ကျွန်တော်နဲ့ ကမ္ဘာ့ဆရာများနေ့
အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ၁၉၆၇ ခုနှစ်ကစတင်ပြီး သတ်မှတ်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ။ ကမ္ဘာ့ဆရာများနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံမှာ နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်အဆင့် အခမ်းအနားတွေ နှစ်စဉ်ကျင်းပခဲ့တယ်။ ဒီနှစ်အခမ်းအနားကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တယ်။ ယခင့်ယခင်နှစ်တွေမှာ ကျင်းပတဲ့ပုံစံမဟုတ်ဘဲ ကိုဗစ်ကပ်ရောဂါကြီးကြောင့် အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်က “ဦးဆောင် ကျော်လွှားကပ်ဘေးများ အနာဂတ်ပုံဖော်မည့် ဆရာများ” ဖြစ်ပါတယ်။
အမှန်တော့ ကိုဗစ်-၁၉ရဲ့ ဒဏ်ကို ကဏ္ဍအသီးသီးမှာခံစားရတဲ့အထဲမှာ ပညာရေးကဏ္ဍအပေါ်ရိုက်ခတ်မှုတွေဟာ ပြင်းထန်လှတယ်။ မူလတန်းကစပြီး တက္ကသိုလ်အထိကျောင်းတွေပိတ်ခဲ့ရပြီး ကလေးသူငယ်တွေအနေနဲ့ အိမ်မှာနေပြီး ပညာသင်ကြားနေကြရတယ်။ တစ်ဖက်မှာလည်း အိမ်ကတစ်ဆင့် အလုပ်လုပ်နေကြရတဲ့ မိဘတွေဟာ အလုပ်တစ်ဖက်နဲ့ ကလေးတွေရဲ့ပညာရေးမပျက်အောင် ကြိုးစားနေကြရတာမို့ မိဘလုပ်သူတွေဟာ အဘက်ဘက်မှ စိန်ခေါ်မှု တွေကိုရင်ဆိုင်ဖြတ်ကျော်ရပြန်တယ်။ အင်တာနက်ကို အားကိုးရတာမို့ ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေရဲ့ အနေအထားက အရေးပါလှပါတယ်။ ခေတ်မီနည်းပညာတွေနဲ့ လမ်းလှမ်းမမီတဲ့ သူတွေ၊ မိသားစုတွေအတွက် အခက်အခဲတွေ ကြုံနေကြရတယ်။
ကမ္ဘာ့ဆရာများနေ့အခမ်းအနား
အခမ်းအနားမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့မိန့်ခွန်းဟာ ပြီးပြည့်စုံလှပါတယ်။ ဆရာများကို ဂုဏ်ပြုအသိ အမှတ်ပြုတဲ့ ကမ္ဘာ့ဆရာများနေ့မှာ ဆရာတွေရဲ့ဂုဏ်အကြောင်းကို ဝေဝေဆာဆာပြောခဲ့တယ်။ တစ်ချိန်တုန်းက ဝါသနာ၊ စေတနာ၊ နှစ်နာမှုကိုသာ ပြောကြပေမယ့် ပြည်ထောင်စုဝန်ကြီးက မေတ္တာဆိုတာကိုထည့်ပြီး မြန်မာယဉ်ကျေးမှုနဲ့ကိုက်ညီလှတဲ့ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာအကြောင်း ဖော်ထုတ်သွားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးမိန့်ခွန်းအပြီးမှာ မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်က နိုင်ငံတကာအဖွဲ့အစည်းငါးခုရဲ့ ခေါင်းဆောင်များ ထုတ်ပြန်ခဲ့တဲ့သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ကမ္ဘာ့ဆရာများနေ့ကို ထောက်ခံအားပေးနေတဲ့ အဖွဲ့အစည်းတွေက ဖြစ်တယ်။
