(၇၅) နှစ်ပြည့် စိန်ရတုမှသည် ရတုအဆက်ဆက်တိုင်မည့် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးခရီး
သျှင်မေ
၈-၆-၂၀၂၅ ရက်နေ့သည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး(၇၅)နှစ်ပြည့်မြောက်သည့်နေ့ဖြစ်သည်။ ထိုနေ့သည် ၇၅ နှစ်တာ စိန်ရတုကာလ သမိုင်းတစ်လျှောက် နှစ်နိုင်ငံအကြား တစ်နိုင်ငံနှင့်တစ်နိုင်ငံ လေးစားတန်ဖိုးထားမှု၊ အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ရေရှည်တည်တံ့မိတ်ဖက်ပြုမှုတို့၏ အမှတ်သညာတစ်ခုဟု ဆိုနိုင်သည်။
တရုတ်နှင့် မြန်မာဟူသည် နီးကပ်သောဆွေမျိုး၊ ရင်းနှီးသောမိတ်ဆွေ၊ တစ်ထပ်တည်းကျသော အဆွေခင်ပွန်းကောင်းပင်။ အိမ်နီးချင်းကောင်းတို့သည် ဆွေမျိုးရင်းချာနှင့်မခြား၊ အချင်းချင်းအကြောင်း ကိစ္စကြီးငယ်မဟူ ဥပေက္ခာမပြု၊ တတ်စွမ်းသမျှ ဖေးမကူမြဲကဲ့သို့ မိတ်ဆွေကောင်းဆိုသည်မှာလည်း အခက်အခဲများရင်ဆိုင်ကြုံတွေ့ရချိန်တွင် မျက်နှာလွှဲဖယ်မသွားဘဲ ကိုယ်စိတ်နှလုံး ထပ်တူကျခြင်း တို့ဖြင့် စာနာနားလည်တတ်စမြဲ၊ အတူတကွ ရင်ဆိုင်ဖြေရှင်းပေးစမြဲဖြစ်၏။ တရုတ်နှင့်မြန်မာတို့သည် စေတနာတူညီသည့် အိမ်နီးချင်း မိတ်ဆွေကောင်းများအဖြစ် ယုံကြည်မှု၊ ရိုးသားမှုနှင့် အပြန်အလှန်ချစ်ခင်လေးစားမှုတို့ ထူထောင်နိုင်ခြင်းသည် ရတုအဆက်ဆက် နောင်နှစ်ပေါင်းများစွာအထိ တည်တံ့ခိုင်မြဲစေခြင်း၏ အခြေခံအုတ်မြစ် ပင်ဖြစ်သည်။
နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို စတင်ထူထောင်နိုင်
မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းကို နိုင်ငံရေးစနစ်မတူညီသည့်နိုင်ငံအနေဖြင့် ပထမဆုံး အသိအမှတ်ပြုခဲ့သည့်နိုင်ငံဖြစ်သကဲ့သို့ ၁၉၅၁ ခုနှစ် ဇွန်လ ၈ ရက် တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို စတင်ထူထောင်နိုင်ခဲ့ကြသည်။ သို့ရာတွင် မြန်မာနှင့်တရုတ်တို့၏ ဆက်ဆံရေးသည် ၇၅ နှစ်သာ ရှိသည်မဟုတ်။
နှစ် (၇၀) ပြည့် အထိမ်းအမှတ်ဆောင်းပါးအတွင်း ထည့်သွင်းရေးသား
“အေဒီ ၄ ရာစုတုန်းက ကျွန်တော်တို့၏ ဘိုးဘွားများသည် စီချွမ်-ယူနန်-မြန်မာ- အိန္ဒိယကို ဖြတ်သန်းသည့် “ရွှေလမ်းငွေလမ်း” ကို ဖောက်လုပ်ခဲ့ပြီး ကုန်သွယ်မှုပြုလုပ်ခဲ့ကြပါသည်။ တရုတ် ထန်မင်းဆက်ခေတ်က မြန်မာပျူခေတ်မင်းသား ဦးဆောင်သည့် အနုပညာရှင်များအဖွဲ့သည် မိုင်ထောင်ချီခရီးနှင်၍ ချန်အန်းမြို့သို့ လာရောက်ခဲ့ရာ တရုတ်နာမည်ကြီး ကဗျာဆရာ ပိုင်ဂျီးယိက ကျော်ကြားလှသည့် “ပျူတေးသံ” ကဗျာကို ရေးစပ်သီကုံးခဲ့ပါသည်” ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာရှီကျင့်ဖျင် ကိုယ်တိုင်ရေးသားသည့် “နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ” အမည်ရှိ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်ဆောင်းပါးအတွင်း ထည့်သွင်းရေးသားထားခဲ့သည်ကို မှတ်သားရဖူးပါသည်။
ကာလရှည်ကြာသောဆက်ဆံရေးကို ဖော်ညွန်း
ထို့အတူ “မိတ်ဆွေဇမ္ဗူ၊ စဉ်စူစိုးအုပ်၊ တရုတ် မြန်မာ၊ မင်းတို့မှာလျှင်၊ ကမ္ဘာရှည် မြေ့၊ မြေမရွေ့သို့၊ နှုတ်တွေ့ခွန်းသေ၊ ထွန်းစိမ့် စေဖြင့်၊ ကျက်သရေသွင်းနှိုး၊ စာရင်းထိုးသည်၊ ဆိုမျိုးဆက်စဉ်ဥဒါန်း တည်း။” ဟူ၍ ကုန်းဘောင်ခေတ် ဝက်မစွတ်မြို့စားဦးနု (ဒုတိယ နဝဒေး)က တရုတ်သံရောက်မော်ကွန်းတွင် ရေးဖွဲ့ထားခြင်းတို့မှာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အိမ်နီးချင်း၊ မိတ်ကောင်းဆွေကောင်း ဆက်ဆံရေး၏ ကာလရှည်ကြာသော ဆက်ဆံရေးကို ဖော်ညွန်းခြင်း ဖြစ်သည်။
