Skip to main content

ဘက်စုံအကျုံးဝင်ပညာရေးမှာ အနာဂတ်နိုင်ငံဖွံ့ဖြိုးဖို့ ကျောင်းအပ်နှံလို့ ကျောင်းတက်စို့

ကိုကျော်စွာ (ကျိုက်ပိ)

မေလရောက်ပြီဆိုလျှင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည့်အရေး ပြင်ဆင်ကြရသည်။ စာသင်ကျောင်းများဘက်မှ ကျောင်းအပ်လက်မခံမီ မိမိတို့ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဆရာ၊ ဆရာမတို့ လှုပ်ရှားဆောင်ရွက်ကြရသည်။ မေလနောက်ဆုံးသီတင်းနှစ်ပတ်သည် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရေးအချိန်ကာလများဖြစ်သည်။ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေ ၂၂ ရက်နေ့တွင် ကျောင်းစတင်အပ်နှံနိုင်ကြောင်းနှင့် ဇွန် ၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များကဲ့သို့ပင် နိုင်ငံတော်အစိုးရက ကျောင်းအပ်နှံမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံအစရှိသည်များကို အခမဲ့ပေးအပ်သွားမည်ဖြစ်သည်။

စာသင်ကျောင်းဆိုသည်မှာ

မြန်မာဝေါဟာရ “ကျောင်း”ဟူသည့် အဓိပ္ပာယ်က ထိန်းကျောင်းခြင်းဟူသည့် စကားရပ်မှ ဆင်းသက်လာသည်ဟု မှတ်သားရသည်။ တစ်နည်းအားဖြင့် ကလေးများ၏ ဘဝတိုးတက်မြင့်မားရေးအတွက် အလွန်အရေးပါသည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ်နှင့် စည်းကမ်းစသည်တို့ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင် ထိန်းကျောင်းပေးရာနေရာဟု စာရေးသူကတော့ ယူဆပါသည်။ ပြဋ္ဌာန်းစာအုပ်ပါ စာပေများ ချည်းသက်သက်သင်ကြားပေးရာနေရာမဟုတ်ပါ။ စာကိုလည်း သင်၊ စိတ်ကိုလည်း ပြင်ဟူသည့် စကားရပ်ကဲ့သို့ပင် စာတတ်မြောက်စေရေးအတွက် စာပေသင်ကြားရသကဲ့သို့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြင် အခြားသော စိတ်ဓာတ်ရေးရာတို့ကိုပါ ပြုပြင်သင်ကြားရာနေရာတစ်ခုလည်း ဖြစ်ပါသည်။ စာကိုသင်ကြားရင်းဖြင့် လူ့စွမ်းရည်၊ စွမ်းအားများ အစွမ်းကုန်ဖွံ့ဖြိုးအောင် လေ့ကျင့်ပေးသည့် နေရာလည်းဖြစ်သည်။ ကလေးများသည် မွေးဖွားစဉ်ကတည်းက တစ်ဦးနှင့်တစ်ဦး မတူညီသည့် စွမ်းရည်ကိုယ်စီပိုင်ဆိုင်လာစမြဲပင်။ အဆိုပါ စွမ်းရည်များကို ကလေးများ၏ အသက်အရွယ်နှင့်အညီ ထက်မြက်ဖွံ့ဖြိုးလာစေရေးအတွက် ဆရာတို့က လေ့ကျင့်သင်ကြားပေးကြရသည်။ နှိုးဆွပေးကြရသည်။ ထိုကဲ့သို့ စွမ်းရည်များ ဖွံ့ဖြိုးထက်မြက်လာစေရန် လေ့ကျင့်ပေးသည့်နေရာသည် စာသင်ကျောင်းပင်ဖြစ်ပါသည်။

ကျောင်းများသည် ပညာရေးမဏ္ဍိုင်ကြီး တစ်ခုလုံးကို ဦးဆောင်ဦးရွက်ပြု၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးရာနေရာလည်းဖြစ်သည်။ ထို့ကြောင့်ပင် မိဘတို့က မိမိတို့သားသမီးများကို အချိန်တန်အရွယ်ရောက်သည်နှင့်တစ်ပြိုင်နက် ကျောင်းသို့ပို့ကြရသည်။ ပညာသင်ကြားရန်၊ ကျောင်းတက်ရန်အတွက် ကဗျာဆရာကြီး တင်မိုးက “စာမတတ်သူ၊ မောင်မင်းမူက၊ လူမပီသ၊ ဂုဏ်နိမ့်ကျ၏။ လူလိုသိ၍၊ လူ၏ ဂုဏ်ရောင်၊ ထွန်းလင်းပြောင်ဖို့၊ အမှောင်ကိုခွာ၊ ကျောင်းတော်သာတွင်၊ ပညာသင်ကြ၊ စာဖတ်ကြ။” ဟု ရေးသားဖွဲ့ဆို၍ စာသင်ကျောင်းများတွင် ပညာသင်ယူကြဖို့အရေး တိုက်တွန်းနှိုးဆော်ခဲ့သည်။

