Skip to main content

၂၀၂၅ အင်္ဂလန် ဒေသန္တရနှင့် ကြားဖြတ်ရွေးကောက်ပွဲ သုံးသပ်ချက်

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

၂၀၂၅ ခုနှစ်ဟာ အနောက်နိုင်ငံတွေအတွက် ရွေးကောက်ပွဲနှစ်လို့ ပြောလို့ရပါတယ်။ နှစ်တစ်ဝက်မကျိုးသေးဘူး။ ဥရောပတိုက်က ဂျာမနီ၊ မြောက်အမေရိကတိုက်က ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့ရဲ့ ဗဟိုအဆင့်၊ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းမှာ အနိုင်ရသူ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးအပြီး ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာရွေးကောက်ပွဲတွေ အထူးသဖြင့် အနောက်နိုင်ငံ ရွေးကောက်ပွဲတွေမှာ ထရမ့်လိုလားတဲ့ နိုင်ငံရေးပါတီ ဒါမှမဟုတ် ထရမ့်ပုံစံနိုင်ငံရေးသမား၊ ထရမ့်ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီ ဒါမှမဟုတ် ထရမ့်နဲ့ ခပ်လှမ်းလှမ်းနေတဲ့ နိုင်ငံရေးသမားဆိုပြီး ရွေးကောက်ပွဲလေ့လာသုံးသပ်သူတွေက စိစစ်သုံးသပ်မှုတွေ ပြုလာကြပါတယ်။

အချို့ရွေးကောက်ပွဲတွေဆို ထရမ့်ဗဟိုပြုရွေးကောက်ပွဲတွေလို့တောaင် ဖြစ်နေတယ်။ ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ပုံရိပ်က အတော်လွှမ်းမိုးတယ်ပေါ့။ ယေဘုယျအနောက်နိုင်ငံတွေမှာ ထရမ့်ကို မနှစ်မြို့တာကြောင့် ထရမ့်အယူအဆအချို့နဲ့ ဆင်တူရင်ကိုပဲ အချို့နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ ထရမ့်နဲ့ပေးစားခြင်းခံကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ၊ လပိုင်းတွေက ကျင်းပပြုလုပ်ခဲ့တဲ့ ဂျာမနီ၊ ကနေဒါနဲ့ သြစတြေးလျ ရွေးကောက် ပွဲတွေမှာ ထရမ့်ကို မထောက်ခံတဲ့ နိုင်ငံရေးပါတီတွေ အောင်ပွဲခံခဲ့ကြပြီး ထရမ့်နဲ့ ပေးစားခံရတဲ့ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးသမားတွေ အရှုံးနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။

Reform UK ပါတီက အပြတ်အသတ်အနိုင်ရ

ဒါပေမဲ့ ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အင်္ဂလန်ရွေးကောက်ပွဲကတော့ နည်းနည်းထူးခြားပါတယ်။ ထူးခြားတယ်ဆိုတာ ရွေးကောက်ပွဲမှာ အင်္ဂလန် (ယူနိုက်တက်ကင်းဒမ်း) ရဲ့ ဒေါ်နယ်ထရမ့်လို့ လူသိများပြီး ထရမ့်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ Nigel Farage ဦးဆောင်တဲ့ Reform UK ပါတီက အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။ အခုရွေးကောက်ပွဲက ဗဟိုအဆင့်ရွေးကောက်ပွဲတော့မဟုတ်ပါဘူး။ ဒေသန္တရနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေပဲ ဖြစ်ကြပါတယ်။

သူတို့ဆီက ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေဟာ ဗဟိုအဆင့်ရွေးကောက်ပွဲတွေလိုပဲ အရေးပါပါတယ်။ သူတို့ဆီမှာ ရွေးကောက်ပွဲတွေက ပုံစံအမျိုးမျိုးရှိပါတယ်။ (ဗဟိုအဆင့်) အထွေထွေရွေးကောက်ပွဲ (General election)၊ ကြားဖြတ်ရွေးကောက်ပွဲ (By-election)၊ ဒေသန္တရရွေးကောက်ပွဲ (Local government)၊ မြို့တော်ဝန်ရွေးကောက်ပွဲ (Local mayors, Mayor of London & London Assembly) စသဖြင့် ရှိပါတယ်။

