ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်
မောင်သောင်းဝင်း (တမန်ဟောင်း)
ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုးတစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသောမြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကိုရှူရှိုက် ရသောလလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန်အပြင်းထန်ဆုံး အချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လတ် ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှန်းကာ ဗောဓိပင်အပွားတော်များကို သဒ္ဓါ တရားထက်သန်စွာဖြင့် ရေစင်သွန်းလောင်းလေ့ ရှိကြသည်။ ထို့အပြင် ကုဆုန်လပြည့်နေ့ကို ကဆုန် ညောင်ရေသွန်းပွဲတော်အခါသမယနေ့ ဟုလည်း ခေါ်လေ့ရှိကြသည်။
ကဆုန်လသည် မြန်မာတစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ ကဆုန်လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင် စန်းပြည်နက္ခတ်မှာ ဝိသာခါနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ တံငါတာရာဖြစ်သည်။ ရာသီရုပ်မှာ နွားထီးရုပ်ဖြစ်သည်။ ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်။ ကဆုန်ကို ပုဂံခေတ်ကျောက်စာများတွင် ကုဆုန်ဟုရေးထိုးထားသည်။ ထိုမှတစ်ဆင့် ကဆုန်ဟူ၍ ရေးသားလာခြင်းဖြစ်သည်။ ကု၊ က၏ အနက်အဓိပ္ပာယ်သည် ရေဖြစ်သည်။ ဆုန်၏အနက်အဓိပ္ပာယ်သည် သွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ကဆုန်လကို ရေသွန်းလောင်းလ၊ ရေလောင်းလဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။
“ကဆုန်နယုန်ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ကဆုန်လ၏ အပူချိန်သည် လွန်စွာပင်ပူပြင်းလှပါသည်။ မေလအတွင်း တချို့သောဒေသများ၌ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်အထိပင် ရှိနေပြီဖြစ်သည်။ ထိုသို့အပူချိန်မြင့်မားလာမှုကြောင့် တချို့သောဒေသများတွင် သောက်သုံးရေရှားပါးသော်လည်းအလှူဒါနရက်ရောကြသည့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင်ရေကို ရနိုင်သည့်နေရာမှ ပင်ပန်းကြီးစွာ သွားရောက်ခပ်ယူကာ မဟာဗောဓိညောင်ပင်အားကုသိုလ်ဖြစ် ရေလောင်းလှူကြပါသည်။ ရှေးယခင်ကတည်းက ကျေးရွာ၊ ရပ်ကွက်အလိုက် ဘုရား၊ ကျောင်းကန်များရှိ မဟာဗောဓိညောင်ပင်များကို စုပေါင်းရေလောင်းလှူကြသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ကောင်းမွန်သော အလေ့အထတစ်ခုပင် ဖြစ်သည်။
မြတ်စွာဘုရားအလောင်းတော်သည် ယခုလို ပူပြင်းလှသည့်နွေရာသီတွင် ဒီပင်္ကရာဘုရားရှင်ထံ ဗျာဒိတ်တော်ခံယူပြီးနောက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်ဖြည့်ကျင့်ခဲ့ရသည်။ ထိုကာလများတွင် မြတ်စွာဘုရားအလောင်း တော်သည် ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အသက်၊ သွေး၊ ချွေးများစွာကို စွန့်လွှတ်ခဲ့ရသည်။ အထူးသဖြင့် သာမန်ပုထုဇဉ်လူသားတို့ ပြုနိုင်ခဲသော ခန္တီပါရမီကို ဖြည့်ကျင့်နိုင်မှုပင်ဖြစ်သည်။ အလှူ အတန်းနှင့်ပတ်သက်၍ ဇနီး၊ သား၊ သမီးများ အပါ အဝင် မိမိအသက်ကိုပင် ဘဝပေါင်းများစွာ၌ စွန့်လွှတ် လှူဒါန်းနိုင်ခဲ့ပေသည်။
“ဖွားမြင်၊ ပွင့်စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ” ဆိုသည့်အတိုင်း ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူရရှိခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့ (သောကြာနေ့)တွင် ဘုရားအလောင်းတော်အား ဖွားမြင်တော်မူခြင်း၊ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါးကို သိမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းနှင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း စသည့်အကြောင်း တရားလေးပါးနှင့် ပြည့်စုံတော်မူသော နေ့ထူး နေ့မြတ်ပင်ဖြစ်သည်။
ကဆုန်လသည် သက္ကတ၊ ပါဠိ၊ ဟိန္ဒီဘာသာတို့ တွင် ‘ဝိသာခါ’ Vesaka ဖြစ်၍ ဝိသာခါနက္ခတ်နှင့် ယှဉ်သောလဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် အသံထွက်တွင် Vesak ဟူ၍ဖြစ်ရာ ယင်းအသံထွက်ကိုလိုက်၍ ကဆုန်လပြည့်နေ့ကို Vesak Day ဟု အနောက် နိုင်ငံသားတို့က ခေါ်ဆိုကြသည်။ ၁၉၉၉ ခုနှစ် (၅၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။
မြတ်စွာဘုရား၏ မိခင် သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေချိန် တွင် မွေးရပ်မြေဒေဝဒဟပြည်ရှိ ဆွေမျိုးများထံသို့ ပြန်ပြီး ဘုရားလောင်းအား မီးဖွားသန့်စင်လိုသဖြင့် ကပိလဝတ်တိုင်းပြည်မှ ထွက်ခွာခဲ့ပါသည်။ ဘုရား လောင်း၏ဖခင် သုဒ္ဓေါဓနမင်းကြီးသည် မယ်တော်မာယာအား ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသဖြင့် ထိုသို့ခရီးရှည်မသွားရောက်ရန် အကြိမ်ကြိမ်တားဆီးခဲ့ပါသည်။ သို့ရာတွင် မိဖုရားကြီး၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးတွင် ဆွေးမျိုးများထံသို့ သွားရောက်ရန်ခွင့်ပြုပေးခဲ့ရသည်။ မင်းကြီး ထင်ထားသည့်အတိုင်းပင် ဘုရားအလောင်းတော်ကို လမ်းခုလပ်တွင် လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော်ကို ယခုလို ပူပြင်းသည့်နွေရာသီ ကဆုန်လ၌ပင် ဖွားမြင်တော်မူခဲ့ခြင်းဖြစ်သည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်တွင် ယသောဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို နွေ၊ မိုး၊ ဆောင်း နန်းဆောင်သုံးခု၌ ၁၃ နှစ်ကြာ စံမြန်းတော်မူ ခဲ့သည်။ ထို့နောက် ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးတို့ကို မြင်တွေ့ပြီးနောက် မအို၊ မနာ၊ မသေသော လမ်းစဉ်ကို ရှာဖွေရန် အတွက် တောထွက်တော်မူခဲ့သည်။ တောရပ်မြိုင် တွင် ခြောက်နှစ်ကြာ ဒုက္ကရစရိယာကျင့်ပြီး သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။ မလျှော့သောဇွဲလုံ့လဖြင့် စဉ်ဆက်မပြတ် အားထုတ်ကျင့်ကြံခဲ့ခြင်းကြောင့်သာ ချစ်ချစ် တောက်ပူပြင်းလှသည့် ကဆုန်နေရောင်အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူသော သုံးလောကထွတ်ထား မြတ်ဘုရားအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည့်နေ့မှစပြီး သတ္တဝါများကို ကယ်တင်နိုင်ရန်အတွက် ညဉ့်အချိန်တွင် နှစ်နာရီခန့်သာ သတိတရားဖြင့် တရားမှတ်အနားယူခဲ့သည်မှလွဲ၍ လူ၊ နတ်၊ ဗြဟ္မာတို့အား ၄၅ ဝါတိုင်တိုင် အချိန်ပြည့် တရားတော်များ ဟောကြားသွန်သင်ဆုံးမခဲ့ သည်။ ထိုသို့ ကရုဏာကြီးမားစွာဖြင့် သွန်သင်ဆုံးမ ဟောကြားနေရာမှ သက်တော် ၈၀ ပြည့်သည့်အချိန် သက္ကရာဇ် ၁၄၈ ခုနှစ်က ဆုန်လပြည့်နေ့ (အင်္ဂါနေ့) တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ မြတ်စွာဘုရား နှင့် ဆက်စပ်သော ထူးခြားသည့်ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာများအတွက် အထွတ်အမြတ်ထားရာ နေ့ထူး နေ့မြတ်ပင်ဖြစ်သည်။
ဆိုရလျှင် နှစ်စဉ်ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ပင်ဖြစ်သည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာနလူမျိုးများအတွက် ထူးခြားလေးနက်သော နေ့တစ်နေ့ဖြစ်သည်။ အကြောင်းမူကား ဘုရားအလောင်းတော်သည် လွန်ခဲ့သောသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ မြတ်စွာဘုရားအလောင်းတော်သည် ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီအပူချိန်အောက်တွင် သစ္စာလေးပါး တရားထူးတရားမြတ်ကို ထိုးထွင်း သိမြင်နိုင်အောင် ကျင့်ကြံအားထုတ်ခဲ့ရသည်။ ဘဝပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ပါရမီအဟုန်တို့ကြောင့် မာရ်နတ်နှောင့်ယှက်နေသည့်ကြားမှပင် ဗောဓိပင်နှင့် ရွှေပလ္လင်ထက်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုအကြောင်းတရားများကြောင့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့ကို အမြတ်ဆုံးနေ့အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။
အမှန်တော့ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ဖွားဖက်တော် ခုနစ်ပါးတွင် မဟာဗောဓိညောင်ပင်လည်း ပါရှိသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နောက်ပိုင်း မဟာဗောဓိညောင်ပင်ကို မြတ်စွာဘုရားအား ရည်မှန်းကာ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အမွှေးနံ့သာများဖြင့် ညောင်ရေသွန်း ကုသိုလ်ပြုကြခြင်း ဖြစ်သည်။ ညောင်ရေသွန်းပွဲတော်ကို ပုဂံခေတ်ကတည်းက ကျင်းပခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်များအား တောရောမြို့ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ နိုင်ငံတစ်ဝန်းတွင် ကျင်းပသည့် ကဆုန်ညောင်ရေ သွန်းပွဲတော်သည် တစ်နှစ်ထက်တစ်နှစ် ပိုမို စည်ကားလျက်ရှိသည်။ ထိုမြင်ကွင်းများကို တွေ့ရ မြင်ရသည်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် များစွာ ပီတိဖြစ်ရပါသည်။
ထိုသို့ ထူးမြတ်သည့်ဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ရိပ်သာများတွင် ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဒါန၊ သီလ၊ ဘာဝနာပွားများသူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အစိုးရရုံး၊ ဌာနများအား ပိတ်ပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများသည် လည်း အခြားပြည်သူများနည်းတူ ဘုရား၊ ကျောင်းကန်များသို့ သွားရောက်ကာ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်ပွားများ လှူဒါန်းနိုင်ကြပါသည်။
မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ယဉ်ကျေးသိမ်မွေ့သော ဝတ်စားဆင်ယင် ထုံးဖွဲ့မှုမျိုးဖြင့်သာ ညောင်ရေသွန်းပွဲတော်သို့ သွားရောက် လေ့ရှိကြသည်။ ထိုနေ့တွင် ဘုရား၊ စေတီပုထိုးများ၌ ညောင်ရေသွန်းပွဲတော်သို့ လာရောက်ကုသိုလ်ပြု ကြသည့် အလှူရှင်များနှင့် ပြည့်နှက်နေလျက်ရှိသည်။ ထိုသို့လာရောက်ကုသိုလ်ပြုကြသည့် အသက် အရွယ်ပေါင်းစုံသည် ယောဂီအရောင် ထဘီ၊ ပုဆိုးနှင့် အဖြူရောင်အင်္ကျီသန့်သန့်ကလေးများကိုသာ ဝတ်ဆင်ထားကြသည့်အပြင် ယောဂီရောင်တဘက် ကလေးများကိုပါ ခြုံထားသည့် မြင်ကွင်းကလည်း ကြည့်ရ၊ မြင်ရသူများ၏ရင်ကို အေးမြစေပါသည်။
ဆိုရလျှင် ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များနှင့် ဆက်စပ်မှုများရှိနေသောကြောင့် ဗုဒ္ဓနေ့ဟုပင် တင်စားခေါ်ဝေါ်လျက်ရှိသည်။ မြန်မာ လူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာကို ရည်မှန်းလျက် ဖွားဖက်တော် မဟာဗောဓိညောင်ပင်ကို အမွှေးနံ့သာရည်များဖြင့် ညောင်ရေသွန်းလောင်းလေ့ရှိသည်။ ထိုဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများရှိ ဗောဓိ ညောင်ပင်များတွင် ညောင်ရေသွန်းလောင်းသူများ ဖြင့် အထူးစည်ကားလျက်ရှိသည်။ ထို့ပြင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများတွင်လည်း ဥပုသ် သီတင်းသီလဆောက်တည်သူများ၊ တရားအားထုတ် သူများနှင့် ပြည့်နှက်လျက်ရှိသည်။
ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် ဗုဒ္ဓ၏ဖြစ်တော်စဉ်များ ပြည့်နှက်လွှမ်းခြုံလျက်ရှိသည့် ထူးခြားလေးနက် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မြတ်ဗုဒ္ဓ၏ ဖွားဖက်တော် မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းရင်း ဒါန၊ သီလ၊ ဘာဝနာများပွားများကာ ကောင်းမှုကုသိုလ်အစုစုကို ဆတက်ထမ်းပိုးပြုလုပ်သွားကြပါ စို့ဟု ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။