မြန်မာ့သမိုင်းက ပြောပြနေသော မြန်မာ့ရုပ်ရှင်အနုပညာ၏ နှစ်တစ်ရာပြည့်ခရီး အပိုင်း(၃)
မြန်မာ့သမိုင်းကို မှတ်တမ်းတင်သော
မှတ်တမ်းတင်ရုပ်ရှင်ကားများ
မြန်မာတို့၏ ရုပ်ရှင်သမိုင်းစာမျက်နှာအသစ်များကို ဖွင့်လှစ်နိုင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်တစ်ရာတိုင်လာခဲ့ ပြီဖြစ်ပါသည်။ ခေတ်မီသော လူ့ဘောင်သစ်နယ်ပယ်တွင် လူထုဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်သော “ရုပ်ရှင်” ပေါ်ထွန်းလာခဲ့ပြီးနောက် ခေတ်နှင့်အမီ တွေးခေါ်မြော်မြင် တတ်သော၊ မြန်မာတို့၏ မလျှော့သော ဇွဲလုံ့လဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်မှုကြောင့် မြန်မာတို့၏ မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင်လည်း “ရုပ်ရှင်” သည် ရှင်သန်ကြီးထွားလာခဲ့ရာ ယနေ့မြန်မာတို့၏ မြန်မာ့ရုပ်ရှင်သည် ပြည်တွင်းသာမက ပြည်ပသို့ပါ ထိုးဖောက် ခြေဆန့်နိုင်ခဲ့ပြီဖြစ်ပါသည်။
ရုပ်ရှင်လုပ်ငန်းကို အဓိကအားဖြင့်…
(၁) ထုတ်လုပ်မှုအပိုင်း
(၂) ပြသမှုအပိုင်း
ဟူ၍ နှစ်ပိုင်းခွဲခြားနိုင်ပါသည်။
ထုတ်လုပ်မှုအပိုင်းတွင် “ဇာတ်လမ်းရုပ်ရှင်” ထုတ်လုပ်မှုအပိုင်းနှင့် “ဇာတ်လမ်းမဟုတ်သည့် ရုပ်ရှင်” ထုတ်လုပ်မှုအပိုင်းဟူ၍ နှစ်ပိုင်း၊ နှစ်ကဏ္ဍ ခွဲခြားနိုင်ပါသည်။
ဇာတ်လမ်းရုပ်ရှင်ဆိုသည်မှာ ဝတ္ထု၊ ဇာတ်ညွှန်းတို့ဖြင့် သရုပ်ဆောင်များပါဝင်စေပြီး ဇာတ်လမ်းပေါ်မူတည် သရုပ်ဆောင်စေ၍ အခင်းအခက်၊ အဖြေစသည်တို့ဖြင့် တန်ဆာဆင်ရိုက်ကူးခြင်းဖြင့် ဇာတ်လမ်းအတိမ်အနက်ကို အရှိန်တက်သည်ထက် တက်စေရန် အရှိန်အဟုန်၊ အဆက်အစပ်တို့ကို စုပေါင်းတည်းဖြတ်၊ နောက်ခံတေးသီချင်း၊ တေးဂီတတို့ဖြင့် ပံ့ပိုးကာ အနုပညာရသပေါ်လွင်အောင် ဖန်တီးခြင်းဖြစ်ပါသည်။ ဇာတ်လမ်းရုပ်ရှင်တွင် ဝတ္ထု၊ ဇာတ်ညွှန်း၊ ရိုက်ညွှန်းတို့ကို အချိန်ယူရေးသားပြီး သရုပ်ဆောင်များကို အံဝင်ခွင်ကျ စနစ်တကျ ချထားကာ လိုအပ်သလိုညွှန်ပြ၊ ပွဲမဝင်မီ အပြင်တွင် လေ့ကျင့်သရုပ်ဆောင်ကြရသဖြင့် ဖန်တီးသူ ဒါရိုက်တာ၏ စိတ်ကြိုက်ရရှိသည့်အပြင် သရုပ်ဆောင်မှု မှားယွင်းချွတ်ချော်သွားပါကလည်း နောက်တစ်ကြိမ်ပြန်လည်ရိုက်ကူးခြင်းများဖြင့် အစားထိုး နိုင်ပါသည်။