မြတ်သောပညာ ရတနာ

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ များပြားလှသည့် နေ့စဉ်လုပ်ငန်းကိစ္စများ၊ စက်မှုလုပ်ငန်းများတွင်ပင် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အလုပ်ဖြစ်လာသည့် နည်းပညာခေတ်တွင် အသစ်အသစ်သောနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပညာသည် အဓိကဖြစ်လာသည်။ ပညာတတ်သည့် လူ့ဘောင်အဖွဲ့အစည်းအဖြစ် နည်းပညာခေတ်တွင် အမီလိုက်ပါနိုင်ရေးအလွန်အရေးကြီးလာသည်။ ပညာနှင့် ပတ်သက်သည့် ထင်ရှားသည့် မြန်မာဆိုရိုးစကား များစွာရှိသည်။ “ပညာရွှေအိုး လူမခိုး”၊ “ပညာရဲရင့်ပွဲလယ်တင့်”၊ “ပညာရှာ ပမာသူဖုန်းစား”၊ “ပညာလိုအိုသည်မရှိ” စသည့် ဆိုရိုးစကားများကို လူတိုင်းကြားဖူးကြမည်။ ထို့အတူ မြတ်ဗုဒ္ဓဟောကြားသည့် (၃၈) ဖြာ မင်္ဂလာတရားတော်တွင်လည်း “အကြားအမြင် ဗဟုသုတများခြင်း၊ အတတ်ပညာတစ်ခုခုကို တတ်မြောက်ခြင်း၊ လူမှုရေးရာကျင့်ဝတ်များ သင်ကြားထားခြင်း” တို့သည် မင်္ဂလာမည်ကြောင်း မိန့်ကြားထားခဲ့ပြီးဖြစ်သည်။ ပညာတတ်သူသည်သာ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားသိမြင်နိုင်စွမ်းရှိပြီး ပညာမတတ်ပါက မျက်မမြင်သူကန်းကဲ့သို့ စမ်းတဝါးဝါးဖြင့် လိုရာပန်းတိုင်ကို အလွယ်တကူရောက်ရှိနိုင်ဖို့ ခဲယဉ်းလှသည်။

ဘက်စုံအကျုံးဝင်ပညာရေးမှ နိုင်ငံဖွံ့ဖြိုးရေးသို့

ပညာသင်ကြားခြင်းသည် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ယဉ်ကျေးမှု၊ အနုပညာ၊စူးစမ်းလေ့လာမှုသဘော၊ လူမှုဘဝအတွက် နေထိုင်နည်းများ​အပြင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာစသည်ဖြင့် အကျိုးကျေးဇူးများရရှိပါသည်။ အထူးသဖြင့် နည်းပညာခေတ်တွင် ကလေးများအတွက် နည်းပညာများ၊ အသိပညာပိုင်းဆိုင်ရာများအပြင် အတွေးအခေါ်ပိုင်းများတွင်လည်း ပိုမိုဖွံ့ဖြိုးလာစေရန် သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာအဆင့်မီ ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းပေးထားသည်။

ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာရေးကောင်းမွန်ခြင်း၊ ပညာရေးအားနည်းခြင်းသည် နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့် အရေးကိစ္စများတွင်လည်း အကျုံးဝင်ဆက်နွှယ်လျက်ရှိသည်။ ပညာရေးကို အသိပညာ၊ အတတ်ပညာ၊ သက်မွေးမှုပညာဟူ၍ အကြမ်းအားဖြင့် ခွဲခြားနိုင်သည်။ လက်ရှိအခြေခံပညာကျောင်းများတွင် စနစ်သစ်ပြဋ္ဌာန်းချက်များ၌ ဘာသာရပ် ၁၀ မျိုးခန့် သင်ကြားပို့ချပေးလျက်ရှိသည်။ ဘာသာရပ်များနှင့် ပတ်သက်၍ ကျွမ်းကျင်မှုရရှိစေရေးအတွက် အချက်ငါးချက်ဖြင့် ထိထိရောက်ရောက် သင်ကြားပေးနေခြင်းဖြစ်သည်။ ကလေးများအတွက် သင်ကြားနည်းအချက် ငါးချက်ရှိပြီး-

