Skip to main content

AI တလွဲအသုံးပြုမှုနှင့် ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှု

ရွှေစင်

လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကစပြီး AI Software တစ်ခုဖြစ်တဲ့ Chat GPT ကို ကမ္ဘာတစ်ဝန်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတယ်။ AI နည်းပညာကျယ်ပြန့်လာမှုက ပညာရေးနယ်ပယ်အထိ ထိုးဖောက်ဝင်ရောက်လာတော့ သင်ကြားသင်ယူမှုအပိုင်းတွေမှာ ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုများစွာ ရှိလာခဲ့ပြီဖြစ်ပါတယ်။

လွယ်လွယ်ပြောရရင် AI ဆိုတာ လူတွေရဲ့ စိတ်အတွေးတွေ၊ စဉ်းစားတွေးခေါ် ဉာဏ်စွမ်းအားတွေကို ကွန်ပျူတာကနေ ဒစ်ဂျစ်တယ်အသွင်နဲ့ ဖန်ဆင်းထားတဲ့ ပရိုဂရမ်တစ်ခုပါပဲ။ ဒီလိုဖန်ဆင်း နိုင်ဖို့ Software တွေသုံးရပါတယ်။ Chat GPT တို့၊ Mid Journey တို့လို tools တွေဟာမိမိဖန်တီးမယ့် ကိစ္စရပ်အလိုက် အသုံးပြုရတဲ့ Software တွေပါပဲ။ ယခုအခါ ကမ္ဘာတစ်ဝန်းက ပညာရေးဆိုင်ရာ တက္ကသိုလ်ဆရာ၊ ဆရာမတွေနဲ့အုပ်ချုပ် သူတွေဟာ ဒီနည်းပညာသစ်နဲ့ပတ်သက် ပြီး စိန်ခေါ်မှုအမျိုးမျိုးအပေါ်မှာ ခေါင်းစားနေကြတယ်။

အချို့သူတွေက AI ရဲ့အကျိုးကျေးဇူး ဘက်ကို အလေးပေးကြပေမယ့် AI ဆိုတာ အလိမ်တွေ၊ အညာတွေစသည် ဖြင့် အဆိုးဘက်ကို အလွန်အကျွံပြောဆို သူများလည်း ရှိနေကြပါတယ်။ 

AI နှင့် ပတ်သက်၍ အဆိုးအကောင်းဒွန်တွဲနေ

ကျွန်မအတွေးထဲမှာလဲ AI နဲ့ ပတ်သက်ရင် အထူးသဖြင့် ပညာရေးနယ်ပယ်မှာ ယခုအချိန်ထိ ရှုပ်ထွေးနေဆဲ ပါ။ AI နဲ့ပတ်သက်ပြီး ကမ္ဘာပေါ်က စာသင်ခန်းတွေမှာ အငြင်းအခုံတွေ ဖြစ်ကြပြီး အယူအဆပိုင်းမှာ နှစ်ဖက်ကွဲနေကြောင်း ယူဆနိုင်ဖွယ်ရာတွေရှိလာနေပါတယ်။ အချို့သော ပညာရှင်တွေက AI ကို တိုးတက်မှုအခွင့်အလမ်း အဖြစ် အားပေးကြတယ်။ အချို့က အဆိုးမြင်ပြီး ကဏ္ဍအချို့မှာ AI အသုံးပြုမှုကို လုံးဝတားမြစ်ပိတ်ပင်ဖို့အထိ ဆော်ဩနေကြတယ်။

 ကျွန်မကတော့တစ်မျိုး AI နဲ့ ပတ်သက်ရင် AI literacy (လေ့လာသင်ယူမှု) က ပိုအရေးကြီးကြောင်း ရည်ညွှန်းလိုတယ်။ အထူးသဖြင့် အဆင့်မြင့်တန်းတွေမှာ AI နဲ့ပတ်သက်ပြီး ကျောင်းသားတိုင်း တတ်ကျွမ်းနားလည်မှုမျိုး ရှိသင့်တယ်လို့ ကျွန်မယူဆတယ်။ မူလတန်းအရွယ် ကလေးဘဝကတည်းက AI နဲ့ပတ်သက်ပြီး ရင်းနှီးနေအောင် သင့်တော်တဲ့နည်းလမ်း အသုံးပြုပြီး လမ်းညွှန်ပေးနိုင်ရင်တော့ အကောင်းဆုံးလို့တွေးမိတယ်။ ပညာရေးနယ်ပယ်မှာ AI နဲ့ ပတ်သက်ရင် တားမြစ်မှာထက် ပွင့်လင်းဖို့၊ တာဝန်ခံမှုရှိဖို့ပိုမိုလိုအပ် တယ်လို့ယူဆပါတယ်။ ကျင့်ဝတ်နဲ့အညီ သုံးစွဲပြီးဥပဒေနဲ့အညီ ဆောင်ရွက်ကြရင်တော့ အသင့်တော်ဆုံးလို့ မြင်မိပါတယ်။

တချို့သူတွေက AI နဲ့ပတ်သက်ရင် အဆိုးမြင်လွန်းတယ်လို့ ကျွန်မယူဆပါတယ်။ AI မှာ အမှားတွေအပြည့်၊ သတင်းအမှားတွေနဲ့ ပြည့်နေတဲ့အတွက် တားမြစ်သင့်တယ်လို့ ပြောကြတယ်။ သူတို့က ဦးနှောက်ကလာတဲ့ အတွေးထက် AI ကလာတဲ့ အတွေးတွေကို မလိုလားကြဘူး။ AI က မိမိရဲ့မှတ်ဉာဏ် ကို ထုံထိုင်းသွားစေတယ်လို့ ဆိုကြတယ်။ ဥပမာဆိုပါစို့ ကျွန်မတို့ issue တစ်ခုအပေါ်မှာ ပွင့်ပွင့်လင်းလင်းနဲ့အချေအတင် ဆွေးနွေးတယ်ဆိုကြစို့ရဲ့။ ကျွန်မတို့တွေဟာ မိမိရဲ့ အတွေးကိုယ်စီ ကို ပွင့်ပွင့်လင်းလင်း ငြင်းခုံကြမယ်။ အမြင်တွေ ဖလှယ်ကြမယ်။ တစ်ဦးရဲ့ အမြင်တစ်ဦးရဲ့ငြင်းဆိုချက်တွေကို ချေဖျက်မယ်၊ တန်ပြန်ငြင်းဆိုကြမယ်။ နောက်ဆုံးမှာ အဖြေမှန်ဖော်ထုတ်ကြမယ်။ ဒါဟာ သမားရိုးကျဖြစ်စဉ်တစ်ခုဆိုသော်လည်း ဒီလိုအခြေအနေမျိုးမှာ AI ကို သုံးရင် ကိုယ်လိုချင်တဲ့အဖြေကို တိတိကျကျ မှန်မှန်ကန်ကန်ရနိုင်ပါသလား။

AI မှာ အချေအတင်ဆွေးနွေးမှုနဲ့ပတ်သက်တဲ့ လိုအပ်တဲ့အချက်အလက် မျိုးစုံကို တိတိကျကျထည့်သွင်းထားမယ် ဆိုရင်တော့ ပိုမိုတိကျတဲ့ အချက်အလက်ကနေ မှန်ကန်မျှတတဲ့ အဖြေတစ်ခုကို ပေးနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်မိ တဲ့အခါတွေရှိပါတယ်။ အကြောင်းကတော့ အချေအတင်ဆွေးနွေးချက်မှာ လူကတော့ မိမိရဲ့ခံစားချက်ကို ရှေ့တန်းတင်ဆွေးနွေးလေ့ရှိပြီး AI မှာက တိကျတဲ့အချက်အလက်တွေကိုအခြေခံပြီး အဖြေပေးထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 

AI ကို အလွန်အမင်းမှီခိုခြင်းက ဘာတွေကိုယုတ်လျော့သွားစေပါသလဲ

တစ်ခါတလေ ကျတော့လည်း စဉ်းစားရအခက်သား။ လူငယ်တွေအနေ နဲ့ AI ကို အလွန်အမင်းမှီခိုမှုမရှိအောင်၊ တလွဲမသုံးမိအောင် တားဆီးကာမှ AI ကိုပိုပြီး မှီခိုချင်သူတွေလည်း ရှိလာတယ်။ သတိပြုဆင်ခြင်ရမယ့်အရာ တစ်ခုကို မဆင်မခြင်သုံးစွဲမိတဲ့အခါ ကျင့်ဝတ်ဖောက်ဖျက်ရာ ရောက်နိုင်တယ်။ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်နိုင်တယ်ဆိုတဲ့အချက်ကို ယနေ့ခေတ် ကျောင်းသားမိဘ၊ ဆရာဆရာမတွေ အလေးအနက်ထားသင့်ပါတယ်။