အခမ်းအနားရဲ့ တတိယအစီအစဉ်မှာ ၂ဝ၂ဝ ပြည့်နှစ်အတွက် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး ၁၄ ဦး ကျောင်းပျက်ရက်မရှိကြတဲ့ဆရာမကြီးများနဲ့ ရခိုင်ပြည်နယ်မှာစွန့်စားပြီး တာဝန်ယူခဲ့တဲ့ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေရဲ့စာရင်းကို ဖတ်ကြားပေးခဲ့တယ်။ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး ၁၄ ဦးရဲ့အမည်ကို ကြေညာရာမှာ ဓာတ်ပုံနဲ့တကွ ကိုယ်ရေးရာဇဝင်အကျဉ်းကိုလည်း ပညာရေးသုတေသနအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ဖတ်ကြားခဲ့ပါတယ်။
ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး ၁၄ ဦးအနက် ၆ ဦးက အခြေခံပညာရေးမှာ တာဝန်ယူခဲ့တဲ့ ဆရာ၊ ဆရာမတွေဖြစ်တယ်။ နှစ်ပေါင်းများစွာ စေတနာ၊ ဝါသနာနဲ့ အနစ်နာခံတဲ့ ဆရာမကြီးတွေအကြောင်း သိရတာမို့ လေးစားမိပါတယ်။ အမှန်တော့ အခြေခံပညာရေးလုပ်ငန်းတွေမှာ တာဝန်ယူခဲ့တဲ့၊ ယူနေကြတဲ့ဆရာ၊ ဆရာမတွေဟာ တိုင်းပြည်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဖြစ်တယ်။ အသက်တွေက မငယ်ကြတော့ဘူး၊ ၈ဝ ကျော်တွေ။ ကျန်တဲ့ ရှစ်ဦးကတော့ တက္ကသိုလ်က ဆရာ၊ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော်က ဒီအထဲမှာပါဝင်ပြီး ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေက ကျွန်တော့်ထက် အသက် ကြီးတဲ့သူတွေ ပါဝင်ပြီးတော့ တချို့က သက်တူရွယ်တူ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်။
အခုလိုအသိအမှတ်ပြုခံရတဲ့အချိန်မှာ ကွယ်လွန်သွားတဲ့ မိဘနှစ်ပါးကို အမှတ်ရမိပါတယ်၊ သတိရမိတယ်။ သူတို့ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့မောင်နှမတွေ ပညာကောင်းကောင်း သင်ကြားခွင့်ရခဲ့တယ်။ ဒီအခြေခံတွေဟာ ကျွန်တော့်ရဲ့ ပညာရေးခရီးရဲ့ အုတ်မြစ်တွေသာ ဖြစ်တယ်။ ငယ်ငယ်ကတည်းက အခုချိန်ထိ သင်ဆရာ၊ မြင်ဆရာနဲ့ ကြားဆရာ တွေကိုလည်း ဂါရဝပြုမိပါတယ်။ မူကြိုကျောင်းကို ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းမှာတည်ရှိတဲ့ လေဒီပေါ်ထွန်းကျောင်းမှာ တက်ခဲ့တယ်။ အဲဒီအချိန်တုန်းက နာမည်ကြီးတဲ့ကျောင်း၊ လေဒီပေါ်ထွန်းက အင်္ဂလိပ်လူမျိုး၊ သူ့ရဲ့ ခင်ပွန်းက နန်းရင်းဝန်ဆာပေါ်ထွန်း တစ်ချိန်က နိုင်ငံရဲ့ခေါင်းဆောင်။ မူကြိုပြီးတော့ အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းကို ပြောင်းခဲ့တယ်။ ကျောင်းအုပ်ဆရာမကြီးကမစ္စလို။ ဗြိတိန်နိုင်ငံသူ၊ စည်းကမ်းကြီးတယ်။ ကျွန်တော်တို့ မောင်နှမတွေရဲ့ ဗိုလ်နာမည်တွေကိုပေးခဲ့သူ။ ဘဝတစ်လျှောက်လုံး ယခုအချိန်အထိ ဆရာ၊ ဆရာမကြီးများဟာ ကျွန်တော့်ကို ညွှန်ပြခဲ့တယ်၊ သင်ပေးခဲ့ပါတယ်။ သူတို့ရဲ့ ကျေးဇူးတွေကြောင့် ကျွန်တော်ဒီအခြေအနေရောက်နေတာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ဆရာဘဝ
