ကြံသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး အားထည့်ကြိုးစားပေး
ဥမ္မာစိုး (Sugar Land)
မြန်မာနိုင်ငံသည် ရေမြေသဘာဝအရ ကြံသီးနှံဖြစ်ထွန်းမှုအနေအထားရှိခြင်း၊ လူသားအရင်းအမြစ်အရလုပ်ခစရိတ်သက်သာခြင်း၊ ကြံစိုက်ပျိုး၊ သကြားထုတ်လုပ်မှုဆိုင်ရာ နည်းပညာကျွမ်းကျင်သူများ အထိုက်အလျောက်ရှိခြင်းနှင့် သကြားလိုအပ်ချက်ရှိနေသည့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည့် စျေးကွက်အလားအလာရှိခြင်းတို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၃ ခုတွင် နှစ်စဉ် ဧကလေးသိန်းကျော်စိုက်ပျိုးလျက်ရှိပြီး အထွက်နှုန်းအနေဖြင့် ပျမ်းမျှ ၂၇ တန်ခန့် ထွက်ရှိသဖြင့် နိုင်ငံတော်ကသတ်မှတ်ထားသည့် ကြံသီးနှံ၏ ပန်းတိုင်အထွက်နှုန်းဖြစ်သော တစ်ဧက တန် ၃၀ ရရှိရေးနီးစပ်နေပြီဖြစ်ရာ ပန်းတိုင်အပြည့်အဝရရှိရေးကြိုးပမ်း၍ ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၁။ မျိုးရွေးချယ်ခြင်း
ရေမြေဒေသနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်သော အထွက်ကောင်းမျိုးကို ရွေးချယ်စိုက်ပျိုးရ ပါမည်။ အပင်သက် ၁၀ လထက်မပိုသော မျိုးဖြစ်လျှင် ပို၍သင့်တော်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနရှိ ကြံသီးနှံသုတေသနခြံများမှမျိုးစပ်၍ ကိုယ်ပိုင်မျိုးထုတ်လုပ်ခြင်း၊ ပြည်ပကြံမျိုးကောင်းများ တင်သွင်းစမ်းသပ်ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်ပြီး အထွက်ကောင်းကြံမျိုးများကို ကြံမျိုးသန့်အဖြစ် တစ်သျူးနည်းဖြင့် မျိုးသန့်ထုတ်လုပ်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာနက အထွက်ကောင်းကြံမျိုးများအနေဖြင့် တရားဝင်ထုတ်ဝေထားသော အထွက်ကောင်းကြံမျိုးများမှာ နေပြည်တော်-၁၊ နဝဒေး-၂၊ နဝဒေး-၄၊ နဝဒေး-၅၊ ပျဉ်းမနား-၆၊ ပျဉ်းမနား-၇၊ ပျဉ်းမနား-၈၊ ပျဉ်းမနား-၉ မျိုးတို့ဖြစ်ပါသည်။
၂။ မြေပြုပြင်ခြင်း
ကြံသီးနှံသည် မြေချဉ်ငန်ဓာတ် ၅ ဒသမ ၅ မှ ၇ ဒသမ ၅ အတွင်းရှိသောမြေတွင် စိုက်ပျိုးနိုင်ပြီး အကောင်းဆုံးမြေချဉ်ငန်ဓာတ်မှာ ၆ မှ ၆ ဒသမ ၅ အတွင်းဖြစ်ပါသည်။ ကြံသီးနှံစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ နုန်းမြေနှင့် သဲနုန်းမြေဖြစ်သော်လည်း သဲအလွန်ဆန်သော မြေမှလွဲ၍ ကျန်မြေအမျိုးအစားများတွင်လည်း စိုက်ပျိုးနိုင်ပါသည်။
