အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း
ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
ယမန်နေ့မှအဆက်
ကြည်စိုးထွန်း ။ ။ ‘ယောက်ျားတို့အကြောင်း’။
ဒေါ်ခင်ယုမေ ။ ။ ‘ယောက်ျားတို့အကြောင်း’ က အစ်မက စာရေးဆရာမ ဒေါ်ခင်နှင်းယုဆို အကုန်ဖတ်တယ်။ အဲဒီယောက်ျားတို့အကြောင်းဆိုသူက တိုတိုလေးပါပဲ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ ။ ။ အတိုလေး၊ အတိုလေး။
ကြည်စိုးထွန်း ။ ။ ဟုတ်။
ဒေါ်ခင်ယုမေ ။ ။ အဲဒါရိုက်မယ်ဆို သဘောကျတယ်၊ ရိုက်လို့။
ကြည်စိုးထွန်း ။ ။ ဒါရိုက်တာ မောင်မောင်သောင်းနော် အစ်မ။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ် မောင်မောင်သောင်းကြီး။
ကြည်စိုးထွန်း ။ ။ မောင်မောင်သောင်းကြီးဆိုပေမယ့် အစ်မတို့နဲ့ သိပ်မကွာ ဘူးထင်တယ်။
ဒေါ်ခင်ယုမေ ။ ။ မောင်မောင်သောင်း သိပ်မကွာပါဘူး၊ ကွာလှလေးငါးနှစ်ပေါ့။
ကြည်စိုးထွန်း ။ ။ ၃၃ နှစ်မှာ ဆုံးတာနော်၊ မောင်မောင်သောင်းက။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။
ကြည်စိုးထွန်း ။ ။ ငယ်ငယ်လေးနဲ့ ဆုံးသွားရှာတာ။ သူကလည်း ဂီတ သမားနော်။ ကျွန်တော် သူ့ကိုတွေ့ဖူးတယ်။ ဂီတသမားကနေ အဲဒီကိုရောက်တယ်၊ နောက်စိတ်ကူးစိတ်သန်းလေးကလည်း ကောင်းတယ်။ နောက်တစ်ခါကျတော့ အကြမ်းပတမ်းတွေ အများရိုက်နေတဲ့ အချိန်မှာ သူကဇာတ်နုလေးတွေ ရိုက်တာအစ်မရဲ့နော်။ ဇာတ်နုလေးတွေ၊ ညက်ညက်ညောညော ဇာတ်ကလေးတွေရိုက်တာ။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း ။ ။ ကျွန်တော်သတိထားမိတာက လူကတော့ မည်းမည်းကြီးပဲနော်၊ မည်းမည်းနဲ့ ဝဝကြီး။
ဒေါ်ခင်ယုမေ ။ ။ မမည်းဘူး၊ သူကဖြူတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်လား ဖြူလား။
ဒေါ်ခင်ယုမေ ။ ။ အသားဖြူတယ်၊ သူက။
ကြည်စိုးထွန်း ။ ။ ဪ - ဓာတ်ပုံထဲမှာ။
ဒေါ်ခင်ယုမေ ။ ။ ပန်းသာက ဦးထွန်းရီရဲ့ ယောက်ဖလေ၊ မမမာလေ၊ ဦးထွန်းရီမိန်းမရဲ့ မောင်လေ။
ကြည်စိုးထွန်း ။ ။ ဒေါ်ရီရီမာရဲ့။
ဒေါ်ခင်ယုမေ ။ ။ မောင်လေ။
ကြည်စိုးထွန်း ။ ။ ဟုတ်လား။
ဒေါ်ခင်ယုမေ ။ ။ တစ်ဦးတည်းသော မောင်။
ကြည်စိုးထွန်း ။ ။ ဟုတ်လား။ အခုမှ ကျွန်တော်သိတာ အစ်မရဲ့။ ဒေါ်ရီရီမာ ကတော့ တစ်လောကဆုံးသွားရှာတယ် အစ်မရယ်။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်လား။
ကြည်စိုးထွန်း ။ ။ ဦးထွန်းရီကတော့ ကျန်းကျန်းမာမာပဲ။ ကန်တော့ခံမှာလည်း တွေ့သေးတယ်။ အခုထိ ကားမောင်းတုန်းပဲ ရှစ်ဆယ်ကျော်ပြီ။
ဒေါ်ခင်ယုမေ ။ ။ ကားမောင်းတယ်။ တိ- နိကိုလာလာနေတာလေ၊ တိ- နိမှာတော့ အမြဲတွေ့တယ်။
ကြည်စိုးထွန်း ။ ။ အမ်း- ဟုတ်တယ်။ ဦးထွန်းရီက တကယ်ကိုကျန်းမာတယ်၊ သူကျန်းမာတဲ့ဆေးက ပြောတယ် ကျွန်တော့်ကို။ ကျွန်တော်ကတဲ့၊ ဘုရားစင်မှာတဲ့ နနွင်းခွက်ကြီးရှိတယ်တဲ့၊ ကျွန်တော် အဲဒီနနွင်းတွေစားတာပဲတဲ့။
ဒေါ်ခင်ယုမေ ။ ။ နနွင်းဆိုတော့ သွေးသားကောင်းတာပေါ့၊ သန့်တာပေါ့။
ကြည်စိုးထွန်း ။ ။ အဲဒါစားတာတဲ့။ အဲဒါဆရာတော်ဘုရားကြီးပေးတဲ့ဆေး တဲ့။ ဆရာတော် ဘုရားကြီးဆိုတာ တိပိဋကဆရာတော်ဘုရားကြီးပြောတာ။ အခုမှ အစ်မပြောမှ ဒေါ်ရီရီမာနဲ့၊ မောင်မောင်သောင်းနဲ့ မောင်နှမဆိုတာသိရတာအစ်မရဲ့။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း ။ ။ မောင်မောင်သောင်းက တကယ်တော်တာ။ နှစ်ကားသုံးကား သူနဲ့အစ်မရိုက်တာပေါ့နော်၊ ‘ယောက်ျားတို့ အကြောင်း’ ရယ်၊ ‘ငွေစင် ကြယ်နဲ့ ရေပင်လယ်’။
ဒေါ်ခင်ယုမေ ။ ။ ကိုကြည်စိုးတို့နဲ့။
ကြည်စိုးထွန်း ။ ။ ဟုတ်လား။
ဒေါ်ခင်ယုမေ ။ ။ အဲဒါ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုလေ။
ကြည်စိုးထွန်း ။ ။ ဪ။
ဒေါ်ခင်ယုမေ ။ ။ နောက် ‘မွှေးလွန်းသည့်ပန်း’ သူပေါ့ ၊ မောင်မောင်သောင်းပေါ့။ ကြည်စိုးထွန်း ။ ။ သူပဲလား ‘မွှေးလွန်းသည့်ပန်း’ က၊ မင်းသားက။
ဒေါ်ခင်ယုမေ ။ ။ ကိုကြည်စိုးရယ်၊ ကိုနေဝင်းရယ်။
ကြည်စိုးထွန်း ။ ။ အစ်မ မောင်သင်နဲ့ကားက။
ဒေါ်ခင်ယုမေ ။ ။ မောင်သင်နဲ့ကားက။
ကြည်စိုးထွန်း ။ ။ မောင်သင်နဲ့တွဲတဲ့ဟာ ရှိလား။
ဒေါ်ခင်ယုမေ ။ ။ မောင်သင်နဲ့ကားက ‘သီတာနဲ့နီလာ’ ရယ်၊ ‘နမ်းမဝတဲ့အာရုံ’ ရယ်။
ကြည်စိုးထွန်း ။ ။ ‘နမ်းမဝတဲ့အာရုံ’ က ဦးကျော်ဝင်းရိုက်တာ ထင်တယ်။
ဒေါ်ခင်ယုမေ ။ ။ မဟုတ်ဘူး။
ကြည်စိုးထွန်း ။ ။ မဟုတ်ဘူးလား။
ဒေါ်ခင်ယုမေ ။ ။ ‘နမ်းမဝတဲ့အာရုံ’ က ကိုမြင့်အောင်လေ။ ကိုမြင့်အောင်၊ သင်းသင်းလဲ့ရယ်၊ အစ်မရယ်လေ။
ကြည်စိုးထွန်း ။ ။ ကိုမြင့်အောင်က စုံထောက်လား အဲဒီမှာ။
ဒေါ်ခင်ယုမေ ။ ။ ကိုမြင့်အောင်က ဘာလဲမသိဘူး၊ မမှတ်မိတော့ဘူး။
ကြည်စိုးထွန်း ။ ။ အစ်မက သင်းသင်းလဲ့ကို ခိုးပြေးတာလေ။ အဲဒါ ဦးကျော်ဝင်းတို့ကုမ္ပဏီ အစ်မရဲ့။ ဒါရိုက်တာဦးကျော်ဝင်း နာမည်တပ်တယ်။