ဇာတ်လမ်းမဟုတ်သည့် ရုပ်ရှင်ဆိုသည်မှာ ဇာတ်လမ်းရုပ်ရှင်ကားရိုက်ကူးသကဲ့သို့ စီစဉ်ရိုက်ကူးခြင်းမျိုး မဟုတ်ဘဲ
(၁) သတင်းကား
(၂) မှတ်တမ်းတင်ကား
(၃) ပညာပေးကား
(၄) ဖျော်ဖြေရေးကား
(၅) ခရီးသွား
(၆) သိပ္ပံပညာ
စသည့်အမျိုးအစားများဖြစ်ကြသည်။
ဖော်ပြပါအမျိုးအစားရုပ်ရှင်များရိုက်ကူးထုတ်လုပ်ရာတွင် ဇာတ်လမ်းရုပ်ရှင်ကဲ့သို့ အချိန်ယူ လေ့ကျင့်ရမှုပါ နည်းပါးပြီး ရိုက်ကူးရမည့် အကြောင်းအရာအပေါ် မူတည်၍ လှုပ်ရှားမှုမှန်သမျှကို ရုပ်ရှင်ရှုထောင့်အရ အံဝင်ခွင်ကျဖြစ်စေရန် ရိုက်ကူးသူ၏စိတ်ကူးဖြင့် တစ်ပြိုင်တည်းရိုက်၊ တစ်ပြိုင်တည်း တည်းဖြတ်၊ လျှပ်တစ်ပြက် ဖြတ်ထိုးဉာဏ်ဖြင့် ရိုက်ကူးရပါသည်။ ပြန်လည် ထပ်မံရိုက်ကူးခြင်း၊ အစမ်းလေ့ကျင့်မှုတို့ လုံးဝမပါရှိဘဲ မိမိတင်ပြလိုသည့် အချက်အလက် အကြောင်းအရာတို့ကို သတင်းမှတ်တမ်းရုပ်ရှင်ကားအဖြစ် ပရိသတ်စိတ်ဝင်စားအောင် လုပ်ဆောင်ကြရ ပါသည်။
ထိုရုပ်ရှင်ကားများကို ရိုက်ကူးထုတ်လုပ်ကြသူများ၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့အသိပညာပေးလိုသော သတင်းကို ပြည်သူလူထုသို့ အသိပညာပေးခြင်းပင်ဖြစ်ပါ သည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ဇာတ်လမ်းမဟုတ်သည့် ဇာတ်ကားများထုတ်လုပ်မှုကို နိုင်ငံတော်အစိုးရက သာမက ပုဂ္ဂလိကလုပ်ငန်းရှင်များကပါ ရိုက်ကူးထုတ်လုပ်ကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နိုင်ငံတော်အစိုးရကသာ ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာန သို့မဟုတ် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ လက်အောက်ခံ အဖွဲ့အစည်းအဖြစ် ထားရှိသည်ကို တွေ့ရှိရသည်။ ပုဂ္ဂလိကရိုက်ကူးထုတ်လုပ်သည့် ကားများအနေဖြင့် ပြည်သူလူထုအတွက် အပန်းဖြေပညာရစေရေးထက် စီးပွားရေးလုပ်ငန်းအသွင်ဖြင့် ရိုက်ကူးထုတ်လုပ်ကြသည်။ နိုင်ငံတော်က ရိုက်ကူးထုတ်လုပ်သည့် ကားများအနေဖြင့် ပြည်သူလူထု ဗဟုသုတရရှိစေရေး၊ အသိပညာ တိုးပွားစေရေး၊ အပန်းဖြေစေရေးဟူသည့် ဦးတည်ချက်များ ထားရှိပါသည်။
ဇာတ်လမ်းမဟုတ်သည့်ရုပ်ရှင်တွင် ပါဝင်သည့် အမျိုးအစားများကို ဤသို့ခွဲခြားနိုင်ပါသည်-
(၁) သတင်းရုပ်ရှင်
နိုင်ငံတော်၏ နေ့စဉ်ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို ရိုက်ကူးတင်ပြလေ့ ရှိပါသည်။ (ဥပမာ-နိုင်ငံတော်ကြီးအကဲများ၏ ဆောင်ရွက်ချက်များ၊ ပြပွဲပြိုင်ပွဲများ၊ ထူးခြားသည့် ဖြစ်ရပ်များ)