ကြံပင်၏ ၇၅ ရာခိုင်နှုန်းသော အမြစ်များသည် မြေအောက်တစ်ပေမှ တစ်ပေခွဲအတွင်း ကြီးထွားပွားများနိုင်သဖြင့် ထယ်ရေးနက်နက်၊ ထွန်ရေးညက် ညက်ထွန်ယက်ပေးရန်လိုအပ်ပါသည်။ မြေအမျိုးအစားအလိုက် စွမ်းအားမြင့်ထွန်စက်များဖြင့် ထယ် ၂-၃ လွှာ၊ ထွန် ၃ - ၄ လွှာဖြင့် ထယ်ရေးကောင်းရရှိအောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။ သို့မှသာ အပင်ပေါက်နှုန်းကောင်းစေရန်အတွက် မြေအစိုဓာတ်ထိန်းနိုင်ခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ပေါင်းမြက်များနှိမ်နင်းနိုင်ခြင်းနှင့် ကြံပင်ကြီးထွားဖွံ့ဖြိုးမှုနှင့် ယိုင်လဲမှုမှကာကွယ်ရန်အတွက် အမြစ်ဆင်းမှုကောင်းပြီး ရေနှင့် အာဟာရကို ကောင်းစွာစုပ်ယူနိုင်မည်ဖြစ်ပါသည်။ ထယ်ထိုးပြီး မြေအစိုဓာတ်များနေပါက တစ်ပတ်ခန့် လှပ်ပေးထားရပါမည်။ ထွန်ယက်စဉ်မြေခံအဖြစ် နွားချေး၊ သဘာဝမြေဩဇာလှည်း ၁၀ စီးမှ အစီး၂၀ ခန့် ဖြန့်ထည့်ပေးရပါမည်။ အစိုဓာတ်ဆုံးရှုံးမှုနည်းပါးစေရန် ကြမ်းရိုက်ပေးရပါမည်။ ချက်ချင်းစိုက်မြောင်းဖော်စိုက်ပျိုးခြင်းမပြုဘဲ မြေတွင်းအစိုဓာတ်ပေါ်မူတည်၍ နှပ်ထယ်ရေးရရှိအောင် ဆောင်ရွက်ပေးသင့်ပါသည်။ ကြံသီးနှံတစ်မျိုးတည်းကိုသာ နှစ်စဉ်စိုက်ပျိုးခဲ့သောမြေဖြစ်ပါက မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သီးလှည့်စိုက်ပျိုးခြင်းနှင့် မြေကိုအနားပေး၍ သစ်စိမ်းမြေဩဇာ စိုက်ပျိုးမြေမြှုပ်ခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
၃။ စိုက်ပျိုးခြင်း
စိုက်ချိန် - ကြံသီးနှံသက်တမ်းမှာ ပျမ်းမျှတစ်နှစ်ဖြစ်ပြီး အေးမြခြောက်သွေ့သောအချိန်တွင် ရင့်မှည့်သဖြင့် စိုက်ချိန်၊ ခုတ်ချိန်တစ်ထပ်တည်းကျပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ မြေပြန့်ဒေသများတွင် ကြံစိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်မှာ အစိုဓာတ်ထိန်းသိမ်းနိုင်သော အချိန်ဖြစ်သည့် နိုဝင်ဘာလလယ်မှ ဇန်နဝါရီလအထိ အကောင်းဆုံးဖြစ်ပါသည်။ အအေးလွန်ကဲသော တောင်ပေါ်ဒေသတွင် ဖေဖော်ဝါရီလမှ မေလအထိထားပြီး စိုက်ပျိုးမှ ကြံသီးနှံအပင်ပေါက်ကောင်းစေသည့် ပတ်ဝန်းကျင်ကို ရရှိမည်ဖြစ်ပါသည်။ ထိုဒေသများတွင် ကြံစိုက်မြောင်း၌ ပလတ်စတစ်အုပ်စိုက်ပျိုးပါက ပုံမှန်စိုက်ပျိုးချိန် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင်လည်း စိုက်ပျိုးပါက သတ်မှတ်အထွက်နှုန်းရရှိနိုင်ပါသည်။ စိုက်ချိန်နောက်ကျခြင်း၊ မြေတွင်းအစိုဓာတ်လျော့နည်းခြင်းဖြစ်ပေါ်ပါက ရေသွင်းစိုက်ပျိုးပေးရပါမည်။
စိုက်တန်းအကွာအဝေး - စိုက်ပျိုးသည့် မြေဆီလွှာ၏ အဆင့်အတန်း၊ ဒေသရာသီဥတုအခြေအနေ၊ စက်ကိရိယာအသုံးပြုနိုင်မှု၊ ကြံမျိုး၏ပင်ပွားထွက်နိုင်မှုစွမ်းရည်၊ ပေါင်းပေါက်ရောက်မှုအခြေအနေ၊ ပေါင်းသတ်ဆေးနှင့် ပေါင်းရှင်းကိရိယာအသုံးပြုနိုင်မှု၊ တောင်သူမိသားစုလုပ်အား အသုံးချနိုင်မှု စသည်တို့အပေါ်မူတည်၍ စိုက်တန်းအကွာ အဝေးအား ၂ ဒသမ ၅ ပေမှ ၅ ပေအထိ စိုက်ပျိုးနိုင်ပါသည်။
မျိုးပိုင်းဆေးရည်စိမ်ခြင်း - ပိုးမွှားကင်းစင်သော ကြံမျိုးချောင်းများအား နှစ်ဆစ် (သို့မဟုတ်) သုံးဆစ်ပိုင်းဖြတ်ပြီး ကြံမျိုးပိုင်းများကို မှိုရောဂါကာကွယ်ရန် မှိုသတ်ဆေး ၁၀၀ ဂရမ်ကို ရေ ၂၂ ဂါလန်တွင် နာရီဝက်ခန့် (သို့မဟုတ်) ထုံးလေးပိဿာကို ရေဂါလန် ၁၀၀ တွင်ဖျော်၍ နှစ်နာရီခန့် စိမ်ပြီးစိုက်ပျိုးရပါမည်။
မျိုးနှုန်းထားနှင့်မျိုးပိုင်းချစိုက်ပျိုးခြင်း - မျိုး အသုံးပြုရာတွင်လည်း ကြံစိုက်တန်းအကွာအဝေးနှင့် စိုက်ပျိုးမှုနည်းစနစ်အပေါ်မူတည်ပြီး တစ်ဧက လျှင် ကြံမျိုးလေး-ငါးတန်အထိ အသုံးပြုရမည်ဖြစ်ပါသည်။ ပန်းတိုင်အထွက် တန် ၃၀နှင့်အထက်ရရှိစေရန် တစ်ဧကတွင် ခုတ်သိမ်းနိုင်သော ကြံချောင်းအရေအတွက် ၂၀၀၀၀-၂၅၀၀၀ နှင့် ကြံတစ်ချောင်း အလေးချိန် ၉၅ ကျပ်သား - ၇၅ ကျပ်သားခန့်ရှိရန် လိုအပ်ပါသည်။ မျိုးအဖြစ်အသုံးပြုသော ကြံမျိုးချောင်းများသည် ပိုးမွှားရောဂါကင်းစင်ပြီး ကြံချောင်းကို သုံးပုံပုံလျှင် အပေါ်ပိုင်းနှစ်ပုံကိုသာ မျိုးအဖြစ်အသုံးပြုသင့်ပါသည်။ ဖြစ်နိုင်လျှင် မျိုးကြံခင်းသီးသန့်စိုက်ပျိုး၍ အသုံးပြုစိုက်ပျိုးပါက ကြံတစ်ချောင်းလုံးအသုံးပြုနိုင်ပါသည်။ ကြံမျိုးပိုင်းချရာတွင် ကြံမျက်စိများကို ဘေးတစ်ဖက်တစ်ချက်ထား၍ စိုက်ပျိုးရပါမည်။ မျိုးပိုင်းချပြီးကမြေဖုံးကြမ်းရိုက်ပေးရပါမည်။
