ပညာနှင့်ဘဝ တစ်ထပ်တည်းကျသည့် ပညာတတ်များရှိမှသာလျှင် …
မိုးကေနိုင်
လူတစ်ဦးရဲ့ ဘဝတန်ဖိုးကို ပညာနဲ့သာတိုင်းတာတဲ့အတွက် လူတိုင်းပညာတတ်ဖြစ်အောင် ကြိုးစားကြရတယ်။ ပညာကတည်ငြိမ်တဲ့လမ်းကို ခင်းပေးနိုင်လို့ဖြစ်ပါတယ်။ ဒီလမ်းကသွားမလား၊ ဟိုလမ်းကသွားမလား လမ်းကြောင်းမှန်အောင် ပြပေးနိုင်တယ်။ အမှောင်ထုကြား အလင်းဓာတ်ပေး၊ အန္တရာယ်မရှိအောင် ကာကွယ်ပေးတယ်။ ကောင်းခြင်းနဲ့ မကောင်းခြင်းအကြား၊ အမှန်နဲ့အမှားကြားကောင်းတာ၊ မှန်တာကိုသာ ရွေးချယ်ခွင့်ပေးပြီး အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကိုင်တတ်အောင်၊ လုပ်နိုင်ကိုင်နိုင်အောင်လည်း အခွင့်အရေးပေးတယ်။ ဒါကြောင့်ပဲ ပညာအခြေခံမယ့်လမ်းမှန်မှာ လမ်းမပျောက်အောင် လျှောက်လှမ်းမယ့်သူတွေအတွက် ဘဝရှင်သန်ရပ်တည်မှုအာမခံချက်က ပညာပဲဆိုတာကို အသိအမှတ်ပြုနိုင်စွမ်းရှိရန်က အဓိကလိုအပ်ချက်ဖြစ်သွားပါပြီ။
သညာသိနှင့် ပညာသိ
ဒီနေရာမှာ သညာသိနဲ့ပညာသိကိုတော့ ကွဲပြားစေချင်တယ်။ သညာသိနဲ့ ပညာသိမှာ မှတ်သိ၊ ဖတ်သိ၊ ဘွဲ့ရအသိနဲ့ သညာသိအမှတ်လောက်နဲ့ မိမိကိုယ်မိမိ မရောင့်ရဲ၊ မတင်းတိမ်စေချင်ပါ။ သညာသိလောက်နဲ့ ရပ်နေတဲ့အတွက် ပညာမပြည့်ဝခြင်းရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို ယနေ့ကျွန်တော်တို့ ခံစားနေကြရတယ်။ ဒါကြောင့် ပညာသိအထိ လှမ်းစေချင်တယ်။ ဘာတွေကွာခြားသွားလို့ပါလဲ၊ ဗုဒ္ဓတရားတော်အရဆို သညာသိနဲ့ ပညာသိကြားမှာ ဝိညာဏ်သိဆိုပြီးတောင် နာယူခဲ့ဖူးပါတယ်။
ဒီနေရာမှာတော့ ရတနာကို ရတနာထိုက်မှန်းမသိ၊ အတုအစစ်မှန်းမသိတဲ့ သညာသိနဲ့ အတုအစစ်ခွဲခြားတတ်ပြီး ရတနာကို ရတနာမှန်းသိတဲ့ ပညာသိဆိုတဲ့ အသိနှစ်မျိုးကို အရိပ်မျှ ခွဲခြားနိုင်ရင်ရပါပြီ။ ဆင်ခြင်စဉ်းစား သုံးသပ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားနိုင်စွမ်း၊ အကြောင်းအကျိုးဆက်စပ်နိုင်စွမ်း၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိပြီး အဆုံးအဖြတ်ပေးနိုင်စွမ်းအထိကို ပညာသိကလမ်းပြပေးပါတယ်။ သညာသိမှာက လက်တွေ့မပါတဲ့ သီအိုရီအသိနဲ့တင် ပြီးပြည့်စုံနေတယ်။ စာမေးပွဲရလဒ်နဲ့တင် ကျေနပ်နေတာမျိုးဖြစ်လိမ့်မယ်။ ဒါကြောင့် ပညာသိဖြစ်အောင် ကြိုးစားကြပါဆိုပြီး တိုက်တွန်းနေကြခြင်း ဖြစ်ပါတယ်။
စာထဲမှ အမှန်တရားဆိုတာ
