Skip to main content

အားနည်းချက်နဲ့ အခွင့်အလမ်းရှာ ခံယူအသုံးချလို့ အနာဂတ်တွေလှဖို့ရာ

ဒေါက်တာမြတ်မိုး

အပြိုင်အဆိုင်ခေတ်ကြီးမှာ ပြိုင်ဆိုင်သူအချင်းချင်းကြား ဘယ်လိုနှလုံးသွင်းရမလဲ၊ ရလာတဲ့ရလဒ်အပေါ်မှာ ဘယ်လိုအကောင်းမြင်သင့်သလဲ စတာတွေဟာ တကယ့်ကို အတုယူသင့်၊ ဆင်ခြင် သင့်တဲ့အရာတွေဖြစ်နေလို့ပါပဲ။ ပြိုင်ရင်နိုင်ချင်ကြတာသဘာဝ။ နိုင်ချင်ပေမယ့်ရှုံးရင် လက်မခံချင်တာလည်း သဘာဝတရားတစ်ခု။ အောင်မြင်သူအပေါ် မနာလိုဝန်တိုမှုဖြစ်တတ်တာလည်း ပုထုဇဉ်တွေရဲ့သဘောသဘာဝ။ ကိုယ့်လိုလားချက်မဖြစ်ခဲ့ရင် အပြစ်ရှာတတ်ခြင်းကလည်း တွေ့နေကျအစဉ် အလာတစ်ခုဆိုတော့ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာသေးတဲ့ ပြိုင်ဆိုင်မှုတစ်ခုကနေ အချို့သူတွေက ဘဝကြီးတစ်ခုလို တင်စားပေမယ့် မေ့မထားသင့်ဘဲ ပိုအရေးကြီးတဲ့အချက်က မိမိအနာဂတ်ဘဝလမ်းကြောင်း သာယာဖြောင့်ဖြူးရေးမှာ အခွင့်အလမ်းကောင်းများစွာရှိနေသေးတယ်၊ အားနည်းချက်ကနေ အားသာချက်တွေ များစွာဖန်တီးနိုင်တယ် ဆိုတာပါပဲ။ အဓိကအကျဆုံးက လတ်တလော အခြေအနေတွေကနေ မိမိအားနည်းချက်နဲ့ အခွင့်အလမ်းရှာဖွေတတ်ဖို့နဲ့ တရားသဘောပါတဲ့ နှလုံးသွင်းပုံကနေ ခံယူနေတတ်ဖို့ဖြစ်ပါတယ်။

တရားနှင့်ယှဉ်၍ နှလုံးသွင်းပုံ

လေးနှစ်၊ ငါးနှစ် တစ်ခါပေါ်လာတတ်တဲ့ ရာထူးတိုးမြှင့်ရေးစာမေးပွဲတွေဟာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ဘဝအတွက် မလွတ်တမ်းဖမ်းဆုပ်ရမယ့် အခွင့်အလမ်းတွေဖြစ်ပါတယ်။ ဒီလိုစာမေးပွဲတွေမှာ ဖြေဆိုအောင်မြင်နိုင်ဖို့၊ အောင်မြင်ရုံနဲ့မပြီး ဝန်ထမ်းသက်၊ ရာထူးသက်၊ အကဲဖြတ်ဆန်းစစ်မှု၊ လူတွေ့နှုတ်ဖြေရမှတ်တွေအပေါ်မူတည်ပြီး မိမိရာထူးတိုးပါဖို့ နေ့မအား၊ ညမအား အသည်းအသန်ကြိုးစားလေ့ကျင့်ကြရပါတယ်။