ဒါ့အပြင် စကော့တလန်ပါလီမန်ရွေးကောက်ပွဲ (Scottish Parliament)၊ မြောက်အိုင်ယာလန် ရွေးကောက်ပွဲ (Northern Ireland Assembly)၊ ဝေလပြည်နယ်ရွေးကောက်ပွဲ (Welsh Parliament) စသဖြင့် ရှိပါတယ်။ သိကြတဲ့အတိုင်း ယူနိုက်တက်ကင်းဒမ်းနိုင်ငံဆိုတာ အင်္ဂလန်(England)၊ စကော့ တလန် (Scotland)၊ ဝေလ (Wales)နှင့် အိုင်ယာလန်မြောက်ပိုင်း (Northern Ireland) စတဲ့ သီးခြားနယ်ပယ်ဒေသကြီးလေးခုနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ နာမည်အပြည့်အစုံက United Kingdom of Great Britain and Northern Ireland ဖြစ်ပါတယ်။ ယူကေ (UK) လို့ အတိုကောက် ခေါ်ကြပါတယ်။ အခု ရွေးကောက်ပွဲတွေဟာ ယူကေနိုင်ငံရဲ့ အဓိကအစိတ်အပိုင်းကြီးတစ်ခုဖြစ်တဲ့ အင်္ဂလန်မှာ ပြုလုပ်တဲ့အတွက် နိုင်ငံတကာမီဒီယာတွေက အင်္ဂလန်ဒေသန္တရနဲ့ ကြားဖြတ်ရွေးကောက်ပွဲ (English local elections or England by-election) စသဖြင့် ဝိဂြိုဟ်ပြုကြပါတယ်။

အဓိကယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီများ

အခု ၂၀၂၅ အင်္ဂလန် ရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေကတော့ လက်ရှိအာဏာရလေဘာပါတီ (Labour Party)၊ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ (Conservative Party)၊ ပါတီသစ်တစ်ခုဖြစ်တဲ့ လက်ယာအမျိုးသားရေးအယူကိုင်စွဲတဲ့ Reform UK ပါတီ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (Liberal Democrats) နဲ့ သဘာဝပတ်ဝန်းကျင်ပါတီ (Green Party) တို့ဖြစ်ပြီး အင်္ဂလန်တစ်ဝန်းဒေသဆိုင်ရာကောင်စီ (local councils) ၂၃ ခုမှာရှိတဲ့ နေရာ ၁၆၀၀ ကျော်နဲ့ မြို့တော်ဝန် (regional mayors) ခြောက်နေရာအပြင် အောက်လွှတ်တော် (House of Commons) လစ်လပ်မဲဆန္ဒနယ်တစ်နေရာတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရလဒ်တွေအရ Reform UK ပါတီဟာ ဒေသဆိုင်ရာကောင်စီ ၆၇၇ နေရာ၊ လစ်ဘရယ်ဒီမိုကရက်တွေကနေရာ ၃၇၀၊ ကွန်ဆာဗေးတစ်က ၃၁၉ နေရာ၊ လေဘာက ၉၈ နေရာ၊ ဂရင်းက ၇၉ နေရာနဲ့ ကျန်တာတွေက တစ်သီးပုဂ္ဂလိကတွေ၊ အခြားအဖွဲ့အစည်းတွေက နိုင်ပါတယ်။ မြို့တော်ဝန်ရွေးကောက်ပွဲမှာလည်း Reform UK ပါတီက နှစ်နေရာနိုင်ပြီး လူစိတ်အဝင်စားဆုံးဖြစ်တဲ့ အောက်လွှတ်တော်အမတ်နေရာကိုလည်း Reform UK ပါတီကပဲ နိုင်ပါတယ်။ အဲဒီအောက်လွှတ်တော် နေရာမဲရလဒ်ဟာ သိပ်နီးကပ်လွန်းလို့ နောက်တစ်ကြိမ်မဲပြန်လည်ရေတွက်ခဲ့ရပြီး Reform UK ပါတီက လေဘာပါတီကို ခြောက်မဲအကွာနဲ့ ပွတ်ကာ သီကာအနိုင်ရခဲ့တာဖြစ်ပါတယ်။

အခုဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ထိပ်ဆုံးက အနိုင်ရသွားတဲ့ Reform UK ပါတီဟာ တစ်ချိန်က ယူကေနိုင်ငံဥရောပသမဂ္ဂအဖွဲ့ (EU) မှ နုတ်ထွက်စေရေးဦးဆောင်ဆော်သြခဲ့တဲ့ Brexit Party အဖြစ် လူသိများပြီး ၂၀၂၁ ခုနှစ်မှာ Brexit Party မှ Reform UK ပါတီအဖြစ် အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ Reform UK ပါတီဟာအာဏာရ ပါတီကြီးဖြစ်တဲ့ လေဘာပါတီနဲ့ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ ကွန်ဆာဗေးတစ်တို့ကို ကျော်လွန်ပြီး နေရာအများစု အနိုင်ရသွားခဲ့လို့ ယူကေ (အင်္ဂလန်) နိုင်ငံရေးတစ်ခုလုံး တအံ့တသြဖြစ်သွားကြပါတယ်။ ယူကေနိုင်ငံမှာ (ဗဟိုအဆင့်) အထွေထွေရွေးကောက်ပွဲတွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ ၂၀၂၄ အထွေထွေရွေးကောက်ပွဲတုန်းက အောက်လွှတ်တော်မှာ လေဘာပါတီက အမတ် ၄၀၀ ကျော်ရခဲ့ပြီး ကွန်ဆာဗေးတစ်တွေက ၁၀၀ ကျော်ပဲရခဲ့ပါတယ်။ အဲဒီတုန်းက Reform UK ပါတီက အမတ်နေရာငါးနေရာပဲနိုင်ပါတယ်။ အခု ၂၀၂၅ ရွေးကောက်ပွဲတွေက ဗဟိုအဆင့်၊ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတွေမဟုတ်ဘူး၊ ဒေသန္တရအဆင့်သာဖြစ်တယ်ဆိုတဲ့တိုင် Reform UK ဟာ အစဉ်အလာကြီးမားတဲ့ လေဘာကော၊ ကွန်ဆာဗေးတစ်ကောကျော်ပြီး ပထမနေရာရောက်သွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန် (ယူကေ) မှာ ဒေသဆိုင်ရာကောင်စီ နေရာတွေဟာ ပြည်သူနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ နေရာတွေဖြစ်လို့ ပြည်ထောင်စုလွှတ်တော်အမတ်တွေလိုပဲ အရေးပါပါတယ်။ အနိုင်ရခဲ့တဲ့ Reform UK ပါတီခေါင်းဆောင် Nigel Farage ကတော့ ယူကေနိုင်ငံရွေးကောက်ပွဲသမိုင်းမှာ လေဘာနဲ့ ကွန်ဆာဗေးတစ်ပါတီကြီးတွေကို အလဲထိုးပြီး ရှေ့ကိုရောက်လာတဲ့ Reform UK ပါတီလို ပါတီမျိုး မရှိသေးဘူးဆိုကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောပါတယ်။ အခု ရွေးကောက်ပွဲမှာ အခြားပါတီတွေဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တို့၊ ဂရင်းတို့ကလည်း သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရခဲ့တာကြောင့် ယူကေနိုင်ငံရေးလောကမှာ အရင်ကလိုပါတီကြီး နှစ်ပါတီလွှမ်းမိုးကြီးစိုးတဲ့ နှစ်ပါတီနိုင်ငံရေး (duopoly politics) အဆုံးသတ်သွားပြီ၊ ငါးပါတီခေတ်ဖြစ်လာပြီဆိုပြီး လေ့လာသူအချို့က သုံးသပ်နေကြပါတယ်။

