Skip to main content

သဘာဝဘေးဒဏ်သင့်ကာလအလွန် စဉ်းစားချက်များ

စောနိုင် (အသုံးချဘောဂဗေဒ)

သဘာဝဘေးအန္တရာယ်များနှင့် ပိုမိုရုန်းကန်ရမှု

မိုးခေါင်ခြင်း၊ ရေကြီးခြင်းမှသည် မြေငလျင်၊ ဆူနာမီ၊ လေမုန်တိုင်းအထိ ထိခိုက်ပျက်စီးမှုအနည်း၊ အများသာကွာသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို တိုတောင်းလှသော သက်တမ်းအတွင်း လူသားတို့ တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သည်။ သဘာဝဘေးအန္တရာယ်များသည် လူ့အသိုက်အဝန်းများ၊ နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ်၊ ဥစ္စာဓနအပါအဝင် ပိုင်ဆိုင်မှုမှန်သမျှကို အင်နှင့်အားနှင့် ဖျက်ဆီးပစ်နိုင်ကြောင်း လက်တွေ့ကျကျမြင်တွေ့ခဲ့ကြရပြီးဖြစ်၏။ ထိုသို့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ရသည့် နိုင်ငံများသည် နိုင်ငံထူထောင်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အခြားသောနိုင်ငံများထက် ပိုမိုခက်ခဲ၏။ ပိုမိုရုန်းကန်ရ၏။

ကြီးမားသော ဆုံးရှုံးနစ်နာမှုများ

ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများထဲတွင် လူသားသည် အဖိုးတန်ဆုံးနှင့် အရေးပါဆုံးဖြစ်သည်။ လူ့အသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေး၊ သာယာစည်ပင်ရေး၊ အေးချမ်းသာယာရေးတို့အတွက် အဓိကအကျဆုံး ဇာတ်ကောင်လည်းဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် လူသားတို့၏ အသက်အန္တရာယ်ဆုံးရှုံးမှုသည် ပြန်လည်အစားထိုးမရနိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ထိခိုက်မှုဖြစ်ပြီး လူ့အဖွဲ့အစည်းအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုများပင်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် နိုင်ငံများ၊ လူ့အဖွဲ့အစည်းများအတွင်းရှိ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ထိခိုက်ပျက်စီးမှုဖြစ်စေခဲ့သည်ကို မဝေးသေးသော အတိတ်ကာလများတွင် ကျရောက်ခဲ့သည့် သဘာဝဘေးဒဏ်သင့်အခြေအနေများက သက်သေအဖြစ် ပြသနေခဲ့ပြီဖြစ်၏။

၂၀၀၁ ခုနှစ်က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ဖြစ်ပွားသည့် မြေငလျင်၌ လူပေါင်း ၁၃၀၀၀ မှ ၂၀၀၀၀ ကျော်၊ ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပွားခဲ့သော မြေငလျင်နှင့် ဆူနာမီလှိုင်းဒဏ်ကြောင့် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း၊ မော်လ်ဒိုက်နှင့် ဆိုမာလီယာနိုင်ငံတို့မှ လူပေါင်း ၂၀၀၀၀၀ ကျော်၊ ၂၀၀၅ ခုနှစ်က ပါကစ္စတန်နိုင်ငံ ကက်ရှ်မီးယားငလျင်တွင် လူပေါင်း ၈၇၀၀၀ ကျော်၊ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော်၊ အဆိုပါနှစ်မှာပင် တရုတ်နိုင်ငံ စီချွမ်ဒေသတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၇၀၀၀၀ ကျော်၊ ၂၀၁၀ ပြည့်နှစ် ဟေတီနိုင်ငံငလျင်တွင် လူပေါင်း ၁၀၀၀၀၀ မှ ၃၀၀၀၀၀ ကျော်၊ ၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့် ဆူနာမီဘေးအန္တရာယ်၌ လူပေါင်း ၁၉၀၀၀ ကျော် အသက်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ခဲ့ပါသည်။ (Wikipedia နှင့် နိုင်ငံတကာ သတင်းများ)

မတူညီသောအခြေအနေများနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှု

သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်မှုအတိုင်း အတာပမာဏသည် ဒေသတစ်ခုနှင့်တစ်ခု၊ တစ်နေရာနှင့်တစ်နေရာ တူညီကြမည်မဟုတ်။ ထို့ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများသည်လည်းကောင်း၊ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ငွေကြေးပမာဏ၊ လူ့စွမ်းအားအရင်းအမြစ်၊ အချိန်ကာလ၊ စီမံခန့်ခွဲမှုစသည့် အခြေအနေများသည်လည်းကောင်း ထပ်တူကျတူညီနိုင်မည်မဟုတ်ပါ။ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲမှာပင် ထပ်မံရင်ဆိုင်ဖြေရှင်းရမည့် နောက်ဆက်တွဲအခြေအနေ၊ အခက်အခဲအမျိုးမျိုးဆက်လက်ပေါ်လာနိုင်သေးသည်။

သဘာဝဘေးအန္တရာယ်အလွန်ကာလတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေရှိနေသည့်တိုင် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ရန်မှာ ထင်သလောက်လွယ်ကူနိုင်မည်မဟုတ်ပေ။ အချို့သောလူတို့၏ စိတ်ခံစားမှုများမှာ သေရာပါဒဏ်ရာများပင် ဖြစ်သွားနိုင်သည့်အခြေအနေရှိသည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ခဲ့သည့် ဆိုးရွားသော စိတ်ခံစားမှုဝေဒနာများ သက်သာပြေလျော့စေရေးအတွက် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ၏ အကြံပေးချက်များ၊ ကုသမှုများ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးအဆုံးအမများဖြင့် ကုသဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သည်။

စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများမတူနိုင်

သဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့ရသော စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ လေ့လာရာတွင် ဖွံ့ဖြိုးပြီး ချမ်းသာသောနိုင်ငံများထက် ဖွံ့ဖြိုးဆဲဆင်းရဲသောနိုင်ငံများက ထိခိုက်မှု၊ ဆုံးရှုံးနစ်နာမှုပိုမိုများပြားသည်။ ဥပမာပေးရလျှင် လွန်ခဲ့သော ၁၅ နှစ်ခန့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလက ကာရစ်ဘီယံပင်လယ်ဒေသရှိ ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဟေတီတွင် ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၀ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး အဆိုပါနှစ် ဖေဖော်ဝါရီလမှာ ပင် တောင်အမေရိကတိုက်ရှိ စီးပွားရေးအခြေအနေကောင်းမွန်သော ချီလီနိုင်ငံ၌ ရစ်ချ်တာစကေး ၉ နီးပါး ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ခဲ့သည်။

ငလျင်များ၏ဒဏ်ကြောင့် ဟေတီ၌ လူသေဆုံးမှုခန့်မှန်းခြေတစ်သိန်းမှ သုံးသိန်းကျော်အထိရှိခဲ့ပြီး ဟေတီနိုင်ငံထက် ငလျင်ပြင်းအားပိုသည့် ချီလီနိုင်ငံတွင် လူသေဆုံးမှုမှာ လူဦးရေ ငါးရာဝန်းကျင်သာ ရှိခဲ့သည်ကို တွေ့ရသည်။ စီးပွားရေးအရ ဆုံးရှုံးမှုများတွင်လည်း ချီလီနိုင်ငံသည် ဟေတီနိုင်ငံထက် ပိုမိုနည်းပါးခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုအားကောင်းသည့် နိုင်ငံများသည် ဝင်ငွေနိမ့်၍ ဆင်းရဲနွမ်းပါးသည့် နိုင်ငံများထက် ထိခိုက်မှုပိုမိုနည်းပါးသည်ဟု ကောက်ချက်ချခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်နှင့် လယ်ယာကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှု

သဘာဝဘေးဒဏ်ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေပြုနေထိုင်ကြသည့် လူ့အဖွဲ့အစည်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ပါက ဆင်းရဲနွမ်းပါးမှုအခြေအနေပါ ပိုမိုဆိုးရွားလာနိုင်သည်ဟု သတိထားမိကြသည်။ ယခင်ကတည်းက ဝင်ငွေနည်းပါးလျက် လယ်ယာကဏ္ဍကို အမှီပြုနေသော ဆင်းရဲနွမ်းပါးသည့် လူ့အဖွဲ့အစည်းများတွင် နေ့စဉ် စားဝတ်နေမှု အခြေခံလိုအပ်ချက်များအတွက် ပိုမိုခက်ခဲစွာ ရုန်းကန်ရသည့် အခြေအနေဖြစ်လာသည်။ စိုက်ပျိုးသီးနှံထိခိုက်ပျက်စီးမှုများကြောင့် သီးနှံအထွက်လျော့မှု၊ ဝင်ငွေကျဆင်းမှုများရှိလာသဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရေး၊ (ချေးငွေများရယူထားမိပါက) ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေးတို့အတွက် ၎င်းတို့လုပ်ငန်းသုံးစက်ကိရိယာ၊ ကျွဲ၊ နွားအပါအဝင် အခြားသောပိုင်ဆိုင်မှုများ ရောင်းချဖြေရှင်းမှုများ ပြုလုပ်ကြရသည်။