ကျွန်တော့်ရဲ့ဆရာဘဝကိုသုံးသပ်ရာမှာ အစိတ်အပိုင်းမျိုးစုံရှိခဲ့တာကို သုံးသပ်မိတယ်။ စီးပွားရေးတက္ကသိုလ်မှာ ၁၉၆၆ မှ ၁၉၈၉ ခုနှစ်အထိ တာဝန်ယူခဲ့စဉ်ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ၁၉၆၆ မှ ၁၉၇၁ နဲ့ ၁၉၇၇ မှ ၁၉၈၉ နှစ်ပိုင်းခွဲရမှာဖြစ်တယ်။ ၁၉၆၆ မှ ၁၉၇၁ က ကျွန်တော်က နည်းပြဆရာ။ တက္ကသိုလ်မှာ ဆရာလုပ်ရတာကို ကျေနပ်မိတယ်။ ကျွန်တော်က စာသင်တာဝါသနာပါတယ်။ အားထည့်ပြီး ကြိုးစားတယ်။ နည်းပြ ဆရာပေါက်စမို့ကျောင်းသား ၃၀ ကျော်ကိုသာ တာဝန်ယူရတယ်။ဒါပေမယ့် တဖြည်းဖြည်းနဲ့ နာမည်ရလာပြီး ကျွန်တော့်အခန်းမှာ တခြားအခန်းက ကျောင်းသားတွေ လာတက်ကြတယ်။ နှစ်နှစ်ကျော်ကာလမှာ အခန်းကြီးတွေမှာ စာသင်ခွင့်ရခဲ့တယ်။ ကျွန်တော့်အတန်းကို အလုအယက်တက်ကြတယ်။ ကြိုပြီးနေရာယူထားကြတယ်။ ကျွန်တော်က အခုလိုလုပ်ရတာကို အားရတယ်။ စာမေးပွဲနီးကပ်တဲ့အချိန်တွေမှာ အနီး ကပ်သင်တန်းတွေ ပေးခဲ့တယ်။ နေ့ဘက်မှာ စာသင်ရတာအားမရလို့ ညဘက်တွေမှာ အဆောင်တွေမှာလည်း စာသင်ပေးခဲ့တယ်။ ကျွန်တော်က စာသင်ရုံမဟုတ်ဘဲအားကစားလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တာမို့ ကျောင်းသူကျောင်းသားတွေနဲ့ ရင်းနှီးခဲ့တယ်။ ခြေလျင်တောင်တက်အသင်းမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တယ်။ တစ်ပတ်တစ်ကြိမ် စနေ၊ တနင်္ဂနွေနေ့တွေမှာ နံနက်စောစောထပြီး ကျောင်းသူ ကျောင်းသားများနဲ့ ရန်ကုန်မြို့အနီးအနားမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေထင်ရှားတဲ့နေရာတွေကို စုပေါင်းလမ်းလျှောက်ခဲ့ကြတယ်။ စုစုပေါင်း ၂၀၀ (၃၀၀ လောက် ပါဝင်ခဲ့ကြတယ်။ တစ်ဖက်မှာလည်း လမ်း လျှောက်ပြိုင်ပွဲတွေ ကျင်းပပေးခဲ့တယ်။ စီးပွားရေးတက္ကသိုလ် လှေလှော်အသင်းမှာလည်း ပါဝင်ခဲ့တယ်။ အနုပညာအသင်းမှာလည်း လှုပ်ရှားခဲ့တယ်။ စာသင်ရုံသက်သက်မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ သူတို့ရဲ့အကြောင်း ပိုသိလာခဲ့တယ်။ လိုအပ်ချက်တွေကို နားလည်ခဲ့တယ်။ ကျွန်တော်က ၁၉၇၁ မှ ၁၉၇၇ ခုနှစ်အထိ နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံကိုသွားခဲ့ပါတယ်။ ဘွဲ့လွန် ဘွဲ့တွေယူခဲ့ပြီး ပါရဂူဘွဲ့ယူခဲ့တယ်။