သညာသိနဲ့မတူတဲ့ ပညာသိဆိုတဲ့အရည်အချင်းကို တန်းတက်ဘွဲ့ရရုံနဲ့မပြီးဘဲ မိမိပညာကိုတိုးတက်ပွားများနေအောင် ဆက်လက်ဆည်းပူးလေ့လာဖတ်မှတ်အသုံးချခြင်းကနေ ရယူရပါမယ်။ မိမိရထားတဲ့ဘွဲ့ကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်အောင်ကြိုးစားကြည့်ပါ။ စာသိနဲ့လက်တွေ့ကို ပေါင်းစပ်အသုံးချနိုင်ခြင်းက အတွေ့အကြုံကောင်းကို ပေးပါတယ်။ ဒီအတွက်လည်း မဖြစ်မနေစာများများဖတ်ရမှာဖြစ်ပြီး အစောပိုင်းငယ်ငယ်ရွယ်ရွယ်ဘဝမှာကတည်းက ရသမျှအရင်းအမြစ် စာပေမျိုးစုံကနေ ဖတ်နိုင်သမျှဖတ်မှတ်နိုင်သမျှ မှတ်သင့်ပါတယ်။
နောက်တော့ ဘယ်လိုစာပေမျိုးက ကောင်းသလဲ၊ မှန်သလဲ စူးစမ်းလေ့လာလိုစိတ်နဲ့ ဖတ်တတ်၊ မှတ်တတ်အောင်ကြိုးစားရမယ်၊ ဘယ်သူရေးတဲ့စာက ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကိုဘယ်လိုအကျိုးပြုနေသလဲ၊ လေ့လာနိုင်သမျှလေ့လာပြီး တန်ဖိုးသိလာရင် သုတအရာမှာ စွယ်စုံဖြစ်လာပါလိမ့်မယ်။ မိမိဖတ်မှတ်ပြီးသား စာပေကနေအဆီအနှစ်ကို ကောက်နုတ်ပြီး လက်တွေ့အခြေအနေနဲ့ ကိုက်ညီဆီလျော်မှု ရှိ၊ မရှိ တိုင်းတာတွက်ချက်နိုင်လေ လက်တွေ့နယ်ပယ်မှာ မိမိပညာကို ပိုပိုအသုံးချနိုင်လေပါပဲ။ စာထဲမှ အမှန်တရားကို ရှာဖွေနိုင်ခြင်းဆိုတာ ဒီအချက်ကို ဆိုလိုတာဖြစ်ပါတယ်။
ပညာရှိနှင့် ပညာရှင်ဆိုတာ
ဒီလိုနဲ့ ဖတ်ရင်း၊ မှတ်ရင်း၊ လေ့လာရင်းကနေဘာပြဿနာဖြစ်ဖြစ် ခွဲခြမ်းစိတ်ဖြာတတ်လာမယ်၊ အစွန်းနှစ်ပါးရှောင်တတ်လာမယ်၊ မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်တတ်၊ မြင်တတ်လာပြီး အနာဂတ်ကို ခန့်မှန်းတတ်လာမယ်၊ အခြေအနေအရပ်ရပ်အပေါ် သုံးသပ်တတ်လာတယ်။ သုံးသပ်ချက်နဲ့အညီ တွေ့ရှိချက်ကို လက်တွေ့အခြေအနေနဲ့ ချိန်ထိုးလာနိုင်တဲ့အခါ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှား၊ ဆောင်ရန်ရှောင်ရန်ဆိုပြီး မြင်လာမယ်။ အမှန်မြင်ရင် အမှားလုပ်ဖို့ ဝန်လေးလာခြင်းဟာ ဆင်ခြင်တုံတရားပါပဲ။ အမှားနည်းအောင်နဲ့ အမှန်များလာဖို့အတွက် သူသိထားသမျှ သူတတ်ထားသမျှ လူ့အဖွဲ့အစည်းထဲမျှဝေလို စိတ်ဟာ အလိုလိုဖြစ်လာသလိုပါ။
အဆိုးနည်းပြီးအကောင်းများတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ချင်သူ၊ စံနမူနာယူထိုက်သူတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များစွာရှိပါတယ်။ သူတို့ဟာ သူတို့ ကျင်လည်နေတဲ့ လူ့အဖွဲ့အစည်းကို ကျန်းကျန်းမာမာရှိစေချင်တယ်၊ သန့်သန့်ရှင်းရှင်းရှိစေချင်ကြတဲ့အတွက် တာဝန်ရှိ စိတ်နဲ့ တာဝန်ယူပေးဖို့ဝန်မလေး၊ စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ တာဝန်ယူဖို့ အသင့်ရှိနေကြပါတယ်။ တစ်နည်းအားဖြင့် မိမိပညာကို သိနေရုံနဲ့ မပြီးရှိနေအောင်၊ ရှိနေရုံနဲ့မပြီး လက်တွေ့မှာ အသုံးချနိုင်အောင်နဲ့ ထာဝရရှင်သန်နေတဲ့ပညာဖြစ်အောင် လုပ်နိုင်စွမ်းသူကိုသာ ပညာရှိတစ်ဦး၊ ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ကြပါတယ်။
