Skip to main content

တစ်ကျော့ပြန် ခေါင်းထောင်လာသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)

ဝင်းဇင်(သုတေသန)

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၁ ရက်အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၈ ဦးအား စစ်ဆေးခဲ့ရာ၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု ၀ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည်။ အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)တွေ့ရှိမှု မြင့်တက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက်သွားရန် လိုအပ်ပေသည်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါကို ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုနှုန်းမြင့်မားလာသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂ဝ၂ဝ ပြည့်နှစ် မတ် ၁၁ ရက်တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ လူအမြောက်အမြားသေဆုံးပြီး စီးပွားရေးလုပ်ငန်းများစွာကိုလည်း ထိခိုက်ခဲ့သည်။ ကလေးများလည်း ပညာသင်ယူမှုနှောင့်နှေးခဲ့ရသည်။ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC) ကူးစက်ပျံ့နှံ့နေဆဲပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း မတ် ၂၃ ရက်မှစ၍ အတည်ပြုလူနာ နှစ်ဦး စတင်တွေ့ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှ ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်အထိ ဓာတ်ခွဲစစ်ဆေးမှု ၁၂၅၇၈၉၂၃ ဦးရှိပြီး အတည်ပြု လူနာ ၆၄၃၂၆၆ ဦးနှင့်သေဆုံးသူ ၁၉၄၉၄ ဦး ရှိပါ သည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာခဲ့ပြီးသေဆုံးမှုမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာရသဖြင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ စည်းမျဉ်းများနှင့် အညီ လိုက်နာသွားလာနေထိုင်ရန် လိုအပ်ပေသည်။

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)သည် အိုမီခရွန် JN.1 မျိုးဆက်မှ ဆင်းသက်လာသော KS.1.1 နှင့် KP.3.3 ဗီဇပြောင်းမျိုးကွဲများ ပေါင်းစပ်ထားသည့် ဗီဇပြောင်းမျိုးကွဲ(Recombinant)ဖြစ်ပြီး ပထမဆုံးနမူနာကို ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်တွင် ရယူခဲ့သည်။ ဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန်(XEC)သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က စောင့်ကြည့်လျက်ရှိသော ဗီဇပြောင်းမျိုးကွဲခြောက်ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် SARS-CoV-2 ဗီဇပြောင်းမျိုးကွဲတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်အထိ နိုင်ငံ ပေါင်း ၅၀ မှ နမူနာ ၁၃၃၃၁ ခုကို တင်သွင်းခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်နှင့် နိုဝင်ဘာလ ပထမပတ်တို့တွင် ကူးစက်မှုနှုန်း ၂၆ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလ တတိယ ပတ်နှင့် စတုတ္ထပတ်တွင် ကူးစက်မှုနှုန်း ၃၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ပျံ့နှံ့မှုသိသိသာသာ မြင့်တက်လာ ခဲ့သည်။ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဒေသသုံးခု (အနောက်ပစိဖိတ်ဒေသ၊ ဥရောပဒေသ၊ အမေရိကန် ဒေသ)တွင် ပျံ့နှံ့မှုတိုးလာနေသော တစ်ခုတည်းသော ဗီဇပြောင်းမျိုးကွဲတစ်ခုဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)သည် လက်ရှိတွင် ကမ္ဘာတစ်ဝန်း စောင့်ကြည့်လျက်ရှိသော SARS-CoV-2 ဗီဇ ပြောင်းမျိုးကွဲတစ်ခုဖြစ်သည်။ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)ပျံ့နှံ့မှုနှုန်းသည် မြန်ဆန်သော်လည်း လူ့ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို ဝင်ရောက်နိုင်သည့် စွမ်းရည်နည်းပါးသည်။ ထို့ကြောင့် အိုမီခရွန် (XEC)သည် ဖြစ်ပွားမှုများ တိုးလာသော်လည်း အခြားမျိုးကွဲများထက် ပြင်းထန်မှုမရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ သုတေသန မှတ်တမ်းများအရ အိုမီခရွန်(XEC)၏ ကူးစက်ပျံ့နှံ့မှုသည် အခြားအိုမီခရွန်မျိုးကွဲများနှင့် နှိုင်းယှဉ်ပါက လူထုကျန်းမာရေးအတွက် ကြီးမားသောအန္တရာယ်မရှိဟု သုံးသပ်ထားကြသည်။ ထို့ပြင် လက်ရှိထိုးနှံလျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးများသည်လည်း ဤမျိုးကွဲကို ခုခံနိုင်စွမ်း(cross-reactive)ရှိပြီး ရောဂါလက္ခဏာပြင်းထန်မှုနှင့် ပြင်းထန်ရောဂါအခြေအနေများကို ကာကွယ်နိုင်သည်။