၄။ အပင်ပြုစုခြင်း
မြေဩဇာထည့်ခြင်း - ကြံတစ်ဧက တန် ၃၀ ထွက်ရှိရန်အတွက် ယူရီးယား ၁ ဒသမ ၅ အိတ်၊ တီစူပါတစ်အိတ်နှင့် ပိုတက်ရှ် ၂ ဒသမ ၅ အိတ် လိုအပ်ပါသည်။ မြေခံတွင် ယူရီးယား ၀ ဒသမ ၅ အိတ်၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ် ၀ ဒသမ ၅ အိတ်နှင့် ကျန်သောပမာဏ ယူရီးယားတစ်အိတ်၊ ပိုတက်ရှ်နှစ်အိတ်ကို ပေါင်လုံးချိန်အပြီးထည့်ပေးရမည်။ ကျွေးရမည့်မြေဩဇာပမာဏကို နှစ်ကြိမ်၊ သုံးကြိမ်ခွဲကျွေးပါက အပင်အတွက် ပို၍အကျိုးရှိပါ သည်။ မြေဆီလွှာဓာတ်ခွဲစစ်ဆေးပြီး လိုအပ်သော ပမာဏကို တွက်ချက်ထည့်ပေးနိုင်ပါက ကုန်ကျစရိတ်သက်သာပြီး ပိုမိုထိရောက်မှုရှိသည်။ သဘာဝမြေဩဇာ (ကြံမြှုပ်ချေး၊ နွားချေး) တို့ကို တစ်ဧကလျှင် နှစ်-သုံးတန်နှုန်းဖြင့် ဓာတ်မြေဩဇာနှင့် တွဲဖက်ထည့်သွင်းပေးရပါမည်။
ရေသွင်းခြင်း - ကြံသီးနှံသည် ရေလုံလောက်စွာ လိုအပ်သော သီးနှံဖြစ်ပါသည်။ ရာသီဥတုအခြေအနေကြောင့် စိုက်ချိန်အစိုဓာတ်နည်းပါက ရေသွင်းစိုက်ပျိုးရန် လိုအပ်ပါသည်။ ရေလိုအပ်ချိန်(သို့)ရေငတ်ချိန်ဖြစ်သော ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလများတွင် အနည်းဆုံးရေ နှစ်ကြိမ်-သုံးကြိမ်မဖြစ်မနေပေးသွင်းရမည်။ မိုးများသော ဒေသများတွင် ရေဝပ်ပါက အပင်ယိုင်လဲမှုမရှိစေရန်နှင့် ကြီးထွားမှုမရပ်တန့်စေရန်အတွက် ရေထုတ်မြောင်းများပြုလုပ်၍ မဖြစ်မနေ ရေထုတ်ပေးရပါမည်။
ပင်သေပင်ပျောက်ဖာခြင်း - မျိုးပိုင်းချ စိုက်ပျိုးပြီး တစ်လမှ တစ်လခွဲအကြာ ကြံပင်ပေါက်စုံ၊ မစုံစစ်ဆေး၍ ပင်သေပင်ပျောက်နေရာများနှင့် ၁ ဒသမ ၅-နှစ်ပေအကွာ ကွက်လပ်ဖြစ်ပါက ပျိုးပင်ငယ်များဖြင့် ဖာထေးစိုက်ပျိုးပေးရမည်။ ကြံပင်ပေါက် ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းရှိသင့်ပါသည်။
ပိုးမွှား၊ရောဂါနှင့်ပေါင်းကာကွယ်ခြင်း- ပိုးမွှား၊ ရောဂါကျရောက်မှုရှိမရှိကို ကြံပင်သက်တမ်းတစ်လျှောက်စစ်ဆေး၍ လိုအပ်ပါက ပိုးသတ်ဆေးသုံး၍လည်းကောင်း၊ နုတ်ယူမီးရှို့ဖျက်ဆီး၍လည်းကောင်း၊ ဇီဝနည်းဖြင့် နှိမ်နင်း၍လည်းကောင်း၊ ဘက်စုံပိုးမွှားကာကွယ်ခြင်းဖြင့်လည်းကောင်း ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ပေါင်းပင်ကို