ဥရောပအတွက်တော့ သတင်းကောင်းမဟုတ်

Reform UK ပါတီရဲ့ အောင်မြင်မှုဟာ ဥရောပအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ Reform UK ပါတီခေါင်းဆောင် Nigel Farage ဟာ ဥရောပသမဂ္ဂ (အီးယူ) နဲ့ အစေးမကပ်သူဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ဥရောပ ပါလီမန်မှာ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အီးယူက တရားဝင် နုတ်ထွက်တဲ့ အခမ်းအနားကျင်းပပြု လုပ်ခဲ့ရာ ယူကေကိုယ်စားလှယ်အဖွဲ့အား ဦးဆောင် တက်ရောက်ခဲ့သူမှာ Nigel Farage ဖြစ်ပါတယ်။ အီးယူအဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ လွှတ်တော် အမတ်များရှေ့ နှုတ်ဆက်မိန့်ခွန်းပြောရာမှာ Nigel Farage က အီးယူအဖွဲ့အစည်းကို အပြင်းအထန်ပြစ်တင်ဝေဖန်သွားခဲ့ပြီး ယူကေနိုင်ငံက အီးယူက အုပ်စုဖွဲ့အနိုင်ကျင့်ဖို့ သေးငယ်တဲ့နိုင်ငံမဟုတ်ကြောင်း၊ အီးယူဟာ သူလိုချင်တာကို မရရအောင် မလိမ့်တစ်ပတ်လုပ်တဲ့နေရာမှာ အင်မတန်တော်ကြောင်း၊ ယူကေနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အထိပါးခံမှာ မဟုတ်ကြောင်း၊ ကျွန်ုပ်တို့အနေနဲ့ ဥရောပတိုက်အား ချစ်မြတ်နိုးတယ်၊ ဒါပေမဲ့အီးယူအဖွဲ့အစည်းကို မချစ်မနှစ်သက်ပါဟု ပြောင်ပြောင်တင်းတင်း ပြောကြားခဲ့ပါတယ်။ သူ့မိန့်ခွန်းမပြီးဆုံးမီ အီးယူပါလီမန်သဘာပတိဖြစ်သူက စကားပြောခွက်ကို ပိတ်ပစ်ခဲ့ပြီး ယူကေအလံတွေကိုယူကာ ပါလီမန်မှ ထွက်ခွာဖို့ ပြောဆိုခဲ့ပါတယ်။

အခုအချိန်ဟာ ဥရောပတိုက်မှာ လက်ဝဲ၊ လက်ယာ နိုင်ငံရေးသဘောထားကွဲပြားမှုတွေ အမြင့်မားဆုံးကိုရောက်ရှိနေပြီး အာဏာရလစ်ဘရယ်အသိုင်းအဝိုင်းက ဥရောပတစ်လွှား လက်ယာစွန်းနိုင်ငံရေးပါတီတွေကို ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်နေချိန်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပြင်သစ်မှာ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ လက်ယာစွန်း National Rally ပါတီ ခေါင်းဆောင် Marine Le Pen ကို ၂၀၂၇ ခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီး ဂျာမနီမှာ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ လက်ယာစွန်း AfD ပါတီကို အစွန်းရောက် ပါတီအဖြစ် တရားဝင်သတ်မှတ်လိုက်ပါတယ်။

ရိုမေးနီးယားနိုင်ငံမှာလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ပထမအကျော့ သမ္မတရွေးကောက်ပွဲများကျင်းပခဲ့ပြီး လက်ယာစွန်းနိုင်ငံရေးသမား C lin Georgescu အနိုင်ရခဲ့ပေမယ့် ရိုမေးနီးယားဖွဲ့စည်းပုံအခြေခံခုံရုံးက ရွေးကောက်ပွဲအတွင်း ရုရှားနိုင်ငံရဲ့ လွှမ်းမိုးမှုတွေရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း၊ C lin Georgescu ကိုလည်း နောက်ထပ် သမ္မတရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

အခုလို ဥရောပလစ်ဘရယ်အစိုးရတွေအနေနဲ့ လက်ယာစွန်းတွေကို တစ်ဖက်သတ်ဖိနှိပ်နေချိန်မှာ ယူကေနိုင်ငံဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဥရောပသမဂ္ဂကို အဆိုးမြင်သူ၊ လက်ယာစွန်းအဖြစ် ရှုမြင်ခြင်းခံရသူ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အထူးရင်းနှီးသူ အင်္ဂလန်နိုင်ငံရေးသမား Nigel Farage ဦးဆောင်တဲ့ Reform UK ပါတီ အနိုင်ရမှုဟာ ဥရောပအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်စေပါလိမ့်မယ်။ ။