ဒါပေမဲ့ ခုနကဖော်ပြပါဝန်ထမ်းဟာ ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ခဲ့ပေမယ့် သူဖြစ်ချင်သလိုမဖြစ်ခဲ့ဘူး။ ဆိုပါတော့..သူလိုချင် တာမရခဲ့ဘူး။ ရာထူးနေရာက နည်းနည်း၊ အလွန့်အလွန် တော်လွန်းထက်လွန်းသူတွေကြားမှာ သူ့အတွက် အခွင့်အလမ်းထက် မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေက ထိုဝန်ထမ်းအပေါ်မှာ အနိုင်ယူသွားခဲ့တယ်လို့ယူဆရမယ်။ ထိုဝန်ထမ်းရဲ့ အထက်ကနေ အမြဲကြီးကြပ်ကြပ်မတ်ပြီး တရားနဲ့ယှဉ် သွန်သင်ဆုံးမနေသူဖြစ်တဲ့အလျောက် သူ့ရဲ့ရလဒ်အပေါ်မှာ သူကိုယ်တိုင် ခံယူပုံခံယူနည်းတွေက ဆရာ တစ်ယောက်အတွက်တော့ အားရပီတိဖြစ်ခဲ့ရပါတယ်။

သူကိုယ်တိုင်ကလည်း ဝန်ထမ်းဖြစ်ပေမယ့်အချိန်တိုင်းမှာ ဗုဒ္ဓရဲ့ဓမ္မတရားတွေနဲ့သာ နာယူလုပ်ကိုင်သူဖြစ်ပါတယ်။ ပြောချင်တာက တရားနဲ့ယှဉ်ပြီး သိမြင်ခံယူမှုဟာ လက်တွေ့နယ်ပယ်လောကဓံကိုရင်ဆိုင်ရာမှာ ဘယ်လောက်အထိ ငြိမ်းချမ်းပြီး အကောင်းမြင်စိတ်ထားနိုင်တယ်ဆိုတာ လက်တွေ့ပြနေခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။

အားနည်းချက်၊ အားသာချက်ကနေ ခံယူတတ်ပုံ

အောင်မြင်ပေမယ့် မရခဲ့သူအတွက် ကွပ်ကဲသူဆရာတစ်ယောက်အနေနဲ့ မိမိမှာ တာဝန်ရှိတယ်လို့ ခံယူ၊ အားနာပြီး မပျော်နိုင်ဖြစ်ခဲ့ပေမယ့် ထိုဝန်ထမ်း ရဲ့ ခံယူချက်ကပဲ ကျွန်တော်တို့အားလုံးအတွက် သင်ခန်းစာယူ အတုယူစရာ အားဆေးတစ်ခွက်ဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့ရလဒ်အပေါ်မှာ သူ့အနေနဲ့ အကောင်းဆုံး လက်ခံနိုင်ခဲ့တာတွေ့ရတယ်။ ရလဒ်အားလုံးအပေါ်မှာ စိတ်ကိုစင်စင်ကြယ်ကြယ်ထားပြီး ဂုဏ်ယူသင့်တဲ့အရာတွေအတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ အလွန်များပြားတဲ့ အင်္ဂလိပ်စာအပါအဝင် ဘာသာရပ်အစုံ၊ စာပေဗဟုသုတမျိုးစုံကို တစ်ချိန်တည်း တစ်ပြိုင်တည်း လေ့လာကျက်မှတ်လိုက်ရတဲ့အခါမှာ ဟိုယခင် လတွေ၊ နှစ်တွေကတည်းက အချိန်ယူပြီးလေ့လာ ကျက်မှတ်နိုင်မှုမရှိခဲ့ခြင်း၊ ကျက်မှတ်ဖို့ အချိန်မလုံ လောက်ခြင်းစတဲ့ အခွင့်အလမ်းကောင်းတွေမရှိခဲ့ခြင်းတွေက သူ့အတွက် အားနည်းချက်ဖြစ်ခဲ့ရကြောင်း၊ ဒါပေမဲ့စာမေးပွဲကြီးနီးတဲ့အချိန် ဒီလိုကျက်မှတ်လိုက်ရမှ မိမိရဲ့အားနည်းချက်တွေ၊ လိုအပ်ချက်တွေကိုသိရှိလာရကြောင်း၊ ငါတို့မှာ ကျက်မှတ်လေ့လာရမှာတွေက အများကြီးရှိနေပါလား၊ အချိန်ယူလေ့လာဖို့ လိုနေပါသေးလား၊ ငါတို့မသိတာ၊ မတတ်တာတွေလည်း များစွာရှိနေသေးပါလားဆိုတာ ဆင်ခြင်မိကြောင်း၊ ဒါကြောင့် ကိုယ်တိုင်အားနည်းနေတဲ့အပိုင်းတွေကို ဆက်လက်လေ့လာ သွားရမှာဖြစ်ကြောင်း၊ အထူးသဖြင့် အင်္ဂလိပ်စာ ဘာသာရပ်ကို အချိန်ပေးလေ့လာကျက်မှတ်ဖို့လိုနေကြောင်း စတဲ့ မိမိရဲ့အားနည်းချက်ကို ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ထုတ်နိုင်ခဲ့တာတွေ့ရတယ်။ တစ်နည်း အားဖြင့် အရှုံးထဲက အမြတ်ထုတ်ပုံ၊ မိမိအားသာချက်ကို သာသာထိုးထိုးတွေးပြီး နစ်မျောမနေ၊ အားနည်းချက်ကိုမရမက ရှာဖွေဖော်ထုတ်၊ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်ရှာ၊ မှန်မှန်ကန်ကန် ခံယူနိုင်ပုံလေးကို မြင်နိုင်ဖို့ဖြစ်ပါတယ်။

