Skip to main content

ပညာရှိသတိဖြစ်ခဲမို့ အကြံပေးဆိုသူကြီးကို အကြံပေးလိုက်ချင်တာက …

စွမ်းပြည့်

“တင်းမာမှုတွေ မြင့်တက်နေတဲ့ နယ်စပ်တစ်လျှောက် ထိန်းချုပ်နိုင်ဖို့ ဘယ်သူနဲ့မဆို စကားပြောပိုင်ခွင့်ရှိတယ်” ဆိုတဲ့ ခါလီလာရာမန်ရေ၊ မင်းရဲ့ပြောဆိုချက်တွေက နိုင်ငံတစ်နိုင်ငံရဲ့ ပြောရေးဆိုခွင့်ရ အကြီးတန်းအရာထမ်း တစ်ယောက်အနေနဲ့ကော၊ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ကော သံတမန်ရေးရာအရ ပြောသင့်သလား၊ ပြောခွင့်ရှိသလား ချင့်ချိန်ဖို့လိုတယ်။ ခါလီလာရာမန်၊ အလွန်ကိုမိုက်ရိုင်းလွန်းတဲ့စကား စော်ကားလွန်းတဲ့စကား၊ လူကြီးလူကောင်းမဆန်တဲ့ ပြောစကားတစ်ခု။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံက ဥပဒေအရ သတ်မှတ်ထားတဲ့ မူးယစ်ကုန်ကူး၊ အကြမ်းဖက် အဖွဲ့အစည်း၊ အပြစ်မဲ့ပြည်သူတွေအပေါ် ရမ်းကား၊ နှိပ်စက်၊ သတ်ဖြတ် ၊ မုဒိန်းကျင့်၊ လူသတ်၊ ဓားပြနဲ့မှ ပေါင်းတတ်၊ သင်းတတ်စကား ပြောတတ်တဲ့ သင်တို့နိုင်ငံက သင့်လိုလူမျိုးကို ကျွန်ုပ်တို့မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအနေနဲ့ ဘယ်လိုသဘောထားသင့်ပါသလဲ၊ လူမိုက်နဲ့ပေါင်းရင် လူမိုက်၊ သူခိုးနဲ့ပေါင်းရင်သူခိုး၊ အကြမ်းဖက်နဲ့ပေါင်းရင် အကြမ်းဖက်ပါပဲလို့ မြန်မာပြည်သူတွေက သတ်မှတ်ပါတယ်။

အမျိုးသား လုံခြုံရေးအကြံပေးဆိုသူရဲ့ ပြောစကားများ

ယခုကာလလေးအတွင်းမှာ သင်တို့ ကျွန်တော်တို့အပေါ် စော်ကားမိုက်ရိုင်းတာတွေ များနေပါပြီ။ နိုင်ငံကို ပုန်ကန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံက ဆက်သွယ်နေမှုအပေါ် အိမ်နီးချင်းကောင်းတစ်ယောက်အနေနဲ့ သံတမန်နည်းအရ ယဉ်ကျေးစွာ ထိတွေ့ဆက်ဆံနေမှုများကို လက်မခံပယ်ချတယ်ဆိုတော့ သင်တို့ရဲ့အမျိုးသားအကျိုးစီးပွား ကာကွယ်ဖို့အတွက်ဆို ဘယ်သူနဲ့ပေါင်းရ၊ ပေါင်းရ၊ ဘာပဲလုပ်ရ၊ လုပ်ရဆိုတဲ့သဘောလား ခါလီလာရာမန်၊ စကားထဲက ဇာတိပြဆိုသလို သင့်ရဲ့စကားကပဲသင်တို့ရဲ့ နောက်ကွယ်က အကြံအစည်များကို ရိပ်မိသိရှိရပါပြီ။ 

ဘာပဲပြောပြော သူပြောတဲ့နေရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖြစ်နေလေတော့ သူ့ရဲ့စကားဟာ သူ့နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကို ထင်ဟပ်တာ အမှန်ပါပဲ။ 

မြန်မာနိုင်ငံအစိုးရအနေနဲ့တော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြဿနာတိုင်းမှာ သံတမန်ပီသစွာနဲ့ သိမ်မွေ့စွာ ထိတွေ့ဆက်ဆံတတ်ပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်ကိစ္စမှာ လေးစားမှုကင်းမဲ့တဲ့ အိန္ဒိယအထက်လွှတ်တော် အမတ်တွေရဲ့ ပြောစကားအပေါ် ထိန်းထိန်းသိမ်းသိမ်းလုပ်ပေးဖို့လောက်သာ မြန်မာဘက်က တောင်းဆိုခဲ့ဖူးတာရှိတယ်။ 