(၂) မှတ်တမ်းရုပ်ရှင်
နိုင်ငံတော်က ဆောင်ရွက်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် ကိစ္စရပ်များတွင် မှတ်တမ်းတင်ရသည့် အချက်အလက်များရှာဖွေစုဆောင်းရိုက်ကူးခြင်းများ ဖြစ်ပါသည်။ (သာဓကအားဖြင့် နိုင်ငံတော်အကြီးအကဲများ၏ ပြည်တွင်းပြည်ပခရီးစဉ်များ၊ ပြည်ပ နိုင်ငံအကြီးအကဲများ မြန်မာနိုင်ငံသို့ လာရောက်ခြင်း၊ ရှေးဟောင်းစေတီပုထိုးအဆောက်အအုံများ ပြန်လည် ဖော်ထုတ်ခြင်း၊ တည်ဆောက်ခြင်းမှ အဆိုပါရုပ်ရှင်ကားများကို အချိန်ယူ ရိုက်ကူးရပါသည်။)
(၃) ပညာပေးရုပ်ရှင်
ပြည်သူလူထုသို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးမှအစ နိုင်ငံတော်က ချမှတ်သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရိုက်ကူးပြသခြင်း၊ စာပေပညာ သင်ကြားမှုများနှင့် လက်တွေ့ မြင်တွေ့နိုင်ရန် ရိုက်ကူး ပြသခြင်း။ (သာဓကအားဖြင့်- ကိုဗစ်-၁၉ ကူးစက်ကပ် ရောဂါဆိုးကြီးကို ကြိုတင်ကာကွယ်နည်းများ၊ ယာဉ်အန္တရာယ်၊ နှလုံးရောဂါ၊ မူးယစ်ဆေးဝါးအန္တရာယ်များကို ကြိုတင်ကာကွယ်တားဆီးပုံများ)
(၄) ဖျော်ဖြေရေးရုပ်ရှင်
ပြည်သူလူထုကြည့်ရှုအပန်းဖြေနိုင်ရန် ရိုက်ကူးတင်ဆက်ခြင်း (ဥပမာ-နိုင်ငံခြားမှ လာရောက်ဖျော်ဖြေသည့်အနုပညာအဖွဲ့များ၊ ဘောလုံးပွဲများ၊ လှေပြိုင်ပွဲများ၊ အားကစားပွဲတော်များ)
(၅) ခရီးသွားရုပ်ရှင်
ပြည်သူလူထုအား ဗဟုသုတရရှိစေရေးအတွက် ပြည်နယ်များနှင့် တိုင်းဒေသကြီးများ၊ မြို့ကြီးပြကြီး များအကြောင်း၊ ကျေးလက်ဒေသများ၏အလှအပရှုခင်းများ၊ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းခရီးသွားလာခြင်းများ (သာဓကအားဖြင့်- ဗုဒ္ဓဂယာ ဘုရားဖူးခရီးသွား မှတ်တမ်း၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများ၏ သဘာဝအလှရှုခင်းများနှင့် ဒေသခံလူမျိုးတို့၏ ဓလေ့ စရိုက်များ)
(၆)သိပ္ပံပညာပေးရုပ်ရှင်
သုတေသနလုပ်ငန်းများမှ ထွက်ပေါ်လာသည့်ရှာဖွေ တွေ့ရှိချက်များ နည်းပညာများနှင့် နည်းစနစ်များ (သာဓကအားဖြင့် - အာကာသထဲသို့ ဂြိုဟ်တုများ လွှတ်တင်ခြင်း၊ အဏုမြူလက်နက်များ စမ်းသပ်ဖောက်ခွဲ ခြင်း) တို့ဖြစ်ကြပါသည်။
သတင်းရုပ်ရှင်ကားဆိုသည်မှာ