ဒေါ်ခင်ယုမေ ။ ။ မမတင်တို့ကုမ္ပဏီလေ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့အစ်မ၊ အဲဒီတော့ အစ်မက ၁၉၆၁ ကျတော့ ‘ကိုယ်ပိုင်မေတ္တာ’ နဲ့ အစ်မ အကယ်ဒမီ ပထမဆုံးရတာပေါ့နော်။ အကယ်ဒမီရသွားပြီး အောင်မြင်သွားပြီနော်။ အဲဒါတွေပြီးတဲ့နောက်မှာ အစ်မ က ‘စောရမင်းသား’ တို့၊ ဘာတို့ ရိုက်တာနော်။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း ။ ။ ၁၉၆၁ ကနေ ၁၉၇၃ လောက်ထိအောင်ကို အစ်မက ဦးကျော်ဆွေနဲ့ တွဲပြီးတော့ ကားတွေတော်တော်များများ ထွက်လာတာ တွေ့ရတယ်နော်။ အဲဒီကားတွေထဲမှာ ထူးခြားတဲ့ကားတွေ အများကြီးပါတယ် ‘စောရမင်းသား’ ဆိုလည်း ကျွန်တော်က သဘောကျတယ်။ ‘စောရမင်းသား’ မှာ မင်းသားကနေပြီးတော့ အစ်ကိုယောင်ဆောင်တာ။ အစ်ကိုယောင်ဆောင်ပြီးတော့ ဝင်လာတယ်။ အစ်မရယ် အမေက ခင်ခင်ကြည် ထင်တာပဲ အစ်မရယ်နော် အဲဒီအထဲမှာ ဦးသိန်းဟန်ကြီးကလည်း သိပ်ကောင်းတာပဲနော်။
ဒေါ်ခင်ယုမေ ။ ။ အဲဒီတုန်းက မင်းသားက ကြည့်ရတာ ကုလားကားကို ပြန်ရိုက်တာလား မသိဘူး။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့၊ ဒါရိုက်တာက ရိုက်ကွင်းတွေ၊ ရိုက်ကွက်တွေကျတော့ ကိုယ့်ဟာကိုယ် ထွင်လိုက်တာပေါ့။
ကြည်စိုးထွန်း ။ ။ နောက် သီချင်းကောင်းတယ် အစ်မရဲ့ ကိုသန်းလှိုင်။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ် ကိုသန်းလှိုင်။
ကြည်စိုးထွန်း ။ ။ ကိုသန်းလှိုင်သီချင်း ‘ချစ်လိုလျက်နဲ့ဝေး’ နော်။
ဒေါ်ခင်ယုမေ ။ ။ အရင်တုန်းက ဦးကျော်ဆွေဆိုလည်း သူက ကိုသန်းလှိုင် ပဲ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ ။ ။ သူ့အစားဆို ကိုသန်းလှိုင်ပဲ။
ကြည်စိုးထွန်း ။ ။ မောင်သောင်းရှိသေးတယ် အစ်မရဲ့။
ဒေါ်ခင်ယုမေ ။ ။ ကိုသောင်းမရှိတော့မှ ကိုသန်းလှိုင်။
ကြည်စိုးထွန်း ။ ။ ‘မွှေး’ ကျတော့ ဦးမောင်မောင်ကြီးနဲ့ ကိုက်သွားတာ၊ သူက မွှေးသီချင်းကလေ။
ကြည်စိုးထွန်း ။ ။ ချစ်လိုလျက်နဲ့ဝေးကတော့ ခုထိအောင် သဘောကျရတာပေါ့ ။ ဒီသီချင်းနဲ့ အဲဒီအရုပ်ကလေးတွေ ပြန်ပြန်မြင်တာပေါ့နော်။ ဒီကောင်မလေးကလည်း မ, မေပေါ့နော်။ အစ်မကလည်း သူ့အစ်ကိုမဟုတ်ဘူးဆိုတာ သိတယ်နော်၊ သိသွားပြီးတော့ နောက်ကျတော့ သံယောဇဉ်တွယ်၊ ဦးသိန်းဟန်ကြီးတို့ကလည်း သိပ်ကောင်းတာပဲ။ ထိုးတဲ့ကြိတ်တဲ့ လူကြမ်းတင် မဟုတ် ဘူး။ သရုပ်ဆောင်ပါရတာ အစ်မရယ်နော်။
ကြည်စိုးထွန်း ။ ။ အဲဒီအထဲမှာဆိုရင် ဦးကျော်ဆွေရယ်၊ အစ်မရယ်၊ အမြဲတမ်းတွဲတာ ကိုစံတင်တို့၊ ကိုဌေးဝင်းတို့ထားဦးတော့ အမြဲတမ်းပါတာက။
ဒေါ်ခင်ယုမေ- ဦးဂေါ်ရာဘယ်လောက်ပဲဘယ်လိုပဲထုံထုံ ဦးဂေါ်ရာမပါမဖြစ်၊ သူကသံယောဇဉ်ပေါ့နော်၊ ကိုယ်နဲ့အမြဲတွဲတဲ့လူ။
ကြည်စိုးထွန်း ။ ။ ဦးဂေါ်ရာကြီးရုပ်ကလည်း Very Simple အစ်မ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ရှိနေတဲ့ လူရိုးလူအကြီးက အဲဒီလိုပုံမျိုးပဲ။ သူ့ကို ကြည့်လိုက်တာနဲ့သိပြီ။ ဒီလူကြီးကတော့ လူရိုး လူအေးကြီး၊ မဟုတ်တာမလုပ် တဲ့လူကြီး ဆိုတဲ့မျက်နှာမျိုးရှိတယ် အစ်မရဲ့။ ဒါကြောင့်မို့လည်း ကိုကျော်ဆွေက သူ့ကို သုံးတာဖြစ်မယ်။ နောက်တစ်ခါ လူဆိုးထဲမှာဆို သိန်းဟန်ကြီးပေါ့။ သိန်းဟန်ကြီးကို တော်တော်သုံးတယ်။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း ။ ။ သိန်းဟန်ကြီးကလည်း ဘာဖြစ်လဲဆိုတော့ သိန်းဟန်ကြီး မျက်နှာက တစ်ဝက်စီရှိတယ်၊ လူဆိုးလုပ်လို့လည်းရတယ်၊ လူကောင်းလုပ် လို့လည်းရတယ် သူ့မျက်နှာက။ အဲဒါကြောင့်မို့ သုံးတာများတယ်။ ‘စောရမင်းသား’လည်း ကြည့်ကောင်းတယ်။ နောက်ကား ကျတော့ အစ်မအင်မတန် ပင်ပန်းတဲ့ကား တစ်ကားရှိတယ်။
ဒေါ်ခင်ယုမေ ။ ။ အမ်း- အဲဒါ ‘ပုလဲမျက်ရည်’။ ‘ပုလဲမျက်ရည်’က တကယ် တိုက်ပွဲဝင်ရတာ။ စုတ်ပြတ်သပ်နေတာပဲ။ တစ်ကိုယ်လုံးလည်း မိတ်ကပ်တွေ ဘာတွေလည်း မိုးလင်းလာ မိတ်ကပ်လူးဖို့လည်း စိတ်မပါတော့ဘူး။ မိုးလင်းလာရင် အဲဒီမြေနီမှုန့်တွေနဲ့၊ မျက်နှာပွတ် လိုက်ပြီးရော အင်္ကျီတွေ ဘာတွေပွတ်။ အဲဒါအင်္ကျီကလည်း တစ်ထည်တည်း အစကတော့ အသစ်ပေါ့၊ နောက်ကျတော့..။
ကြည်စိုးထွန်း ။ ။ တဖြည်းဖြည်းဟောင်းသွားတယ်။
ဒေါ်ခင်ယုမေ ။ ။ နောက်တော့ရိကုန်လို့ ချုပ်ရတယ်။
ကြည်စိုးထွန်း ။ ။ ကောင်းလိုက်တာ အစ်မရယ်၊ အဲဒီကားကလည်း အခု ကျွန်တော်ပြန်ရှာတယ် အစ်မရဲ့။ မရဘူးဖြစ်နေတယ် အဲဒီကားကို။
ဒေါ်ခင်ယုမေ ။ ။ အဲဒါပေါ့ စစ်တပ်တွေလည်း အများကြီးပေးထားတာ။
ကြည်စိုးထွန်း ။ ။ ဟုတ်လား။
ဒေါ်ခင်ယုမေ ။ ။ သူတို့က အဲဒီကားပဲ ပြနေတော့စုတ်ကုန်ရော၊ အရင်တုန်းက ဒီလို ဗီဒီယိုတို့ ဘာတို့ ကူးတာ မရှိတော့ စုတ်ကုန်ရော။
ကြည်စိုးထွန်း ။ ။ နာလိုက်တာနော်။
ဒေါ်ခင်ယုမေ။ ။ နဂ္ဂတစ်ဆိုလည်း ပိဿာချိန်နဲ့ ရောင်းစားပစ်လိုက်တာပဲ ပြီးရော၊ ဘော်ချက်တဲ့ကုလားတွေကို။ အဲဒီတော့ ဘယ်လိုမှမရတော့ဘူးလေ၊ ကားကောင်း တွေချည်းပါပဲ။ လူတွေက ဘာဖြစ်လို့ ချစ်နေကြလဲ၊ ခင်နေကြလဲ ဒီလိုလေးတွေ ရိုက်ထားလို့ပါ ပြစရာကိုယ့်မှာ မရှိတော့ဘူး။ ဟိုးအရင်ကြည့်ဖူး တဲ့လူကသာ သိတာ။
ကြည်စိုးထွန်း ။ ။ ဒါပေါ့။
ဒေါ်ခင်ယုမေ ။ ။ မကြည့်ဖူးတဲ့လူကတော့ မသိဘူးပေါ့။
(ဆက်လက်ဖော်ပြပါမည်)