Skip to main content

မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ

ပေါက်ပေါက်

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန် ဆောင်းအကူးတွင် အဖြစ်များသည်။ ထို့ကြောင့် မိုးရာသီ၌ ဖြစ်ပွားမှုအများဆုံးရောဂါဟု ဆိုနိုင်ပါသည်။ အဆိုပါရောဂါသည် အသက်အရွယ်မရွေးအန္တရာယ်ရှိနိုင်ပြီး ကလေးသူငယ်များအတွက် ဆိုးရွားစွာအသက်အန္တရာယ်ရှိနိုင်ကာ မြန်မာပြည်တွင် ဒုတိယအဖြစ်အများဆုံး ကလေးရောဂါတစ်ခုဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်နှစ်အောက် ကလေးများကို သေဆုံးစေသည့် တတိယ မြောက် ရောဂါဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း နှစ်စဉ်ကလေးဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ၁ ဒသမ ၇ ဘီလီယံနီးပါးရှိကြောင်း၊ ထိုရောဂါကြောင့် နှစ်စဉ်အသက် ငါးနှစ်အောက်ကလေးလေးသိန်းကျော်နှင့် အသက်ငါးနှစ်မှ ကိုးနှစ်အကြား ကလေးငယ်ငါးသောင်းကျော်ကို သေဆုံးစေလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မပေါ့ဆသင့်ပေ။

မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် အသက် ငါးနှစ်အောက်ကလေး ၁၀၀ တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ခြောက်ဦးမှ ၁၂ ဦး အထိရှိခဲ့သည်။ နှစ်စဉ်နှစ်တိုင်းမှာလည်း မိုးရာသီရောက်လျှင် လူဦးရေထူထပ်သောဒေသများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက နှစ်စဉ်မိုးဦးစကာလရောက်တိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါကို ကျန်းမာရေးအသိ၊ သတိဖြင့် ကြိုတင်ကာကွယ်ထားကြရန် အသိပေးနှိုးဆော်လျက်ရှိသည်။

ဝမ်းလျှောခြင်းနှစ်မျိုး

ဝမ်းလျှောခြင်းမှာ (က) ကာလတိုဝမ်းလျှောခြင်းနှင့် (ခ) ကာလရှည်ဝမ်းလျှောခြင်းဟူ၍ နှစ်မျိုးရှိသည်။ ကာလတိုဝမ်းလျှောခြင်းက နှစ်ရက်ခန့်အကြာတွင် ရပ်တန့်သွား၍ စိုးရိမ်ဖွယ်မရှိပေ။ ကာလရှည်ဝမ်းသွားခြင်းတွင် ဝမ်းလျှောသည့် အကြိမ်ရေများပြားသည်နှင့်အမျှ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ဆုံးရှုံးသွားသဖြင့် အချိန်မီကုသမှုခံယူသင့်ပါသည်။ နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်း၊ အစာအဆိပ်သင့်ခြင်းအပြင် သွေးပေါင်ထိုးကျသွားပြီး သတိလစ်ခြင်းအတွက်ပါ စိုးရိမ်ရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် လမ်းများပေါ်ရှိ ရေဆိုးရေညစ်များနှင့်အတူ မိုးရေလျှံတက်လာသည်။ များမကြာမီရေပြန်ကျသွားသောအခါ အညစ်အကြေးအနည်အနှစ်များ တင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae (ခေါ်) ကာလဝမ်းရောဂါကို ဖြစ်စေတတ်သော ကူးစက်ရောဂါပိုးမွှားပေါက်ပွားမှု များပြားလာသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာရသည်။ ထိုရောဂါပိုးသည်ကူးစက်ခံရသူ၏ အူအတွင်းသို့ enterotoxin (ခေါ်) အဆိပ်ဓာတ်တစ်မျိုးထုတ်လွှတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အရည်ဓာတ်နှင့် ဆားဓာတ်များကို အချိန်တိုအတွင်း လျင်မြန်စွာဆုံးရှုံးစေသဖြင့် အသက်သေဆုံးသည်အထိ ပြင်းထန်စွာ ခံစားရနိုင်သည်။