ဒါကိုပဲ ပညာသိ သိတဲ့ ပညာရှိ၊ ပညာရှင်အဖြစ် မှတ်ယူကြရအောင်ပါ။ ပညာမြင့်မှ ပွဲလယ်တင့်မယ်၊ ပညာမြှင့်မှ လူမျိုးမြင့်မယ်ဆိုတာ ဒီအချက်ကို ဆိုလိုတာပါ။ ဒီအဆင့်၊ ဒီလယ်ဗယ်အထိ သွားနိုင်မှသာ ကျွန်တော်တို့လူ့အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ နိုင်ငံတော်ကြီးက တည်ငြိမ်မယ်၊ အေးချမ်းမယ်၊ ငြိမ်းချမ်းမယ်လို့ ယုံကြည်မိပါတယ်။
ဒါမှလည်း ပညာရဲ့အဓိပ္ပာယ်က ပြည့်ဝနေမှာ ဖြစ်သလို ပညာရဲ့တန်ဖိုးက မြင့်မားနေမှာဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်ဆရာ ဆရာမကြီးတွေ၊ နိုင်ငံအကြီးအကဲတွေ၊ မိဘတွေက သူ့အတိုင်းအတာနဲ့သူ မိမိတို့ရင်သွေးတွေကို ပညာတတ်အောင်သင်ပြီး ပညာတတ်တွေဖြစ်ဖို့၊ ပညာရှင်တွေဖြစ်ဖို့ အဆင့်လိုက် ကျရာကဏ္ဍကနေ တတ်နိုင်သမျှအခွင့်အလမ်းတွေ ပေးနေကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေက မိမိတို့ရင်သွေးတွေကို ကျောင်းအပ်ကျောင်းထားကြဖို့၊ လူငယ်တွေအနေနဲ့လည်း ကျောင်းဆက်တက်ကြဖို့ ကျောင်းမထွက်ကြဖို့ ယခုလို စဉ်ဆက်မပြတ် ပညာပေးနှိုးဆော်တိုက်တွန်းကြခြင်းဖြစ်ပါတယ်။
လူမှုစီးပွားမဖွံ့ဖြိုးမှု၊ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေဟာ ပညာရေးအားနည်းမှုနဲ့ ဆက်စပ်နေတဲ့အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းကနေ လိုအပ်နေသေးတဲ့ ဖွံ့ဖြိုးမှုကွက်လပ်များစွာကို ဖြည့်ဆည်းသွားရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ သဘာဝဘေး၊ ရောဂါဘေး၊ လူကြောင့်ဖြစ်ရတဲ့ လူလုပ်ဘေးဒဏ်တွေကြောင့်ဖြစ်ရတဲ့ အခက်အခဲတွေ၊ အားနည်းချက်တွေ၊ စိန်ခေါ်မှုတွေအနည်းနဲ့အများ ဆီးကြိုနေလင့်ကစား ပညာသင်ယူလိုစိတ်ဖြစ်နေအောင် မပြတ်နှိုးဆော်တိုက်တွန်းနေရမှာဖြစ်ပါတယ်။
လူတော်လူကောင်းဖြစ်ဖို့ရန်
ဒီနေရာမှာ ယုံကြည်ချက်၊ ခံယူချက်နဲ့ ဝီရိယစိုက်ထုတ်စွမ်းအားတွေက အရေးကြီးသွားပါပြီ။ ငါတို့စာတတ်မှရမယ်၊ ပညာတတ်မှ လူရာဝင်မယ်၊ ပညာရှိမှ အများအကျိုး ထမ်းနိုင်မယ်၊ ပညာရှင်ဖြစ်မှ မိမိတည်ဆောက်လိုတဲ့လူ့အဖွဲ့အစည်း၊ မိမိပုံဖော်လိုတဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်မယ်၊၊ အနည်းဆုံးတော့ မိမိမိသားစုအတွက် အကျိုးပြုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး၊ ဒီလိုယုံကြည်ချက်ကောင်းရှိခဲ့ရင် မိမိသွားချင်တဲ့ပန်းတိုင် မိမိရောက်ချင်တဲ့အိပ်မက် မရရအောင်လုပ်မယ်ဆိုတဲ့ ခံယူချက်မျိုးဖြစ်လာဖို့က မခက်ခဲတော့ပါဘူး။