ဒေသတွင်းနိုင်ငံများကူးစက်ပြန့်ပွား

သို့သော် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၌ အိုမီခရွန်မျိုးကွဲသစ်(XEC) ကူးစက်မှုနှုန်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၁၄ ရက်အထိ ရောဂါကူးစက်သူဦးရေ ၇၁၀၉၇ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိကြောင်း ထိုင်းနိုင်ငံ၏ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန ထုတ်ပြန်ချက်များအရ သိရသည်။ ရောဂါဖြစ်ပွားမှုသည် ထိုင်းနိုင်ငံ၏ သင်္ကြန်ရေကစားပွဲ(Songkran) ကျင်းပသောကာလတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ရောဂါဖြစ်ပွားသူ ဦးရေတိုးတက်လာခဲ့သည်။ အလားတူ စင်ကာပူ၊ တရုတ်(ဟောင်ကောင်)၊ တရုတ်နိုင်ငံတို့တွင်လည်း ကူးစက်ပြန့်ပွားလျက်ရှိသည်။ စင်ကာပူနိုင်ငံ၌ ၂၀၂၅ ခုနှစ် မေ ၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၁၄၂၀၀ အထိရှိခဲ့သည်။ အိုမီခရွန်မျိုးကွဲသစ်(XEC)သည် ရောဂါပြင်းထန်မှု နည်းပါးသော်လည်း ကူးစက်မှုနှုန်း မြန်ဆန်သည့်အတွက် သတိထားစောင့်ကြည့်သွားရန် လိုအပ်သည်။

လိုက်နာဆောင်ရွက်ရန်လို

နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းသည်လည်း ကိုယ်ခံအားစနစ် ကောင်းမွန်ရေးအတွက် များစွာ အရေးပါလျက်ရှိသည်။ အိမ်ရေးဝအောင် အိပ်စက်အနားယူခြင်းသည် ကိုယ်ခံအားစနစ်အတွက် အရေးပါသောဆဲလ်များ ထုတ်ပေးသည်။ လုံလောက်စွာ အိပ်စက်အနားယူခြင်းသည် ကူးစက်ရောဂါပိုး တိုက်ဖျက်ရာ၌ များစွာအရေးပါလျက်ရှိသည်။ ထို့ပြင်ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည်နှလုံး၊ ကြွက်သားနှင့်အရိုးများ ကြံ့ခိုင်သန်မာရေးအတွက် များစွာအထောက်အကူပြုပေသည်။ ကိုယ်လက်လှုပ်ရှားမှုသည် စိတ်ခံစားမှုကိုလည်း ပိုမိုတိုးတက်စေသည်။ နေ့စဉ် မိနစ် ၂ဝ လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ခြင်းသည် ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်စေသည်။ ကျန်းမာကြံ့ခိုင်ပြီး သွက်သွက်လက်လက် လှုပ်ရှားခြင်းသည်သွေးလည်ပတ်မှု မြန်ဆန်စေသည့်အပြင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်စေသည်။

