သမိုင်း၏ အမှန်တရားဘက်နှင့် တရားမျှတသောဘက်တွင် ရပ်တည်ခြင်း
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing
၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် “အပြန်အလှန်အခွန်ကောက်ခြင်း” (Reciprocal tariff)ကို ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့ကုန်သွယ်ဖက်နိုင်ငံများအပေါ် မတူညီသော အချိုးအစားဖြင့် အကောက်ခွန်များ သတ်မှတ်ခဲ့သည့်အပြင် “မတ်လ ၂၈ ရက်နေ့” မန္တလေးငလျင်ကြီး၏ သက်ရောက်မှုကိုပင် ထောက်ထားညှာတာမှုမရှိဘဲ မြန်မာနိုင်ငံအား ၄၄ ရာခိုင်နှုန်းအထိ မြင့်မားသောအကောက်ခွန်များ စည်းကြပ်ခဲ့သဖြင့် အထည်အလိပ်၊ အဝတ်အစား၊ စိုက်ပျိုးရေး၊ သစ်သား၊ သတ္တု အစရှိသော ကဏ္ဍများအပေါ် သက်ရောက်ခဲ့သည်။
ဤလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစည်းမျဉ်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း၊ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ထိခိုက်စေခြင်းနှင့် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ပြင်းထန်စွာရိုက်ခတ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ပြန့်သော ကန့်ကွက်မှုများကြောင့် အမေရိကန်သည် အချို့သော ကုန်သွယ်ဖက်နိုင်ငံများအား အကောက်ခွန်များ ယာယီရွှေ့ဆိုင်းခြင်း၊ အချို့သောကုန်ပစ္စည်းများကို “အပြန်အလှန် အခွန်ကောက်ခြင်း”မှ ကင်းလွတ်ခွင့်ပြုကြောင်း ရှေ့ဆင့်နောက်ဆင့် ကြေညာခဲ့သည်။
မေလ ၈ ရက်နေ့တွင် ဗြိတိန်နှင့်အမေရိကန်တို့သည် သဘောတူညီမှုတစ်ရပ်ရရှိခဲ့ပြီး အချို့သော ကဏ္ဍများတွင် အကောက်ခွန်များ ရုပ်သိမ်းခဲ့သည်။ မေလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံနှင့် အမေရိကန် တို့သည် ဂျီနီဗာစီးပွားရေးနှင့်ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံကြားအကောက်ခွန်များကို သိသာထင်ရှားစွာလျှော့ချခဲ့သည်။ အမေရိကန်သည် ကမ္ဘာတစ်ဝန်းသို့ စတင်လိုက်သော အကောက်ခွန်စစ်ပွဲ၏ အဓိပ္ပာယ်ဟာ ဘာဖြစ်မလဲ။ ကျွန်တော်၏ ထင်မြင်ချက်ကို ဆွေးနွေးမျှဝေချင်ပါသည်။
၁။ “အပြန်အလှန်အခွန်ကောက်ခြင်း” ဆိုသည်မှာ အဘယ်နည်း
အမေရိကန်သည် ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချရန်၊ အစိုးရ၏ဘဏ္ဍာရေးဝင်ငွေကို တိုးမြှင့်ရန်၊ အမေရိကန်လုပ်ငန်းများကို ကာကွယ်ရန်နှင့် “ထုတ်လုပ်မှုလုပ်ငန်းများ နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိရန်” ဟူသော ရည်ရွယ်ချက်ဖြင့် “အပြန်အလှန်အခွန်ကောက်ခြင်း” ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု အကြိမ်ကြိမ်ကြေညာခဲ့ပါသည်။ အဆိုပါလုပ်ရပ်များသည် တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်ရသော်လည်း အမှန်တကယ်တွင် စီးပွားရေးနိယာမများနှင့် ကုန်သွယ်ရေးဆိုင်ရာ အသိပညာအခြေခံများကို ဆန့်ကျင်နေပြီး ဤသည်မှာ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ အနိုင်ကျင့်ခြင်း၏ လုပ်ရပ်ဖြစ်သည်။