ရာမန်က ပြောတယ်၊ သူ့နိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံပါတဲ့၊ ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်ပါတဲ့၊ မိမိအကျိုးအတွက်ဆို တွေ့ချင်တဲ့သူနဲ့တွေ့မယ်ဆိုပဲ၊ အလွန်ကို ပညာရှိမဆန်တဲ့စကား၊ ပညာမပါတဲ့စကားပါပဲ၊ မိမိအကျိုးအတွက်ဆိုပေမယ့် သူတစ်ပါးအကျိုး ထိခိုက်နိုင်မယ့်လုပ်ရပ်မျိုးဆို ရှောင်သင့် ရှောင်ရပါမယ်၊ လိမ္မာပါးနပ်မှုရှိရပါတယ်၊ ခါလီလာရာမန်ရေ ။

အထူးသဖြင့် အိမ်နီးချင်းကောင်းဆိုရင် ပိုပြီးသတိထားရပါမယ်ရာမန်။ ဒါကိုပဲ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒလို့ဆိုသတဲ့၊ ပြောလည်းပြောတတ်ပေ့ ရာမန်၊ မင်းတို့မှ လွတ်လပ်တဲ့နိုင်ငံနဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒရှိတာ မဟုတ်ဘူး၊ လွတ်လပ်တဲ့အချုပ်အခြာပိုင်နိုင်ငံဖြစ်တဲ့ ငါတို့ မြန်မာနိုင်ငံမှာလည်း လွတ်လပ်တဲ့နိုင်ငံခြားရေး မူဝါဒ ရှိတယ် ရာမန်၊၊

အစွဲလွန်အကြံပေးကြီး သိသင့်တာက

ရာမန်ဆိုတဲ့လူက AA အကြမ်းဖက်သမားတွေကို အလွန့်အလွန် အထင်ကြီးလေးစားနေပုံရတယ်။ ပုလင်းတူဘူးဆို့၊ ဘုန်းကြီးရူးနဲ့လှေလူးဆိုတော့ သူ့အနေနဲ့ AA ကို အကြမ်းဖက်အဖွဲ့လို့မမြင်ဘူး၊ ပြစ်မှုမျိုးစုံကျူးလွန်နေတဲ့ တရားခံတွေအဖြစ်လည်း မြင်ပုံမရဘူး။ သူကပြောတယ်.. AA က ငြိမ်းချမ်း ရေးကို လိုလားတယ်၊ ငြိမ်းချမ်းရေးစကားပြောချင် သူဖြစ်တယ်၊ အပစ်အခတ်ရပ်စဲလိုတယ်ဆိုပြီး ရှေ့နေအခမဲ့ လိုက်ပေးနေတဲ့ရာမန်တစ်ယောက်.. သိသင့်တာက အပစ်အခတ်ရပ်စဲထားတာက မြန်မာ့တပ်မတော်ဘက်ကပါ။ ငြိမ်းချမ်းရေးလိုချင်လို့ ငြိမ်းချမ်းရေးကို ခေတ်အဆက်ဆက် ဖိတ်ခေါ် နေတာကလည်း မြန်မာအစိုးရအဆက်ဆက်နဲ့ မြန်မာ့တပ်မတော်ပါပဲ။ ရာမန်တစ်ယောက် မျက်စိမကန်း၊ နားမကန်းရင် မြင်အောင်ကြည့်၊ ဉာဏ်နဲ့ကြည့်၊ ပညာနဲ့လေ့လာပါလို့ တိုက်တွန်းပါတယ်။ 

ဖုံးကွယ်ထားတဲ့အရာ မြင်ဖို့လို

ရာမန်ဆိုတဲ့လူက ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက်မှာ လတ်တလော AA အကြမ်းဖက် သူပုန်တွေက ထိန်းချုပ်ထားတဲ့အပေါ်မှာ လက်ရှိ နယ်စပ်အခြေအနေတွေအားလုံး ရာသက်ပန် မြဲသွားမယ်၊ မြန်မာ့တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်ဘယ်တော့မှ ပြန်မရောက်တော့ဘူးလို့ ထင်နေပုံရလားမသိ။ မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်သူတွေကို အထင်သေးတဲ့ ဒီလောက်အထိ ဆင်ခြင်တုံတရားမဲ့ပုံမရဘူးလို့တော့ ယူဆချင်ပါတယ်။ သူတို့ကလက်ရှိနယ်စပ်အခြေအနေကို တကယ့်အရှိတရားတစ်ခု ပကတိအမှန်တရားတစ်ခု အဖြစ်ထင်မြင်နေတယ်။ ဒါပေမယ့်သူတို့မှာ ဖုံးကွယ်ထားတဲ့ အစီအစဉ်တွေရှိနေတယ်။ လက်ရှိအခြေအနေကို အခွင့်ကောင်းယူပြီး သူတို့လိုချင်တာရှိပါ တယ်။ နယ်ခြားမှာ ဘင်္ဂါလီ (သူတို့အခေါ် ရိုဟင်ဂျာတွေ) အခြေချခွင့်ကို ပိုင်ပိုင်နိုင်နိုင် ဖြစ်ချင်တာတစ်ခုအပြင် ဖြစ်နိုင်ရင် ရခိုင်ပြည်နယ်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုမျှကို အနောက်အုပ်စု နဲ့ပေါင်းပြီးမရမက ထိန်းချုပ်ချင်နေပုံရတယ်။ ဒီလို လားချက်အတွက် AA ကို အသုံးချချင်နေပုံရတယ်။ ဒါကြောင့်လည်း ဒီလိုစကားတွေ ပြောထွက်နေတယ်ဆိုတာ မြန်မာပြည်သူတစ်ယောက်အနေနဲ့ ရိပ်မိ ပါတယ်။ 

ဘာပဲပြောပြော သူတို့အနေနဲ့ သူတို့နိုင်ငံထဲက လူဦးရေဖောင်းပွနေတဲ့ ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ်ထဲ သွတ်သွင်းပြီးသိမ်းပိုက်ချင်နေတာ ကြာပါပြီ။ ရှိတ်ဟာစီနာ လက်ထက်မှာ နှစ်နိုင်ငံနယ်ခြားတစ်ခုမှာ ခရစ်ယာန်နယ်မြေတစ်ခု ထူထောင်ချင်နေတဲ့ အနောက်အုပ်စုရဲ့ အလိုတော်ရိအဖြစ် သူကိုယ်တိုင်မခံယူခဲ့တာကြောင့် ဝန်ကြီးချုပ်အဖြစ်ကနေ ပြုတ်သွားခဲ့ရပြီး အနောက်အုပ်စု လက်ဝေခံယူနွတ်တက်လာတဲ့အဖြစ်ကို ပြန်ပြောင်းဆက်စပ်ကြည့်ရင် သိနိုင်ပါတယ်။ 

အိမ်နီးချင်းကောင်း ပီသပြီးသားပါ

ဘင်္ဂလားဒေ့ရှ်အနေနဲ့ကပြောရရင် မြန်မာမန္တလေးငလျင်ကြီးမှာ နိုင်ငံတော်အစိုးရက အကူအညီမတောင်းခင်မှာတင် မြန်မာနိုင်ငံကို ပြန်လည်ကယ်ဆယ်ရှာဖွေရေးမှာ အကူအညီပေးခဲ့တာ မှန်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူအားလုံးက ကျေးဇူးမမေ့ပါဘူး။ ကျေးဇူးလည်းမကန်းပါဘူး။ မြန်မာပြည်သူတွေက အလွန်ဖော်ရွေတတ်ပါတယ်။ 

သစ္စာလည်း ရှိကြတယ်။ အိမ်နီးချင်းကောင်း ပီသစွာနေလိုသူတွေလည်းဖြစ်ပါတယ်။ နယ်ချဲ့လက်အောက်က ရုန်းထွက်ခဲ့သူတွေပီပီ ဖွံ့ဖြိုးဆဲ ဘဝတူချင်းပီပီ နိုင်ငံတည်ဆောက်ရေး၊ ဒေသ တည်ငြိမ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးမှာ အတူလက်တွဲ လုပ်ဆောင်သွားကြဖို့ ဆန္ဒအမြဲရှိပါတယ်။ အားလုံးမှတ်မိကြမယ် ထင်ပါတယ်၊ ၁၉၇၂ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စတင်လွတ်လပ်ရေးရတဲ့အချိန်မှာ သင်တို့ရဲ့ လွတ်လပ်ရေးကို အစောဆုံးအသိအမှတ်ပြုခဲ့တဲ့ အိမ်နီးချင်းနိုင်ငံဟာ မြန်မာနိုင်ငံ ဖြစ်ပါတယ်။