ကမ္ဘာပေါ်၌ ရုပ်ရှင်စတင်ပေါ်ပေါက်လာရာတွင် “သတင်းရုပ်ရှင်ကား”မှ စတင်ခဲ့ခြင်းပင်ဖြစ်သည်။ ၁၈၇၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသား “စတင်းဖို့ဒ်”နှင့် အင်္ဂလိပ်လူမျိုး “မိုင်းဘရစ်ချ်” တို့၏ တီထွင်ကြံဆမှုကြောင့် ရုပ်ပုံအသေများမှ ရုပ်အရှင်အဖြစ်သို့ စတင်ရောက်ရှိ လာခဲ့သည်။ ထိုရုပ်ပုံအရှင်များကို လူထုပရိသတ်အား တင်ဆက်ပြသနိုင်ရန် “သောမတ်စ်အယ်ဒီဆင်” ၏ တီထွင်ပံ့ပိုးမှုဖြင့် ၁၈၈၉ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ပထမဦးဆုံးရုပ်ရှင်ဟူ၍ ပေါ်ထွက်လာခဲ့သည်။ ထိုရုပ်ရှင်ကားမှာလည်း ဇာတ်လမ်းရုပ်ရှင်ကား လုံးဝမဟုတ်ဘဲ သတင်းရုပ်ရှင်ကားသက်သက်မျှသာဖြစ်ပါ သည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း ပထမဦးဆုံး ရုပ်ရှင်ကားမှာ ဇာတ်လမ်းရုပ်ရှင်ကားလုံးဝမဟုတ်ဘဲ
ဝိုင်အမ်ဘီအေ၏ ကိုယ်စားပြုအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်၏ ဈာပနသတင်းကားအဖြစ် စတင်ပြသခဲ့ခြင်းကြောင့် မြန်မာ့ရုပ်ရှင်သည်လည်း သတင်းကားကပင်အစပြုခဲ့ရသည်ကို နှိုင်းယှဉ်လေ့လာ ရပါသည်။ သို့တစေ မြန်မာ့ရုပ်ရှင်စတင်ပြသခဲ့သည့် အချိန်ကာလမှာ ၁၉၂၀ ပြည့်နှစ်ဖြစ်ပြီး အနောက်တိုင်း ရုပ်ရှင်စတင်ပြသနိုင်ခဲ့သည့် အချိန်ကာလမှာ ၁၈၈၉ ခုနှစ်ဖြစ်သောကြောင့် မြန်မာ့ရုပ်ရှင်သက်တမ်းသည် အနောက်တိုင်းရုပ်ရှင်သက်တမ်းထက် ၃၁ နှစ်မျှ နောက်ကျ၍ ပေါ်ပေါက်လာခဲ့ရသည်ကို တွေ့ရှိရပါလိမ့်မည်။
၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့၍ မြန်မာနိုင်ငံသို့ ဗြိတိသျှတပ်ဖွဲ့များ ပြန်ဝင်လာသည့်အခါ ဗြိတိသျှစစ်အုပ်ချုပ်ရေးလက်ထက်တွင် “ကွင်းဆင်း ရုပ်ရှင်ပြသရေးအဖွဲ့” (Field Publicity Film) ကို ဖွဲ့စည်းကာ ရုပ်ရှင်ပြသရေးအဖွဲ့ (၆)ဖွဲ့က ဗြိတိသျှ အစိုးရဝါဒ ဖြန့်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် စစ်အုပ်ချုပ်ရေးဖျက်သိမ်းပြီးနောက် “ပြည်သူ့ဆက်ဆံရေးဌာန” (Public Relation Department) ကို ဖွဲ့စည်းပြီး ထိုဌာန၏လက်အောက်တွင် “ပြည်သူ့ဆက်ဆံရေး ရုပ်ရှင်ဌာန” (Public Relation Film Service) ထပ်မံဖွဲ့စည်းကာ ဗြိတိသျှအစိုးရ၏စစ်ဝါဒကားများ၊ ပညာပေးကားများကို ပြသခဲ့သည်။ မြန်မာသတင်းကားမှာ အနည်းငယ်သာရှိခဲ့သည်။