အမေရိကန်သည် “တန်းတူညီမျှမှု” နှင့် “တရားမျှတမှု”ဆိုသည့် အကြောင်းပြချက်များဖြင့် ကုန်သွယ်ခွန်များတိုးမြှင့်ကာ အမှန်တကယ်မှာ “အမေရိကန်ဦးစားပေး” ဝါဒကို ကျင့်သုံးလျက် “အမေရိကန်အထူး”အခွင့်အရေးကို လိုက်စားနေ ခြင်းဖြစ်သည်။ အမေရိကန်သည် “လိုသုံးမလိုစွန့်” ဟူသော ပေါ့ပေါ့တန်တန် သဘောထားဖြင့် ၎င်းကိုယ်တိုင်တည်ဆောက်ခဲ့သော စစ်ပြီးခေတ် ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းစနစ်ကို ဖျက်သိမ်းရန်ရည်ရွယ်ကြံဆနေခြင်းဖြစ်သည်။
“အပြန်အလှန်အခွန်ကောက်ခြင်း”၏ အဓိကအခြေခံသည့် ကုန်သွယ်ရေးလိုငွေပြမှုကို “အခြား နိုင်ငံများမှ အမေရိကန်အား အမြတ်ထုတ်ခြင်း” ဟု မှတ်ယူကာ “အမေရိကန်နစ်နာမှု”ကို ကျယ်ကျယ် ပြန့်ပြန့်ဝါဒဖြန့်ချိခြင်းဖြစ်သောကြောင့် အမှန်တရားနှင့် လုံးဝကိုက်ညီမှုမရှိပေ။ ပထမအချက်၊ အမေရိကန်သည် နစ်နာခြင်းမရှိသည့်အပြင် လက်ရှိနိုင်ငံတကာ ကုန်သွယ်ရေးစနစ်၏ အဓိကအကျိုး ကျေးဇူးခံစားရသူဖြစ်သည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ တွင် အမေရိကန်မှ ကုမ္ပဏီပေါင်း ၁၃၆ ခုပါဝင်နေပြီး အရေအတွက်အားဖြင့် ပထမနေရာတွင် ရပ်တည်နေသည်။
ဒုတိယအချက်၊ အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုသည် ဈေးကွက်၏ စုပေါင်းသက်ရောက် မှုကြောင့်ဖြစ်ပြီး စီးပွားရေးဖွဲ့စည်းပုံ၊ နိုင်ငံတကာအလုပ်ခွဲဝေမှုနှင့် အမေရိကန်ဒေါ်လာ၏ ငွေကြေးဆိုင်ရာ အခန်းကဏ္ဍ စသည့်အကြောင်းရင်းများ၏ သက်ရောက်မှုကြောင့်ဖြစ်သည်။ ထို့အပြင် ကုန်သွယ်ရေး၏ သဘောသဘာဝသည် အပြန်အလှန်အကျိုးကျေးဇူးရရှိရန်ဖြစ်ပြီး ကုန်သွယ်ရေး လိုငွေပြမှုသည် ကုန်သွယ်ရေးနစ်နာမှုနှင့် မတူညီပါ။ တတိယအချက်၊ အမေရိကန်သည် ဝန်ဆောင်မှုကုန်သွယ်ရေးတွင် အမြဲတမ်းအပိုငွေရှိပြီး ၂၀၂၄ ခုနှစ်တွင် အပိုငွေပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့်ရှိသည်။ အမေရိကန်သည် ကုန်သွယ် ရေးလိုငွေပြမှုကိုသာ ပြောဆိုပြီး ဝန်ဆောင်မှုကုန်သွယ်ရေးတွင် အပိုငွေရှိကြောင်းကို လုံးဝဖော်ပြခြင်းမရှိကြောင်း တွေ့ရသည်။ ဤသည်မှာ အမေရိကန်၏ ဘက်စုံမကြည့်ခြင်း၊ တစ်ဖက်စောင်းနင်းသာ ကြည့်ခြင်းပင်ဖြစ်သည်။
“အပြန်အလှန် အခွန်ကောက်ခြင်း”သည် ကမ္ဘာ့စီးပွားရေး ပြန်လည်ထူထောင်ရေးကို ထိခိုက်စေပြီး အမေရိကန်ကိုယ်တိုင်လည်း နစ်နာစေသည်။ “အပြန်အလှန် အခွန်ကောက်ခြင်း” အား အကောင် အထည်ဖော်ပြီးနောက် ကမ္ဘာ့ဈေးကွက်များ လျင်မြန်ကြီးမားသည့် လှုပ်ခတ်မှုဖြစ်ပေါ်ကာ အဓိက စတော့ဈေးကွက်အညွှန်းများ ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာနှင့် အမေရိကန်နိုင်ငံ ကြွေးမြီညွှန်းကိန်းများ ဆက်လက်အားနည်းခဲ့သည်။ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန်(GDP)သည် ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်လျှင် သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်စီးပွားရေး၏ အဆိုးရွားဆုံးသော သုံးလပတ်အဖြစ် မှတ်တမ်းတင်ခဲ့သည်။