မှန်ကန်တဲ့ လမ်းကြောင်းကိုသာ ရွေးချယ်တတ်အောင် ပြသပေးသင့်တဲ့ အကြောင်းရင်းက Chat GPT ကတစ်ဆင့် မေးမြန်းချက်၊ ဖြေဆိုချက်တွေကို မိမိကိုယ်ပိုင်အကြံဉာဏ်၊ မိမိကိုယ်ပိုင်အရေး အသားများအဖြစ် တလွဲအသုံးပြုမိခြင်းတွေက ပညာရေးနယ်ပယ်မှာသာမက အခြားနယ်ပယ်များအထိပါ စိမ့်ဝင်ပျံ့နှံ့ စပြုလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ Chat GPT လို AI ဆော့ဝဲလ်ကနေ ရေးသားထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို လူသားတစ်ဦးက ရေးသားသလို သဘာဝကျကျ ပြန်လည်ပြင်ဆင်ပေးနိုင်တဲ့ AI ဆော့ဝဲလ် တွေလည်း အခုထွက်ပေါ်လာနေပါပြီ။

အထူးသဖြင့် သုတေသနစာတမ်း တချို့မှာ AI က ရေးသားထားတဲ့စာတွေကို မိမိရေးသားထားတဲ့အသွင် ဖော်ပြကြတာသတိထားမိတယ်။ ကျောင်းသား တွေဟာ သူတို့ရဲ့ သင်ယူမှုလမ်းကြောင်းမှာ AI ကို အလွန်အမင်းမှီခိုတာကြောင့် သူတို့ကိုယ်ပိုင် တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အတွေးအမြင်သစ်တွေ ကျဆင်းနေတာကို သတိမပြုမိကြပါဘူး။ နည်းပညာခေတ်မှာ မွေးဖွားကြီးပြင်းလာတဲ့ ယနေ့လူငယ်တွေဟာ အခုအချိန်မှာ AI ကို အားထားအသုံးပြုလာကြတဲ့အတွက် AI ဟာ နေ့စဉ်ဘဝနဲ့ ပညာရေးနယ်ပယ်မှာ မဖြစ်မနေလိုအပ်တဲ့ အရာတစ်ခုလို့ ယုံကြည်လာကြတယ်။ တကယ်တော့ AI ဟာ လူငယ်တွေကို ပိုမိုတိုးတက်အောင် ကူညီပေးနိုင်သလို မိမိတို့ရဲ့တီထွင်နိုင်စွမ်းကိုလည်း ယုတ်လျော့သွား စေတယ်ဆိုတာ မြင်တတ်ဖို့လိုပါတယ်။ 

ဘယ်လိုကာကွယ်ထိန်းချုပ်သင့်ပါသလဲ

နည်းပညာ တိုးတက်မြန်ဆန်လာတဲ့ ဒီနေ့ခေတ်မှာ ဆရာ၊ ဆရာမတွေအနေနဲ့ မိမိတို့ ကျောင်းသားတွေရဲ့ သင်ယူမှုစွမ်းရည်တွေ တိုးတက်စေဖို့ AI ကို အကျိုးရှိစွာအသုံးချရန်နဲ့ တလွဲ အသုံးချမှုများမဖြစ်စေရေး လမ်းညွှန်ကြပ်မတ်နေရမှာ ဖြစ်ပါတယ်။ မဟာဘွဲ့၊ ပါရဂူဘွဲ့ဆိုင်ရာ Academic သုတေသန စာတမ်းတွေရေးသားတဲ့အခါ ကျောင်းသားတွေမှာ မိမိကိုယ်ပိုင်ရေးသားမှု စွမ်းရည်တွေ ကြိုတင်ရှိထားရပါမယ်။ မိမိထင်မြင်ယူဆချက်နဲ့ ဖော်ထုတ်ချက်တွေ၊ ဆင်ခြင်သုံးသပ်နိုင်တဲ့စွမ်းရည်တွေကို သုတေသနကျင့်ဝတ်တွေနဲ့အညီ တည်ဆောက်ထားဖို့လိုပါတယ်။ ဒါပေမယ့် AI နည်းပညာတိုးတက်လာ တာနဲ့အမျှ အဲဒီစွမ်းရည်တွေအပိုင်းမှာ သိသိသာသာအားနည်းလာတာတွေ့ရတယ်။

သုတေသန စာတမ်းတွေမှာ AI နည်းပညာကို အသုံးပြုနိုင်ပေမယ့်ကျင့်ဝတ်နဲ့အညီ သုံးစွဲဖို့၊ အလွန်အမင်း မှီခိုအားထားခြင်းမပြုဖို့ သုတေသနပြုသူများကို လမ်းညွှန်ပြသဖို့လိုအပ် ပါတယ်။ တစ်နည်းအားဖြင့် AI ကို ပညာရေးစနစ်မှာ ထိထိရောက်ရောက် အသုံးချပြီး တလွဲအသုံးပြုမှုများမှကာကွယ်ဖို့ လိုအပ်နေတယ်လို့ ယူဆပါတယ်။