ဒီနေရာမှာ ရည်မှန်းချက်တစ်ခုထားရင် မိမိရဲ့အားသာချက် (Strength)နဲ့ အားနည်းချက် (Weakness)ကို ဖော်ထုတ်နိုင်ဖို့အရေးကြီးပုံကို တင်ပြလိုပါတယ်။ တစ်ဆက်တည်းစိန်ခေါ်မှု (Challenges/Threats) ကနေအခွင့်အလမ်း (Opportunities)ကို ဘယ်လိုရှာမလဲ ဖော်ပြလိုပါတယ်။ အတိုကောက်အနေနဲ့တော့ SWOT ပါ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ ဘဝမှာအောင်မြင်ချင်ရင်၊ မျှော်လင့်ခြင်းပန်းတိုင်ရှိနေရင် မိမိမှာ W (အားနည်းချက်) ဘာရှိလဲ၊ S (အားသာချက်)က ဘာတွေလဲ၊ S နဲ့ W က မိမိအတွင်းအဇ္ဈတ္တကလာပါတယ်။ မိမိရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်တဲ့အတွက် မိမိကိုယ်တိုင်အားထည့်မှရတယ်။

ဥပမာ- လူတိုင်း၊ ဝန်ထမ်းတိုင်း တတ်မြောက်ထားရမယ့်ပညာရပ် ဘာသာရပ်ကျွမ်းကျင်မှုတွေ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အိုင်တီနည်းပညာ၊ အုပ်ချုပ်မှုဆိုင်ရာ၊ ဥပဒေ၊ နည်းဥပဒေ၊ ခေါင်းဆောင်မှုဆိုင်ရာ၊ ဆက်သွယ်ဆက်ဆံမှုဆိုင်ရာ၊ ဒါ့အပြင် အထွေထွေဗဟုသုတ၊ မြန်မာစာ စတာစတာတွေ ဖြစ်ပါတယ်။၊ ကြိုးစားနိုင်ရင် အားသာချက်တွေများလာမယ်။ မကြိုးစား၊ မပြုပြင်နိုင်ရင် အားနည်းချက်တွေ ဆက်ရှိမယ်၊၊ ဆိုလိုတာက လူတိုင်းဟာ အားသာချက်တွေကို တိုးမြှင့်တည်ဆောက်ပြီး အားနည်းချက်တွေကို လျှော့ချနေရမှာ ဖြစ်ပါတယ်။ ဘယ်လိုအားထုတ်ရပါမလဲ၊ အချို့သောကျွမ်းကျင်မှု ဗဟုသုတအရာတွေကို လ၊ နှစ် အချိန်ယူပြီး အားထုတ်လေ့ကျင့်ထားမှ ရပါတယ်။ နေ့စဉ်အချိန် အနည်းငယ်ပေးကာ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပြီးနီးမှ ကပ်လုပ်လို့မရတာတွေရှိတယ်ဆိုတာ သိထားဖို့ပါပဲ။

