးဖွားကြီးပြင်းရခြင်းကို ရတောင့်ရခဲ ဒုလ္လဘတစ်ခုအဖြစ် ပြောဆို ရေးသားရခြင်း ကား ယခုခေတ်ကာလ၌ အလွန်ကျဉ်းမြောင်းသိမ်ဖျင်းလှ သော ဒေသစွဲစိတ်တစ်ခု သဖွယ် အပြစ်တင်ရပေမည်။ သို့သော်မတတ်နိုင်....။ ပြောစရာရှိ၍ ပြောရပေဦးမည်။
မင်းခမ်းမင်းနားနှင့် ရေကင်းနရီသံ စီစီညံ
မန္တလေးသည် မြန်မာပြည်အလယ်ပိုင်း မိုးနည်း ရေရှားဒေသမှာ တည်ရှိဆိုငြား ပုဂံခေတ်ကတည်းက တူးဖော်ဆယ်ဖို့ သိုလှောင်ထားသည့် ဧရာမအောင်ပင်လယ် ကန်ကြီးက အရှေ့မှဆီးသည်။ တောင်မှာ သဘာဝအင်း ကျယ်ကြီး ဇောင်းကလောနှင့် တောင်သမန်ရှိသည်။ အနောက်တောင် ထောင့် မှာ တက်သေးအင်းပြင်၊ ထို့နောက် ဧရာဝတီမြစ်က အနောက်မှ ဆီးထား၏။ မြောက်မှာက နန္ဒာကန်တဲ့။ ဤသို့ဖြင့် ရေပတ်လည်ဝိုင်း သည်။ ရွှေမြို့တော်တွင်းသို့ လက်တံမြောင်းအသီးသီးနှင့် ရေသွင်း၏။ ကျုံးတော်ကြီးကလည်း ကြာမျိုးငါးမည်နှင့် ရေဖြည့်ထားသည်။
ရွှေတချောင်း ရေရှင်ရေသန့်မြောင်းကလည်း သွင်သွင် စီးသည်။ ရတနာနဒီမြစ်ကို တူးဖော်ပြီး မင်းခမ်းမင်းနားနှင့် ရေကင်းနရီသံ စီစီညံစေသည်။ ထိုထို ရေချောင်း၊ ရေ မြောင်း၊ ရေကန်၊ ရေဆည်၊ ရေအင်းတို့၏ ကလနားတွေမှာ ရှမ်းရိုးမကြီးရှိသည်။ အလယ်ရိုးမ မင်းဝံတောင်ရိုးကြီး ရှိသည်။ အရှေ့ဘက် မိုင်၂၀ အတွင်းပေါ့။ အနောက်ဘက် လေးမိုင်၊ ငါးမိုင်အတွင်းပေါ့။ မြို့၏အရှေ့ဘက် လေးမိုင် အကွာမှာ ရန်ကင်းတောင် တောင်ပူစာရှိသည်။ မြို့မြောက် ခြမ်းမှာ မန္တလေးတောင် တောင်ပူစာရှိသည်။
တောနှင့်တောင်နှင့်၊ ပျိုးခင်း လယ်ကွင်းနှင့်
ကျွန်တော် သည်ရွေ့သည်မျှ ပြောနေတာက အကြောင်းရှိသည်။ ဥပုသ်နေ့လို နားရက်ဖြစ်စေ၊ အခြား နေ့ကြီးရက်ကြီးတွေမှာဖြစ်စေ မန္တလေးမှာ ကျေးငှက် သာရကာနှင့်၊ ကြာရိုးကြာစွယ်နှင့်၊ အင်းရေ အင်းကန်နှင့်၊ တောနှင့်တောင်နှင့်၊ ပျိုးခင်း လယ်ကွင်းနှင့်၊ အရိပ်ခိုစရာက နီးနီးတစ်မျိုး ဝေးဝေးတစ်မျိုး အဆင်သင့်ရှိနေသည်။ ထိုအခါ လူ့ဘ၀၏ဖြတ်သန်းမှုတွင် ပရိယေသနဝမ်းစာနှင့် အတူ ခံစားနားခို အားမွေးခြင်းအတွက် မန္တလေးက ရေကြည်ရာမြက်နုရာဖြစ်ပုံကို သိသာစေခြင်း ဖြစ်သည်။ စရိတ်စကမကုန်၊ အချိန်မကုန်၊ စက်ဘီးလေးတစ်စီးရှိရုံနှင့် ပြီးမြောက်သည်။ တောင်တက်၊ ဘုရားဖူး၊ ရေကူး၊ ငါးမျှား၊ ငှက်ကြည့်၊ တောလည်၊ ဆည်ရေချိုး ကြိုက်သလို အမျိုးမျိုးခံစား ဆောင်ရွက်နိုင်ပါဘိ။ ဒါကို ပြောလိုခြင်းဖြစ် သည်။