The Budget Lab at Yale ၏ ခန့်မှန်းချက်အရ အကောက်ခွန်များ တိုးမြှင့်ခြင်းသည် သာမန်အမေရိကန်မိသားစုတစ်စုစီအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ ကျော် ဆုံးရှုံးစေမည်ဖြစ်ပြီး အမေရိကန်လုပ်ငန်းများအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံကျော် အပိုကုန် ကျစေမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က အမေရိကန်၏ အကောက်ခွန် ဆိုင်ရာ အစီအမံများသည် ကမ္ဘာ့စီးပွားရေးအား ကြီးမားသော ဆိုးကျိုးသက်ရောက်မှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းခန့်မှန်းချက်ကို ဇန်နဝါရီလက ၃ ဒသမ ၃ ရာခိုင်နှုန်းမှ ဧပြီလတွင် ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ နောက်ဆုံးထုတ်ပြန်ချက်အရ အမေရိကန်၏ အကောက်ခွန်မူဝါဒများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအလားအလာများ ရုတ်တရက် ဆိုးရွားလာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ကုန်စည် ကုန်သွယ်မှုပမာဏသည် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားသည်။
အမေရိကန်အစိုးရ၏ ဇွတ်အတင်းလုပ်ဆောင်မှုသည် ပြည်တွင်းတွင် ကြီးမားသော ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ နေရာဒေသအများအပြားရှိ ပြည်သူများသည် အစိုးရအား အကောက်ခွန် တိုးမြှင့်မှုကို ဆန္ဒပြရန် လမ်းများပေါ်သို့ ထွက်လာခဲ့ကြပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ အော်ရီဂွန် ပြည်နယ်အပါအဝင် ပြည်နယ် ၁၃ ခုသည် ဖက်ဒရယ် အစိုးရအား တရားစွဲဆိုခဲ့ကြသည်။ အမေရိကန်၏ အဆင့်မြင့်စီးပွားရေးပညာရှင်များနှင့် အစိုးရအကြံပေး(ဟောင်း)များက “အကောက်ခွန်ဆန့်ကျင်ရေး ကြေညာချက်”ကို ထုတ်ပြန်ခဲ့ကြပြီး နာမည်ကျော် ကြားသော လူပုဂ္ဂိုလ် ၁၀၀၀ ကျော်က လက်မှတ်ရေးထိုးထောက်ခံခဲ့ကြသည်။ အမေရိကန်၏ ဘဏ္ဍာရေးဝန်ကြီး(ဟောင်း) လော်ရင့်စ်ဆမ်းမား (Lawrence Summers)က အမေရိကန်၏ အဆိုပါ လုပ်ရပ်သည် ၎င်း၏သမိုင်းတွင် မိမိနိုင်ငံစီးပွားရေးအား မိမိကိုယ်ကို ပြန်လည်ထိခိုက်နစ်နာစေသည့် အကြီးမားဆုံးသော လုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။
၂။ တရုတ်နိုင်ငံက အဘယ်ကြောင့် တန်ပြန်အရေး ယူသနည်း
ဧပြီလ၌ အမေရိကန်နိုင်ငံသည် ရှေ့ဆက် နောက်ဆက် တရုတ်နိုင်ငံအပေါ် အပြန်အလှန်အခွန် ကောက်ခြင်းကို ၃၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းနှင့် ၁၂၅ ရာခိုင်နှုန်းအထိ သုံးကြိမ်တိုးမြှင့်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ကျိုးကြောင်းဆီလျော်သော တန်ပြန်မှုပြုလုပ်ကာ အမေရိကန်ကုန်ပစ္စည်းများအပေါ် တူညီသောအချိုးအစားကို သုံးကြိမ်တိုင် အခွန်တိုးမြှင့်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေးယန္တရား(Dispute settlement)တွင် တရားစွဲဆိုခြင်းနှင့် Middle rare-earth elements ဆိုင်ရာ ပို့ကုန်ထိန်းချုပ်မှုများ စသည့် အစီအမံများစွာကို လုပ်ဆောင်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံနှင့် ဂုဏ်သိက္ခာရှိသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုရှိသော နိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံ၏ တန်ပြန်ဆောင်ရွက်မှုများသည် မိမိနိုင်ငံ၏ တရားဝင်အခွင့်အရေးဖြင့် မိမိအကျိုးစီးပွားများကို ကာကွယ်ရန်သာမက ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားအပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်နှင့် နိုင်ငံတကာ၏ ဖြောင့်မှန်သော တရားမျှတမှုကို ကာကွယ်ရန်လည်း ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ အခွင့်အာဏာကို ခိုင်မာစွာထိန်းသိမ်းခြင်း၊ ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ် (International System)၊ နိုင်ငံတကာဥပဒေအပေါ် အခြေခံထားသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်း (International order)၊ ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် အခြေခံထားသော နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်သာလျှင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း၏ ရှေးဦးလိုအပ်ချက်နှင့် အာမခံချက်ပင်ဖြစ်ပါသည်။
အမေရိကန်သည် ၂၀၁၈ ခုနှစ်ကတည်းက တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲကို စတင်ခဲ့သည်နှင့် အမျှတရုတ်နိုင်ငံ၏စီးပွားရေးသည် “ဖိအားအောက်တွင် ပိုမိုအားကောင်းလာသည်” ဟူသောအချက်မှာ ပိုမိုထင်ရှားပေါ်လွင်လာခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် နံပါတ်တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော်၏ အဓိကကုန်သွယ်ဖက် နိုင်ငံဖြစ်လာခဲ့သည်။ နိုင်ငံနှင့်ဒေသပေါင်း ၃၀ နှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုစာချုပ် ၂၂ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် ၃၀ ရာခိုင်နှုန်းကို အကျိုးထမ်းဆောင်ခဲ့သည်။ တရုတ်နိုင်ငံသည် အမြဲတစေ ရင်းနှီး မြှုပ်နှံမှု၏ မြေဩဇာထက်သန်သော မြေဆီလွှာဖြစ်ပြီး ယုံကြည်စိတ်ချရသော ကုန်သွယ်ဖက်ဖြစ်ကာ အပြင်လောက၏ အနှောင့်အယှက်ကို အရေးမထားခြင်း၊ ခြိမ်းခြောက်မှုနှင့်အကျပ်ကိုင်မှုကို မကြောက်ခြင်း၊ စည်းချက်နှောင့်ယှက်မှုများမခံခြင်းဖြင့် ကျွန်တော်တို့သည် မိမိတို့၏ ကိုယ်ပိုင်ရေးရာများကို ဆက်လက်အာရုံစိုက်မည်ဖြစ်ပြီး ကမ္ဘာကြီးကို သေချာမှု၊ အနာဂတ်နှင့်အခွင့်အလမ်းများစွာကို လက်တွေ့ကျသော လုပ်ဆောင်ချက်များမှတစ်ဆင့် အားပေးသွားမည်ဖြစ်သည်။
၃။ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းက ဘယ်ကို ဦးတည်နေသနည်း
ဒုတိယကမ္ဘာစစ်အပြီးတွင် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းသည် အရင်းအနှီး၊ သတင်း အချက်အလက်၊ နည်းပညာ၊ လုပ်အားနှင့်စီမံခန့်ခွဲမှုစသည့် ထုတ်လုပ်မှုဆိုင်ရာ အချက်များကို ပြောင်းလဲပြင်ဆင်ပေးရာမှ နိုင်ငံများ အပြန်အလှန်မှီခိုကာ နီးနီးကပ်ကပ်ချိတ်ဆက်နေသည့် ကမ္ဘာ့စီးပွားရေးဖွဲ့စည်းပုံတစ်ခု ဖြစ်လာခဲ့သည်။ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ (UNCTAD) မှ ထုတ်ပြန်သည့် နောက်ဆုံးအစီရင် ခံစာအရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုပမာဏ သည် အမေရိကန်ဒေါ်လာ ၃၃ ထရီလီယံအထိ စံချိန်တင်မြင့်မားလာခဲ့သည်။ ယင်းက စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းသည် လူအင်အားဖြင့် ကြံစည်ဖန်တီးထားခြင်း မဟုတ်သောကြောင့် အချို့သောနိုင်ငံများ၏ဆန္ဒအရ ဆန့်ကျင်ဘက်သို့ ဦးတည်ပြောင်းလဲသွားမည်မဟုတ်ကြောင်း အပြည့်အဝပြသနေပါသည်။