ခွဲခြမ်းစိတ်ဖြာသုံးသပ်နေရန်

အားနည်းချက်၊ အားသာချက်က မိမိကိုယ်တိုင်ကြိုးစားမှုရဲ့ အသီးအပွင့်ဖြစ်ပေမယ့် အခွင့်အလမ်း (O) နဲ့ စိန်ခေါ်မှု (T) တို့ကတော့ မမျှော်လင့်ထား၊ မျှော်လင့်လို့မရ ပြင်ပကလာပြီး အစိုးလည်းမရ တတ်တဲ့ အကြောင်းတရားတွေဖြစ်ပါတယ်။ ဥပမာ သဘာဝဘေး၊ ရောဂါကပ်၊ မိမိကို အားပေးကူညီ ထောက်ပံ့မှု၊ လေ့လာသင်ကြားခွင့်၊ အလုပ်တာဝန် ပမာဏ၊ စာမေးပွဲမှာဆိုရင် မိမိထင်မထား ကျက်မထားမိတဲ့ မေးခွန်းအမျိုးအစား၊ ကျန်းမာရေး၊ လူမှုရေး၊ နောက်ထပ်မျှော်လင့်မထားတဲ့ မိမိကြောင့်မဟုတ်ဘဲ သူများပယောဂကြောင့်ဖြစ်ရတဲ့ ဘာမဆိုဖြစ်သွား နိုင်တဲ့အခြေအနေတွေ စတာတွေပဲဖြစ်ပါတယ်။

အနှစ်ချုပ်ရင်တော့ အားနည်းချက်၊ အားသာချက်၊ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိရမယ်လို့ တင်ပြလိုခြင်းပါ။ တစ်နည်း SWOT Analysis လုပ်နိုင်စွမ်းရှိရမယ်လို့ ဆိုလိုခြင်းဖြစ်ပြီး ယနေ့ခေတ် ယနေ့အခြေအနေတွေအရလည်း အရေးပါ တဲ့အရည်အသွေးတစ်ခု ဖြစ်နေလို့ပါ။ ကိုယ်ကဘယ်အရာမှာ အားသာသလဲ၊ အထူးသဖြင့် ဘယ်နေရာမှာ အားနည်းချက်ရှိသလဲ။ အတော်များများမှာ မကောင်းတာတစ်ခုက ရှိရင်လည်း မရှိသယောင်၊ မမြင်ချင်ယောင်ဆောင်၊ ဖုံးဖုံးဖိဖိနဲ့ မသိကြတာများလှတယ်။ စီမံချက်နဲ့သွားရတဲ့ ဘာပဲလုပ်လုပ် လူငယ်တွေအနေနဲ့ မိမိရည်မှန်းချက်အတွက် အစီအစဉ်တွေရေးဆွဲရာမှာ အားနည်းချက်၊ အားသာချက်၊ အခွင့်အလမ်း၊ စိန်ခေါ်မှုတွေကို တစ်ချက်ချင်းဖော်ထုတ်၊ ဖြစ်နိုင်ရင် စာရွက်ပေါ်မှာချရေးပြီး လေ့ကျင့်ရပါတယ်။ အသေးအဖွဲလေးကအစ အလေ့အကျင့် လုပ်ကြည့်စေလိုပါတယ်။

ကံ၊ ဉာဏ်၊ ဝီရိယကို မမေ့ပါနှင့်

လူတိုင်းမှာ ရည်မှန်းချက်ဆိုတာ ရှိရပါတယ်။ အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းတွေမှာ မိမိရုံးဌာနအတွက်၊ မိမိဘဝအတွက်၊ မိသားစုအတွက်ဆိုပြီး တစ်ချိန်တည်း တစ်ပြိုင်တည်းထားရှိရမယ့် ရည်မှန်းချက်တွေရှိကြလိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့်ပဲ ဝန်ထမ်းတွေဆိုတာ အမြဲကြိုးစားနေ ကြရခြင်းဖြစ်ပါတယ်။ အပြိုင်အဆိုင်များတဲ့ ခေတ်ကြီး၊ အပြောင်းအလဲမြန်တဲ့ အခြေအနေတွေအောက်မှာ မကြိုးစားလို့မရပါဘူး။ ဘာမှမမြဲမတည်မြဲတဲ့ တရားသဘောတွေကြောင့်လည်း ကိုယ့်ဘက်ကအချိန်ယူလေ့လာသင်ယူ ပြင်ဆင်ထားရမယ့်အရာတွေရှိနိုင်တယ်။ ဒါကြောင့် ပြောချင်တာက အရာရာ ကံ၊ ဉာဏ်၊ ဝီရိယဆိုတာကို မမေ့ဖို့လိုပါတယ်။