ကျွန်တော်မြန်မာပြည်ပြန်ရောက်တော့ ဝါဏိဇ္ဇဗေဒဌာနမှာဆက်ပြီး တာဝန်ယူခဲ့တယ်။ ဆရာပါမောက္ခ ဦးဝီလျံပေါက “ခင်ဗျားကို ရာထူးမတိုးပေးနိုင်သေးဘူး” လို့ ပြောတယ်။ ဒါပေမယ့် အဲဒီအချိန်က နာမည်ကြီး ဘွဲ့လွန်သင်တန်းဖြစ်တဲ့အမ်သင်တန်းမှာ သင်ခွင့်ပေးမယ်လို့ တာဝန်ပေးခဲ့တယ်။ ဒါကြောင့်ကိုယ့်ထက်အသက်ကြီးတဲ့၊ အသက်တူတဲ့ အရာရှိကြီးတွေနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ တစ်ဖက်မှာလည်း အတန်းကြီးတွေမှာ သင်ကြားပို့ချခွင့် ရခဲ့တယ်။ သုတေသန လုပ်ငန်းတွေကိုလည်း လုပ်ခွင့်ရခဲ့တယ်။ အဲဒီခေတ်က မဆလခေတ်၊ တိုင်းပြည်မှာ သမဝါယမစနစ်ကို နိုင်ငံရဲ့ ဒုတိယမဏ္ဍိုင်အဖြစ် သတ်မှတ်ခဲ့တယ်။ သမဝါယမဝန်ကြီးတာဝန်ယူတဲ့ ဗိုလ်မှူးကြီးစိန်ထွန်းရဲ့ အားပေးမှုနဲ့သမဝါယမ ဝန်ကြီးဌာနမှာ သင်တန်းတွေ ပေးခဲ့တယ်။ ဖောင်ကြီးမှာဖွင့်တဲ့ ဗဟိုသမဝါယမသင်တန်း ကျောင်းမှာ စာသင်ခွင့်ရခဲ့တယ်။ ကျွန်တော့်ရဲ့ ပါရဂူဘွဲ့ ကျမ်းဟာ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်တာမို့ကျန်းမာ ရေးဝန်ကြီးဌာနမှာ စာသင်ခွင့်ရခဲ့တယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှာလည်း သုတေသနစာတမ်းတွေ ဖတ်ကြားတင်သွင်းခွင့်ရပါတယ်။ ကျွန်တော်က ပညာရေးမှာ ကုသိုလ်ကောင်းခဲ့တယ်။ ပါရဂူဘွဲ့ကို ၁၉၇၇ ခုနှစ် မှာရခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ပါရဂူဘွဲ့လွန်ဘွဲ့အတွက် ဂျာမနီနိုင်ငံမှာ သုံးနှစ်နီးပါး သွားရောက်ခဲ့တယ်။ သုတေသနလုပ်ငန်းရဲ့ တွေ့ရှိချက်ကို စုစည်းပြီး နာမည်ကြီး ဂျာမနီနိုင်ငံက Heidelbergတက္ကသိုလ်မှာ စာအုပ် ထုတ်ဝေပေးခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ် မြန်မာပြည် ပြန်ရောက်ချိန် အရေးအခင်းကာလပြီးစမို့ တက္ကသိုလ်တွေကို ပိတ်ထားတဲ့အချိန်။ နဝတအစိုးရမှာ တစ်ဦးတည်း သော အရပ်သားဝန်ကြီးဖြစ်တဲ့ ဆရာကြီး ပါမောက္ခဒေါက်တာ ဦးဖေသိန်းကြောင့် စီးပွားရေးတက္ကသိုလ်ကနေ ကျန်းမာရေး ဝန်ကြီးဌာနကို ပြောင်းရွှေ့ခဲ့ရတယ်။ ဦးစီးဌာနအသစ်မှာ ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ယူခဲ့ရတယ်။ အခုလို ဝန်ကြီးဌာနပြောင်းခဲ့ပေမယ့် စာသင်တဲ့အလုပ်တွေ ဆက်လုပ်ပိုင်ခွင့်ရခဲ့တယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ ဘွဲ့လွန် သင်တန်းတွေမှာ စာသင်ခွင့်ရခဲ့တယ်။ သုတေသနတွေ လုပ်ခွင့်ရခဲ့ တယ်။ နဝတအစိုးရ ဖွင့်လှစ်ထားတဲ့ ဖောင်ကြီးမှာ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အရာရှိကြီးတွေကို သင်ကြားခွင့်ရခဲ့တယ်။