AI ခိုးကူးမှုပြဿနာကို ဖြေရှင်းပေးဖို့ သင်ကြားသင်ယူမှုမှာ AI ကို ကျင့်ဝတ်နဲ့အညီ၊ ဥပဒေနဲ့အညီ ဘယ်လိုဆောင်ရွက်ကြမလဲ။ ဒီအတွက် သုတေသန စာတမ်းဖတ်ပွဲတွေ၊ workshop တွေ များစွာ လုပ်သင့်ပါတယ်။ မူဝါဒတိတိကျကျ ချမှတ်ထားသင့်ပါတယ်။ EU မှာတော့ စာပေ၊ သိပ္ပံ၊ ဝိဇ္ဇာပညာရပ် နယ်ပယ်မှာ တီထွင်ဖန်တီးမှုတွေကို မူပိုင်ခွင့်ဆိုင်ရာဥပဒေနဲ့အညီ အကာအကွယ်တွေပေးထားတာက AI ခိုးကူးပြဿနာကို ထိန်းချုပ်ရာရောက်ကြောင်း လေ့လာမှတ်သားမိပါတယ်။ AI ကို မဖြစ်မနေအသုံးချရတဲ့ ဒီနေ့ခေတ်ကာလမျိုးမှာ AI သုံးစွဲမှုကို ဥပဒေကြောင်း အရထိန်းချုပ်ပြီး ထိန်းသိမ်းကာကွယ် သင့်တယ်လို့လည်း ယူဆပါတယ်။

AI နည်းပညာက မြန်မြန်ဆန်ဆန် တိုးတက်လာနေပြီး ပညာရေးနယ်ပယ်မှာ တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ စိန်ခေါ်မှုအသစ်တွေပါ တိုးလာနေကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ နိုင်ငံတကာ မှာ AI သုံးစွဲမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ရေးဆွဲလိုက်နာကျင့်သုံးကြရာမှာ တရုတ်နိုင်ငံတက္ကသိုလ်တွေဟာ ဦးဆောင်မှုကဏ္ဍမှာ ရပ်တည်နေတာကို တွေ့ရှိရပါတယ်။ တရုတ်နိုင်ငံရှန်ဟိုင်း Fudan တက္ကသိုလ်မှာ ကျောင်းသားတွေ စာတမ်းရေးသားရာမှာ AI အသုံးပြုမှုကို ကန့်သတ်ထားတဲ့ လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့တာကို လေ့လာသိရှိရပါတယ်။

Fudan တက္ကသိုလ်ရဲ့ စည်းမျဉ်းတွေ အရဆိုရင် AI ကို သုတေသန အစီအစဉ် တွေ ဖန်တီးခြင်း၊ သုတေသနမော်ဒယ်တွေ တည်ဆောက်ခြင်း၊ စာတမ်းဖွဲ့စည်းမှု ပြုလုပ်ခြင်းနဲ့ စာတမ်းရဲ့နိဂုံးချုပ် အပိုင်းတွေမှာ ထည့်သွင်းအသုံးမပြုဖို့ တားမြစ်ထားပါတယ်။ ဒီစည်းမျဉ်းများ ထုတ်ပြန်မှုဟာ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်ဖြစ်သလို AI ကို စည်းမျဉ်းနဲ့မညီဘဲ အသုံးပြုတယ်လို့ ပြစ်မှုထင်ရှားရင် ပေးအပ်ထားပြီးဘွဲ့ကို ပြန်လည်ရုပ်သိမ်းနိုင်တဲ့အထိ ပြစ်ဒဏ်တွေလည်း ပါဝင်ကြောင်းတွေ့ရှိရပါတယ်။

ပျောက်ဆုံးသွားသောကျင့်ဝတ်နှင့် ရိုးသားမှု

AI ကို တလွဲအသုံးပြုခြင်းကြောင့် မိမိရဲ့ကျင့်ဝတ်၊ ရိုးသားမှုများ ပျောက်ဆုံးသွားရပါတယ်။ AI ခိုးကူးသူလို့လည်း သမုတ်ခြင်းခံရမယ်။ မိမိရဲ့စာပေဟာ အရည်အသွေးနိမ့်ပါးသွားပြီး နောက်ဆုံး ရပြီးသားဘွဲ့ပါ ပြန်လည်ရုပ်သိမ်းခံရနိုင်တဲ့အပြင် Professional မပီသရာလည်း ရောက်ပါတယ်။ ပရော်ဖက်ဆာတွေဆီက မှန်ကန်ဖြောင့်မတ်တယ်၊ ကျင့်ဝတ်သိက္ခာရှိတယ်ဆိုတဲ့ တုံ့ပြန်မှုမျိုးမရနိုင် တော့တဲ့အထိ သက်ရောက်မှုကကြီးမားလှကြောင်း ကျွန်မတို့သိရှိထားသင့်ပါတယ်။ 