မြေယာပြုပြင်ခြင်းဖြင့်လည်းကောင်း၊ စိုက်ပျိုးနည်းဖြင့်လည်းကောင်း၊ ပေါင်းသတ်ဆေးအသုံးပြုခြင်းဖြင့်လည်းကောင်း၊ စက်ကိရိယာသုံး၍လည်းကောင်း၊ လူဖြင့်လည်းကောင်း မြေဩဇာမကျွေးမီကာလအတွင်း ကာကွယ်နှိမ်နင်းရမည်။ ပေါင်လုံးပြီးချိန်မှ မခုတ်ခင်အချိန်အထိ နွယ်ပေါင်းများရှိပါက နှိမ်နင်းပေးရမည်။
ကြံရွက်ချခြင်း - ကြံပင်လေဝင်လေထွက်ကောင်းပြီး ရင့်မှည့်မှုညီညာရန်၊ မီးဘေးအန္တရာယ်မှ ကာကွယ်ရန်၊ ခုတ်သိမ်းရလွယ်ကူရန်နှင့် ပိုးမွှား၊ ရောဂါခိုအောင်းခြင်းမှ ကာကွယ်ရန် ကြံပင်ကြီးထွား ချိန်နောက်ပိုင်း ကြံရွက်ခြောက်များကို ကြံရွက်ချခြင်းဆောင်ရွက်ရပါမည်။
၅။ ကြံခုတ်သိမ်းခြင်း
ကြံခုတ်သိမ်းရာတွင် စိုက်ပျိုးထားသော မျိုးအလိုက် မှန်ကန်စွာခုတ်သိမ်းနိုင်ရန် ရင့်မှည့်ချိန်ကို ကွင်းထဲတွင် ခန့်မှန်းတိုင်းတာသော ကြံရည်ပျစ်၊ ကျဲနှုန်းတိုင်းကိရိယာဖြစ်သည့် ရီဖရက်တိုမီတာဖြင့် ကြိုတင်တိုင်းတာစစ်ဆေး၍ ခုတ်သိမ်းခြင်းဆောင်ရွက်ရမည်။ မျိုးအတွက် ခုတ်သိမ်းမည်ဆိုပါက သက်တမ်း ၁၀ လသားအတွင်း ခုတ်သိမ်းရပါမည်။ ကြိတ်ဝါးကြံအတွက် ကြံပေးသွင်းရောင်းချချိန်နှင့် ချိန်ကိုက်၍ နေ့စဉ်လိုအပ်သောပမာဏကိုသာ ခုတ်သိမ်းရမည်။ အလေအလွင့်မရှိစေရန် ကြံပင်ခြေမြေကြီးနှင့်ကပ်၍ ခုတ်သိမ်းခြင်း၊ အဖျားပိုင်းများ၊ ကြံရွက်ခြောက်များ၊ အမြစ်များ ပါမသွားစေရန်နှင့် ကောက်သင်းကောက်ခြင်းကို မဖြစ်မနေဆောင်ရွက်ရပါမည်။ ခုတ်သိမ်းပြီးရင့်မှည့်သန့်စင်သော ကြံများကို စက်ရုံ၊ ကြိတ်ဖိုသို့ ၄၈ နာရီထက် နောက် မကျစေဘဲပေးပို့ကြိတ်ဝါးရပါမည်။ စိုက်ခင်းအဆင့်တွင် ကြံခင်းကို မီးမရှို့ဘဲခုတ်သိမ်းရပါမည်။ မီးရှို့ပါက ကြံရည်၏အချိုဓာတ်ကို လျော့ကျစေသော ကြောင့်ဖြစ်ပါသည်။ မီးလောင်ကြံဖြစ်ပါက စက်ရုံ၊ ကြိတ်ဖိုသို့ ၂၄ နာရီထက် နောက်မကျစေဘဲ ပေးပို့ကြိတ်ဝါးရပါမည်။
တောင်သူများ ဝင်ငွေတိုးစေရေး နိုင်ငံတော်မှ ပန်းတိုင်အထွက်နှုန်းတိုးစေရေး နည်းပညာများပေးခြင်း၊ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးပေးခြင်း၊ ကြံစိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည့်အတွက် တန် ၃၀ အထွက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။