ဤသို့ဖြစ်ရခြင်းမှာလည်း ကိုလိုနီခေတ်ဖြစ်သည့် အလျောက် ရုပ်ရှင်စက်မှုပိုင်းဆိုင်ရာပစ္စည်းများ မပြည့်စုံ ခြင်း၊ မြန်မာ့ရုပ်ရှင်အတတ်ပညာရှင်များ နည်းပါးခြင်းတို့ကြောင့်ပင်ဖြစ်သည်။ ထိုစဉ်က ကမ္ဘာအနှံ့ ရှားပါးနေချိန်ဖြစ်သဖြင့် ရုပ်ရှင်ရိုက်ကူးရေးပစ္စည်းများကို နိုင်ငံခြားမှ လွယ်လင့်တကူ မဝယ်ယူနိုင်ဘဲ ပစ္စည်းအဟောင်းအနွမ်းများဖြင့် ရိုက်ကူးခဲ့ရသည့်အပြင် အင်္ဂလိပ်မျက်နှာဖြူလူမျိုးတို့၏ အကျိုးကို ရည်ရွယ်၍ ရိုက်ကူးပြသရခြင်း၊ ရိုက်ကူးပြီးဖလင်များကို ဆေးစိမ်ရန် နိုင်ငံခြားသို့ ပို့ခဲ့ရခြင်းတို့ကြောင့် အချိန်လိုသည်ထက်ပို၍ ကြာမြင့်ပြီး သတင်းတန်ဖိုးများ လျော့နည်းသွားခဲ့ရပါသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် “မြန်မာ့မှတ်တမ်းတင်ရုပ်ရှင်” (Myanmar’s Documentary Film) များအဖြစ် ထိုစဉ်က မြန်မာ့ရုပ်ရှင်အနုပညာရှင်များနှင့် မြန်မာ့ရုပ်ရှင်ကုမ္ပဏီအချို့တို့ကို မော်ကွန်းတင် ရမည်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်တွင် ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုနှင့် မြန်မာ့ရုပ်ရှင်ပညာရှင် အချို့၏အကြံပေးတိုက်တွန်းမှုဖြင့် “မြန်မာ့ရုပ်ရှင်ငွေရတုသဘင်” ပွဲတော်ကြီးကို ကျင်းပနိုင်ခဲ့သည်။ ထိုအခမ်းအနားကြီးတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ထိုစဉ်က ဘုရင်ခံ “ဆာဟူးဘရန့်စ်” တို့တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ ငွေရတုသဘင် အခမ်းအနား မှတ်တမ်းတင်ရုပ်ရှင်ကားကို အေဝမ်းရုပ်ရှင်ကုမ္ပဏီက တာဝန်ယူ၍ ၃၅ မီလီမီတာရှိ ရုပ်ရှင်ဖလင်များဖြင့် မော်ကွန်းဝင် မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ကြသည်ကို တွေ့ရသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာပင် အားလုံး သိပြီးဖြစ်ကြသည့်အတိုင်း နယ်ချဲ့လက်ပါးစေ အမျိုးသား သစ္စာဖောက်တို့၏ လက်ချက်ဖြင့် အမျိုးသားခေါင်းဆောင် ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ ကျဆုံးခဲ့ရရှာသည်။ ထိုအခါ မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံးကြီးက တာဝန်ယူ၍ “ဗိုလ်ချုပ်၏ လွတ်လပ်ရေးလမ်းစဉ်မော်ကွန်းတင်သတင်းကား” ကို အမြန်ဆုံး စီစဉ်ရိုက်ကူးခဲ့ပြီး