ထို့ကြောင့် တောင်သူလယ်သမားများ ချေးငွေပြန်လည်ပေးဆပ်ရန်နှင့် လုပ်ငန်းဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အထောက်အကူပြုအစီအစဉ်များဖြင့် ကုစားပေးရန်လိုသည်။ ၎င်းတို့ကို ထောက်ပံ့ကူညီမှုများ ထိထိရောက်ရောက် ပြုလုပ်မပေးနိုင်ခဲ့ပါက “ဆင်းရဲနွမ်းပါးမှုထောင်ချောက်များ (poverty trap) အတွင်းသို့ ကာလရှည်ကျရောက်သွားနိုင် သည်”ဟု သုတေသီ၊ ပညာရှင်တို့က သုံးသပ်ကြသည်။ သဘာဝဘေးဒဏ်သင့်ခဲ့သည့် နိုင်ငံအချို့ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ၊ အချက်အလက်၊ အထောက်အထားများအရ သဘာဝဘေးဒဏ်ခံရသည့် ဒေသများတွင် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာသည်ဟု ဆိုကြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အနာဂတ်မျိုးဆက်များအပေါ်သက်ရောက်မှု

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲနွမ်းပါးသည့် မိသားစုရာခိုင်နှုန်းများပြားသဖြင့် သဘာဝဘေးဒဏ်သင့်ကာလအလွန်၌ စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေးအစီအစဉ်များကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ပါက နိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုများအပေါ် သက်ရောက်မှုပိုမိုကြီးမားလာနိုင်သည်။ ထိုမိသားစုများ၏ ရှင်သန်ရပ်တည်မှုပိုမိုခက်ခဲလာပြီး အနာဂတ်ကာလမျိုးဆက်သစ်များအထိပါ သက်ရောက်မှုများဖြစ်လာနိုင်သည်ဟု သုံးသပ်ကြ၏။ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုအများစုတွင် မိသားစုဝင်ငွေဖြည့်ဆည်းနိုင်ရေးအတွက် သားသမီးများကိုကျောင်းထုတ်၍ အလုပ်ခိုင်းစေမှုများပြားလာသဖြင့် အခြေခံပညာရေးကဏ္ဍ၌ ကျောင်းတက်ရောက်သည့်ဦးရေ ကျဆင်းလာနိုင်သည်။

အကျိုးဆက်အားဖြင့် အဆိုပါနိုင်ငံ၏ အနာဂတ်ကာလစာပေတတ်မြောက်မှုနှုန်း လျော့ကျလာပေလိမ့်မည်။ မိုးခေါင်ရေရှားသည့်ဒဏ်ခံရလေ့ရှိသော တန်ဇန်းနီးယား၊ ဇင်ဘာဘွေ စသည့် အာဖရိကနိုင်ငံများတွင် ကျောင်းပညာရေးစိတ်ဝင်စားမှု နည်းပါးသော၊ အာဟာရချို့တဲ့၍ မှတ်ဉာဏ်စွမ်းရည်ချို့တဲ့သော ကလေးနှင့် လူငယ်အရေအတွက် မြင့်တက်လာခဲ့ပြီး ဝင်ငွေနိမ့်ကျသော လုပ်သားအင်အားများပြားလာသည်ဟု လေ့လာမှုစစ်တမ်းများက ထောက်ပြထားကြသည်။

ပြန်လည်နာလန်ထူနိုင်ရေး မည်သို့မည်ပုံ

သဘာဝဘေးဒဏ်သင့်နိုင်ငံများတွင် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်အတူ နိုင်ငံအတွင်းရှိ ကဏ္ဍစုံပြန်လည်နာလန်ထူနိုင်ရေး အားထုတ်မှုများကို လုပ်ဆောင်ရာ၌ မူဝါဒများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ရခြင်းလုပ်ငန်းများသည် (ပုံမှန်အခြေအနေနှင့်လုံးဝမတူ) ရှုပ်ထွေး၊ ခက်ခဲလျက်စိန်ခေါ်မှုများပြည့်လျက်ရှိနေသည်။