မည်သည့်နိုင်ငံမဆို “မိမိနိုင်ငံကို ဦးစားပေးခြင်း”ကို လုပ်ဆောင်ခြင်းသည် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး၏ တရားဝင်အကျိုးစီးပွားကို အရင်းခံ၍ မိမိနိုင်ငံ၏ ဗိုလ်ကျလွှမ်းမိုးမှု(Hegemony) အကျိုး စီးပွားကို အကျိုးပြုစေသော တစ်ဖက်သတ်ဝါဒ (Unilateralism) လုပ်ရပ်ဖြစ်၍ ၎င်းသည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း၏ သမိုင်းလမ်းကြောင်းနှင့် ဆန့်ကျင်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ဆန့်ကျင်မှုများကို ဆက်လက်ခံရလိမ့်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မကြုံခဲ့ဖူးသည့် ကြီးမားသော အပြောင်းအလဲတစ်ခုဖြစ်ပွားနေသည်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး စသည့်နယ်ပယ်၏ မညီမျှမှုများကို ရင်ဆိုင်နေရပြီး ဤမညီမျှမှု အကျပ်အတည်းများကို ရင်ဆိုင်ရာတွင် ကျွန်တော်တို့ အားလုံးသည် မျက်လုံးများကိုဖွင့်ကာ မည်သူက ဖျက်ဆီးနေသနည်း၊ မည်သူက တည်ဆောက်နေသနည်းကို ကြည့်ရှုရန်လိုအပ်ပါသည်။ ကမ္ဘာကြီးသည် အတားအဆီးများမဟုတ်ဘဲ ပွင့်လင်းခြင်း၊ လွှမ်းမိုးမှုမဟုတ်ဘဲ တရားမျှတမှု၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်ဘဲ စည်းလုံးညီညွတ်မှုစသည်တို့ လိုအပ်ပါသည်။ နိုင်ငံအားလုံးသည် နိုင်ငံကြီးငယ်မရွေး၊ အင်အားကြီးငယ်မဟူ၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ နိုင်ငံတကာအသိုက်အဝန်းတွင် တန်းတူညီတူသော အဖွဲ့ဝင်များဖြစ်သင့်သည်။
နိုင်ငံများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစည်းသင့်ပြီး မိမိနိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် နိုင်ငံအသီးသီး၏ အကျိုးစီးပွားကို ပေါင်းစပ်ကာ တန်းတူညီတူစည်းစနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာကြီးနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုး ပြုသော ပါဝင်ထိုက်သူအားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အတူအဆိုပြုကြပြီး မောက်မာထောင်လွှားသော လွှမ်းမိုးရေးဝါဒ (Hegemonism)၊ အင်အားကြီးသူက အင်အားငယ်သူကိုအနိုင်ကျင့်သော တောရိုင်းဥပဒေသ (The Law of the Jungle) ကို ဆန့်ကျင်ကြရမည်ဖြစ်သည်။ ဤနည်းဖြင့်သာလျှင် ကျွန်တော်တို့သည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီးပွားရေးစည်းစနစ်များကို ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ရာသို့ ခရီးဆက်နိုင်မည်ဖြစ်သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က “ကုန်သွယ်ရေးစစ်ပွဲရဲ့ သက်ရောက်မှုက အလွန်အပျက်သဘောဆောင်ပါတယ်။ ဘယ်သူမှအနိုင်ရမှာ မဟုတ်ဘူး၊ အားလုံးက အရှုံးသမားဖြစ်လိမ့်မယ်”လို့ ပြောကြားခဲ့ပါသည်။ အရေးကြီးသော အခိုက်အတန့်တွင် ဂျီနီဗာမြို့၌ တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲသည် သိသာထင်ရှားသော