လက်မှန်မှန်ဆေးကြောသည့် အလေ့အထသည် လွယ်မယောင်နှင့် ခက်ပါသည်။ မိသားစုတစ်စုသည် ယခင်ကတည်းက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိမှသာလျှင် လက်ဆေးကြောသည့် အလေ့အထရှိနိုင်သည်။ အထူးသဖြင့် အိမ်သာမှထွက်ချိန်၊ အပြင်မှပြန်ရောက်ချိန်၊ ပစ္စည်းတစ်ခုခုကိုကိုင်တွယ်ပြီးချိန်တို့တွင် လက်ဆေးကြောဖို့ လိုပါသည်။ လက်ရှိကူးစက်ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ရောဂါပိုးသည် အရာဝတ္ထုများတွင် ကပ်ပြီး အသက်ရှင်သန်နိုင်သဖြင့် ထိုအရာဝတ္ထုများကို ထိတွေ့ကိုင်တွယ်ပြီး လက်ဆေးရန် မေ့လျော့နေမည်၊ ပျင်းရိနေမည်ဆိုလျှင် ရောဂါပိုးကူးစက်ခံရဖို့ရာခိုင်နှုန်းအတော်လေး များနေပြီဖြစ်သည်။ လက်ဆေးကြောရာတွင်လည်း ဆပ်ပြာမပါဘဲ ရေနှင့်ဖြစ်သလို ဆေးကြောနေမည်ဆိုလျှင် ရောဂါပိုးအန္တရာယ်မှ ကာကွယ်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျန်းမာရေးဌာနက အကြံပြုထားသည့်အတိုင်း လက်ကိုဆပ်ပြာ၊ သို့တည်းမဟုတ် Handjel တို့ဖြင့် သေချာစွာ ပွတ်တိုက်ဆေးကြောသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် မိမိကျန်းမာရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သလို မိမိမိသားစုနှင့် နိုင်ငံသားအားလုံး၏ ကျန်းမာရေးအတွက် လုပ်ဆောင်ခြင်းလည်းဖြစ်ပါသည်။

အထူးသဖြင့် နှာချေ၊ ချောင်းဆိုးခြင်းများကို လက်ကိုင်ပဝါနှင့် တစ်ရှူးအုပ်ပြီးမှသာ လုပ်ဆောင်ခြင်း၊ အသုံးပြုပြီး တစ်ရှူးများကို အမှိုက်ပုံးထဲစွန့်ပစ်ခြင်း၊ လူစည်ကားရာနေရာများသို့ မလွှဲ မရှောင်သာသွားရမည်ဆိုလျှင် ပါးစပ်၊ နှာခေါင်းစည်း တပ်ထားခြင်း၊ ဖျားနာနေလျှင် အိမ်၌သာအနားယူနေခြင်း၊ ဖျားနာပြီးမောနေလျှင်၊ အသက်ရှူကျပ်လျှင် ဆရာဝန်နှင့် ချက်ချင်းပြသခြင်း၊ ဖျားနာနေလျှင် ခရီးသွားလာမှုကို ရှောင်ရှားခြင်း၊ ဖျားနာနေသူများထံသို့ သွားရာမှ ပြန်လာလျှင်လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောခြင်း၊ လုပ်ငန်းခွင်နှင့် နေအိမ်တွင် ပိုးသတ်ဆေးဖျန်းခြင်း စသည်တို့ကို မပျက်မကွက်လုပ်ဆောင်သင့်ပါသည်။

တစ်ကျော့ပြန် ခေါင်းထောင်လာသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC) ကူးစက်မှုကိုကာကွယ်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လက်ကိုမကြာခဏ စနစ်တကျဆေးကြောခြင်း၊ လူစုလူဝေးများကို ရှောင်ရှားခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အခြေခံလိုက်နာရမည့် အချက်များကို ဆက်လက်လိုက်နာကျင့်သုံးသွားရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင်အားဖြည့်ကာကွယ်ဆေး ထိုးနှံထားသူများတွင် ပြင်းထန်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သဖြင့် ကာကွယ်ဆေးလွှမ်းခြုံအောင် ပိုမိုဆောင်ရွက်ခြင်းဖြင့်လည်း တစ်ကျော့ပြန် ခေါင်းထောင်လာသော အိုမီခရွန်မျိုးကွဲသစ် (XEC)ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။ ။