ဈာပနအခမ်းအနားအစအဆုံး မှတ်တမ်းတင်ရုပ်ရှင်ကားအဖြစ် ရန်ကုန်မြို့လယ်ရှိ ရုပ်ရှင်ရုံလေးရုံတွင် တစ်နေ့လျှင် ငါးပွဲနှုန်း ပြသခဲ့သည်။ ထိုသို့ပြသရာမှ ရရှိခဲ့သော ရန်ပုံငွေများကို အာဇာနည် ဗိမာန်အဆောက်အအုံကြီး ဆောက်လုပ်ရန်လှူဒါန်းခဲ့သည့်အပြင် ယခုလက်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဆောက်အအုံ တည်ရှိရာ မြေနေရာကို ဝယ်ယူနိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာသရုပ်ဆောင် မင်းသားကြီး အေဝမ်း ဦးတင်မောင်နှင့် ဦးလှမောင် (ရုပ်ရှင်ဟာသ သရုပ်ဆောင် ဦးသာဂေါင်ကြီး) တို့နှစ်ဦးသည် ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်နှင့် အတူ ပါဝင်ဆင်နွှဲခဲ့သည်ကို ဂုဏ်ယူလေးစားဖွယ် တွေ့ရှိရပြန်သည်။ ဖက်ဆစ်တော်လှန်ရေးကာလ၌ ရန်ကုန်မှ အထက်မြန်မာပြည်သို့ သွားရောက်ကာ သမိုင်းဝင် ရွှေတောင်တိုက်ပွဲ၊ စစ်တောင်းတိုက်ပွဲ၊ ရေနံမြေသပိတ်ကြီးတွင် သခင်ဗဟိန်းနှင့်အတူ ရေနံချောင်းအထိ သွားရောက်ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်ဆင်နွှဲပုံများ၊ ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော်၏ ဈာပနအခမ်းအနား မှတ်တမ်းတင်သတင်းကား၊ တောင်သူလယ်သမား ခေါင်းဆောင်ကြီး ဆရာစံအား အင်္ဂလိပ်နယ်ချဲ့အရေးပိုင်များက ရုံးတင်စစ်ဆေးခြင်း၊ ကြိုးပေးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း တိုင်းနှင့်ပြည်နယ်အနှံ့ သွားရောက်စည်းရုံး ခဲ့ပုံများကို သမိုင်းဝင် မော်ကွန်းတင်ရိုက်ကူးတင်ပြနိုင်ခဲ့သည်မှာ မြန်မာ့ရုပ်ရှင်သမိုင်းရော မြန်မာနိုင်ငံသမိုင်းတွင်ပါ ဂုဏ်ယူလေးစား စံထားစရာဖြစ်ခဲ့ပါသည်။
ဤနေရာတွင် ဗိုလ်ချုပ်၏ မော်ကွန်းတင်ရုပ်ရှင်ကားအကြောင်းကို ပြောသောအခါ လက်ရှိ ရိုက်လက်စဖြစ်သော “ဗိုလ်ချုပ်”ရုပ်ရှင်ကားကြီးကို ပြည်သူပရိသတ်က သမိုင်းဝင် ဂန္ထဝင် မော်ကွန်းတင် ရုပ်ရှင်ကားကြီးအဖြစ် မျှော်လင့်နေကြပါသည်။ မြန်မာနိုင်ငံ၌သာမက ကမ္ဘာ့ နိုင်ငံများသို့ပါ ပေးပို့တင်ဆက်နိုင်မည်ဆိုပါက နိုင်ငံခေါင်းဆောင်များနှင့် ပတ်သက်၍ ရိုက်ကူးထားသော ကမ္ဘာကျော် ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားကြီးများကဲ့သို့ အောင်မြင်ကျော်ကြား နိုင်မည်ဟု ယုံကြည်နေမိပါတော့သည်။ ။
စန်းနီလာဝင်း