ဝီရိယချည်း အားကိုးနေလို့လည်းမရဘူး။ ကိုယ်အားစိုက်လိုက်တဲ့အရာမှန်သမျှ အရာထင်ပြီး ပညာဉာဏ်နဲ့မြင်နေဖို့လည်းလိုပါတယ်။ ဆိုလိုတာက ဖတ်မှတ်လေ့လာ အားထုတ်သမျှ ထိရောက် အကျိုးရှိ၊ အသိဉာဏ်တိုးပွားနေဖို့ ဖြစ်ပါတယ်။ ဝီရိယနဲ့အားထုတ်၊ ဉာဏ်ရှိရုံနဲ့လည်း ပြီးပြည့်စုံပြီလား၊ မဟုတ်ပါ။

ကံလည်းအရေးကြီးပါသေးတယ်။ ကံသာအမိ၊ ကံသည်သာအားကိုးရာဆိုပေမယ့် အားလုံးကံကိုချည်း ပုံချနေဖို့လည်းမဟုတ်ပြန်ဘူး။

ကိုယ်တွေးသမျှ၊ ပြောသမျှ၊ လုပ်သမျှ ကုသိုလ်၊ အကုသိုလ်ကံဆိုပြီး ကံအကျိုးပေးတာမို့ မိမိမှာကောင်းကံတွေဖြစ်ပြီး မကောင်းကံတွေ လျော့သွားဖို့၊ ကိုယ်တွေးတာ၊ ပြောတာ၊ လုပ်တာတွေမှာကောင်းနေဖို့၊ ကုသိုလ်ဖြစ်နေဖို့ ကိုယ်ကိုယ်တိုင်ကပဲ ကြိုးစားနေရမှာဖြစ်ပါတယ်။ အထက်က ဝန်ထမ်းလိုပါပဲ။ အနာဂတ်မှာ အမှားနည်းအောင်နဲ့ ကောင်းတာတွေပိုများအောင် ကိုယ့်လုပ်ရပ်ကို ပြန်လည်ဆန်းစစ်နေဖို့ပါပဲ။ ဒါကလည်း ဝီရိယနဲ့ပညာဉာဏ်ကို အားကိုးရမယ်။ ကံမကောင်းရင် ဘုရား၊ တရား၊ သံဃာအာရုံအမြဲပြု။ မမြဲဘူးဆိုတဲ့အသိနဲ့ ကုသိုလ်အကျိုးပေး၊ အကုသိုလ်အကျိုးပေး၊ ကိုယ်စိုက်သမျှ ကိုယ်စားရတယ်ဆိုတဲ့ ကံအသိတရားတွေနဲ့တင် ပညာဖြစ်နေပါပြီ။ အဓိကအချက်က ကျွန်တော်တို့ဝန်ထမ်းတွေ၊ လူငယ်တွေအားလုံး ကံကိုလည်းအားကိုး၊ ဉာဏ်ကိုလည်းအားကိုး၊ ဝီရိယလည်း အားထားကြဖို့ဆိုလိုရင်းပါပဲ။