သင်တန်းတွေ ပို့ချခွင့်ရခဲ့
၁၉၉၂ ခုနှစ်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှာ အကြီးတန်း အကြံပေးအဖြစ် တာဝန်ယူခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရန်ပုံငွေရုံးစိုက်တဲ့ နိုင်ငံအသီးသီးမှာ သွားရောက်ပြီး သင်တန်းတွေ ပို့ချခွင့်ရခဲ့ပါတယ်။ ကျွန်တော်တာဝန်ယူခဲ့တဲ့ ဒါကာမြို့နဲ့ ဘန်ကောက်မြို့တို့မှာလည်း သင်တန်းတွေပေးခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက်သာမက ဒီမြို့မှာရှိတဲ့ တက္ကသိုလ်တွေမှာလည်း စာသင်ခွင့်ရခဲ့တယ်။၂၀၀၀ ပြည့်နှစ်မှာ ကုလသမဂ္ဂဝန်ထမ်းတက္ကသိုလ်မှာ တာဝန်ယူခဲ့ရတယ်။ ကျွန်တော့်ရဲ့ အိပ်မက်တွေ ပြည့်ဝခဲ့တယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးက အရာရှိကြီးတွေကို သင်ကြားခွင့်ရခဲ့တယ်။ နိုင်ငံပေါင်း (၅၀) ကျော်ကို သွားရောက်ခွင့်ရခဲ့တယ်။ သင်တန်းပို့ချတဲ့နေရာမှာ လူတွေ၊ သင်တန်းတွေအပြင် အွန်လိုင်းကတစ်ဆင့် လုပ်ခွင့်ရခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းကနေ အငြိမ်းစားယူပြီး မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ကုလ သမဂ္ဂညှိနှိုင်းမှုရုံးမှာ အကြံပေးအနေနဲ့တာဝန်ယူခဲ့တယ်။ ဝန်ထမ်းတွေကို စာသင်ခွင့်ရခဲ့တယ်။ နာဂစ်ကာလမှာလည်းအခြေအနေအမှန်သိဖို့ စာရင်းကောက်တဲ့သူတွေကို သင်တန်းပေးခဲ့ရတယ်။ စီးပွားရေးတက္ကသိုလ်မှာ ဘွဲ့လွန်သင်တန်းတွေမှာ ပို့ချနိုင်ခဲ့တယ်။
ထူးခြားတဲ့ ဆရာအတွေ့အကြုံက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ စာသင်ခွင့်ရခဲ့ပါတယ်။ တပ်မ တော်က အရာရှိကြီးတွေကို မျှဝေခွင့်ရခဲ့ပါတယ်။ အခုဆို ဒီအရာရှိကြီးတွေဟာ တာဝန်ကြီးတဲ့လုပ်ငန်းတွေ လုပ်နေကြသူတွေ ဖြစ်နေကြတာ တွေ့ရပါတယ်။ စာတမ်းပြုစုမှုမှာလည်း အကူအညီပေးခွင့်ရပါတယ်။
ကျွန်တော်ဟာ အခုလိုဆရာဘဝမျိုးစုံ ဖြတ်သန်းလာခဲ့ရတယ်။ အခုလိုအခွင့်အရေးပေးခဲ့တာကိုလည်း ကျေးဇူးတင် မိပါတယ်။ အမှန်တော့ ဆရာတစ်ယောက်အတွက် အရေးကြီးဆုံးက တပည့်တွေ ဖြစ်တယ်။ ဒါကြောင့်လည်း အခုလို ဆရာတစ်ဦးအနေနဲ့ အသိအမှတ် ပြုခံရတဲ့အခါ ကျွန်တော့်ရဲ့ တပည့်တွေကိုလည်း အမှတ် ရနေမိပါတယ်။ သူတို့ရဲ့ အားပေးမှုတွေ၊ သူတို့ရဲ့ ယုံကြည်မှုတွေကြောင့် ကျွန်တော် ဒီအခြေအနေရောက်နေကြောင်း အမြဲဆင်ခြင်သုံးသပ် မိပါတယ်။ ဆရာ မိဘတွေကို အသိအမှတ်ပြုသလို တပည့်တွေကိုလည်းအောက်မေ့သတိရ နေပါတယ်။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်