နောက်ပိုင်း ခေတ်အဆက်ဆက်ရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေ ပြန်ပို့ရေးကိစ္စအပါအဝင် နှစ်နိုင်ငံနယ်ခြားပြဿနာမှန်သမျှ အေးချမ်းတည်ငြိမ်စွာ အတူညှိနှိုင်းဖြေရှင်း ဆောင်ရွက်နေတာချည်းပါပဲ။ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ဟာ BIMSTEC နဲ့ BCIM လို အဖွဲ့အစည်းတွေမှာ အတူလက်တွဲပါဝင်တဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့တော့ ဘယ်နိုင်ငံရဲ့ဘယ်လိုပြဿနာကိုမှ ဝင်ရောက်နှောင့်ယှက်တာ ဝင်ရောက်စွက်ဖက်တာ ဘာတစ်ခုမှမရှိခဲ့ပါဘူး။ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံရဲ့အစိုးရကို ပုန်ကန်ခြားနားတဲ့ ဘယ်လိုသူပုန်မျိုး၊ ဘယ်လို အတိုက်အခံကိုမှလည်း အားမပေးခဲ့ဖူးပါ။ အိမ်နီးချင်းကောင်းပီသတဲ့ ဂုဏ်ယူရတဲ့ အချက်ကို မြန်မာပြည်သူတွေက အမြဲစောင့်ထိန်း ပါတယ်။ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ မြန်မာနိုင်ငံအကြား တည်ရှိနေတဲ့ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ဆက်ဆံရေးကို မြန်မာနိုင်ငံဘက်က အစဉ်တစိုက် ထိန်းသိမ်းဆောင်ရွက်ပါတယ်။ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အမြဲတန်ဖိုးထားပါတယ်။ 

အသိ သတိနဲ့ပညာရှိကြပါ

အဓိကလိုရင်းကတော့ ဘယ်လိုအခြေအနေဖြစ်လာလာ မြန်မာတိုင်းရင်းသား ရခိုင်အပါအဝင် ဘယ်တိုင်းရင်းသား၊ ဘယ်လူမျိုးမှ ဘယ်နယ်မြေမှ၊ ပျောက်ပျက်မသွားဖို့ အရေးကြီးပါတယ်။ ပီပီပြင်ပြင် ထူထူထောင်ထောင်ဖြစ်နေတဲ့ ဒီမြန်မာပြည်မြေပုံလေး ဖြစ်တည်မြဲနေဖို့ သမိုင်းအဆက်ဆက် အသက်သွေးချွေး ဘယ်လောက် ပေးဆပ်ခဲ့ရသလဲ၊ ဉာဏ်ရှိ သတိရှိကြဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မြန်မာအရေးနဲ့ပတ်သက်ပြီး ပြည်ပက ဘယ်လိုလူစားမျိုးကမှ ဘာစကားပဲ ပြောလာပြောလာ၊ ရည်ရွယ်ချက်နဲ့ အတိမ်အနက်ကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နေရမယ်လို့ ယူဆပါတယ်။

အသိနဲ့သတိဆိုတာ ပိုတယ်မရှိပါဘူး။ အထူးသဖြင့် မျိုးချစ်စိတ်အခြေခံတဲ့ အမျိုးသားရေးသတိနဲ့ နိုင်ငံရေးအသိပါပဲ။ ထားရှိရမယ့် အမျိုးသားလုံခြုံရေးသတိနဲ့ အမျိုးသားရေး တာဝန်လည်းဖြစ်ပါတယ်။ ရုပ်ပိုင်းစိတ်ပိုင်း ပြန်လည်တည်ဆောက်ရမယ့် တာဝန်တွေလည်းဖြစ်နေတယ်။ ငလျင်နဲ့အတူ ပြိုကျခဲ့တဲ့အဆောက်အအုံတွေ အသစ်ပြန်လည် တည်ဆောက်နေရသလို ကျဆင်းသွားတဲ့ စိတ်ပိုင်းဆိုင်ရာတွေ အများကြီး ပြန်လည်တည်ဆောက် ရပါဦးမယ်။ အနာဂတ်မျိုးဆက်တွေကို အဆက်မပြတ် လက်ဆင့်ကမ်းသွားရမယ့် အသိနဲ့ပညာတွေ ရှိနေတယ်။ အနာဂတ် သားသမီးတွေကို အမွေပေးတယ်ဆိုတဲ့နေရာမှာ ပညာအမွေ၊ ဥစ္စာအမွေအပြင် အမျိုးသားရေးအမွေပါ ထည့်သွင်းပေးဖို့လိုနေတယ်။ ပြည်ပက နယ်ချဲ့လက်သစ်ကိုလိုနီတွေက မြန်မာတွေ အားလုံးချွတ်ခြုံကျအောင် လုပ်နေတယ်ဆိုတာ မမေ့ဖို့လိုတယ်။ နည်းလမ်းအားလုံးနဲ့ နိုင်ငံကို အမှောင်ဖုံးအောင် လုပ်နေကြတယ်ဆိုတာ သတိမပြတ်ပါစေနဲ့လို့ တိုက်တွန်းပါရစေ။ 