ပျက်စီးသွားခဲ့သော နေအိမ်၊ အဆောက်အအုံ၊ ပိုင်ဆိုင်မှုပစ္စည်း စသဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ပြန်လည်ဖြည့်ဆည်းပေးရာတွင်လည်းကောင်း၊ ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာဝေဒနာများ လျော့ပါးသက်သာစေရေးကုစားပေးရာတွင်လည်းကောင်း ငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ် အင်နှင့် အားနှင့် လိုအပ်သည်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်သည့်တိုင် စိတ်ပိုင်းဆိုင်ရာဝေဒနာများ လျော့ပါးသက်သာစေရေးအတွက် လုပ်ဆောင်ပေးရာတွင် ထင်သလောက်မလွယ်ကူပေ။ ဘာသာရေးအဆုံးအမများဖြင့်လည်းကောင်း၊ စိတ်ပညာ ဆိုင်ရာနည်းလမ်းများဖြင့်လည်းကောင်း အကြံပေးခြင်း၊ ဆွေးနွေးနှစ်သိမ့်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သူကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ပေသည်။

လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ၏ စီးပွားရေးပြန်လည်ရှင်သန်နိုင်ရေးအတွက် အစိုးရအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့များ လျင်လျင်မြန်မြန်ပေးနိုင်သည့် အစီအမံများ လုပ်ဆောင်ပေးနိုင်မှုသည် အရေးကြီး၏။ သဘာဝဘေးဒဏ်သင့် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်က လုပ်ဆောင်ရမည့် ပြန်လည်ထူထောင်ရေးအသေးစိတ်စီမံချက်များတွင် အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို အုပ်စုခွဲ၍ အုပ်စုတစ်စုချင်း အသေးစိတ်ဖော်ထုတ်လျက်ဆက်စပ်လုပ်ဆောင်ရန် လိုအပ်ပါသည်။

စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း အခွင့်အလမ်းရှာ

အခြေအနေတိုင်းတွင် စိန်ခေါ်မှု (အခက်အခဲ) နှင့် အခွင့်အလမ်းများ ယှဉ်တွဲရှိနေတတ်သည်။ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရင်းအခွင့်အလမ်းသစ်များကို ရှာဖွေနေရမည်။ သဘာဝဘေးဒဏ်သင့်ကာလအလွန် ပြန်လည်ထူထောင်ရေးအရှိန်အဟုန်ပြင်းထန်မှုသည်လည်း အရေးကြီးသည်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုအချက်ကို ပို၍အလေးထားသင့်သည်။ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေရင်းမှာပင် ပေါ်ထွက်လာသော အခွင့်အလမ်းသစ်များ အမိအရဖမ်းဆုပ်၍ ပိုမိုကောင်းမွန်သည့် အခြေအနေသစ်များကို ဖန်တီးနိုင်ရမည်။ ထိုအခြေအနေမျိုးမရှိခဲ့ပါက စိန်ခေါ်မှုများသည် ကြီးသည်ထက်ကြီးမားလာနိုင်ပြီး အခက်အခဲများ ပိုမိုများပြားလာကာ ဆုံးရှုံးနစ်နာမှုများမှာ ကာလရှည်တည်မြဲသွားတတ်သည်။

ဘီသုံးလုံး (BBB) သို့မဟုတ် ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှု

သဘာဝဘေးဒဏ်သင့် ကာလအလွန်တွင် ဘီသုံးလုံးဟု အတိုကောက်ခေါ်သည့် “ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှု” (Building Back Better) အခွင့်အလမ်းများ ရှိနေသည်ဟု ရှုမြင်သူများလည်းရှိသည်။ ဤနေရာတွင် “ပိုမိုကောင်းမွန်သော” (Better) ဝေါဟာရ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာသဘောပေါက်ရန် အရေးကြီးသည်ဟု ဆိုသည်။ ပုဂ္ဂလိကတစ်ဦးချင်းပိုင်ဆိုင်သည့် နေအိမ်၊ အဆောက်အအုံများကိုဖြစ်စေ၊ လမ်းများ၊ တံတားများ၊ ကျောင်းများ၊ ဆေးရုံများစသဖြင့် အများပြည်သူနှင့် သက်ဆိုင်သော အခြေခံအဆောက်အအုံများကိုဖြစ်စေ ယခင်ကာလများထက် သဘာဝဘေးအန္တရာယ်ဒဏ် ပိုမိုခံနိုင်ရည်ရှိစေရန် လုံခြုံစိတ်ချရမှုစံနှုန်းများနှင့်အညီ ပြန်လည်တည်ဆောက်နိုင်ခြင်းဖြစ်သည်။