အားလုံးကို ပြန်ချုပ်ရရင်တော့ ကြုံတွေ့ရတဲ့ ကိစ္စရပ်အပေါ်မှာ ခံယူတတ်ဖို့နဲ့ နှလုံးသွင်းမှန်ဖို့ အရေးကြီးပါတယ်။ အတွေ့အကြုံကနေ အားနည်းချက်ကို ဖော်ထုတ်တတ်ဖို့နဲ့ အနာဂတ်စိန်ခေါ်မှုတွေအပေါ် တွက်ချက်ပြင်ဆင်နိုင်ဖို့၊ မိမိအားသာချက်ကို အကောင်းဆုံးအသုံးချတတ်ဖို့နဲ့ ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်မယ့် အခွင့်အလမ်းကောင်းမှန်သမျှ ဖမ်းယူဆုပ်ကိုင်တတ်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။ လိုချင်တာကိုမရခဲ့ရင် ကျရှုံးမှုကြီးလို့မမြင်ဘဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာ ကျေနပ်နိုင်ဖို့နဲ့ဝမ်းနည်း၊ စိတ်ဓာတ်ကျခြင်းမဖြစ်ဖို့လည်း လိုအပ်ပါတယ်။

ယာယီမရသေးတဲ့ အရာတစ်ခုအတွက် အကုသိုလ်သောကမဖြစ်အောင် ထိန်းချုပ်နိုင်မှုက သူများအပေါ် မနာလိုမုန်းထားဖြစ်မှာကိုလည်း ပပျောက်စေပါတယ်။ ကံရဲ့အကြောင်းတရားကို နှလုံးသွင်းလိုက်နိုင်ရင် အောင်မြင်သူတွေအပေါ်မှာ မုဒိတာပွားနိုင်သွားပါတယ်။ ထိုအခါ အရှုံးထဲက အမြတ်က စိတ်ကကြည်လင်သွားပြီး မိမိအားနည်းချက်၊ အားသာချက်တွေကိုပါ ထင်ထင်ရှားရှား မြင်ရတဲ့အထိ အကျိုးရှိသွားခြင်းပါပဲ။ အားနည်းချက်နဲ့ အခွင့်အလမ်းကောင်းကို ကိုယ်ကိုယ်တိုင်ရှာဖွေနိုင်ခြင်းက အားသာချက်ကို ဖန်တီးရာရောက်ပြီး တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်၊၊

ဒီနေရာမှာ သတိထားရမှာက အများမြင်နေတဲ့ မိမိအားနည်းချက်ကို ကိုယ့်ကိုယ်ကိုယ်တော့မမြင်ဘဲ သူများကိုလက်ညှိုးမထိုးမိဖို့ပါပဲ။ အထက်မှာဖော်ပြခဲ့တဲ့ဝန်ထမ်းလို အားလုံးဟာ နိုင်ငံ့တာဝန်၊ မိသားစု၊ လူမှုရေးတာဝန်တွေကြား ဖိစီးမှုအနည်းနဲ့အများ ရှိတတ်ကြပါတယ်။ ဘယ်လိုဖိအားဖြစ်ဖြစ် အဆိုး ကြုံကြုံ၊ အကောင်းကြုံကြုံ ကျွန်တော်တို့အားလုံး မိမိစိတ်ကို မိမိထိန်းချုပ်စီမံနိုင်ပြီး နှလုံးသွင်း မှန်စွာနဲ့ခံယူတတ်ဖို့သာ လိုအပ်ချက်ဖြစ်ပါတယ်။

ထိုမှတစ်ဆင့် အကောင်းမြင်တတ်လာမယ်၊ လုပ်သမျှလည်း အပြုသဘောဆောင်နေမယ်ဆိုရင်တော့ သေချာပါတယ်။ ပိုပြီးကောင်းတဲ့အနာဂတ် တစ်ခုမိမိကိုယ်တိုင် ဖန်တီးနိုင်နေပြီလို့သာဆိုရမှာ ဖြစ်ပါတော့တယ်။ အကယ်လို့သာ စာမေးပွဲဆိုတာ တစ်ရက်တည်း၊ တစ်မနက်တည်း၊ နာရီပိုင်း၊ အချိန် ပိုင်းမျှစစ်ဆေးခြင်းမဟုတ်၊ မိမိတာဝန်ထမ်းဆောင် နေသမျှကာလတစ်လျှောက်လုံး စာမေးပွဲအစစ်ခံနေရတယ်လို့သာ ခံယူတတ်ခဲ့မယ်ဆိုရင်….။ ။