ရောဂါပိုးပါဝင်သည့် ဝမ်းအညစ်အကြေးများတွင် ရှိနေသော ရောဂါပိုးများသည် ယင်ကောင်မှတစ်ဆင့်လည်းကောင်း၊ မသန့်ရှင်းသောလက် စသည်တို့မှတစ်ဆင့်လည်းကောင်း၊ အစားအစာသောက်သုံးရေများအတွင်းသို့ ရောက်ရှိခြင်း သို့မဟုတ် တိုက်ရိုက်ဝင်ရောက်ခြင်း၊ (ဥပမာ-မိလ္လာ ပိုက်ပေါက်ခြင်း၊ အညစ်အကြေးမြေသြဇာအသုံးပြုခြင်း) စသည်တို့မှတစ်ဆင့် စားသောက်မိသူများအား အလွယ်တကူကူးစက်နိုင်ပြီး ထိုမှတစ်ဆင့်တစ်ဦးမှ တစ်ဦးသို့ ရောဂါဆက်လက်ပျံ့နှံ့ကူးစက်စေပါသည်။ မိုးရွာ၍ ရေကြီးစဉ်ထိုညစ်ညမ်းသောရေထဲ ဖြတ်လျှောက်သွာပြီးနောက် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကလည်း ရောဂါပိုးကူးစက်ခံရရန် သေချာသလောက် ရှိနေပါသည်။

ရောဂါလက္ခဏာများမှာ နာရီပိုင်းအတွင်း ငါးညှီနံ့နံသော ဆန်ဆေးရေအရောင်ကဲ့သို့ ဖြူကျဲကျဲ ဝမ်းအရည်များ အဆက်မပြတ်သွားခြင်း သို့မဟုတ် တစ်နေ့တည်းမှာပင် သုံးကြိမ်နှင့်အထက် ဝမ်းအရည်များစွာသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ဆန်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း၊ ခံတွင်း၊ လျှာနှင့် နှုတ်ခမ်းများ ခြောက်၍ ရေအငမ်းမရသောက်ပြီးနောက် ထိုရေအတိုင်းဝမ်းသွားခြင်း သို့မဟုတ် ပြန်အန်ထွက်ခြင်း၊ အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည့်ရောဂါလက္ခဏာများ ပြနေပါက ဓာတ်ဆားရည်များများသောက်ပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အချိန်မဆိုင်းဘဲ သွားရောက်ပြသင့်သည်။

ကြိုတင်ကာကွယ်နိုင်သည့်ရောဂါ

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပါသည်။ ရောဂါဖြစ်စေတတ်သော ပိုးမွှားများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် မိမိတို့၏ လက်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ စနစ်တကျလက်ဆေးခြင်းဖြင့် လူအချင်းချင်းကူးစက်မှုများ၊ ဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို သိသာစွာလျှော့ချနိုင်ပါမည်။

လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောခြင်း (လက်သန့်ခြင်း) သည် ရောဂါအများအပြားကို ကာကွယ်နိုင်သည်။ အိမ်တွင် အစားအစာချက်ပြုတ်သူများနှင့် အစားအစာရောင်းချသူများ လက်မသန့်ရှင်းပါက မိသားစုတစ်စုမှသည် လူပေါင်းရာ နှင့်ချီ၍ ရောဂါရရှိနိုင်ပြီး ကပ်ရောဂါအသွင် ကူးစက်ကာ သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ လက်တွင်ကပ်ပါလာနိုင်သည့် မစင်အညစ်အကြေးအနည်းငယ် (တစ်ဂရမ်) တွင်ပင် လူကို ရောဂါဖြစ်၍ သေစေနိုင်သည့် ဗိုင်းရပ်စ် ၁၀ သန်းခန့်၊ ဗက်တီး ရီးယား တစ်သန်းခန့်၊ သန်ကောင်နှင့် ဝမ်းကိုက်ပိုးကဲ့သို့ ကပ်ပါးရောဂါပိုး ၁၀၀၀ ခန့်၊ သန်းဥကဲ့သို့သော ကပ်ပါးရောဂါပိုးဥပေါင်း ၁၀၀ ခန့် ပါဝင်နေသည်။ လက်တွင်ကပ်ပါလာနိုင်သည့် အညစ်အကြေးနှင့် ရောဂါပိုးများသည် လက်နှင့်ကိုင်တွယ် ထိတွေ့နိုင်သည့် အရာအားလုံးတို့တွင်လည်း ကပ်ငြိနေနိုင်သည့်အတွက် လက်ကိုစင်ကြယ်စွာ ဆေးကြောခြင်းက ရောဂါများစွာတို့ကို ကာကွယ်ပြီးသားဖြစ်စေပါသည်။