ပညာနဲ့ပတ်သက်တဲ့ ယုံကြည်ချက်၊ ခံယူချက်သာ ခိုင်မာလာခဲ့ရင် လိုအပ်တဲ့ဝီရိယ ကြိုးစားအားစိုက်ထုတ်မှုဆိုတာလည်း အလိုလိုဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ပညာကို အားပေးတယ်ဆိုတဲ့နေရာမှာလည်း နည်းမှန်လမ်းမှန်ဖြစ်ရမယ်။ မိဘဆရာတွေဟာ ကိုယ့်သားသမီးကို တော်နေရုံနဲ့ မပြီး၊ ကောင်းအောင်လည်း လမ်းပြပေးနိုင်တဲ့အထိ တာဝန်ကျေသင့်ပါတယ်။ လူတော်တစ်ယောက်အပြင် လူကောင်းတစ်ယောက်အသွင်ကိုပါ ပုံဖော်ပေးနိုင်မှသာ မိသားစုအတွက်အားကိုးရာဖြစ်ပါမယ်၊ လူ့အဖွဲ့အစည်းအတွက်လည်း တာဝန်ကျေသူ တစ်ယောက်ဖြစ်ပါမယ်။
လူကောင်းဆိုတဲ့လက္ခဏာမှာ ပညာကိုတန်ဖိုးထားခြင်း၊ မင်္ဂလာတရားနဲ့အညီ အသိအလိမ္မာရှိခြင်း၊ အနီးစပ်ဆုံးကိုယ့်မိဘ၊ ကိုယ့်ဆရာသမားကျေးဇူးအထူးသိတတ်ပြီး ရိုသေလေးစားနာခံတတ်ခြင်း၊ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ဓလေ့စရိုက်တွေကို ဘာသာတရားနဲ့အညီ တန်ဖိုးထားမြှင့်တင်ပေးနိုင်ခြင်း၊ အများအကျိုးဆောင်ခြင်း၊ လူ့အဖွဲ့အစည်းကို အကျိုးပြုပြီး တည်ငြိမ်အေးချမ်းအောင် လုပ်နိုင်ခြင်းတွေ ပါဝင်နေပါတယ်။
အချုပ်အားဖြင့်တော့ ယနေ့ ကျောင်းသား အရွယ်လူငယ်၊ လူရွယ်အားလုံးခေတ်အခြေအနေအရ ပညာတတ်တွေဖြစ်အောင် စာကိုသာ ကြိုးစားသင်စေချင်ပါတယ်။ ဆရာ ဆရာမတွေဘက်ကလည်း စေတနာသဒ္ဓါအပြည့်နဲ့ စာတတ်အောင်ကြိုးစားသင်ပေးကြမှာပါပဲ။ လက်ရှိအရှိတရား တွေအရတော့ လူကောင်းလေးတွေဖြစ်လာအောင် လမ်းပြသွန်သင်ပေးဖို့က အဓိကဖြစ်နေတယ်။ ဒါကြောင့် မျိုးဆက်အလိုက် စံနမူနာပြလေးစားထိုက်သူများစွာ မွေးထုတ်နိုင်တဲ့အထိ ကြိုးစားကြရပါမယ်။
အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိသော်ငြား ကျောင်းဖွင့်ရာသီမှာ မိဘတိုင်းက မိမိကလေးတွေကို ကျောင်းအပ်ချင်မယ်ဆိုတာ ယုံပါတယ်။ အရေးကြီးတာက ရခဲတဲ့လူ့ဘဝသက်တမ်းအတွင်း အချိန်ကုန်၊ ငွေကုန်အသက်သာဆုံးနဲ့ ဘွဲ့ရပညာတတ်ဘဝကို မြန်မြန်ရောက်ဖို့၊ ပန်းတိုင်ကိုမျက်ခြည်မပြတ်စေဖို့ သက်ဆိုင်သူအားလုံးမှာ တာဝန်ရှိပါတယ်။ သို့မှသာ ပညာအခြေခံတဲ့ အသိအတတ်ပညာရှင်တွေနဲ့ မြန်မာတို့ရဲ့ လှပတဲ့အနာဂတ်အတွက် စိတ်ချရမှာဖြစ်ပါတယ်။ ။