(၁) အုပ်စုလိုက် ပူးပေါင်းဆောင်ရွက်ခြင်း

(၂) ဆက်သွယ်ပြောဆိုခြင်း

(၃) လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း

(၄) တီထွင်ဖန်တီးခြင်း

(၅) နိုင်ငံ့သားကောင်းစိတ်ဓာတ်ရှိခြင်း

စသည့်အချက်များနှင့် ပြည့်စုံစေရေးဖြည့်ဆည်းပေးလျက်ရှိသည်။

ပြဋ္ဌာန်းဖတ်စာများတွင် ပန်းချီ၊ ပန်းပု၊ ဂီတ၊ ကာယကဲ့သို့သော အနုပညာနှင့် ကိုယ်လက်လှုပ်ရှားမှု၊ ကျန်းမာသန်းစွမ်းမှုတို့အတွက် သင်ခန်းစာများကို ထည့်သွင်းထားရာ အနုပညာဗီဇများကို ဖော်ထုတ်ပေးနိုင်သကဲ့သို့ ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း လွန်စွာအကျိုးထူးစေသည့်အပြင် အများနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထကောင်းများကို ရရှိစေနိုင်သည်။

စာရေးသူတို့ ငယ်စဉ်ကပင်တည်ရှိခဲ့သည့် ကျောင်းကောင်စီကတိဆောင်ပုဒ်ကလေးကို သတိရမိသည်။

“မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။” ဟူ၍ဖြစ်ပါသည်။

ကျောင်းကောင်စီ ကတိဆောင်ပုဒ်သည် စာသင်ကျောင်းတိုင်းတွင် တက်ရောက် ပညာသင်ကြားကြသည့် ကျောင်းသား ကျောင်းသူများအားလုံးကို ကိုယ်စားပြုသကဲ့သို့ ကျောင်းများ၌ ပညာသင်ယူခြင်းဖြင့် စည်းကမ်းပြည့်ဝသည့် လူတော်လူကောင်းများအဖြစ် ရပ်တည်လာနိုင်ကြမည်ဖြစ်ပါသည်။

ကျောင်းအပ်နှံလို့ ကျောင်းတက်စို့

မေ ၂၂ ရက်သည် မြန်မာတစ်နိုင်ငံလုံး ကျောင်းအပ်နှံရေးသီတင်းပတ် စတင်မည့်နေ့ဖြစ်ပါသည်။ ကျောင်းများအပ်နှံပြီးချိန် လာမည့် ဇွန် ၂ ရက်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အားလုံးတစ်ပြိုင်နက်စတင်ဖွင့်လှစ်ပါတော့မည်။ ယမန်နှစ်ကျောင်းအပ်ချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ အခြေခံပညာ ကျောင်းသား ကျောင်းသူ ပေါင်း ၆၃ သိန်းကျော် အပ်နှံခဲ့ကြသည်။ မိဘများအနေဖြင့် မိမိတို့ရင်သွေးရတနာများကို ကျောင်းအပ်နှံကြစေရေး တိုက်တွန်းလိုပါသည်။ နိုင်ငံတော်ဘက်မှလည်း ကျောင်းနေအရွယ်အားလုံးစာသင်ကျောင်းသို့ ရောက်ရှိရေးကို ဦးတည်ဆောင်ရွက်နေပြီး အခမဲ့ပညာရေးအဖြစ် လိုအပ်သည့် စာအုပ်၊ ခဲတံနှင့် ဝတ်စုံများကိုလည်း ပံ့ပိုးပေးလျက်ရှိရာ နိုင်ငံ၏ရတနာသားသမီးများ ဘဝမြင့်မားစေရေး၊ အသိအလိမ္မာတိုးစေရေးနှင့် လူတော်လူကောင်းများ ဖြစ်စေရေးအတွက် ဘက်စုံပညာရေးစနစ်ကို အမီလိုက်စေဖို့ ကျောင်းအပ်နှံကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ ။