Skip to main content

ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းနှင့် စိတ်ကျန်းမာရေးကဏ္ဍ

ရတနာ (သုတေသီ)

ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းဆိုသည်မှာ လူသားတိုင်း၏ ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊ ရောဂါဖြစ်ပွားမှုလျှော့ချစေရန်နှင့် လူတိုင်းသက်တမ်းစေ့ကျန်းမာစွာနေထိုင်နိုင်ရန် လုပ်ဆောင်ရသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းသည် ရောဂါကာကွယ်ခြင်းသာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်တို့ကိုပါ ပျော်ရွှင်ကျန်းမာစေရန် အထောက်အကူပြုပါသည်။

ကျန်းမာရေးအဆင့်မြှင့်တင်ရန်အတွက် ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း၊ လူတိုင်းအာဟာရမျှတအောင်စားသောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ဆေးလိပ်သောက်မှုရှောင်ကြဉ်ခြင်း၊ ကျန်းမာသော လူမှုဘဝနှင့် ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးခြင်း၊ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးကို ဦးစားပေးလုပ်ဆောင်ခြင်း၊ မူဝါဒဆိုင်ရာ ပြုပြင်မှုများပြုလုပ်ခြင်း စသည့်အချက်များ ပါဝင်ပါသည်။

ကျန်းမာခြင်းဟုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာကျန်းမာခြင်းသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းရှိမှသာ ပြည့်စုံသောကျန်းမာခြင်းဖြစ်ပေမည်။ ထို့ကြောင့် ကျန်းမာရေးအဆင့်မြှင့်တင်ရာတွင် စိတ်ကျန်းမာရေးကဏ္ဍကို ချန်လှပ်ထား၍မရနိုင်ပါ။ စိတ်ကျန်းမာရေးကောင်းမွန်မှုသည် လူတစ်ဦး၏နေထိုင်မှု၊ အလုပ်လုပ်နိုင်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုစသည့် ဘဝတန်ဖိုးများကို တိုက်ရိုက်သက်ရောက်စေပါသည်။

စိတ်ကျန်းမာရေးသည် အလုံးစုံကျန်းမာရေး၏ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ စိတ်ကျန်းမာရေးသည် လူနေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှုထိန်းချုပ်ခြင်းနှင့် စိတ်ခံစားချက်များကိုထိန်းညှိခြင်းများအတွက်လည်း အရေးကြီးလှပါသည်။ စိတ်ကျန်းမာရေးကောင်းမွန်မှုသည် ကျန်းမာသောစားသောက်မှုပုံစံ၊ စိတ်ဖိစီးမှုထိန်းချုပ်နိုင်မှုနှင့် ရေရှည်ကျန်းမာရေးကောင်းမွန်အောင်လုပ်ဆောင်ရာတွင် အရေးကြီးပါသည်။

စိတ်ကျန်းမာရေးကောင်းမွန်သည်ဟုဆိုရာတွင် -

(၁) ကောင်းမွန်သောစိတ်ခံစားချက်ရှိခြင်း (Emotional well-being)-မိမိစိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း၊ သင့်တင့်လျောက်ပတ်သော စိတ်ခံစားချက်ကိုသာပြသခြင်း၊ စိတ်ဖိစီးမှုများကို ဖြေရှင်း နိုင်ခြင်း

(၂) ကောင်းမွန်သောစိတ်အခြေအနေရှိခြင်း (Psychological well-being) - မိမိ၏ဖြစ်တည်မှုကို လက်ခံခြင်း၊ ဘဝရည်မှန်းချက်ထားရှိခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိခြင်း၊ ဘဝဖွံ့ဖြိုးတိုးတက်မှုရှိခြင်း

(၃) ကောင်းမွန်သောလူမှုအသိုင်းအဝိုင်းရှိခြင်း (Social well-being)- တခြားသူများနှင့် ဆက်ဆံရေးကောင်းခြင်း၊ လူမှုရေးလုပ်ငန်းများတွင် ပါဝင်နိုင်ခြင်း၊ အကူအညီပေးနိုင်သူများနှင့် ချိတ်ဆက်ထားခြင်းတို့ ပါဝင်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများကလည်း စိတ်ကျန်းမာရေးပြဿနာကို မဖြစ်အောင်ကာကွယ်နိုင်သကဲ့သို့ ဖြစ်ပြီးသား စိတ်ကျန်းမာရေးပြဿနာများကိုလည်း ပိုမဆိုးလာအောင်ကာကွယ်စေနိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာကုထုံးများ၊ ပတ်ဝန်းကျင်၏ ကူညီစောင့်ရှောက်မှု၊ လူနေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အာဟာရပြည့်သော အစားအစာများကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လူအများနှင့်ပေါင်းသင်း ဆက်ဆံခြင်းသည် စိတ်ရောကိုယ်ပါကျန်းမာစေရုံသာမက ကျန်းမာသော လူနေမှုပုံစံကိုလည်း ဖြစ်စေပါသည်။

နေ့စဉ်နေထိုင်မှုဘဝပုံစံနှင့် စိတ်ကျန်းမာရေးအခြေအနေတို့က အပြန်အလှန် သက်ရောက်မှုရှိပါသည်။ စိတ်ကျန်းမာရေးအခြေအနေကလည်း အပြုအမူကို လွှမ်းမိုးနိုင်ပါသည်။ နေ့စဉ်နေထိုင်မှုဘဝပုံစံကြောင့်လည်း စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာသောလူနေထိုင်မှုပုံစံတို့ကိုထိန်းသိမ်းရာတွင် စိတ်ကျန်းမာရေးသည် အခြေခံအုတ်မြစ်အဖြစ် အရေးပါလှပါသည်။ နေ့စဉ်လူနေထိုင်မှု ဘဝပုံစံများကြောင့် ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို ထိခိုက်စေသော အပြုအမူများကို ပြုလုပ်မိနိုင်သည်။

ယင်းတို့မှာ-

(၁) စားသောက်မှုပုံစံများ

စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်သောကများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကလည်း ကျန်းမာရေးနှင့် မကိုက်ညီသော အစားအသောက်များကို စားမိစေပါသည်။ အဝလွန်ခြင်းများကို ဖြစ်လာစေပါသည်။

(၂) အိပ်မပျော်ခြင်း/အိပ်စက်ရခက်ခဲခြင်း

စိတ်ကျန်းမာရေးမပြည့်စုံမှုကြောင့် အိပ်ပျော်ရခက်ခဲခြင်း၊ ခဏခဏနိုးခြင်း၊ အစောကြီးနိုးနေခြင်းစသည့် အိပ်စက်ခြင်းဆိုင်ရာအခက်အခဲများ ဖြစ်စေနိုင်ပါသည်။

(၃) မူးယစ်ဆေးဝါးသုံးစွဲမိခြင်း

စိတ်ကျန်းမာရေးအခက်အခဲများကြောင့် ထွက်ပေါက်တစ်ခုအနေဖြင့် အရက်နှင့် ဆေးဝါးများသုံးစွဲမိတတ်ပါသည်။ ထိုမှတစ်ဆင့် အရက်နှင့် မူးယစ်ဆေးစွဲခြင်း၊ ခန္ဓာကိုယ်ရောဂါများဖြစ်ပွားလာခြင်းနှင့် စိတ်ကျန်းမာရေးရောဂါများဖြစ်ပွားခြင်းတို့ ဖြစ်လာနိုင်ပါသည်။

(၄) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

စိတ်မကျန်းမာခြင်းကြောင့် ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်ခြင်း၊ အားမရှိသကဲ့သို့ ခံစားရခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးသွားတတ်ပါသည်။ နောက်ဆက်တွဲအနေဖြင့် စိတ်ရောကိုယ်ပါကျန်းမာရေး ထိခိုက်လာစေပါသည်။

ထို့ကြောင့် ကျန်းမာသောလူနေမှုပုံစံကသာလျှင် ကိုယ်ခန္ဓာကျန်းမာရေးကောင်းမွန်ခြင်း၊ စိတ်ကျန်းမာရေးကောင်းမွန်ခြင်း၊ ခွန်အားနှင့်ပြည့်စုံ၍ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်လာခြင်းနှင့် ရေရှည်ကောင်းကျိုးများခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာလေ့ကျင့်နည်းများဖြစ်သည့် ယောဂ၊ ထိုက်ချီ၊ သတိပဋ္ဌာန်တရားကဲ့သို့ စိတ်တည်ငြိမ်စေရန် လေ့ကျင့်ခြင်းများနှင့် အသိ/သတိနှင့်နေထိုင်ခြင်း (Mindfulness) တို့သည် စိတ်ဖိစီးမှုများကို လျော့ကျစေပြီး စိတ်ခွန်အားများ ရရှိစေပါသည်။ ယောဂကျင့်စဉ်များကြောင့် ဦးနှောက်၏ တည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်တာများကို ကောင်းစေသည့်အတွက် စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်ပြီး စိတ်ခံစားချက်များကို ထိန်းချုပ်လာနိုင်ပါသည်။ Mindfulness Based Stress Reduction (MBSR)ကို လေ့ကျင့်ခြင်းသည် စိုးရိမ်ပူပန်သော စိတ်ရောဂါကိုကုသရာတွင် ဆေးဝါးများကဲ့သို့ထိရောက်မှုရှိကြောင်း တွေ့ရပါသည်။

အိပ်စက်ခြင်းသည် ကိုယ်ရောစိတ်ပါကျန်းမာစေရေးအတွက် အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။ လူအများစုတွင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရခြင်း၊ အိပ်ချိန်မမှန်ခြင်းနှင့် အိပ်ချိန်မပြည့်ဝခြင်းတို့ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ ဆုံးဖြတ်ချက်များဝေဝါးလာခြင်းနှင့် စိတ်မတည်ငြိမ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများ အပြောင်းအလဲများခြင်း၊ လက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် Screen Time များခြင်းတို့ကလည်း အိပ်စက်ခြင်းကို ထိခိုက်စေပါသည်။ ကျန်းမာသော လူနေမှုပုံစံတွင် အိပ်ရေးဝဝအိပ်ရစေရန် အိပ်ချိန်မှန်မှန်ထားခြင်း၊ နေ့စဉ်လုပ်ငန်းများကို ပုံသေထားခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ခြင်းများကို လုပ်ဆောင်ရမည် ဖြစ်ပါသည်။

လူမှုဆက်ဆံရေးကောင်းမွန်ခြင်းသည် စိတ်ကျန်းမာရေးအတွက် အရေးပါလှပါသည်။ လူတို့သည်အဖွဲ့အစည်းဖြင့် နေထိုင်ကြရသည့် သဘာဝဖြစ်ပါသည်။ တစ်ဦးတစ်ယောက်တည်းနေ၍မရ၊ တစ်ဦးတည်းအထီးကျန်ဆန်ဆန် သီးခြားနေထိုင်ပါက စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကြုံတွေ့လာနိုင်ပြီး အချိန်မတိုင်မီသေဆုံးခြင်းများပင် ဖြစ်လာနိုင်ပါသည်။

စိတ်ကစဉ့်ကလျားနှင့် စိတ်ကြွစိတ်ကျရောဂါကဲ့သို့သော ပြင်းထန်သည့်စိတ်ရောဂါများသည်ပင်လျှင် လူမှုပတ်ဝန်းကျင်ပံ့ပိုးမှုကောင်းပါက သက်သာနိုင်ပါသည်။ မိသားစုနှင့် ပတ်ဝန်းကျင်တို့၏ အကူအညီကိုရရှိပါက အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုများ ရရှိလာမည်ဖြစ်ပါသည်။ မိမိအားပံ့ပိုးကူညီသူ၊ ချစ်ခင်သူများ ရှိနေသည့်အတွက် စိတ်လုံခြုံမှုများ ရရှိနိုင်ပါသည်။ အရာရာကို အကောင်းမြင်သည့်စိတ်များနှင့် မိမိကိုယ်ကို တန်ဖိုးထားတတ်လာပြီး အခက်အခဲများကို ရင်ဆိုင်နိုင်ပါလိမ့်မည်။ စိတ်နှင့်ခန္ဓာကျန်းမာရေးအတွက် များစွာအထောက်အပံ့ကောင်း ဖြစ်စေပါသည်။

ကျန်းမာရေးထိခိုက်စေသော အပြုအမူများ (ဥပမာ- ဆေးလိပ်၊ အရက်သောက်ခြင်း၊ အဆင်အခြင်မဲ့စွာ မော်တော်ယာဉ်မောင်းနှင်ခြင်း၊ မသန့်ရှင်းသောအစားအစာများ စားသုံးခြင်း) ကြောင့် ရောဂါဖြစ်ပွားစေနိုင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိစေနိုင်ခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ သေဆုံးခြင်း တို့အပြင် လူမှုဒုက္ခများပါ ခံစားရနိုင်ပါသည်။ ထိုအပြုအမူများကို ပြုလုပ်မိအောင် တွန်းအားပေးသော အကြောင်းအရာများလည်း ရှိပေသည်။ ယင်းတို့မှာ တစ်ယောက်တည်းနေခြင်း၊ စိတ်ခံစားချက်များလွန်းခြင်း၊ လူနေထိုင်မှုဘဝနိမ့်ကျခြင်း၊ ပညာမတတ်ခြင်း၊ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ အသက်အရွယ်ကြီးခြင်းနှင့် နာတာရှည်ရောဂါခံစားနေရခြင်းတို့ ပါဝင်ပါသည်။ ကျန်းမာရေးထိခိုက်စေသော အပြုအမူများကို မပြုလုပ်မိအောင် ကာကွယ်ပေးနိုင်သည်များမှာ မိမိကိုယ်ကိုယ်ယုံကြည်ခြင်း၊ ပျော့ပျောင်းခြင်း၊ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း၊ မိမိကိုယ်ကိုယ်၏ အပြုအမူများကို ထိန်းချုပ်နိုင်ခြင်း၊ လောကဓံကိုခံနိုင်ရည်ရှိခြင်း၊ စိတ်ခွန်အားရှိခြင်း၊ ပတ်ဝန်းကျင်၏ အထောက်အပံ့ကို ရရှိခြင်းတို့ဖြစ်ပေသည်။

ကျန်းမာသောလူနေမှုပုံစံရရှိရန်အတွက် နည်းလမ်းကောင်းများစွာ ရှိပါသည်။

(၁) မိမိတွင်ကျန်းမာရေးအတွက်အန္တရာယ်ရှိသော အပြုအမူများ ရှိ၊ မရှိ ဆန်းစစ်ပါ (ဥပမာ- အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာများများစားခြင်း)

(၂) ကျန်းမာသောလူနေမှုပုံစံရရှိအောင် မိမိတွင်ရှိသော အားနည်းချက်၊ အားသာချက်များကို ရှာဖွေပါ (ဥပမာ-မိတ်ဆွေကောင်းများရှိခြင်း၊ အိမ်နီးချင်းကောင်းများရှိခြင်း)

(၃) မိမိကိုယ်တိုင်ပြုပြင်လုပ်ဆောင်နိုင်မည့်နည်းလမ်းများ ရွေးချယ်ပါ (ဥပမာ - အချိန်မှန်မှန်အိပ်ခြင်း၊ ဖုန်းနှင့် Screen time များလျှော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း)

(၄) မိမိအတွက်အနှောင့်အယှက်ဖြစ်စေမည့်အရာများကို ရှောင်ရှားပါ (ဥပမာ - သူငယ်ချင်းများနှင့် Club သွားခြင်း)

(၅) မိမိအားအကူအညီပေးနိုင်သူများနှင့်ပေါင်းသင်းပါ (ဥပမာ- ယောဂ သင်တန်းများသွားခြင်း၊ အားကစားဆိုင်ရာ အသင်းတစ်ခုခုတွင် ပါဝင်လုပ်ဆောင်ခြင်း)

(၆) လိုအပ်ပါက ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပါ (ဥပမာ-ကိုယ်အလေးချိန်လျှော့ချရန် အာဟာရဆရာဝန်နှင့်တိုင်ပင်ခြင်း)

(၇)     ကျန်းမာသောလူနေမှုပုံစံဖြစ်အောင် ပြုပြင်ပြောင်းလဲရာတွင် ဖြစ်နိုင်သော၊ တိုင်းတာ၍ရသော၊ ဖြစ်သင့်ဖြစ်ထိုက်သော၊ အချိန်အကန့်အသတ်ရှိသော ရည်မှန်းချက်များချမှတ်ပြီး အောင်မြင်စေရန် ထိန်းသိမ်းဆောင်ရွက်ရပါမည်။ (ဥပမာ-တစ်လအတွင်း ဆေးလိပ်လုံးဝပြတ်ရ မည်။ တစ်လအတွင်း ကိုယ်အလေးချိန် ငါးပေါင်ကျအောင်ကြိုးစားမည်)

(၈) ကျန်းမာသောလူနေမှုပုံစံဖြစ်အောင်ကြိုးစားရာတွင် သင့်လျော်သော နည်းပညာအကူအညီဖြင့် တယ်လီဖုန်းများ၊ Digital divice များတွင် Applicationများကို ထည့်သွင်းအသုံးပြုခြင်း (ဥပမာ- နေ့စဉ်လျှောက်သော ခြေလှမ်းများမှတ်ခြင်း၊ နှလုံးခုန်နှုန်းမှတ်တမ်းမှတ်ပေးခြင်း၊ Screen Time အသုံးပြုမှုမှတ်သားပေးခြင်း)

အထက်ဖော်ပြပါ ကျန်းမာရေးထိခိုက်စေသော အပြုအမူများကို ရှောင်ကြဉ်ခြင်းနှင့် ကျန်းမာသောလူနေမှုပုံစံရရှိရန် နည်းလမ်းများကို လိုက်နာဆောင်ရွက်ခြင်းသည် ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရုံသာမက စိတ်ကျန်းမာရေးကိုပါ များစွာအထောက်အကူဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

(ကိုးကား- ၂၂-၁-၂၀၂၅ ရက်နေ့တွင်ကျင်းပသော (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ၊ ကျန်းမာရေးပြဿနာဖြစ်စေနိုင်သည့် အချက်အလက်များ ဖော်ထုတ် ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝမြှင့်တင်စေရန် ဆောင်ရွက်ခြင်း)

ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲမှ ဒေါက်တာမျိုးကျော်သူ၏

(“ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းနှင့်စိတ်ကျန်းမာရေးကဏ္ဍ”)