အမှန်က AI ဟာ ပညာရေးနယ်ပယ် မှာ များစွာအကျိုးရှိပြီးသားပါ။ ဆိုပါစို့ ဘယ်ကျောင်းသားကို ဘယ်အတန်း G-9, G-10 စသဖြင့် အတန်းစဉ်တွေ သတ်မှတ်ရာမှာ အထောက်အကူပြုပါတယ်။ ကျောင်းသားတွေရဲ့ တိုးတက်မှုအားနည်းချက်၊ အားသာချက်တွေ ဆန်းစစ်ရာမှာ အသုံးဝင်ပါတယ်။ ဘယ်အဆင့်အတွက် ဘယ်လိုမေးခွန်း မျိုးမေးရမလဲ။ အမှတ်ဘယ်လောက် ပေးသင့်သလဲစသဖြင့် ကူညီပေးနိုင်ပါတယ်။ ဆရာ ဆရာမတွေ နေ့စဉ်၊ အပတ်စဉ် ဆရာဆရာမတွေလုပ်ဆောင်ရမယ့်တာဝန်တွေ၊ ကျောင်းသားတွေနဲ့ ဆက်သွယ်ရမယ့်ကိစ္စတွေမှာ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားဘာသာနဲ့ မိခင်ဘာသာအကြား ဘာသာစကားကွာဟချက်ကိုလည်း ကျဉ်းမြောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ဒီအကျိုး ကျေးဇူးတွေဟာ ကောင်းတဲ့ကိစ္စရပ်တွေပါ။ 

ဒါကြောင့် AI ခိုးကူးမှုကိစ္စရပ်တွေဟာ ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုများဖြစ်ကြောင်း သိထားသင့်ပြီထင်ပါတယ်။ အထူးသဖြင့် Academic Research တွေမှာ AI ခိုးကူးတွေကြောင့် ပညာရပ်ဆိုင်ရာ ရလဒ်ခိုင်မာမှုမှာ သံသယဖြစ်ခံရတာတော့ အဆိုးဆုံးပါ။ ဒါကြောင့်လည်း AI ခိုးကူးမှုတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်မယ့် AI detector Software တွေ ပေါ်လာနေပြီဖြစ်တယ်။ ထည့်ထားတဲ့စာသားတွေကတစ်ဆင့် အစစ်အမှန်လား၊ ခိုးကူးလား၊ပိုင်းခြား စစ်ဆေးပေးနိုင်တဲ့အတွက်ထို Software တွေကို လိုအပ်သလို အသုံးပြုနိုင်မှာ ဖြစ်ကြောင်းလည်း တင်ပြလိုပါတယ်။ 

အချုပ်အားဖြင့်တော့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းကြီးမှာ မိမိတို့လူမှုစီးပွားဘဝတွေ တိုးတက်ဖို့ AI နည်းပညာမျိုးဆက်များအလိုက် လိုက်ပါစီးမျောနိုင်ဖို့လိုပါမယ်။ နည်းပညာ အသစ်အဆန်းတွေကို မျက်ခြည်မပြတ်သင့်ပါဘူး။ ဘယ်အရာမဆို အကျိုးအပြစ် ဒွန်တွဲရှိစမြဲပါ။ အကျိုးကျေးဇူးဘက် ပိုမိုဖြစ်ထွန်းအောင် တီထွင်ဆန်းသစ်ဖန်တီးနေဖို့ လိုအပ်သလို အဆိုးတရားဘက် အလွန်အမင်း ရောက်မသွားအောင်လည်း ဥပဒေအထိန်းအကျောင်းနဲ့ ကာကွယ်ထိန်းချုပ် နိုင်ဖို့လိုပါတယ်။ ဘယ်အရာမဆို အရေးကြီးဆုံးကတော့ မိမိကိုယ်တိုင်က ခိုးယူ ခိုးကူးသူမဖြစ်အောင်၊ ကျင့်ဝတ်နဲ့ ရိုးသားမှုမဆုံးရှုံးရလေအောင်၊ ပရော် ဖက်ရှင်နယ်ပီသအောင် ခံယူချက်ကောင်းတွေ ထားရှိဖို့ကသာ အရင်းခံဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။