တိုးတက်မှုရရှိခဲ့၍ အမေရိကန်သည် ၎င်း၏ တိုးကောက်သော အကောက်ခွန်ပေါင်း ၉၁ ရာခိုင်နှုန်းကို ပယ်ဖျက်ခဲ့ပြီး တရုတ်နိုင်ငံသည် လက်တုံ့ပြန်အကောက်ခွန် ၉၁ ရာခိုင်နှုန်းကို ရုပ်သိမ်းခဲ့သလို အမေရိကန်က အပြန်အလှန်အကောက်ခွန် ၂၄ ရာခိုင်နှုန်း အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ထားပြီး တရုတ်နိုင်ငံကလည်း လက်တုံ့ပြန်အကောက်ခွန် ၂၄ ရာခိုင်နှုန်း အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ထားပါသည်။
ဆွေးနွေးပွဲ၏ ပူးတွဲကြေညာချက်ထုတ်ပြန် ပြီးနောက် ကမ္ဘာ့ဈေးကွက်များသည် ယေဘုယျ အားဖြင့် တိုးတက်မှုရှိနေပြီး နိုင်ငံအများအပြား၏ စတော့ဈေးကွက်များသည် “အပြန်အလှန်အခွန် ကောက်ခြင်း”ကို အကောင်အထည်မဖော်မီအဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ယင်းသည် သင်၏ကိုယ်ပိုင်တံခါးကို ပိတ်ခြင်းသည် သင့်အားပိုမိုအားကောင်းစေမည် မဟုတ်ကြောင်း၊ အခြားသူများ၏ လမ်းကြောင်းများကို ပိတ်ဆို့ခြင်းသည်သင့်အား ပိုမိုတိုးတက်စေမည်မဟုတ်ကြောင်း၊ အကောက်ခွန်စစ်ပွဲများနှင့် ကုန်သွယ်ရေးစစ်ပွဲများသည် လူကြိုက်များခြင်းမရှိကြောင်းကို တစ်ဖန် ရှင်းလင်းစွာ ပြသနေပါသည်။
တရုတ်-အမေရိကန် ဂျီနီဗာစီးပွားရေးနှင့် ကုန်သွယ်ရေးတွေ့ဆုံဆွေးနွေးပွဲသည် တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် မတူညီမှုများကို ဖြေရှင်းရန်အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို လှမ်းခဲ့သော်လည်း ပြဿနာ၏အရင်းအမြစ်ကို ဖြေရှင်းရန် အမေရိကန်ပြည်ထောင်စုသည် တစ်ဖက်သတ် အကောက်ခွန်တိုးမြှင့်ခြင်းဆိုင်ရာ မှားယွင်းသောလုပ်ဆောင်မှုကို အသေအချာပြုပြင် ရန်လိုအပ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှတ သော ထောက်ခံမှုလည်း လိုအပ်ပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးမှ ပြည်သူများသည်သမိုင်း၏ အမှန်တရားဘက်နှင့် တရားမျှတသောဘက်တွင်သာ ရပ်တည်ရန် ရွေးချယ်ကြမည်ဟု ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါသည်။
ယခုနှစ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည်။ နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးရှိမှု၊ အားလုံးပါဝင်မှု၊ မျှဝေအနာဂတ်၊ အေးအတူပူအမျှဆိုသည့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးအယူအဆကို ဆက်လက် ကိုင်စွဲထားပြီး မြန်မာနိုင်ငံနှင့် သာအတူနာအတူ၊ အပြန်အလှန်ဖေးမကူညီကာ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ပူးပေါင်းထိန်းသိမ်းကာကွယ်သွားမည်ဖြစ်သည်။ ထို့ပြင် တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်ရေးအနိုင်ကျင့်မှုများကို အတူတကွတွန်းလှန်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်လှစ်မှုနှင့် ပါဝင်ထိုက်သူအားလုံးပါဝင်နိုင်မှုတို့ကို ဖန်တီးရန်အတူတကွ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ။
(ဆောင်းပါးပါ ဖော်ပြချက်များသည် ဆောင်းပါးရှင်၏ အာဘော်များသာ ဖြစ်ပါသည်။)