ထိုသို့ ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှုသည် အနာဂတ်ကာလများတွင် လူသားတို့၏ အသက်ဘေးအန္တရာယ်နှင့် စီးပွားရေးအရ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ပိုမိုလျော့နည်းလာစေပြီး အသက်ရှင်ကျန်ရစ်သူများ၏ လူမှုစီးပွားဘဝများတွင် စိတ်သောကဖိစီးမှုများ တဖြည်းဖြည်းပြေလျော့လျက် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို သက်သာရာရလာစေနိုင်သည်။ ထို့ကြောင့် “ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှု” ကို သဘာဝဘေးဒဏ်သင့်နိုင်ငံများက “ဖွံ့ဖြိုးတိုးတက်မှုအတွက် ခုန်တက်နိုင်မှု” (Development Leap) အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူကြခြင်းဖြစ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံသို့မဟုတ် လူ့အဖွဲ့အစည်းအတွင်း လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်မှု၊ အရပ်ဒေသနှင့်သင့်လျော်သော နည်းလမ်းတို့ အသုံးပြုမှုတို့ကို ထည့်သွင်းစဉ်းစားနိုင်ရမည်။ ဆိုလိုသည်မှာ တည်ဆောက်မှုများသည် ဒေသခံလူများ၏ ဓလေ့ထုံးစံများ၊ နေထိုင်မှုပုံစံများနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည်ဟုဆိုသည့်တိုင် လူနေထိုင်မှုအတွက် အထောက်အကူပြုနိုင်မည်မဟုတ်ပါ။

ဒေသခံလူများက ၎င်းတို့၏ ဓလေ့ထုံးစံ၊ နေထိုင်မှုပုံစံအရသင့်လျော်မှုမရှိ၊ ၎င်းတို့နှင့် အကျွမ်းတဝင်မရှိသော အိမ်ရာပုံစံများဟုယူဆပါက အကောင်အထည်ဖော်တည်ဆောက်ပြီးသော အိမ်ရာများတွင် လူနေထိုင်မှုမရှိသည့် နေအိမ်အရေအတွက် များပြားလာနိုင်ပြီး သက်ဆိုင်ရာအစိုးရ၏ အသုံးစရိတ်များသည်လည်း သဲထဲရေသွန်သကဲ့သို့ အကျိုးမရှိဖြစ်နိုင်သည်ဟု သုတေသီအချို့က သုံးသပ်ထားသည်။

စဉ်းစားရမည့် အခြေအနေများ

သဘာဝဘေးဒဏ်သင့် ဒေသများအတွက် အစိုးရများနှင့် အလှူရှင်များက ထိခိုက်ပျက်စီးမှုများကို လေ့လာသုံးသပ်၊ အကဲဖြတ်၍ ပြန်လည်တည်ဆောက်ရေးအစီအမံပြင်ဆင်မှုများနှင့်အတူ ကျွမ်းကျင်သူများကလည်း နည်းပညာဆိုင်ရာအဆိုပြုချက် (Technical Proposal) များကို ရေးဆွဲကြသည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်မှုများတွင် ငွေကြေးရန်ပုံငွေပမာဏ၊ ကျွမ်းကျင်ပညာရှင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အဖွဲ့အစည်းများ၏ အရည်အသွေး၊ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အတိုင်းအတာ စသဖြင့် ဆက်စပ်မှုရှိသော အချက်များကိုပါ ထည့်သွင်းစဉ်းစားကြရသည်။