မိတ်ကောင်းဆွေကောင်းပီသစွာဖြင့် ဆောင်ရွက်ပေး
နှစ်ကာလကြာမြင့်စွာ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အခြေခံအဆောက်အအုံနှင့် လူသားအရင်းအမြစ်များ တည်ဆောက်ခြင်းတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မြန်မာနှင့်တရုတ်နိုင်ငံတို့ အပြန်အလှန် အကျိုးပြုလျက်ရှိသည်။ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရတရုတ်နိုင်ငံ၏ “Belt and Road” အတူတကွ တည်ဆောက်ရေးလမ်းကြောင်းပေါ်ရှိ အရေးပါသည့် နိုင်ငံတစ်ခုဖြစ်သည်။ နှစ်နိုင်ငံမှာ နယ်စပ်ကုန်သွယ်ဖက်နိုင်ငံ များလည်းဖြစ်ကြသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍ၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့ကိုလည်း မိတ်ကောင်းဆွေကောင်းပီသစွာဖြင့် ဆောင်ရွက်ပေးခဲ့သည့်အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကိုလည်း ချမှတ်အကောင်အထည် ဖော်ဆောင်လျက်ရှိသည်။
စီးပွားရေးအခြေခံကောင်းများ အပြန်အလှန်တည်ဆောက်နိုင်ခဲ့ကြသည့်အပြင် ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံတို့မှာ နိုင်ငံတကာဆက်ဆံရေးတွင် ၁၉၅၄ ခုနှစ်ကတည်းက သဘောတူထားရှိခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်နှင့်အညီ တစ်ဦးနှင့်တစ်ဦး ရှိရင်းစွဲချစ်ခင်ရင်းနှီးမှုကို တိုး၍ပို၍တည်ဆောက်နိုင်ခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံက သမိုင်းတစ်ကွေ့တွင် နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံဘက်မှ အပြည့်အဝ ရပ်တည်ပေးခဲ့သည့်နည်းတူ လက်ရှိတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ အပြည့်အဝ ထောက်ခံရပ်တည်ပေးခဲ့သည်။ မကြာခင်ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်နေမှုများနှင့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်း၊ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးတို့အတွက် မြန်မာနိုင်ငံအား အပြည့်အဝထောက်ခံအားပေးမှုရှိခြင်းတို့ကို မြင်တွေ့ရသည်မှာ မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ဝမ်းမြောက်ရသည်။
ဆက်စပ်၍ ဆိုရိုးစကားတစ်ခုအမှတ်ရမိ၏။ “You can change friends, but not neighbours”ဟူ၍ဖြစ်သည်။ မိမိတို့အားလုံးသည် မိတ်ဆွေကို စိတ်ကြိုက်ပြောင်းလဲ ရွေးချယ်ပေါင်းသင်း၍ ရနိုင်သော်လည်း အိမ်နီးချင်းကိုမူ မိမိတို့အကြိုက် စိတ်ကြိုက်ပြောင်းလဲခွင့်မရှိပါ။
တရုတ်နိုင်ငံ၏ အကူအညီများပင်ဖြစ်
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများကြုံတိုင်း အချိန်မဆိုင်း ကူညီပံ့ပိုးပေးတတ်သည့် နှစ်သက်မြတ်နိုးဖွယ်ရာ အိမ်နီးချင်းကောင်းပီသသည့် အလေ့အထကောင်းများစွာကို မိမိတို့ ပြည်သူများကောင်းစွာသိရှိပြီးဖြစ်သည်။ အနီးစပ်ဆုံးအနေဖြင့်မူ ယမန်နှစ် ရာဂီမုန်တိုင်းတိုက်ခတ်ပြီးချိန်နှင့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က ကြုံတွေ့ခဲ့ရသည့် ပြင်းထန်လှသော မန္တလေးမြေငလျင်ကြီး လှုပ်ခတ်စဉ်ကာလက တရုတ်နိုင်ငံ၏ အကူအညီများပင်ဖြစ်သည်။ ဖြစ်စဉ်ဖြစ်ပွားပြီး ၁၈ နာရီအတွင်း အလျင်မြန်ဆုံးနှင့် ပထမဆုံး လာရောက်၍ လူသားချင်းစာနာသည့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ပေးသည်မှာ အိမ်နီးချင်းဆွေမျိုးပေါက်ဖော် တရုတ်ပြည်သူ့သမ္မတနိုင်ငံပင် ဖြစ်သည်။