ဒီလိုအချက်အလက်တွေကြောင့် အချိန်ယူပြီး၊ သည်းခံပြီးစောင့်ပါလို့သာ ပြောပါရစေ ရာမန်၊ သင့်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို လေးစား ပါ၊ သမိုင်းနဲ့ယှဉ်ပြီး တည်ရှိတဲ့ ရခိုင်ပြည်နယ်ဟာ မြန်မာပိုင်နယ်မြေဖြစ်ကြောင်း နားလည်ပေးပါ။ ဒါကြောင့် မြန်မာပြည်သူတွေကို အလေးထားပါလို့ ပြောချင်တယ် ရာမန်ရေ၊ သင်တို့ကြောင့် ဒေသတွင်း မတည်မငြိမ်နိုင်တာကို ထည့်တွက်ပေးပါ၊ အိမ်နီးချင်းတိုင်းပြည်အရေးဝင်စွက်ပြီး ဖြစ်သင့်တာထက် ဖြစ်ချင်တာကို စိတ်ကူးမယဉ်ပါနဲ့ရာမန်။

သင်တို့ရဲ့မလိုလားအပ်တဲ့ အပြောအဆိုအပြုအမူတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ အမေရိကန် ကိုယ်စား မြန်မာနဲ့တရုတ်ကို ကိုယ်စားပြုစစ်ပွဲ ဆင်နွှဲရာရောက်နေကြောင်း နိုင်ငံတကာက ထင်မြင်ယူဆသွားနိုင်ခြေကိုလည်း သတိထားသင့်တယ်လို့ အကြံပြုပါရစေ။ ဒေသတွင်း ပထဝီနိုင်ငံရေး သက်ရောက်နိုင်မှု အခြေအနေအားလုံးကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ယူဆပါတယ်။ သင်တို့လိုချင်နေတဲ့ Humanitarian Corridor နေရာကနေ နိုင်ငံတကာကလူသတ်လက်နက်တွေ ထားသိုရာ စင်္ကြံဖြစ်သွားနိုင်ခြေကိုလည်း ထည့်တွက်ပါဦး။ လူသားချင်းစာနာထောက်ထားမှု စင်္ကြံနေရာမှာ မတည်မငြိမ်ဖြစ်နေတဲ့ နယ်စပ်မှာ တရားမဝင် လက်နက်ကိုင်တွေနဲ့ပေါင်းပြီး ပါဝင်စွက်ဖက်မှုက အပြည်ပြည်ဆိုင်ရာ ဥပဒေများနဲ့ နိုင်ငံများအချုပ် အခြာများအတွက် အလွန်အန္တရာယ်များတယ်ဆိုတာ ပညာရှိသတိဖြစ်ခဲမို့ သတိထားဖို့ အမျိုးသားလုံခြုံရေးအကြံပေးမစ္စတာခါလီလာ ရာမန်ကြီးကို မြန်မာပြည်သူတစ်ယောက်ကနေ အကြံပေးလိုပါတယ်။

လက်ရှိအခြေအနေအရ သင်တို့နိုင်ငံတွင်း ပြဿနာကိုသာ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ရေး ဦးစားပေးစေချင်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် မိမိပါတီအနိုင်ရရေး နိုင်ငံရေးမဲဆွယ်ရာမှာ အသုံးချဖို့ မြန်မာနယ်စပ်အရေးကို အသုံးချခံသက်သက် လုပ်ဖို့မိုက်တွင်းမနက်ပါနဲ့လို့ပဲ ဆိုပါရစေ။ နောက်ဆုံး မြန်မာပြည်သူတစ်ယောက်အနေနဲ့ သတိပေးချင်တာက နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားစေမယ့် အပြောအဆို အပြုအမူအားလုံးကို သတိထားရှောင်ရှားပေးဖို့ပါပဲ။