ထို့ကြောင့်လည်း ကျွန်တော်ငယ်စဉ်ကတည်းက “လေ့” သော ဝါသနာတစ်ခုမှာ စက်ဘီးတစ်စီးနှင့် အလည်ထွက်ခြင်းဖြစ်သည်။ အိမ်က စထွက်တော့ ဘယ်ရယ်လို့မဟုတ်။ ခြေဦးတည့်ရာဖြစ်၏။ ကွေ့ချင် စိတ်ရှိသည့် လမ်းမှာကွေ့လိုက်သည်။ ဆက်စရာရှိ လျှင်ဆက်သည်။ ဤသို့ဖြင့် တစ်ပြဝင် တစ်ပြထွက် ဟိုလမ်းဝင် သည်လမ်းထွက်နှင့် စိတ်ကူးပေါက်သည့် နေရာ ရောက်သွားခြင်းဖြစ်၏။
အရောင်သွေးက စိုနုသစ်လွင်
အိမ်က အနောက်ဘက်သို့ ဦးတည်မိလျှင် မြစ်ဆိပ်ဘက် ရောက်သည်က များသည်။ အေလမ်း အတိုင်း အနောက် ဆင်းပြီး ဂေါဝိန်ဆိပ်သို့ရောက်သွားခြင်းဖြစ်၏။ ကုန်တင် ကုန်ချ အလုပ်သမား များ နားနေရိပ်သာအနီး ကျောက်တမံ ကြီးအနား စက်ဘီးလေးထောင်၊ သော့ခတ်ပြီး သစ်ပင်ကြီး ခြေရင်းရှိ အုတ်ခုံလေးပေါ် ထိုင်ကာ တောင်သို့ မျှော်သည်။ အနောက်သို့ မျှော်သည်။ မြောက်သို့ မျှော်သည်။ တောင်ဆီ မှာ မြစ်ပြင်က မြူများနှင့်ရောနေ၏။ ခိုတောင်လှေကလေး တွေ မြစ်ကို ဖြတ်ကူးနေသည်။ အဝေးဆီက အဆန် သင်္ဘောကြီးတစ်စင်း တရွေ့ရွေ့လာနေ၏။ အစက် အပြောက်ကလေးမှသည် ဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာသည်။ ရာသီဥတုကြည်လင်နေလျှင်ဖြင့် ခပ်ဝေးဝေးက အင်းဝတံတားကြီးကို ပျပျမြင်ရဖူးသည်။
အနောက်ဆီမျှော်လိုက်တော့ မင်းဝံတောင်ရိုးပေါ့...။ သူကတော့ ပီပြင်လှသည်။ အရောင်သွေးက စိုနုသစ်လွင် နေ၏။ အခြေမှာ ကျွန်းထဲရွာရှည်တန်း၏ သစ်ပင်အုပ်အုပ် တွေကို မြင်နေရသည်။ သစ်ပင်အုပ်စိမ်းညို့ညို့ကြားမှာ ဘုန်းကြီးကျောင်းသွပ်မိုးပြောင်ပြောင်များက တစ်ခါတစ်ရံ တဖျပ်ဖျပ်နှင့် မှန်ပြနေသည်။ သစ်ပင်အုပ်နှင့် မြစ်ပြင်ကြား ကိုင်းခင်းတွေက စိမ်းနုသွေးစုတ်ချက် ပြေးနေသည်။ စိမ်းနုသွေးထဲ မီးခိုးလေးတွေ အူအူထနေသည့် ကိုင်းတဲ လေးတွေလည်း တွေ့ရ၏။ လွန်းတင်လှေတွေဆီက မီးခိုးမှိုင်းတွေ လွင့်တက်လာတာလည်း တွေ့ရ၏။
အစုန်အဆန်သင်္ဘော၊ မော်တော်မျိုးစုံ
မြစ်ပြင်ကတော့ လှိုင်းအိလေးများကို စည်းချက်ကျကျ လှုပ်ခတ်ပေးနေသည်။ မြောက်ဆီမှာလည်း မြစ်ပြင်က မြူထဲတိုးဝင်နေ၏။ သို့သော် ခပ်ပါးပါး.....။ မင်းဝံ တောင်ရိုးက ထုံးသင်္ကန်းဖွေးဖွေးနှင့် စေတီပုထိုးများကို မြူထဲ၌ ပွင့်နေစေ၏။ ဟို ဝေးဝေးမှာ လေးလက်မစုတ်ပြား ကြီးနှင့် တစ်ချက် တည်း တို့ခတ်ထားသလို ထုထည်တစ်ခု ကို ခပ်မှိုင်းမှိုင်းမြင်နေရသည်။ မင်းကွန်းပုထိုးတော်ကြီး တဲ့ ...။ မြစ်ထဲမှာတော့ “ဘော်ဘော်” အသံပေးရင်း ဖောင်ဆွဲမော်တော် တစ်စင်း စုန်လာသည်။ အနောက်ဘက် ကမ်းမှာတော့ ရွက်ဖောင်းဖောင်းနှင့် အညာလှေကြီး တစ်စင်းက ဆန်နေ၏။ ဟောသည်ဘက်ကမ်းမှာတော့ အစုန်အဆန်သင်္ဘော၊ မော်တော်မျိုးစုံ ဆိုက်ကပ်ထား သည်။
ဂေါဝိန်ဆိပ် ထိုင်နေကျအုတ်ခုံမှာ အတော်ကြာကြာ ထိုင်ပြီးသောအခါ စက်ဘီးကလေးကို ကောက်စီးပြီး တာရိုးအတိုင်း မြောက်သို့ ဦးတည်သည်။ ထင်းဝင်းဆိပ် မရောက်မီ သစ်လုံးတင် မီးရထားတွဲတစ်စင်းကို ရေနံ ရုံးဝင်းကြားမှ ဖြတ်ဝင်လာတာ တွေ့ရ၏။ သစ်တင်တွဲတွေ သာမက ဆီဘောက်ဆာကြီးတွေလည်း ပါသည်။ ထင်းဝင်းအနီး သစ်စက်ကြီး၏ အင်ဂျင်ကြီးက အချက် ကျကျ ရေနွေးငွေ့တွေ မှုတ်ထုတ်ပေးနေသည်။ တာရိုး အတိုင်း မြောက်သို့ ခရီးဆက်ဖြစ်လိုက် သည်မှာ မရမ်းခြံ ဆိပ်၊ ကျွဲစွန်းဆိပ်၊ ကျောက်သပိတ်၊ ညောင်ကွဲမှ အိုးဘို ဘက်ပြန် ချိုးပြီး အိုးဘိုဈေး ကားဝါဂိတ်က ဈေးဆိုင်လေး တွေမှာ မုန့်တီတစ်ပွဲစားပြီးမှ အိမ်ပြန်ဖြစ်သည်။
တည်ပင်လေးတွေ စိန်ပန်းပင်လေးတွေ
အိမ်က အရှေ့ဘက်ဦးတည်မိလျှင် အနီးဆုံးက ဘူတာရုံသို့ဝင်ဖြစ်ခြင်းဖြစ်၏။ (ထိုစဉ်က အိမ်မှာ ဒေါင်းရိုး ရပ်ထဲမှာဖြစ်သည်။) ကျွန်တော်က ငယ်စဉ်ကတည်းက ရေနွေးငွေ့စက်ခေါင်းကြီးတွေကို အလွန်သဘောကျ၏။ ထိုစက်ခေါင်းကြီးများ၏ ဖွဲ့စည်းပုံဒီဇိုင်းများက အလွန် စိတ်ဝင်စားစရာ ကောင်းသည်။ အင်အားပါသည်။ သန်မာ သည်။ ခံ့ညားသည်။ အခက်အခဲမှန်သမျှ ဖြတ်ကျော် သွားမည်ဟူသော အရိပ်လက္ခဏာအပြည့်နှင့်ဖြစ်၏။ ကျွန်တော်က မန္တလေးဘူတာထဲရောက်လျှင် ဘူတာ တောင်ဘက်အဖျားထိ သွားသည်။ ဘူတာအဆောက်အဦး ကြီး အဆုံးတွင် “ရထားပြောင်း စီးရန်” ဟူသော ဆိုင်း ဘုတ်ကြီးရှိသည်။ ထိုဆိုင်းဘုတ်ကြီး၏တောင်ဘက်နားမှာ တည်ပင်လေးတွေ စိန်ပန်းပင်လေးတွေ ရှိသည်။ အခြားအပင်ကြီးတွေလည်းရှိသည်။ အပင်ကြီးတွေ အခြေ မှာ သစ်သားခုံဝိုင်းကြီးတွေရှိ၏။ ထိုခုံဝိုင်းကြီးတွေမှာ တမေ့တမော နားသည်။ မီးရထားစက်ခေါင်းကြီး တွေကို ကြည့်သည်။ ဝင်လာသောမီးရထားများ ....၊ ထွက်ခွာသွား သောမီးရထားများ၊ ရှန်တိန် လုပ်နေသော မီးရထားများ ...။ စင်္ကြံလက်မှတ်တစ်စောင်လျှင် တစ်မတ် (၂၅ ပြား) ပေးပြီး တစ်နေ ကုန်နီးပါး ထိုင်နေနိုင်၏။ ခရီးသွားတွေ၏ ပြောသံဆိုသံတွေ ကြားရသည်။ သူတို့ လှုပ်ရှားမှုတွေကို မြင်ရသည်။
လယ်ကွင်းပင်လယ်ကြီးထဲ
တော်တော်လေး အချိန်ယူပြီးသွားရသည့် ခရီးတစ်ခု လည်း ရှိ၏။ ထိုခရီးစဉ်ကိုတော့ အနှစ်သက်ဆုံး ဖြစ်သည်။ အိမ်က စောစောထွက် ...၊ ထုံးဘူးတန်းက ကိုချစ်လက်ဖက်ရည် ဆိုင်မှာ ပဲနံပြားနှင့် ကော်ဖီတစ်ခွက်သောက်ပြီး အေလမ်း အတိုင်း အရှေ့သို့တက်သည်။ အရှေ့တက်သည်ဆိုရာ၌ မေမြို့ (ပြင်ဦးလွင်)လမ်း အထိရောက်အောင် တက်ရခြင်း ဖြစ်၏။ နာမည်ကျော် အောင်ပင်လယ်ကွေ့ အထိပေါ့...။ ထိုစဉ်က အောင်ပင်လယ်ကွေ့မှာ နာမည်ကြီးသည်။ အခု လို လမ်းကျယ်ကျယ် မဟုတ်ဘဲ ကန်ပေါင်ရိုးအမြင့်မှ တစ်ဆစ်ချိုးအဆင်းအကွေ့ဆိုတော့ ကားမတော်တဆ အမှုတွေက အတော်များသည်။ ထားပါတော့ ...။
ထိုအောင်ပင်လယ်ကွေ့ရောက်တော့ မြောက်သို့ချိုး လိုက်သည်။ အသွားအလာနည်းသော ကတ္တရာ လမ်းပေါ် မှာ တချို့နေရာများ၌ အခုလိုရာသီမျိုးတွင် စပါးတွေ လှန်းချင်လှန်းထားသည်။ ကောက်လှိုင်းတွေပုံချင်ပုံထားသည်။ နွားတွေနှင့်တလင်းနယ်ချင် နယ်နေတတ်သည်။ ထိုကန်ပေါင်ရိုးလမ်းအတိုင်း မြောက်သို့ စက်ဘီးနင်း သွားတော့ တောင်လေက အသံပေးတိုက်ကာ စက်ဘီးရော လူရော တွန်းပို့နေသည်။ လမ်းက လယ်ကွင်းပင်လယ်ကြီး ထဲ ဖြတ်ထားသလို ....။
အရှေ့ရန်ကင်းတောင်ဆီ
လယ်ကွင်းပင်လယ်ကြီးကိုကျော်ပြီး အရှေ့ဆီမှာ ရန်ကင်းတောင်နှင့် ရှမ်းရိုးမက ကာဆီးထား၏။ အနောက် ဘက် လယ်ကွင်းမြစ်ပြင်ကို ကျော်ကြည့်လိုက်တော့ ရွှေရောင်တဝင်းဝင်းနှင့် ဝါခင်းကုန်း စေတီကို ဖူးမြင်ရ၏။ လမ်းအနောက်ဘက်မှာ တစ်ခါတစ်ရံ တဲအိမ်စုကလေးတွေ တွေ့နေတတ် သည်။ ကန်ကောက်တဲ့။ သရက်ကုန်းတဲ့။ သရက်ကုန်း မရောက်ခင်မှာ သရက်ပင်တွေနှင့် ညို့နေ သော ဘုန်းကြီးကျောင်းဝင်းတစ်ဝင်း ရှိသည်။ သစ်ပင်တွေ အုံ့ဆိုင်းကာ သာယာလှ၏။ ကန်ပေါင်က ကျောင်းဝင်း ဝင်ပေါက်မှာ သွပ်မိုးနှင့် ဇရပ်အဆောင်ကလေးတစ်ခုရှိ သည်။ တစ်ဖက်တစ်ချက်မှာ သစ်သားခုံတန်းရှည်လေး နှင့် .....။
ထိုခုံတန်းလေးမှာ နားခိုရင်း အရှေ့ရန်ကင်းတောင်ဆီလှမ်းမျှော်ကြည့်မိသည်။ ကျောင်းဝင်း အတွင်းစေတီဆီမှ ဆည်းလည်းသံလေးတွေ လွင်လာ၏။ ရန်ကင်းတောင် ခြေမှာ သစ်ပင်အုပ်အုပ် နှင့်ရွာစုလေးတွေမြင်နေရသည်။ လယ်ကွင်းတွေကြားမှာ ဖြောင့်တန်းနေသော မြောင်း တချို့ကို တွေ့သည်။ မြောင်းပေါင်အတိုင်း လိုက်သွားလျှင် ထိုရွာကလေးတွေဆီရောက်မည်။
လောဘကြီးသော နဂါးတစ်ကောင်ပမာ
သရက်ကုန်းဘုန်းကြီးကျောင်းထိပ် ဇရပ်အဆောင်လေး မှာထိုင်ရင်း မျက်စိတစ်ဆုံးမြင်တွေ့ နေရသော ရွာကလေး တွေဆီ တစ်နေ့တော့ နှံ့နှံ့စပ်စပ်ရောက်ဖြစ်သွားတော့ သည်။ ကျွန်တော့် စက်ဘီးကလေးနှင့် ချွေးဒီးဒီးကျမျှ စီးနင်းသွားလျှင် ဇီးချိုကုန်း၊ ပုသိမ်ကြီး၊ မဲကင်းကုန်း၊ ညောင်ပင်သာ၊ သစ်ချိုကုန်းစသော ရွာများဆီတစ်ရွာဝင် တစ်ရွာထွက် ...။ လည်ရင်းပတ်ရင်း ....၊ ပြောရင်းဆို ရင်း ....။ သို့သော် အခုတော့မဟုတ် ...။ မန္တလေး၏ နေရာ အတော်များများက လူဟောင်း၊ အဆောက်အအုံဟောင်း တွေ မဟုတ်တော့ဘဲ လူသစ်၊ အဆောက်အအုံသစ်တွေ ဖြစ်ကာ ကိုယ်နှင့် တစိမ်းပြင်ပြင်ဖြစ်သွားချေပြီ။ အခုတော့ မန္တလေးမြို့စွန်၏ ကွန်ကရစ်တောကြီး က အနီးဝန်းကျင် ရွာများ၏ သစ်ပင် စမ်းချောင်း ထန်းတောနှင့် စိမ်းမြ လယ်ကွင်းတွေကို လောဘကြီးသော နဂါးတစ်ကောင်ပမာ ဝါးမြိုလုနေပြီ။ မာန်ဟုန်ပြင်းပြင်း…၊ မျက်လုံး တဝင်းဝင်း…။ ။
ဆူးငှက်