ပူပြင်းလှသည့်အညာနွေ၏ ဒဏ်ကိုအန်တုရင်း မန္တလေးငလျင်ကြီး၏ ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသည့် အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို လူအင်အား၊ နည်းပညာအကူအညီ အားကောင်းစွာဖြင့် အသက်ရှင်လျက်ကယ်ထုတ်ပေးနိုင်ခြင်းနှင့် ထိခိုက်သေဆုံး ခဲ့ရသူများ၏ ရုပ်အလောင်းများကိုလည်း ခက်ခဲပင်ပန်းစွာ ထုတ်ယူပေးရာတွင် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့များအနက် အစိုးရနှင့်အခြားအဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၅၀၀ အထိ လူအင်အားအများဆုံး ရောက်ရှိအသုံးပြုကာ တရုတ်နိုင်ငံက ကူညီရှာဖွေပေးခဲ့သည်။
အထိုက်အလျောက် ကိုယ်စိတ်နှလုံးသက်သာရာရရှိခဲ့
အရေးပေါ်ကူညီကယ်ဆယ်ရေးအပြင် ဆေးကုသမှုလိုအပ်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသပေးခြင်း၊ ပြည်သူများယာယီနေထိုင်ရန်အတွက် မိုးကာတဲများ၊ ယာယီရုံးများ၊ ဓာတ်ဆီ၊ ဒီဇယ်လှူဒါန်းမှုများအပါအဝင် ဆေးဝါးများ၊ ဆေးရုံအသုံးအဆောင်များ၊ အစားအစာများ အစရှိသည်တို့ကိုလည်း တရုတ်နိုင်ငံအစိုးရနှင့် အဖွဲ့အစည်းများမှ လူသားချင်းစာနာမှုဖြင့် လှူဒါန်းပေးကြရာ မြန်မာပြည်သူများအဖို့ အထိုက်အလျောက် ကိုယ်စိတ်နှလုံး သက်သာရာရရှိခဲ့သည်။
နှစ်နိုင်ငံဆိုင်ရာ အရေးကိစ္စများကို ဆွေးနွေးပြောကြား
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ် (၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်စဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်အတွင်း “တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ်မျှဝေသော အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားရန်နှင့် အိမ်နီးချင်းနိုင်ငံများဆိုင်ရာ လုပ်ငန်းများအတွက် အခြေခံသစ်များ ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် အားပေးထောက်ခံကြောင်း” ထည့်သွင်းပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကလည်း “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်နေမှုများနှင့် ရွေးကောက်ပွဲအား အားပေးထောက်ခံလျက်ရှိကြောင်း” အပါအဝင်နှစ်နိုင်ငံဆိုင်ရာ အရေးကိစ္စများကို ဆွေးနွေးပြောကြား ခဲ့သည်။
တရုတ် - မြန်မာသံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် စိန်ရတု အလွန်ကာလ အနာဂတ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ချစ်ကြည်မှု၊ ယုံကြည်မှုအားသစ်လောင်း၍ ပိုမိုနက်ရှိုင်းသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဟု မျှော်လင့်ပါသည်။ နှစ်နိုင်ငံစီးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုနီးကပ်သည့် ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းမိတ်ဆွေများအဖြစ် အတူတကွနေထိုင်ရင်း အနာဂတ်နှစ်နိုင်ငံပြည်သူပြည်သားများ၏ အကျိုးစီးပွားကို တိုးတက်ဖြည့်ဆည်းပေးနိုင်သည့်အပြင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးက အလေးဂရုပြုစရာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခြင်းသရုပ်ကို ပေါ်လွင်ထင်ရှားစေမည့် အမှတ်လက္ခဏာအဖြစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ကမ္ဘာတည်သရွေ့ တည်တံ့နေမည်ဟု ယုံကြည်ပါကြောင်း။ ။