နှစ်စဉ်သေဆုံးမှုများပြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် အန္တရာယ်ရှိသော ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများ သို့မဟုတ် ဓာတုပစ္စည်းများပါရှိသော အစားအစာများသည် ဝမ်းပျက်ခြင်းမှ ကင်ဆာအထိ အမျိုးမျိုး သောရောဂါပေါင်း ၂၀၀ ကျော်ကို ဖြစ်စေနိုင်ကြောင်း၊ အစားအသောက်မသန့်ရှင်းရာမှ ဖြစ်ပေါ်လာသော ရောဂါများကြောင့် နှစ်စဉ်အသက် ငါးနှစ်အောက် ကလေးသေဆုံးမှု ၁၂၅၀၀၀ ဝန်းကျင်ရှိကြောင်းနှင့် ခန့်မှန်းခြေအားဖြင့် လူဦးရေ သန်း ၆၀၀ ခန့် သို့မဟုတ် လူ ၁၀ ဦးလျှင် တစ်ဦးသည် မသန့်ရှင်းသော အစားအစာကို စားသုံးမိသဖြင့် နှစ်စဉ်လူပေါင်း ၄၂၀၀၀၀ သေဆုံးနေကြောင်း သိရသည်။

ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် မသန့်ရှင်းသည့် အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေသုံးရေများ၊ အမှည့်လွန် သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ သန့်ရှင်းမှုအားနည်းသည့် လမ်းဘေးအစားအစာများ စသည်တို့ကို အထူးသတိပြုရှောင်ရှားရပါမည်။ သို့မဟုတ်ပါက နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်းနှင့် အစာအဆိပ်သင့်ခြင်းအတွက်ကိုပါ စိုးရိမ်ရသည်။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေအရွယ်ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။

ကာလတိုဝမ်းလျှောသည်ဖြစ်စေ၊ ကာလရှည်ဝမ်းလျှောသည်ဖြစ်စေ ဝမ်းရပ်တန့်သွားသော်လည်း နောက် ၁၀ ရက်ခန့်ကြာသည်အထိ နို့ထွက်ပစ္စည်း များဖြစ်ကြသော ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီတို့ကို မစားသောက်သင့်ပေ။ အမျှင်ဓာတ်များသော အစားအစာများက အစာအိမ်နှင့် အူကိုအလုပ်ရှုပ်စေနိုင်၍ ဝမ်းလျှောပြီးနောက် သုံးရက်လေးရက်ခန့်ကြာသည်အထိ မစားသင့်ပေ။ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးသည့်အနေဖြင့် ရေကျက်အေး၊ သန့်စင်သည့်ရေနှင့် ဖျော်စပ်ထားသည့် ဓာတ်ဆားရည် (ORS) ကို သောက်သုံးပါ သို့မဟုတ် သီးစုံဓာတ်ဆားရည် သောက်ပါ။ အုန်းစိမ်းရည်သောက်ပါ။ ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲမှာပါရှိသော လက်တစ်အက်စစ်က အစာအိမ်နှင့် အူလမ်းကြောင်းထဲရှိ ဝမ်းသွားစေသော ဗက်တီးရီးယားပိုးများကို သေစေနိုင်သည်။ (ဒိန်ချဉ်ထဲကိုသကြား၊ ထန်းလျက်ရည်မရောဘဲ ဖြစ်နိုင်ပါက သူ့ချည်းစားပါ) အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်း ကစီဓာတ်ကြွယ်ဝသော အစားအစာများဖြစ်ကြသည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကွတ်မုန့် စားပေးနိုင်ပါသည်။

အချုပ်ဆိုသော် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည့်အတိုင်း “လက်သန့်၊ ရေသန့်၊ အစာသန့်၊ အိမ်သာသန့်” ဟူသော “သန့်လေးသန့်” ကို လိုက်နာခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် သရက်သီးမှည့်များ၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီး၊ နာနတ်သီးနှင့် အမှည့်လွန်သောသစ်သီးများ လှိုင်လှိုင်ပေါများလေ့ရှိရာ အဆိုပါသစ်သီးမှည့်များကြောင့် ယင်ကောင်များလည်း ပေါများပေါက်ပွားလာကြရာ၊ ယင်ကောင်ပေါက်ပွားမှု နည်းပါးစေရေးအတွက် စားကြွင်းစားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရပါမည်။ ထိုယင်နားစာများ သို့မဟုတ် မှိုတက်နေသော အစားအစာများကို စားမိခြင်းက ဝမ်းရောဂါကို မလွဲမသွေဖြစ်စေပါကြောင်းနှင့် အခန့်မသင့်ပါက အစုလိုက်အပြုံလိုက်ကာလဝမ်းရောဂါ ဖြစ်လာနိုင်သည်ကို သတိရှိကြရန် လိုကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာကုသမှုခံယူသင့်ပါကြောင်း ထပ်ဆင့်အကြံပြုလိုက်ရပါသည်။ ။