သဘာဝဘေးဒဏ်သင့်သူများအတွက် ပြန်လည်ထူထောင်ရေး၊ နေရာချထားရေးအစီအစဉ်များ ရေးဆွဲရာတွင်လည်း ဆက်စပ်သူများ၏အခွင့်အရေးများ (ဥပမာ၊ တောင်သူလယ်သမားအခွင့်အရေးများနှင့် အမျိုးသမီးများဆိုင်ရာအခွင့်အရေးများ)၊ မြေယာအခွင့်အရေး၊ မြို့ပြများတွင်ဖြစ်ပါက တရားမဝင်ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်သည့် ကိစ္စရပ်များ စသဖြင့် နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်သည့်ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားထားရန် လိုအပ်လာသည်။ နိုင်ငံတွင်းရှိ စီးပွားရေးအင်အားကြီးအုပ်စုများ၏ အကျိုးစီးပွားပဋိပက္ခများနှင့် ပတ်သက်၍လည်း စဉ်းစားချင့်ချိန်လုပ်ဆောင်ရန်လိုအပ်သည်။ လုပ်ငန်းစဉ်အစတွင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်ခြင်းမရှိခဲ့ပါက နောက်ပိုင်းကာလများတွင် စီးပွားရေး၊ လူမှုရေးမညီမျှမှုများ ပေါ်ပေါက်လာနိုင်ပြီး ဖြေရှင်းရခက်ခဲသည့်ပြဿနာများ ရှိလာနိုင်ပါသည်။

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် စီးပွားရေးအခြေအနေကို ပြန်လည်တည်ဆောက်ရာတွင် အချိန်တိုအတွင်း ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ မလွယ်ကူနိုင်။ စီးပွားရေးအခြေအနေများသည်လည်းကောင်း၊ လူတို့၏ စိတ်ဆန္ဒများသည်လည်းကောင်း အမြဲမပြတ်ပြောင်းလဲနေတတ်သောကြောင့် ယခင်မူလအခြေအနေထက် new normal ဟုဆိုရမည့် အသစ်ဖြစ်ပေါ်လာသော ပုံမှန်အခြေအနေကိုသာ ကနဦးစဉ်းစားထားရမည်ဟုဆိုသည်။ new normal အခြေအနေကိုလက်ခံလျက် စီးပွားရေးအခြေအနေအရပ်ရပ်အပေါ်မူတည်၍ ကူညီအားပေးခြင်းသည်သာ လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများအတွင်းရှိ လတ်တလောဆင်းရဲဒုက္ခများကို လျော့ပါးသက်သာစေပြီး လူမှုဖူလုံရေးအခြေအနေတို့ကို မြှင့်တင်နိုင်ကာ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူဖြစ်လာစေလိမ့်မည်။

တန်ဖိုးမဖြတ်နိုင်သော စိတ်ထားနှလုံးသားများနှင့်အတူ

သဘာဝဘေးဒဏ် ကြုံတွေ့လာရသည့်အခါ သက်ဆိုင်ရာနိုင်ငံအစိုးရများ၊ တာဝန်ရှိအဖွဲ့အစည်းများသည် အရေးပေါ်စီမံခန့်ခွဲမှု (Emergency Management)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု (Disaster Management) စသဖြင့် အခြေအနေအပေါ် မူတည်အသုံးပြုနိုင်သည့် စီမံခန့်ခွဲမှုစနစ်များကို လက်တွေ့ကြုံတွေ့မှုများနှင့်ကိုက်ညီစွာ ကျင့်သုံးလုပ်ဆောင်နိုင်ရေးအားထုတ်ကြရသည်။

နိုင်ငံအစိုးရများ၏ ဦးဆောင်မှုနှင့်အတူ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၏ ပံ့ပိုးကူညီလိုမှု၊ (ဖွံ့ဖြိုးဆဲနိုင်ငံများတွင်) ပရဟိတစိတ်ထား အားကောင်းသော လူတစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်းများအားလုံး ကိုယ်ချင်းစာတတ်၊ ကူညီတတ်၊ အနစ်နာခံတတ်သည့် တန်ဖိုးမဖြတ်နိုင်သော စိတ်ထား၊ နှလုံးသားများဖြင့် ပါဝင်လုပ်ဆောင်မှုများ အားကောင်းခဲ့ပါက သဘာဝဘေးဒဏ်သင့်လူ့အဖွဲ့အစည်းအတွင်းရှိ လိုအပ်ချက်များကို စွမ်းဆောင်ရည်ရှိရှိ၊ ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဖြစ်ပါသည်။ ။

ကိုးကား။ https://www.un.org